← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း (၇)

ကျားသားပေါက်လေးနှစ်ကောင်သည် ဝမ်းနည်းပူဆွေးမှုနှင့် မကျေနပ်မှုတို့ ပြည့်နေသော မျက်ဝန်းအစုံဖြင့် နှစ်ချက်မျှ အော်ဟစ်ညည်းတွားလိုက်ရှာသည်။ လင်းယန်သည် ဝက်များအား အစာကျွေးပြီးနောက် ကျားပေါက်လေးများအတွက် နို့မှုန့်ဖျော်ထားသော ဇလုံကြီးနှစ်လုံးကို ပြင်ဆင်ပေးလိုက်၏။

အကြောင်းအရင်းမှာ သူတို့သည် သားပေါက်လေးများသာ ဖြစ်သေးသောကြောင့် လိုအပ်သောအာဟာရ ပြည့်ဝရန် အရေးကြီးသောကြောင့်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သစ်တောဦးစီးဌာနမှ လိုအပ်သော ရိက္ခာများအား အလျှံပယ် ထောက်ပံ့ပေးထားလေ၏။

လင်းယန်သည် ကျားသားပေါက်လေးများအား ကျွမ်းကျင်စွာ ကျွေးမွေးနေသည်ကို မြင်သောအခါ ဘေးမှရပ်ကြည့်သော ရန်အာဟူသည် အံ့ဩတကြီး ‌ရေရွတ်နေမိတော့သည်။

“တစ်နေ့ကျရင် ကျားတစ်ကောင်နဲ့ ငါ ဒီလောက်အထိ နီးနီးကပ်ကပ် နေရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ လင်းယန် ငါက မင်းကို ညီအစ်ကိုလို သဘောထားတာ၊ မင်းကတော့ ငါ့ကို လူပြက်တစ်ယောက်လို ဆက်ဆံနေတာလား၊ ငါ့ကွယ်ရာမှာ ဘယ်လိုကောင်းတာတွေကို ချန်ထားသေးလဲဆိုတာ ပြောစမ်းပါဦး”

ရန်အာဟူသည် ခြံဝန်းအတွင်းရှိသော လေထုထဲမှ သင်းပျံ့လှသော စပျစ်ဝိုင်ရနံ့အချို့ ကိန်းအောင်းနေသည်အား အာရုံခံမိနေသည်။ ဟင်း... သူ့အား ဖုံးကွယ်ထားနိုင်မည် မထင်လေနှင့်။ ရွာတစ်ရွာလုံးတွင် သူ့နှာခေါင်းသည် အစူးရှဆုံးဖြစ်ကြောင်း လူတိုင်းသိရှိကြကုန်၏။

လင်းယန်သည် ခဏမျှဆွံ့အသွားကာ ထိုသို့မေးလိုက်သည်။

“မင်းက ခွေးများလား၊ ငါ့ပစ္စည်းတွေက အလကားရတာ မဟုတ်ဘူး၊ ခဏနေရင် ငါ စပျစ်သီးသွားဆွတ်ပြီး ဝိုင်အသစ်ချက်မလို့၊ မင်း ငါနဲ့ လိုက်မယ်ဆိုရင်တော့ ပုလင်းအသေးတစ်လုံးကို မတွန့်မတို ပေးနိုင်ပါတယ်”

“မလိုက်ဘူး”

ရန်အာဟူသည် တစ်ခွန်းတည်းနှင့် ငြင်းဆိုလိုက်လေသည်။ စပျစ်သီးဆွတ်ခြင်းဆိုသည်မှာ ပင်ပင်ပန်းပန်းလုပ်ရသော အလုပ်ကြမ်းတစ်ခု ဖြစ်၏။ သူကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော

လူငယ်တစ်ဦးသည် အလုပ်ကြမ်းလုပ်ရန် မသင့်တော်ကြောင်း သူသည် ယူဆထားပုံရသည်။

လင်းယန်သည် သူ့အား တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။

“မင်း မလိုက်ချင်ရင်လည်း ခြံထဲမှာပဲ နေခဲ့ပေါ့”

ထိုသို့ပြောရင်း စပျစ်သီးဆွတ်သည့် ကိရိယာများနှင့် တောင်းအားယူ၍ နောက်ဖေးခြံဘက်သို့ ထွက်လာခဲ့လေသည်။ ထိုနောက်ဖေးလမ်းမှ သူ၏ သစ်သီးခြံကြီးဆီသို့ တိုက်ရိုက်ရောက်ရှိလေ၏။

