← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇)

“အချိန်က နှစ်နာရီနီးပါး ရှိတော့မယ်၊ ဘာလို့ အစ်ကိုချောင် ပြန်မလာသေးတာလဲ”

ရန်အာဟူသည် သူ၏ဖုန်းအား တစ်ချက်ကြည့်လိုက်၍ တတွတ်တွတ် ရေရွတ်နေသည်။ လင်းယန်သည်လည်း ချောင်ရှီဖုန်းထံသို့ စာပို့နေခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ မည်သည့်ပြန်စာမျှ မရခဲ့ချေ။ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဆွေးနွေးမှုများဖြင့် ဆူညံနေ၏။

“သူ လမ်းပျောက်သွားတာများလား၊ တောင်ပေါ်မှာ လမ်းမှားတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပဲလေ”

“အမွေးဖြူနဲ့ အမွေးဝါတို့က လမ်းပြပေးနေတာပဲ၊ ဒါမျိုးတော့ မဖြစ်နိုင်ပါဘူးနော်”

“သေချာတော့ မပြောနိုင်ဘူးလေ၊ သူတို့က ကျားပေါက်လေးတွေပဲ ရှိသေးတာကိုး”

“ကစားနေရင်းနဲ့ အချိန်မေ့သွားတာမျိုးကော မဖြစ်နိုင်ဘူးလား”

“ဒါမှမဟုတ် အန္တရာယ်တစ်ခုခုများ တွေ့နေလို့များလား”

လင်းယန်သည် ချောင်ရှီဖုန်းထံသို့ ဖုန်းခေါ်ဆိုရန် ပြင်ဆင်နေစဉ် တစ်ဖက်မှ ဖုန်းခေါ်ဆိုလာသည်။

“ညီလေး လင်း၊ လူတွေခေါ်ပြီး တောင်ပေါ်ကို အမြန်တက်လာခဲ့ပါဦး၊ ကျားပေါက်လေးတွေ ပျောက်သွားပြီ”

ချောင်ရှီဖုန်း၏ အသံမှာ အမောတကော ဖြစ်နေကာ စိုးရိမ်ပူပန်မှုများ လွှမ်းမိုးနေသည်။

“ဘာပြောတယ်”

လင်းယန်သည် ဖုန်းကို စပီကာဖွင့်ထားသဖြင့် လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရ၏။

“ဘာလို့ အကြောင်းအရင်းမရှိဘဲ ပျောက်သွားရတာလဲ”

သူ၏စကားတွင် အပြစ်တင်ခြင်းမျိုး မပါဝင်သော်လည်း ဇဝေဇဝါ ဖြစ်သွားရသည်မှာ အမှန် ဖြစ်သည်။ ကျားပေါက်လေးနှစ်ကောင်မှာ ငယ်ရွယ်သေးသော်လည်း နတ်ရေစင်ကို အမြဲသောက်သုံးထားကြသူများဖြစ်၍ သာမန်သားပေါက်များနှင့် မတူညီကြချေ။

ထို့အပြင် မထွက်ခွာမီ သူ သေချာမှာကြားခဲ့သည်ဖြစ်၍ မည်မျှပင် ဆော့ဆော့ ထိုသို့ အကြောင်းမဲ့ လျှောက်ပြေးကြလိမ့်မည် မဟုတ်ကို လင်းယန်သည် ယုံကြည်ထားသည်။

“အစ်ကိုချောင်... စိတ်အေးအေးထားပါဦး၊ ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေအချာ ပြန်ပြောပြပါ”

ချောင်ရှီဖုန်း၏ ပျာယာခတ်နေမှုနှင့် နှိုင်းယှဉ်လျှင် လင်းယန်သည် များစွာ တည်ငြိမ်နေသည်။

“ငါတို့ တောင်ခါးပန်းနား ရောက်တော့ ဒီအကောင်လေးတွေက ရုတ်တရက် ဂဏာမငြိမ် ဖြစ်လာကြတယ်၊ ဘာဖြစ်တာလဲလို့ ငါကြည့်ဖို့ပြင်တုန်းမှာပဲ သူတို့က လှစ်ခနဲ ပြေးထွက်သွားကြတာပဲ၊ ပတ်ဝန်းကျင်မှာ အကြာကြီး လိုက်ရှာပေမဲ့ မတွေ့တာနဲ့ မင်းဆီ ဖုန်းဆက်လိုက်တာ”

