← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း (၁၆၀)

ယခုအခါတွင် အပျော်တမ်း တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်း တစ်ဦးအနေဖြင့် လင်းယန်သည်လည်း ဤတိရစ္ဆာန်လေးများအပေါ်တွင် နက်ရှိုင်းသော သံယောဇဉ်များ ရှိနေပြီဖြစ်သည်။

သဘာဝကျစွာပင် သူသည် အခြား တောရိုင်းတိရစ္ဆာန်လေးများ ထိခိုက်နစ်နာရမည်ကို မလိုလားပေ။

“မင်းအဖေ့ရဲ့ ပစ်ကပ်ကားကို သွားမောင်းခဲ့၊ ငါတို့ တိရစ္ဆာန်ကာကွယ်ရေးစင်တာကို သွားကြမယ်”

ယန်အာဟူသည် ငှက်ပျောသီးနှစ်လုံးကို အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်လေ၏။

“အိုကေ... ကျွန်တော် အခု သွားလိုက်မယ်”

“စထရင်းမာ၊ ဒီနေ့ ခင်ဗျားရဲ့ လိုက်ဖ်လွှင့်ချိန် မပြည့်သေးဘူးလေ၊ ကျွန်တော်တို့ကိုပါ ခေါ်သွားပေးပါ”

“ဟုတ်တယ်၊ အခု နေ့တိုင်း လိုက်ဖ်လွှင့်ချိန် သုံးနာရီ အပြည့် လုပ်ရမယ်ဆိုတာကို မမေ့နဲ့နော်”

လင်းယန်က မျက်စိစောင်းထိုး ကြည့်လိုက်လေ၏။

“သုံးနာရီလောက် ကားမောင်းရမှာ ဘာကြည့်စရာ ရှိလို့လဲ၊ တိရစ္ဆာန်ကာကွယ်ရေးစင်တာကို ရောက်မှ မင်းတို့ကို ပြပေးမယ်”

ပြောပြီးသည်နှင့်တစ်ပြိုင်နက် လိုက်ဖ်လွှင့်မှုကို ပိတ်ပစ်လိုက်လေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ယန်အာဟူသည် သူ၏ ပစ်ကပ်ကားကြီးကို မောင်းနှင်လာခဲ့သည်။

“သူဌေး၊ ကားပေါ် မြန်မြန်တက်”

သစ်ပင်ပေါ်ရှိ မျောက်အိုကြီးက အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ပစ်ကပ်ကား၏ အနောက်ခန်းထဲသို့ ခုန်တက်လိုက်သည်ကို သူတို့နှစ်ဦးလုံး သတိမထားမိလိုက်ကြပေ။

“မြန်မြန် သွားကြစို့၊ မဟုတ်ရင် ငါတို့ အဲဒီကို ရောက်တဲ့အချိန်ဆို မှောင်နေလိမ့်မယ်”

လင်းယန်က သူ့ကို အလျင်စလို တိုက်တွန်းလိုက်လေ၏။

“ကောင်းပါပြီ၊ ဒီနေ့ ကျွန်တော်က ခင်ဗျားရဲ့ ကားဆရာလည်း ဖြစ်နေတော့ ကျွန်တော့်ကို ပိုက်ဆံပိုပေးသင့်တယ် မဟုတ်ဘူးလား”

လင်းယန် ရယ်မောလိုက်ပြီး ဆူပူလိုက်လေ၏။

“မင်း... သခင်လေးယန်က ဘယ်တုန်းက ပိုက်ဆံပြတ်သွားဖူးလို့လဲ၊ တစ်နေ့ကုန် ပိုက်ဆံအကြောင်းပဲ ပြောနေလို့သာ တကယ် ငွေပြတ်နေတယ်လို့ ထင်ရတာ၊

တကယ်တမ်း မေးကြည့်လိုက်ရင် မင်းတို့အိမ်မှာ နွားကောင်ရေ ထောင်ချီပြီး မွေးထားတာကိုး”

…….