“မင်း မပေးလည်း ငါ့ဘာသာငါ ရှာကြည့်မှာပေါ့”

ရန်အာဟူသည် ခပ်အေးအေး ပြောလိုက်ကာ လက်နှစ်ဖက်အား ဘောင်းဘီအိတ်ထဲ ထည့်၍ ခြံဝန်းအတွင်း၌ စူးစမ်းလှည့်လည်နေလေ၏။ ထိုနေရာသည် အကျယ်ကြီး မဟုတ်သဖြင့်၊ ရှာလိုက်လျှင် သေချာပေါက် တွေ့မည်ဖြစ်သည်။

သို့သော် တစ်ခုခုသည် သူ့ဘောင်းဘီစအား ကိုက်ခဲထားလေ၏။ ရန်အာဟူငုံ့ကြည့်လိုက်သောအခါ ကျားသားပေါက်လေးနှစ်ကောင် ဖြစ်နေသည်အား တွေ့လိုက်ရသည်။ သူ တံတွေးတစ်ချက် မျိုချလိုက်ကာ ထိုကဲ့သို့ပြောလိုက်လေသည်။

“ဘာလုပ်နေတာလဲ၊ သွား... နို့သွားသောက်ကြလေ”

လင်းယန် မရှိသည့်နောက်တွင် ကျားပေါက်လေးများထံမှ ပင်ကိုအရိုင်းစိတ်ကို သူ ခံစားလာရသည်။ စနောက်၍ ပြောသည်မဟုတ်ပေ၊ ထိုအကောင်ပေါက်လေးများသည် တောတောင်၏ ဘုရင်များ မဟုတ်ပါလော။

“အူး... ဝူး”

ထောင့်တစ်နေရာတွင် သမ်းဝေနေသော ခွေးကြီးသည်လည်း မည်သည့်အချိန်တွင် ရောက်လာသည်မသိ၊ သူ့ရှေ့ ၌ ပိတ်ရပ်ကာ ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပေ၏။ သူသာ ရှေ့သို့ တစ်လှမ်းတိုးလိုက်မည်ဆိုလျှင် ထိုခွေးကြီးသည် သူ့အား ချက်ချင်း ကိုက်တော့မည့်ပုံစံဖြစ်၏။

“လင်းယန်ရဲ့ ခွေးတွေက ဒီလောက်တောင် ရန်လိုတတ်တာလား”

ရန်အာဟူ ရင်တုန်သွားကာ နောင်တရလာမိသည်။ ဤကဲ့သို့ ကြုံတွေ့ရမည်မှန်းသိလျှင် စပျစ်သီးသွားဆွတ်သည့်နောက် လိုက်သွားခြင်းသည် ပို၍ ကောင်းပေလိမ့်မည်။ ဒီမှာ ခွေးများပါမက ကျားများပါ ရှိနေ၏။ မည်သူကြာကြာ နေနိုင်မည်နည်း။

“လွှတ်စမ်းပါ၊ ငါ မင်းတို့သခင်ကို ကူပြီး စပျစ်သီးသွားဆွတ်ပေးမလို့ပါဆို”

ပြော၍ပြီးသောအခါ ရန်အာဟူ စိတ်ထဲတွင် ရယ်ချင်သွားမိ၏။ တိရစ္ဆာန်များသည် လူစကားအား မည်သို့ နားလည်ပါ့မည်နည်း။ သို့သော် ချက်ချင်းဆိုသလိုပင် ထူးဆန်းစွာဖြင့် ကျားလေးနှစ်ကောင်သည် ကိုက်ခဲထားသည့် ပါးစပ်အား လွှတ်ပေးလိုက်ကြသည်။

ရန်အာဟူသည် ကျားလေးများ သူ့အပေါ် ခုန်အုပ်လာမည် စိုးရိမ်သဖြင့် ကိရိယာများအား အမြန်ဆွဲယူကာ နောက်ဖေးခြံရှိ လင်းယန်နောက်သို့ အပြေးလိုက်သွားရလေ၏။

“လင်းယန်... နေဦး၊ စပျစ်သီးဆွတ်တာက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမယ်လို့ ငါ ရုတ်တရက် ခံစားလိုက်ရလို့ပါ”