အရှေ့မြောက်ကျားသည် အမျိုးသားအဆင့် ကာကွယ်ထားသော တိရစ္ဆာန်ဖြစ်၏။ လောလောဆယ်တွင် လင်းယန်၏ အိမ်၌ ခေတ္တစောင့်ရှောက်ထားခြင်းသာ ဖြစ်လေ၍ သူ၏လက်ထဲတွင် ပျောက်ဆုံးသွားမည်ဆိုလျှင် သူသည် ပြစ်မှုကျူးလွန်သူတစ်ဦး ဖြစ်သွားမည် မဟုတ်လော။

လင်းယန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်၍ ချောင်ရှီဖုန်းအား နှစ်သိမ့်လိုက်သည်။

“ဖြစ်နိုင်တာကတော့ အဲဒီအကောင်လေးတွေက ကစားရင်းနဲ့ တခြားတစ်နေရာကို ရောက်သွားတာ ဖြစ်ပါလိမ့်မယ်၊ ငါ အခုပဲ လာခဲ့မယ်၊ ငါရောက်တဲ့အထိ စောင့်နေဦး၊ ပြီးမှ အတူတူ ရှာကြတာပေါ့”

လင်းယန် ဖုန်းချလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

“ဘာ..ကျားပေါက်လေးတွေ ပျောက်သွားတာလား”

“တောက်... ဘာလို့ အကြောင်းမဲ့ကြီး ပျောက်သွားရတာလဲ”

“ငါ့အထင်တော့ အဲဒီအကောင်လေးတွေက သူတို့ဘာသာ ပြေးသွားတာ မဟုတ်ပဲ၊ တစ်ခုခု ဖြစ်ခဲ့လို့ပဲ နေမှာ”

“ဘလော့ဂါချောင်ရဲ့ အသံကို ကြားရတာတော့ သူ ရူးတော့မယ့်အတိုင်းပဲ”

“မရူးဘဲ နေမလား၊ ကျားပေါက်လေးတွေသာ ပျောက်သွားလို့ရှိရင် သူအစစ်ဆေးခံရတော့မှာလေ”

လင်းယန်သည် ရန်အာဟူအား တစ်ချက်ကြည့်ကာ ဆိုသည်။

“ဒီနေ့ နေ့လယ်ပိုင်း အလုပ်တွေကိုတော့ မင်းတို့ပဲ ပုံမှန်အတိုင်း ဆက်လုပ်ထားလိုက်ကြ၊ ငါ တောင်ပေါ်ကို သွားကြည့်ရမယ်”

နံနက်ခင်းတစ်ပိုင်းလုံး အလုပ်လုပ်ထားကြသဖြင့် လူငယ်များကို အရင်ဆုံး နေ့လယ်စာ စားခိုင်းလိုက်၏။

“ဒါဆိုရင်တော့ ဂရုစိုက်သွားပါ သူဌေး”

လင်းယန်သည် သူနှင့်အတူ တောင်ပေါ်သို့ လိုက်ရန် ခွေးလေးအား ခေါ်လိုက်၏။ ခွေးလေးသည် ယခုအခြေအနေကို နားမလည်သော်လည်း သခင်နှင့်အတူ တောင်ပေါ်သို့ သွားရမည်ဖြစ်၍ အလွန် ဝမ်းမြောက်နေသည်။ ထို့ပြင် ယနေ့တွင် သူ မနှစ်သက်သော ကျားပေါက်လေးနှစ်ကောင်အား မမြင်ရသဖြင့် ပို၍ စိတ်လှုပ်ရှားနေ၏။ ထိုအကောင်လေးများ ရှိနေချိန်တွင် သခင်သည် သူတို့အား ပို၍ ချစ်သည်ဟု ခံစားနေရသဖြင့် သူသည် မျက်နှာသာ ပေးခြင်းမခံရဟု ထင်မြင်နေခဲ့ခြင်း ဖြစ်သည်။