သူတို့နှစ်ဦး တိရစ္ဆာန်ကာကွယ်ရေးစင်တာသို့ ရောက်ရှိလာသောအခါ ဒါရိုက်တာလျူ ကိုယ်တိုင် လာရောက်ကြိုဆိုလေ၏။

“ခင်ဗျားက ရှောင်လင်းဖြစ်ရမယ်၊ ကျွန်တော်တို့ယ မျှော်လိုက်ရတာ၊ နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပေါ့”

ဒါရိုက်တာလျူသည် လင်းယန်နှင့် လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေလေ၏။

“အိုး... ဒီဟန်နီဘက်ဂျာက ပြဿနာတွေ ဘယ်လောက်တောင် ရှာထားလဲဆိုတာ ခင်ဗျားမသိပါဘူး၊ ခြင်္သေ့ဘုရင်ကို ချပြီးတဲ့နောက် သမင်ခြံဘက်ကို ပြေးသွားပြန်တယ်၊

အဲဒီမှာ ဆီကာသမင်တွေ ကြောက်လန့်တကြားနဲ့ နေရာအနှံ့ကို ထွက်ပြေးကုန်ကြတယ်”

“အခုတော့ သူ ဘယ်မှာပုန်းနေလဲဆိုတာ ကျွန်တော်တို့ မသိတော့ဘူး”

“ကျွန်တော်တို့ တိရစ္ဆာန်ကာကွယ်ရေးစင်တာတစ်ခုလုံးက ဝန်ထမ်းတွေအားလုံး အလုပ်မဆင်းရသေးဘဲ သူ့ကို လိုက်ရှာနေကြရတယ်”

ဟန်နီဘက်ဂျာသည် တိရစ္ဆာန်ကာကွယ်ရေးစင်တာအတွက် ဤမျှလောက်ပြဿနာများ ဖန်တီးလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် လင်းယန် မျက်မှောင်ကြုတ်သွားလေ၏။

“မင်္ဂလာပါ ဒါရိုက်တာလျူ၊ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့”

“ကျွန်တော် အရင်ဆုံးမေးပါရစေ၊ ဒီမှာ လိုက်ဖ်လွှင့်ရင် ခင်ဗျား ကန့်ကွက်စရာ ရှိမလား၊

ခုနက ခင်ဗျား ဖုန်းဆက်တုန်းက အွန်လိုင်းအသုံးပြုသူတွေလည်း ဒီက အခြေအနေတွေကို ကြားသွားတော့ ရလဒ် ဘယ်လိုဖြစ်မလဲဆိုတာကို သူတို့ အရမ်း စိတ်ပူနေကြလို့ပါ”

ဒါရိုက်တာလျူက လက်ကာပြလိုက်လေ၏။

“ရပါတယ်၊ ခင်ဗျားရဲ့ အလုပ်သဘာဝကို ကျွန်တော်သိပါတယ်၊ လွှင့်ချင်ရင် လွတ်လွတ်လပ်လပ်သာ လွှင့်ပါ”

လင်းယန်သည် လိုက်ဖ်လွှင့်မှု စတင်ရန် ယန်အာဟူကို အချက်ပြလိုက်သည်။

ဖုန်းရှေ့တွင် စောင့်ဆိုင်းနေကြသော အွန်လိုင်းအသုံးပြုသူများသည် လိုက်ဖ်လွှင့်မှု အသိပေးချက် ဝင်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ဝင်ရောက်ကြည့်ရှုကြလေ၏။

“ငါတို့ မျှော်လိုက်ရတာ၊ စထရင်းမာ နောက်ဆုံးတော့ လိုက်ဖ်လွှင့်ပြီပေါ့”

“ဒီပုံစံအရဆို တိရစ္ဆာန်ကာကွယ်ရေးစင်တာကို ရောက်နေပြီပေါ့၊ တော်တော်မြန်တာပဲ”

“မြန်မြန်... ဟန်နီဘက်ဂျာရဲ့ ခြေရာတွေကို ရှာကြ”

လင်းယန် မျက်မှောင်ကြုတ်ကာ မေးလိုက်လေ၏။

“ဟန်နီဘက်ဂျာကို နောက်ဆုံး ဘယ်မှာတွေ့ခဲ့တာလဲ”