လင်းယန်သည် အပြေးအလွှား လိုက်လာသော ရန်အာဟူအား ကြည့်ကာ ဇဝေဇဝါ ဖြစ်သွား၏။

“မင်းက အလုပ်မလုပ်ချင်ဘူး မဟုတ်လား၊ ဘာလို့ လိုက်လာတာလဲ၊ ငါ မင်းနဲ့ စကားပြောနေဖို့ အချိန်မရှိဘူး ၊ ဒီနေ့ စပျစ်သီးပိဿာနှစ်ရာ (၃၀၀ ကတ်တီ) လောက်ဆွတ်ဖို့ရှိသေးတယ်၊ မကြာခင် မိုးရွာတော့မှာ၊ အခု မဆွတ်ရင် ဒီစပျစ်သီးတွေက နွယ်ပေါ်မှာ ပုပ်ကုန်လိမ့်မယ်”

ရန်အာဟူသည် ခြံထဲမှ ခွေးနှင့် ကျားလေးများအား ကြောက်၍ပြေးလာသည်ကို အမှန်အတိုင်းမပြောပေ။

“ငါ စဉ်းစားကြည့်တာ မင်းတစ်ယောက်တည်းတော့ ဘယ်လိုမှမနိုင်ပါဘူး၊ ဒါကြောင့် ငါကူညီဖို့လာခဲ့တာပေါ့၊ ဒါနဲ့ အချိန်တန်ရင်တော့ မင်းချက်တဲ့ဝိုင်ကို ငါ့ကို နည်းနည်းပေးရမယ်နော်”

စပျစ်ဝိုင်အကြောင်း ပြောလိုက်သည်နှင့် ရန်အာဟူ တံတွေးမျိုချမိပြန်၏။ လင်းယန် ချက်ပြုတ်သမျှ အရာအားလုံးသည် အရသာရှိလှသဖြင့် သူချက်သော ဝိုင်သည်လည်း ညံ့မည်မဟုတ်ကြောင်း သူ ယုံကြည်နေသည်။

ရန်အာဟူသည် ရယ်မောကာ ပြောလိုက်၏။

“ဒါနဲ့ မင်း တစ်ယောက်တည်း ‘လယ်တောအိမ်’ ဆိုင်ကို ထိန်းနိုင်ပါ့မလား၊ငါ့ကိုပဲ အလုပ်ခန့်လိုက်ပါလား”

လင်းယန်သည် သူ့အား အကဲခတ်သကဲ့သို့ ကြည့်ကာ ပြောလိုက်ပြန်သည်။

“မင်းသာ အလုပ်လုပ်ချင်စိတ်ရှိရင် ကျောင်းပြီးကတည်းက အလုပ်မရှိအကိုင်မရှိဖြစ်နေပါ့မလား”

ရန်အာဟူသည် မူလတန်းကတည်းမှ အလုပ်ရှောင်တတ်သူ ဖြစ်၏။ အိမ်စာမေ့ခဲ့သည်ဖြစ်စေ၊ ပျောက်သွားသည်ဖြစ်စေ ဆင်ခြေအမျိုးမျိုး ပေးတတ်သူ ဖြစ်သည်။ တက္ကသိုလ်ပြီးသောအခါ အိမ်တွင် မိဘလုပ်စာ ထိုင်စားနေသူ ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဖခင်ဖြစ်သူသည် ငွေကြေးတတ်နိုင်သူဖြစ်၍ ထိုကောင် မပူမပင်ဘဲ နေနိုင်ခြင်း ဖြစ်သည်။

ရန်အာဟူသည် တည်တည်တံ့တံ့ဖြင့် လင်းယန်ကို ပြန်လည်ချေပလိုက်သည်။

“ဒါမျိုးတော့ ငါ မကြားချင်ဘူးနော်၊ ဘာ... အလုပ်မရှိအကိုင်မရှိ ဟုတ်လား၊ ငါက ငါနဲ့ သင့်တော်တဲ့ အလုပ်ကို မတွေ့သေးတာပါ၊ အခု မင်းရဲ့ဆိုင်က ငါ့အတွက် အသင့်တော်ဆုံးပဲလို့ ထင်တယ်၊ မင်းရဲ့ ဆိုင်ကြီးက ဒီလောက်အကျယ်ကြီးကို တစ်ယောက်တည်း ဘယ်လိုလုပ် စီမံနိုင်မှာလဲ၊ ငါတို့ သူငယ်ချင်း သံယောဇဉ်အရ လစာတို့ ဘာတို့ကတော့ ညှိနှိုင်းလို့ ရပါတယ်၊ အရေးကြီးတာက ထမင်းကျွေးဖို့ပဲ”