မည်သည်ကြောင့်နည်း။ သူသည်သာ သခင်၏ အချစ်ဆုံးသော အိမ်မွေးတိရစ္ဆာန် မဟုတ်လော။ ခွေးလေးသည် သူ၏အမြီးအား အားရပါးရ ခါယမ်း၍ စိတ်လှုပ်ရှားစွာ ဟောင်လေသည်။

လင်းယန်သည် စိတ်အနှောင့်အယှက် ဖြစ်သွားကာ ခွေးလေး၏ ခေါင်းကို တစ်ချက်ပုတ်၍ တောင်ပေါ်သို့ တက်ခဲ့လေသည်။

“မဟောင်နဲ့တော့၊ သွားမယ်”

ကြည့်ရှုသူ ပရိသတ်များသည် ကျားပေါက်လေးများမှာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့နေရပြီဟု ကောက်ချက်ချကာ စိုးရိမ်နေကြ၏။

“ဒီကိစ္စကို သစ်တောဦးစီးဌာနဆီ အကြောင်းကြားသင့်လား”

“ကျားပေါက်လေးတွေ ပျောက်သွားတာက သာမန်ကိစ္စ မဟုတ်ဘူး၊ Host တောင် ဖုံးကွယ်ထားဖို့ ခက်လိမ့်မယ် ထင်တယ်”

“ဒီတောင်တန်းတွေက တစ်ခုနဲ့တစ်ခု ဆက်နေတာ၊ တောနက်ထဲ ရောက်သွားရင်တော့ ရှာဖို့ တကယ်ခက်သွားလိမ့်မယ်”

ချောင်ရှီဖုန်းသည် သူရှိနေသော နေရာကို လင်းယန်အား အကြမ်းဖျင်း ပြောပြထားသဖြင့် ရှာဖွေရန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဖုန်းချ၍ မကြာမီမှာ လင်းယန်သည် သူ၏ရှေ့သို့ ရောက်ရှိလာသည်။

“ညီလေး လင်း... မင်းရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုကတော့ တကယ်ကို အားကျစရာပဲ”

ချောင်ရှီဖုန်းသည် အံ့ဩတကြီး ပြောဆိုလိုက်ပြီးနောက် အဓိက ကိစ္စရပ်အား

အမြန်ပြောပြလေသည်။

“ငါတို့ ဒီနေရာမှာပဲ လမ်းကွဲသွားကြတာ”

လင်းယန်သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော်လည်း ကျားပေါက်လေးများ၏ အသံအား လုံးဝ မကြားရချေ။

“အမွေးဖြူ... အမွေးဝါ”

သူသည် နှစ်ကြိမ်တိုင်တိုင် ခေါ်ယူလိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။ တစ်ခုခုတော့မှားနေပြီဖြစ်၏။ မည်မျှ ဆော့ကစား တတ်ပါစေ၊ သူ၏ခေါ်သံကို ကြားလျှင် ထိုအကောင်လေးများသည် မုချ ထွက်လာကြရမည် ဖြစ်သည်။

“ညီလေး လင်း... ငါ”

ချောင်ရှီဖုန်းသည် အားနာစိတ်နှင့် စိုးရိမ်စိတ်တို့ ရောပြွမ်းနေသော မျက်နှာဖြင့် တစ်စုံတစ်ခုအား ပြောရန် ကြိုးစားလေသည်။ လင်းယန်သည် သူ့ကို ချက်ချင်း တားမြစ်လိုက်ကာ ဆိုလေသည်။

“ညီအစ်ကိုချောင်၊ ဒါ ခင်ဗျားအမှား မဟုတ်ပါဘူး၊ တစ်ခုခုကို သူတို့ မြင်လိုက်တာ ဒါမှမဟုတ် ကြားလိုက်တာကြောင့် ရုတ်တရက် ပြေးသွားတာ ဖြစ်ရမယ်၊ အခုတော့ စိတ်အေးအေးထားပြီး အတူတူ ရှာကြည့်ကြတာပေါ့”

“ဒါဆိုရင် ငါတို့ လမ်းခွဲပြီး ရှာကြမလား၊ ငါ အနောက်ဘက်ကို သွားမယ်၊ မင်း အရှေ့ဘက်ကို သွားပေါ့”