ဒါရိုက်တာလျူသည် လင်းယန်နှင့် ယန်အာဟူတို့ကို မိကျောင်းကန်ဆီသို့ ခေါ်ဆောင်သွားပြီး ၎င်းအရှေ့ရှိ တွင်းကို လက်ညှိုးထိုးပြကာ ရှင်းပြလေ၏။

“ဒီတွင်းက ဟန်နီဘက်ဂျာ ချန်ထားခဲ့တာပါ၊ ဒါပေမဲ့ မိကျောင်းကန်ထဲမှာ ဟန်နီဘက်ဂျာရဲ့ အရိပ်အယောင်ကို ကျွန်တော်တို့ မတွေ့ခဲ့ဘူး၊ ဒီတွင်းကနေတစ်ဆင့် သူ ဘယ်ကိုထွက်သွားလဲဆိုတာလည်းမသိဘူး”

“တိရစ္ဆာန်ကာကွယ်ရေးစင်တာက တိရစ္ဆာန်အများစုကတော့ ဟန်နီဘက်ဂျာရဲ့ အနှောင့်အယှက်ပေးတာကို ခံလိုက်ရတယ်၊ အဆိုးရွားဆုံးကတော့ ခြင်္သေ့ဘုရင်ပေါ့”

လင်းယန်က နားမလည်စွာဖြင့် မေးလိုက်လေ၏။

“ဘာလို့ ဟန်နီဘက်ဂျာက အကြောင်းပြချက် မရှိဘဲ ခြင်္သေ့ဘုရင်ကို သွားတိုက်ခိုက်ရတာလဲ”

‘ဟန်နီဘက်ဂျာ ကောင်လေးက မြက်ခင်းပြင်ရဲ့ မာဖီးယားခေါင်းဆောင်လို့ နာမည်ကြီးပေမဲ့ သူ မြင်သမျှလူတိုင်းကို သွားတိုက်ခိုက်နေမှာတော့ မဟုတ်ဘူးမလား'

ခုနက ဖုန်းထဲတွင် သူ ဤမေးခွန်းကို တကယ်မေးချင်ခဲ့သော်လည်း စကားအနည်းငယ်ဖြင့် ရှင်းပြ၍ မရနိုင်မည်ကို စိုးရိမ်သဖြင့် လူကိုယ်တိုင် တွေ့မှသာ မေးမြန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာလျူ၏ မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာ ပေါ်လွင်နေပြီး ဤကိစ္စကို လင်းယန်အား မည်သို့ ပြောပြရမည်ကို စဉ်းစားနေလေ၏။

“ကျွန်တော်တို့လည်း စောင့်ကြည့်ကင်မရာကနေတစ်ဆင့်မှ သိရတာပါ၊ အဲဒါက ဟန်နီဘက်ဂျာ ခြင်္သေ့ခြံရှေ့က ဖြတ်သွားတုန်းက ခြင်္သေ့ဘုရင်က သူ့ကို တစ်ချက်ကြည့်လိုက်တာကို ဟန်နီဘက်ဂျာက သူ့ကို ရန်စတယ်လို့ အထင်မှားသွားလို့ ဖြစ်နိုင်တယ်”

ဤအကြောင်းပြချက်ကို ကြားလိုက်ရသောအခါ လင်းယန်၏နှုတ်ခမ်းများ တွန့်ကွေးသွားလေ၏။

‘တကယ့်ကို ဆန်းကြယ်တဲ့ အကြောင်းပြချက်ပဲ'

‘ဒါပေမဲ့ ဒါက ဟန်နီဘက်ဂျာ လုပ်လောက်တဲ့ ကိစ္စမျိုးပါပဲ'

အွန်လိုင်းအသုံးပြုသူများအားလုံး အံ့အားသင့်သွားကြလေ၏!!!