ရန်အာဟူ တံတွေးမျိုချလိုက်မိပြန်သည်။ သူသည် တကယ်ကို အလုပ်လုပ်ချင်နေသော လူငယ်လေးတစ်ဦးသာ ဖြစ်၏။ အစားအသောက် မက်နေခြင်းတော့ မဟုတ်ပါချေ။

လင်းယန်သည် မျက်လုံးလှန်ပြလိုက်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒီနေ့ စပျစ်သီးပိဿာနှစ်ရာ (၃၀၀ Catties) ကို တစ်ယောက်တည်း ဆွတ်နိုင်ရင် မင်းကို အလုပ်ခန့်မယ်”

“ပိဿာနှစ်ရာလား၊ မင်းအတွက်ပိဿာလေးရာ (၆၀၀ Catties) တောင်ဆွတ်ပေးလိုက်မယ်၊ ရတာပေါ့”

ကျေးလက်တွင် မွေးဖွားခဲ့သော်လည်း တစ်ဦးတည်းသောသားဖြစ်၍ လယ်ယာအလုပ်အား ခဲခဲယဉ်းယဉ်း မလုပ်ဖူးသော ရန်အာဟူသည် စပျစ်သီး ပိဿာနှစ်ရာအား ဆွတ်ရန် မည်မျှအထိ အချိန်ပေးရမည် အစောပိုင်းတွင် သိရှိပုံမရပေ။

လင်းယန်သည် ပြုံးကာ ပြောလိုက်၏။

“ဒါဆိုလည်း စလုပ်တော့”

လင်းယန်သည် နတ်ရေစင် ရောထားသော ရေတစ်ပုလင်းအား ရန်အာဟူထံသို့ ပစ်ပေးလိုက်လေသည်။

ရန်အာဟူသည် ရေကို တစ်ငုံကြီး သောက်လိုက်ပြီးနောက် အံ့သြသွား၏။

“ဟင်၊ ငါပဲ စိတ်ထင်နေတာလား၊ မင်းရဲ့ရေက ဘာလို့ ဒီလောက် ချိုနေရတာလဲ”

ရေသောက်ပြီးနောက်တွင် သူ့ကိုယ်ထဲတွင် ခွန်အားများ ပြည့်လျှံလာသကဲ့သို့ ခံစားလိုက်ရသည်။ ပိဿာလေးရာလောက် ဆွတ်ရခြင်းသည် သူ့အတွက် ဘာမှမဟုတ်တော့သည့်ပုံစံမျိုးဖြစ်၏။

နေဝင်ရိုးရီ အချိန်တွင် ကောင်းကင်ယံမှ ဆည်းဆာရောင်ခြည်တို့သည် ထိုတောင်ပေါ်ရွာလေးအား လှပသော အရောင်အသွေးများဖြင့် ခြယ်မှုန်းထားလေသည်။ သို့သော် လင်းယန်၏ ခြံဝန်းအတွင်း၌ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်တစ်ဦး ရှိနေ၏။

အကယ်၍ အွန်လိုင်းအသုံးပြုသူများသာ မြင်တွေ့ခဲ့လျှင် မနေ့ညမှ ထွက်ခွာသွားသော ရွှေရောင်မျောက်ကြီး ပြန်ရောက်လာချေပြီ အော်ဟစ်ကြပေလိမ့်မည်။

“လင်းယန်...လင်းယန်၊ မင်း အိမ်မှာရှိလား”

ရှီးရွှေကျေးရွာ၏ ရွာလူကြီးဖြစ်သူ ရန်တာဝေသည် ဆေးတံကို ပါးစပ်တွင် ခဲထား၍ တံခါးအား နှစ်ချက်မျှ ခေါက်လိုက်၏။

“ဒီကလေးက အခုထိ အိမ်မပြန်သေးဘူးလား”