လင်းယန်သည် ခေါင်းခါရင်းပြောလိုက်၏။

“ခင်ဗျားက ဒီတောင်ရဲ့ အနေအထားကို မကျွမ်းကျင်ဘူး၊ တစ်ယောက်တည်း လျှောက်မသွားတာ ပိုကောင်းလိမ့်မယ်၊ ဘယ်လို အန္တရာယ်တွေ ရှိနေမလဲဆိုတာ မသိနိုင်ဘူးလေ၊ ငါ့နောက်ကနေပဲ လိုက်ခဲ့ပါ”

ချောင်ရှီဖုန်းသည် လမ်းခွဲရှာဖွေခြင်းသည် ပို၍ ထိရောက်လိမ့်မည် ထင်ခဲ့သော်လည်း လင်းယန်၏ စကားမှာ ကျိုးကြောင်းဆီလျော်၍ သဘောတူလိုက်သည်။ သူသည် ဤဒေသအကြောင်းအား လုံးဝ မသိရှိ၍ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့မည်ဆိုလျှင် လင်းယန်ကို ဒုက္ခပေးသကဲ့သို့ ဖြစ်သွားလိမ့်မည်။

“ဒီနေ့ အကောင်လေးတွေကို ပြန်တွေ့နိုင်မလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်”

လင်းယန်သည် ခွေးလေး၏ ခေါင်းကို ပုတ်ပေးလိုက်ကာ ရှေ့မှသွားရန် ခိုင်းလိုက်ပြီး သူနှင့် ချောင်ရှီးဖုန်းတို့သည် အနောက်မှ လိုက်ပါကြသည်။ ခွေးလေးသည် အနည်းငယ် မကျေမနပ် ဖြစ်နေ၏။ သူသည် ထိုအကောင်လေးနှစ်ကောင် ပြန်လာမည်အား လုံးဝ မလိုလားပေ။ သို့သော် သခင်၏ အမိန့်ဖြစ်နေသဖြင့် မတတ်သာဘဲ ပတ်ဝန်းကျင်ကို နှာခေါင်းဖြင့် အနံ့ခံကြည့်ရလေသည်။

လင်းယန်သည် ကျားပေါက်လေးများ၏ အမည်အား ကျယ်လောင်စွာ ခေါ်ဆိုနေသော်လည်း တောနက်အတွင်းမှ မည်သည့်အသံမျှ ပြန်လည်မကြားရချေ။ တောနက်ထဲသို့ ပို၍ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာလေလေ ပိုမိုအေးစိမ့်လာသည်။

ကောင်းကင်တွင် နေရောင်ခြည် လင်းလက်နေသော်လည်း ထိုနေရာရှိ သစ်ကိုင်းသစ်ရွက်များမှာ ထူထပ်စွာ ယှက်နွယ်နေသဖြင့် နေရောင်ကို ပိတ်ဆို့ထားသည်။ သစ်ရွက်များကြားမှ ဖြာကျလာသော နေရောင်ခြည် အနည်းငယ်သာ ရှိတော့၍ နေ့နှင့်ညကို ခွဲခြားရန် ခက်ခဲလှသည်။

“ဝုတ်... ဝုတ်”

ရှေ့မှ သွားနေသော ခွေးလေးသည် ရုတ်တရက် ရပ်တန့်သွားသည်။ လင်းယန်သည် ချက်ချင်း သဘောပေါက်လိုက်၏။

“သူတို့ရဲ့ အနံ့ကို ရလိုက်ပြီ မဟုတ်လား၊ ငါတို့ကို အဲဒီနေရာဆီ ခေါ်သွားပေး”

ခွေးလေးသည် လေထုထဲမှ ကြွင်းကျန်နေသော အနံ့အား ခွဲခြား၍ ရှေ့မှ ဦးဆောင်သွားလေသည်။ မကြာမီ သူတို့သည် ဟင်းလင်းပြင်တစ်ခုအနီးသို့ ရောက်ရှိလာကြ၏။ ထိုနေရာတွင် သစ်ပင်များ ကျဲပါးသဖြင့် ကျားပေါက်လေးနှစ်ကောင်၏ ပုံရိပ်ကို အဝေးမှ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