“သူက ခြင်္သေ့ဘုရင်ကို အကြောင်းပြချက်မရှိဘဲ သွားချလိုက်တာပေါ့လေ”

“အဲဒီအချိန်က ဗီဒီယိုများ ရှိလား၊ တိရစ္ဆာန်ကာကွယ်ရေးစင်တာက အဲဒီစောင့်ကြည့်ကင်မရာ ဗီဒီယိုကို ထုတ်ပြန်ပေးနိုင်ဖို့ မျှော်လင့်တယ်၊ ငါ တကယ်ကို သိချင်နေတာ”

“ဟန်နီဘက်ဂျာက နည်းနည်းလေး အရမ်းသွေးဆူလွန်းမနေဘူးလား၊ ငါ့အထင်တော့ သူ့ကို မြက်ခင်းပြင်ရဲ့ မာဖီးယားခေါင်းဆောင်လို့ မခေါ်သင့်ဘူး၊ မြက်ခင်းပြင်ရဲ့ ရမ်းကားတဲ့ကောင်လို့ပဲ ခေါ်သင့်တယ်”

“ခြင်္သေ့ဘုရင်ဘီလိုက် - ငါ့ဘက်ကနေ ပြောပေးမယ့်သူ တစ်ယောက်မှမရှိဘူးလား”

“တိရစ္ဆာန်ကာကွယ်ရေးစင်တာမှာ သနားစရာအကောင်းဆုံး တိရစ္ဆာန်က ခြင်္သေ့ဘုရင်ပဲလို့ ငါကြေညာတယ်”

“အဲဒီ မြင်ကွင်းကို စဉ်းစားကြည့်ပါဦး၊ အကယ်လို့ ခြင်္သေ့ဘုရင်က အဲဒီမှာ အိပ်ငိုက်ပြီး လှဲနေတုန်း ဖြတ်သွားတဲ့ ဟန်နီဘက်ဂျာရဲ့ အရက်စက်ဆုံး ထိုးကြိတ်တာကို ခံလိုက်ရတယ်ဆိုရင် တကယ်ကို မတရားသလိုခံစားရမှာပဲ”

ဒါရိုက်တာလျူ သက်ပြင်းချလိုက်ပြီး ဆက်ပြောလေ၏။

“ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းတွေက ခြင်္သေ့ဘုရင် ငြိမ်သက်သွားဖို့ နှစ်နာရီကြာအောင် အချိန်ယူခဲ့ရတယ်၊

ဒါပေမဲ့ ခြင်္သေ့ဘုရင်ရဲ့ ဒေါသကြောင့် ခြင်္သေ့ခြံတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပြီး သေချာပေါက် ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီ”

ဟန်နီဘက်ဂျာကို ပြန်လည်ခေါ်ဆောင်လာခြင်းက သူတို့၏ တိရစ္ဆာန်ကာကွယ်ရေးစင်တာအတွက် တကယ့်ကို ကြီးမားသောသက်ရောက်မှု ဖြစ်စေခဲ့သည်။

လင်းယန်သည် သူ၏ရှေ့ရှိ တွင်းကို ကြည့်ကာ အတွေးနက်သွားလေ၏။ သူသည် လွယ်ထားသော ကျောပိုးအိတ်ထဲမှ ရေသန့်ဘူး တစ်ဘူးကို ထုတ်ယူလိုက်သည်။

သာမန် ရေသန့်ဘူးဟု ထင်ရသော ဤအရာမှာ တကယ်တော့ နတ်ရေစင်ရေပင် ဖြစ်သည်။

သူသည် အဖုံးကို တိုက်ရိုက် ဖွင့်လိုက်ပြီး တွင်းထဲသို့ ရေစက်အနည်းငယ် လောင်းထည့်လိုက်လေ၏။

“မင်း အဲဒီထဲမှာ ပုန်းနေတုန်းပဲဆိုတာ ငါသိတယ်၊ မင်းဘာသာမင်း အပြင်ထွက်လာမှာလား၊ ဒါမှမဟုတ် ငါက ဆွဲထုတ်ပေးရမလား”

အထဲတွင် ပုန်းအောင်းနေသော ဟန်နီဘက်ဂျာသည် ရင်းနှီးနေသောအသံကို ကြားလိုက်ရသောအခါ ရှားရှားပါးပါး ထိတ်လန့်သွားသည့် အရိပ်အယောင်တစ်ခု ခံစားလိုက်ရလေ၏။

အဓိကအကြောင်းရင်းမှာ ဤလူသားက သူ့အပေါ် သက်ရောက်စေခဲ့သော ခြိမ်းခြောက်မှု စွမ်းအားက အလွန် ကြီးမားလွန်းသောကြောင့်ပင်။

ထိုပါးရိုက်ခံလိုက်ရသောပုံရိပ်ကို သူ့မျက်စိထဲတွင် မြင်ယောင်နေဆဲပင်။

‘ဒီအနံ့က အရမ်း မွှေးတာပဲ..’