ရန်တာဝေသည် ဇဝေဇဝါ ဖြစ်နေစဉ် တံခါးကြီးသည် ပွင့်သွားတော့သည်။ ကြည့်ရသည်မှာ တံခါးအား သေသေချာချာ ပိတ်မထားခဲ့သည်ထင်၏။

“အပြင်သွားတာကို တံခါးတောင် သေသေချာချာ မပိတ်သွားဘူး”

သူသည် လင်းယန်ထံသို့ တရားဝင် မွေးမြူခွင့် လက်မှတ်များကို လာရောက် ပေးအပ်ခြင်း ဖြစ်သည်။ အထက်လူကြီးများ၏ ဆောင်ရွက်မှုသည် အလွန် လျင်မြန်လှသဖြင့် ယနေ့မှာ လက်မှတ်များ ကျလာခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ကျားသားပေါက်လေးများ၏ အခြေအနေကိုလည်း ကြည့်ရှုပြီး နောက်မှ အထက်လူကြီးများအား ပြန်လည် အစီရင်ခံရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ရွာလူကြီးသည် ခြံဝန်းအတွင်းသို့ ဝင်လိုက်သည်နှင့် အလယ်တွင် အိပ်မောကျနေသော ကျားသားပေါက်လေးနှစ်ကောင်အား တွေ့လိုက်ရသဖြင့် ကိုယ်ခန္ဓာတစ်ခုလုံး တောင့်ခဲသွားကာ မလှုပ်ရဲတော့ချေ။ ထိုအရှင်သခင်လေးနှစ်ပါး ဒီမှာ ရှိနေသေးသည်ကို သူ မေ့နေမိ၏။ ကျားပေါက်ဆိုသော်လည်း ကျား မဟုတ်ပါ‌လော။ ဤအချိန်၌ ဆူဆူညံညံ မလုပ်သင့်ကြောင်း သူသိသည်။ ထို့ကြောင့် ပြန်လှည့်သွားသင့်၊မသွားသင့် သူ စဉ်းစားနေမိသည်။

သို့သော်လည်း သူ၏ လှုပ်ရှားမှုများကြောင့် ခြံဝန်းအတွင်းရှိ တိရစ္ဆာန်များ နိုးကြားသွားကြလေပြီ။ အိပ်ပျော်နေသော ကျားလေးများသည်လည်း မျက်လုံးများ ဖွင့်ကြည့်လိုက်ရာ ထွက်ပေါ်လာသော အရှိန်အဝါမှာ သာမန်မဟုတ်ချေ။

တံခါးဝမှ ခွေးအကြီးကြီးသည် ရွာလူကြီးအား မြင်သည်နှင့် အမြီးတယမ်းယမ်းဖြင့် စိတ်လှုပ်ရှားနေလေသည်။ အမှန်စင်စစ် ခွေးကြီးနှင့် ရွာလူကြီးမှာလည်း အကျွမ်းတဝင်ရှိပြီးသား ဖြစ်၏။

ရွာလူကြီးသည် နေရခက်စွာ ပြုံးပြလိုက်ကာ ပြောလိုက်၏။

“ငါ ပစ္စည်းလာပို့တာပါ၊ အခု ပြန်တော့မယ်... ပြန်တော့မယ်”

သူသည် ဂရုတစိုက်နှင့် နောက်ဆုတ်လိုက်သော်လည်း သတိမထားမိ၍ အမွေးဖြူနှင့် အမွေးဝါတို့၏ နို့ဇလုံအား နင်းမိသွားလေသည်။ ထိုဇလုံထဲတွင် ကျားသားပေါက်များ သောက်၍မကုန်သေးသော နို့များ ရှိနေသေး၏။

ကျားသားပေါက်လေးနှစ်ကောင်သည် ချက်ချင်း ဝုန်းခနဲ ထရပ်လိုက်ကြလေသည်။

ရွာလူကြီးသည် ထိတ်လန့်တကြားဖြင့် အော်ဟစ်မိရှာလေ၏။

“အို... အရှင်သခင်လေးတို့ရယ်၊ ငါ တမင်လုပ်တာမဟုတ်ပါဘူး”

ထိုနေရာမှာတွင် သူ့ဘဝ နိဂုံးချုပ်သွားမည့်အကြောင်းကို သူ စိုးရိမ်တကြီး တွေးနေမိလေသည်။

All Chapters