သို့သော် ထိုနေရာတွင် ကျားပေါက်လေးများသာ ရှိနေခြင်း မဟုတ်ပေ။ အရွယ်ရောက်ပြီးသော အရှေ့မြောက်ကျားကြီး တစ်ကောင်လည်း ရှိနေလေသည်။

“ကျားမကြီး”

လင်းယန်၏ မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။ ထိုသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်တွင် သူ၏ခြံဝန်းအတွင်းမှ ပျောက်ကွယ်သွားသော ကျားမကြီး မဟုတ်ပါလော။

သစ်တောဦးစီးဌာနမှ လူများသည် ဒရုန်းဖြင့် စောင့်ကြည့်ခဲ့၍ သူသည် ဘေးကင်းရာဇုန်အတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အာမခံခဲ့ကြသည် မဟုတ်လော။ ထိုသို့ဆိုလျှင် ထိုဘေးကင်းရာဇုန်ရှိ ကျားမကြီးသည် မည်သည်ကြောင့် ထိုနေရာသို့ ရောက်ရှိနေရသနည်း။ ပြန်လည်ပြေးလာသလော။

ကျားပေါက်လေးနှစ်ကောင် မည်သည်ကြောင့် ရုတ်တရက် ထွက်ပြေးသွားခဲ့သည်ကို ယခုမှ အဖြေပေါ်တော့သည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျားမကြီးသည် လင်းယန်အား မြင်သောအခါ အားအင်ချည့်နဲ့စွာဖြင့် တစ်ချက် ဟိန်းဟောက်လိုက်၏။

ကျားပေါက်လေးနှစ်ကောင်သည်လည်း မိခင်ဖြစ်သူ၏ ဘေးတွင် ကပ်လျက် အသံတိုးတိုးလေးများဖြင့် အော်မြည်နေကြသော်လည်း ကျားမကြီးသည် သားသမီးများအား တုံ့ပြန်ရန် အင်အား မရှိတော့ပေ။

“ဘုရားရေ... ဒါ အရှေ့မြောက်ကျားကြီးတစ်ကောင်ပဲ”

ချောင်ရှီဖုန်းသည် ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။ သူသည် မျောက်အိုကြီးအား လေ့လာရန် လာခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် အရွယ်ရောက်ပြီးသော ကျားကြီးတစ်ကောင်အား မြင်တွေ့နေရခြင်း ဖြစ်၏။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များသည်လည်း ပို၍ စိတ်လှုပ်ရှားလာကြတော့သည်။

“ဘာလို့ နောက်ထပ် ကျားတစ်ကောင် ရှိနေပြန်တာလဲ၊ ဒါ ရှားပါးသတ္တဝါ မဟုတ်ဘူးလား၊ Host ရဲ့ Live ထဲမှာတော့ နေရာတိုင်းမှာ ရှိနေသလိုပဲ”

“အပေါ်ကလူက လင်းယန် ရဲ့ liveကို အခုမှ စကြည့်တာထင်တယ်၊ ဒါက Host ရဲ့ Live မှာ သာမန်ကိစ္စပဲလေ”

“ဒီကျားမကြီးက ရင်းနှီးနေသလိုပဲ”

“ရင်းနှီးမှာပေါ့၊ အမွေးဖြူနဲ့ အမွေးဝါတို့ရဲ့ အမေလေ”

“ဒဏ်ရာရထားတဲ့ ပုံပဲနော်”

လင်းယန်သည်သာမက ပရိသတ်များပါ ကျားမကြီး၏ အခြေအနေသည် မဟန်တော့သည်အား သတိပြုမိလိုက်ကြသည်။

“ခင်ဗျား ဒဏ်ရာရထားတာပဲ”

လင်းယန်သည် သတိကြီကြီးထားကာ ကျားမကြီးထံသို့ တိုးကပ်သွားသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ချောင်ရှီဖုန်းသည် သူ့အား အတင်းဆွဲတားလိုက်၏။