ဟန်နီဘက်ဂျာသည် သူ့ကိုယ်သူ ကောင်းကောင်း မထိန်းချုပ်နိုင်တော့ဘဲ အနံ့ခံလိုက်မိလေ၏။

လင်းယန်သည် တွင်းထဲမှ လှုပ်ရှားသံကို ကြားလိုက်ရလေ၏။

“အခု ထွက်လာခဲ့၊ ပြီးရင် မင်းကို လွှတ်ပေးဖို့ သူတို့ကို ငါပြောလိုက်မယ်၊ အခုကစပြီး မင်း ဒီနေရာမှာ ဆက်နေစရာမလိုတော့ဘူး၊ မင်း သွားချင်တဲ့နေရာတိုင်းကို သွားလို့ရပြီ”

ဒါရိုက်တာလျူမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

သူသည် တိရစ္ဆာန်ကာကွယ်ရေးစင်တာ၏ ဒါရိုက်တာအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း တိရစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်သော တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်း တစ်ဦးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများ အားလုံးသည် တိရစ္ဆာန်များ၏ အတွင်းစိတ်ခံစားချက်များကို သိရှိနိုင်ရန်အတွက် သူတို့၏ ကိုယ်ပိုင် အတွေ့အကြုံများနှင့် တိရစ္ဆာန်များ၏ သိမ်မွေ့သော မျက်နှာအမူအရာများ၊ လှုပ်ရှားမှုများအပေါ်တွင်သာ မှီခိုကြရသည်။

သို့သော် ဤကဲ့သို့ ဆုံးဖြတ်ရသည့် နည်းလမ်းမှာ အမှားအယွင်းဖြစ်နိုင်ခြေ အလွန်မြင့်မားလှသည်။

ယင်းက အကြိမ်ပေါင်းများစွာတွင် တိရစ္ဆာန်များ အမှန်တကယ် ဘာလုပ်ချင်သည်ဆိုတာကို သူတို့ နားမလည်နိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

လင်းယန်၏ အပြုအမူက တွင်းထဲတွင် ပုန်းအောင်းနေသည်မှာ တောရိုင်းတိရစ္ဆာန် တစ်ကောင်မဟုတ်ဘဲ လူသားတစ်ဦးနှင့် တူနေစေလေ၏။

ဒါရိုက်တာလျူမှာ သံသယဖြစ်နေသည့် အမူအရာကို မထိန်းနိုင်တော့ဘဲ မေးလိုက်လေ၏။

“ရှောင်လင်း၊ ဒါက တကယ် အလုပ်ဖြစ်ပါ့မလား”

လင်းယန်က သူ့ကို အသံတိတ်တိတ်နေရန် လက်ဟန်ခြေဟန်ဖြင့် ပြသလိုက်ပြီး အသံတိတ် ပြောလိုက်လေ၏။

“နားထောင်ကြည့်”

ဒါရိုက်တာလျူ တိတ်ဆိတ်သွားသောအခါ တွင်းထဲမှ တရှပ်ရှပ်လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာသည်ကို အမှန်တကယ်ပင် ကြားလိုက်ရလေ၏။

“စထရင်းမာကို ဘယ်တော့မှ သံသယမဝင်နဲ့”

“နောက်နေတာလား၊ ငါတို့သူဌေးလင်းက အင်တာနက် တစ်ခွင်လုံးမှာ တိရစ္ဆာန်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့ ပထမဆုံးဘလော့ဂါလေ”

“စကားမစပ်... ဒီဟန်နီဘက်ဂျာက နိုင်ငံခြားကလာတာ၊ သူက ငါတို့နိုင်ငံရဲ့ ဘာသာစကားကို နားလည်နိုင်လို့လား”

“မေးခွန်းကောင်းပဲ၊ ငါလည်းမသိဘူး”