“မင်း ရူးနေတာလား၊ ဒါက အရွယ်ရောက်ပြီးသား ကျားကြီးလေ၊ ကျားပေါက်လေးတွေ မဟုတ်ဘူး၊ ပြီးတော့ သူက ဒဏ်ရာရထားတာ၊ ဒီအချိန်မှာ သွားကပ်ရင် သူက ပိုပြီး စိတ်ရိုင်းဝင်လာနိုင်တယ်၊ သစ်တောဦးစီးဌာနကို အခုချက်ချင်း အကြောင်းကြားရမယ်”

ချောင်ရှီဖုန်း၏ မျက်နှာသည် အလွန် စိုးရိမ်ထိတ်လန့်နေလေသည်။ လင်းယန်သည် ခေါင်းညိတ်ပြလိုက်ကာ ဆိုလေသည်။

“ဟုတ်တယ်၊ အမြန်ဆုံး အကြောင်းကြားဖို့ လိုအပ်တယ်၊ ဒါပေမဲ့ ငါအရင်သွားပြီး ဒဏ်ရာကို စစ်ဆေးကြည့်ရမယ်”

ကျားမကြီး၏ ဒဏ်ရာကို ကိုယ်တိုင်ကိုယ်ကျ မမြင်ရသရွေ့ လင်းယန်သည် စိတ်မချနိုင်ဖြစ်နေ၏။

လင်းယန်၏ ယုံကြည်ချက်ရှိသော အမူအရာအား မြင်သောအခါ ချောင်ရှီဖုန်းသည်လည်း ဆက်၍ မတားနိုင်တော့ဘဲ သတိပေးလိုက်ရလေသည်။

“ဒါဆိုရင်တော့ သေချာဂရုစိုက်ပါ”

တိုက်ရိုက်ထုတ်လွှင့်မှုတွင်မူ ချောင်ရှီဖုန်းသည် အစိုးရိမ်လွန်နေခြင်းဖြစ်ကြောင်း မှတ်ချက် ရေးသားနေကြ၏။

“ကျားမကြီးနဲ့ Host က အသိဟောင်းတွေပဲလေ၊ သူ့သားသမီးတွေကိုတောင် Host ဆီမှာ ယုံယုံကြည်ကြည် အပ်နှံခဲ့တာပဲ၊ Host ကိုတော့ တိုက်ခိုက်မှာ မဟုတ်ပါဘူး”

“ဒါပေမဲ့ ဒဏ်ရာရထားတဲ့ တိရစ္ဆာန်တွေက ပိုပြီး ရက်စက်တတ်တယ်လေ”

“Host ကတော့ တကယ် သတ္တိရှိတာပဲ”

လင်းယန်သည် ကျားမကြီးအား စိတ်အေးစေရန် အမွေးအမျှင်များအား အသာအယာ ပွတ်သပ်ပေးလိုက်၏။ အနီးကပ် ရောက်ရှိသွားချိန်တွင် ပြင်းထန်လှသော သွေးညှီနံ့ကို သူ ရလိုက်သည်။

ကျားမကြီးသည် စိတ်လှုပ်ရှားနေသော်လည်း လင်းယန်သည် အသိဟောင်းတစ်ဦး ဖြစ်နေသဖြင့် သူ၏ ဒေါသအား ထိန်းချုပ်ထားဟန် တူသည်။ ကျားပေါက်လေးနှစ်ကောင်သည် လင်းယန်ကို မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ကြည့်နေကြ၏။

လင်းယန်သည် ကျားမကြီး၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်၍ နောက်ဆုံးတွင် လည်ပင်းနောက်ဘက်ရှိ ဒဏ်ရာအား တွေ့ရှိလိုက်ရသည်။ ထိုနေရာရှိ အမွေးများမှာ သွေးများဖြင့် စေးကပ်နေသဖြင့် ဒဏ်ရာမှာ ထိုနေရာတွင် ရှိနေခြင်း ဖြစ်မည်။ ယနေ့တွင် သူသည် ဆေးသေတ္တာ သယ်ဆောင်လာခြင်း မရှိသဖြင့်

ကျားမကြီးအား အရေးပေါ် ကုသမှု မပေးနိုင်သည်မှာ ဝမ်းနည်းစရာ ဖြစ်၏။

သူသည် ကျားမကြီး၏ အမွေးများအား အသာအယာ ဖယ်ရှားကြည့်လိုက်သောအခါ ထိန့်လန့်သွားရသည်။ ဒဏ်ရာမှာ သေနတ်ဒဏ်ရာနှင့် ဆင်တူနေသကဲ့သို့ ကျားမကြီး၏ ခန္ဓာကိုယ်မှ ယမ်းနံ့များကိုလည်း သူ ရနေမိသည်။ ထိုသည်မှာ ကိုယ်တိုင်လုပ် အမဲလိုက်သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းမျိူး ဖြစ်နိုင်သည်။

ဤနေရာတွင် တရားမဝင် အမဲလိုက်မှုများ ရှိနေသလော။ အခြေအနေမှာ သူ ထင်မှတ်ထားသည်ထက် ပို၍ ကြီးလေးနေပုံရသည်။ လင်းယန်သည် သက်ပြင်းချလိုက်ပြီး ညွှန်ကြားရေးမှူးလီထံသို့ ဖုန်းဆက်ကာ အခြေအနေကို အကြောင်းကြားလိုက်၏။

ညွှန်ကြားရေးမှူးသည်လည်း စုံစမ်းစစ်ဆေးရန်အတွက် လူများအား ချက်ချင်း စေလွှတ်လိုက်မည်ဖြစ်ကြောင်းနှင့် ယခင် တွေ့ဖူးသော တိမွေးကုဆရာဝန်ကိုလည်း ကုသရန် စေလွှတ်လိုက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ကျားမကြီး အားနည်းနေသည်အား မြင်သောအခါ လင်းယန်သည် နတ်ရေစင်

တစ်ငုံစာခန့်အား အမြန် တိုက်ကျွေးလိုက်၏။ နတ်ရေစင်ကို သောက်သုံးပြီးနောက် ကျားမကြီးသည် အနည်းငယ် သက်သာလာပုံ ရသည်။

“ဒီဒဏ်ရာက လတ်တလောကမှ ရထားတာပဲ၊ အနာတောင် မကျက်သေးဘူး”

လင်းယန်သည် ဒဏ်ရာကို သုံးသပ်ပြ၍ ဆိုလေသည်။

“ငါ ဒီပတ်ဝန်းကျင်ကို သွားကြည့်လိုက်ဦးမယ်”

ချောင်ရှီဖုန်းသည် သူ့အား ချက်ချင်း တားမြစ်လိုက်၏။

“သစ်တောဦးစီးဌာနက လူတွေလာတဲ့အထိ စောင့်ပါဦး၊ တကယ်လို့ တစ်စုံတစ်ယောက်က တရားမဝင် အမဲလိုက်နေတာဆိုရင် မင်းတစ်ယောက်တည်း ရင်ဆိုင်ဖို့ ခက်လိမ့်မယ်”

“သူတို့ ရောက်လာတဲ့အချိန်ကျရင်တော့ အထောက်အထားတွေ ရှိတော့မှာ မဟုတ်ဘူး၊ ငါ အနီးနားမှာပဲ ခဏလျှောက်ကြည့်လိုက်မယ်၊ တစ်ခုခု တွေ့နိုင်မလားလို့၊ ခင်ဗျား ဒီမှာပဲ စောင့်နေပါ”

ချောင်ရှီဖုန်းသည် သူလည်း လိုက်ခဲ့မည်ဟု ပြောချင်သော်လည်း ကျားသုံးကောင်နှင့်အတူ ထိုနေရာတွင် ကျန်ရစ်ခဲ့ရမည်ကို တွေးတောမိသောအခါ တုန်လှုပ်သွားရပြန်သည်။ လူတိုင်းမှာ လင်းယန်ကဲ့သို့ သတ္တိရှိကြသည် မဟုတ်ပေ။

ထို့ပြင် တရားမဝင် အမဲလိုက်သူများနှင့် တကယ်တွေ့မည်ဆိုလျှင်လည်း လေ့ကျင့်ခန်း မလုပ်သည်မှာ ကြာပြီဖြစ်သော သူ၏ ခန္ဓာကိုယ်မှာ လင်းယန်အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ချောင်ရှီဖုန်းသည် လင်းယန်ကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ထိုနေရာတွင်သာ ကျန်ရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။

All Chapters