“နားလည်မှာပေါ့၊ ငါတို့နိုင်ငံကို မလာခင် သူ တရုတ်စာ သင်ခဲ့ရမှာ မဟုတ်ဘူးလား”

“သူ့မှာ ဘာသာပြန်စက် အသင့်ပါလာတာ ဖြစ်နိုင်တယ်”

“မင်းတို့အားလုံး ရယ်စရာတွေ လျှောက်မပြောကြပါနဲ့၊ သူ ငါတို့ဘာသာစကားကို နားလည်သလားဆိုတာတော့ ငါမသိဘူး၊ ဒါပေမဲ့ သူဌေးလင်း ဘာကိုဆိုလိုလဲဆိုတာကို သူ သေချာပေါက်နားလည်တယ်”

စက္ကန့်အနည်းငယ်အတွင်းမှာပင် ဟန်နီဘက်ဂျာသည် တွင်းထဲမှ တွားသွား၍ ထွက်လာခဲ့သော်လည်း သူတို့နှင့် အကွာအဝေးတစ်ခုတွင် နေနေပြီး ၎င်း၏ မျက်နှာပေါ်တွင် သတိထားနေသည့် အမူအရာ ပေါ်လွင်နေလေ၏။

လင်းယန်သည် ဝန်ထမ်းတစ်ဦးထံမှ ဇလုံတစ်လုံးကို တောင်းယူလိုက်ပြီး ရေသန့်ဘူးထဲရှိ ရေများအားလုံးကို ဇလုံထဲသို့လောင်းထည့်လိုက်လေ၏။

“ကောင်းပြီ၊ မင်းက တိရစ္ဆာန်ကာကွယ်ရေးစင်တာ တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ထားပြီးတော့ ဒီမှာ မျက်နှာပြောင်တိုက်ပြီး နေရဲသေးတယ်ပေါ့လေ”

“မင်းအတွက် ငါ တကူးတကယူလာခဲ့တာ၊ မြန်မြန်သောက်လိုက်”

‘ဒီလူသားက ဘယ်အချိန်ကစပြီး ဒီလောက် သဘောကောင်းသွားရတာလဲ'

ဟန်နီဘက်ဂျာက လင်းယန်ကို လုံးဝ မယုံကြည်ပေ။

သို့သော် နတ်ရေစင်ရေ၏ သွေးဆောင်ဖြားယောင်းမှုကို သူတကယ်ကို မလွန်ဆန်နိုင်သဖြင့် ခဏအတွင်းမှာပင် အကုန်အစင် သောက်ချလိုက်လေတော့သည်။

သောက်ပြီးသည်နှင့်တစ်ပြိုင်နက် လင်းယန်၏မျက်နှာပေါ်ရှိ အပြုံးကို သူမြင်လိုက်ရသည်။ သူသည် သွားများကို ဖြဲပြကာ ဟိန်းဟောက်လိုက်ပြီး တစ်ဖက်လူကို အနီးသို့ မကပ်လာရန် အချက်ပြလိုက်လေ၏။

ဒါရိုက်တာလျူကလည်း ဘေးမှနေ၍ အလျင်အမြန် သတိပေးလိုက်လေ၏။

“ဒီဟန်နီဘက်ဂျာက အရမ်း ကြမ်းကြုတ်တယ်၊ ရှောင်လင်း၊ အရမ်း အနီးကပ်မသွားနဲ့၊ မင်းကို ရန်ပြုလိမ့်မယ်”

လင်းယန်သည် ဟန်နီဘက်ဂျာထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်ကို ကြည့်ရင်း….

အွန်လိုင်းအသုံးပြုသူများမှာ စိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်နေကြလေ၏။

“စထရင်းမာ၊ ခင်ဗျား သတိထားတာ ပိုကောင်းမယ်၊ ဒီဟန်နီဘက်ဂျာရဲ့ စိတ်အခြေအနေက ပြီးခဲ့တဲ့ နှစ်ရက်နဲ့ ယှဉ်ရင် လုံးဝ ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်၊

ဘာပဲဖြစ်ဖြစ် ဒီနေ့ သူက ခြင်္သေ့ကိုတောင် သွားချရဲတာလေ”

All Chapters