← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း (၉)

မျောက်အိုကြီးသည် လင်းယန်၏အမေးကို မျက်ကွယ်ပြုကာ ကျောပေါ်ရှိ ပတ်တီးအား တစ်ချက်စမ်းကြည့်လိုက်ပြီးနောက် နှစ်လှမ်းသုံးလှမ်းခန့် ပြေးလွှားကာ သစ်ပင်ပေါ်သို့ လျင်မြန်စွာ တက်သွားလေသည်။ သူသည် သစ်ပင်‌ပေါ်မှ အရှိန်ယူ၍ ခြံပေါ်သို့ ခုန်တက်လိုက်၏။

ခြံဝန်းအတွင်းမှ မထွက်ခွာမီ မျောက်အိုကြီးသည် လင်းယန်အား တစ်ချက် ပြန်လှည့်ကြည့်ခဲ့လေသည်။

ကြည့်ရှုသူတစ်ဦးသည် ထိုမြင်ကွင်းအား ချက်ချင်း ဓာတ်ပုံရိုက်ထားလိုက်သည်။

ထိုမျောက်အိုကြီး၏ မျက်ဝန်းအစုံတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်ပေါင်းမြောက်မြားစွာ ကိန်းအောင်းနေသကဲ့သို့ ရှိ၏။ ရှင်းပြရန် ခက်ခဲလှသော်လည်း ထိုသို့ တစ်ချက်မျှ ကြည့်ရှုပြီးနောက်တွင် မျောက်ကြီးသည် တောအုပ်အတွင်းသို့ မနေ့ကအတိုင်း ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားပါတော့သည်။

“အို... ဘုရားရေ၊ ဒီမျောက်မှာ ဘယ်လိုဇာတ်လမ်းတွေရှိနေတာလဲ”

“အဲဒီအကြည့်ကြောင့် ငါတောင် ကြက်သီးထသွားတယ်၊ တိရစ္ဆာန်တစ်ကောင်ရဲ့ ခံစားချက်က ဒီလောက်အထိ အသက်ဝင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“ဟုတ်ပ သူ့မျက်လုံးထဲက ခံစားချက်တွေက လူသားတွေနဲ့ တစ်ထပ်တည်းပဲ”

“ငါက သတ္တဗေဒအကြောင်း သိပ်မသိပေမဲ့ အဲဒီအကြည့်က Host အပေါ် ကျေးဇူးတင်ကြောင်း ပြသနေတာလို့ ထင်တယ်”

“မဟုတ်ဘူး၊ ကျေးဇူးတင်တာမျိုးထက် ကြည်ညိုလေးစားတဲ့ အကြည့်မျိုးလို့ ငါထင်မိတယ်”

“မင်းတို့ပြောတာတွေကို ငါအကုန်လုံး နားမလည်ပေမဲ့ အဲဒီအကြည့်က ငါ့အဘိုး ငါ့ကိုကြည့်တဲ့ အကြည့်နဲ့ တူနေသလိုပဲ”

“အပေါ်က ကွန်မန့်က နည်းနည်းတော့ ကြမ်းတမ်းပေမဲ့ တကယ်ကို ထိမိတဲ့ တင်စားချက်ပဲ”

“အတွင်းရေးမှူးကျန်း၊ သုံးမိနစ်အတွင်းမှာ ဒီမျောက်နဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို ငါ့ဆီ ကို အရောက်ပို့ပေးပါ”

“ဘာကြောင့်လဲတော့ မသိဘူး၊ အဲဒီခဏမှာ ငါ တကယ်ပဲ မျောက်တစ်ကောင်ရဲ့ အကြောင်းကို အချိန်ပေးပြီး လေ့လာချင်စိတ် ပေါက်သွားတယ်”

“ဘာတွေဖြစ်ခဲ့လဲဆိုတာ စစ်ဆေးပေးလို့ ရမလား၊ဘာလို့ ဒီမျောက်က ခဏခဏ ဒဏ်ရာရနေရတာလဲ”

ရန်အာဟူသည် ရွာလူကြီး၏ သနားစဖွယ် အခြေအနေအား ကြည့်ရှု၍ စာနာစိတ်များ ဖြစ်ပေါ်လာလေသည်။

“ကျွန်တော့်အိမ်မှာ ဆေးသေတ္တာ ရှိပါသေးတယ်၊ အခုသွားယူပြီး ရွာလူကြီးရဲ့ ဒဏ်ရာတွေကိုလည်း ပိုးသတ်ပေးပါ့မယ်”

ရွာလူကြီး၏ မျက်နှာပေါ်တွင် ကုတ်ခြစ်ရာများကြောင့် ညိုမည်းစွဲနေလေပြီ။ သူ၏ ကျဲပါးလှသော ဆံပင်များသည်လည်း ယခင်ကထက် ပို၍ ကစဉ့်ကလျား ဖြစ်နေလေ၏။ ရန်အာဟူသည် ရွာလူကြီးအား ဆေးထည့်ပေးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း တတွတ်တွတ် ရေရွတ်သည်။

“ရွာလူကြီး... ရွာသားတွေက ခင်ဗျားကို ကွယ်ရာမှာ အတင်းပြောကြတာက ထားပါဦး၊ အခုတော့ ဒီမျောက်ကပါ ခင်ဗျားကို မနှစ်မြို့ရတာလဲ”

ရွာလူကြီး မှာ အနာ‌ပေါ်ဆားပက်ခံလိုက်ရသလို ဖြစ်သွားရသည်။

အိုးဖင်ကဲ့သို့ မည်းမှောင်နေသော သူ၏မျက်နှာသည် ထိုစကားကြောင့် ပို၍ မှောင်ကျသွားရသည်။ ကြည့်ရှုသူများသည် ရယ်ရလွန်းသဖြင့် အူတက်နေကြရ၏။

“ဒါက လူကြီးတစ်ယောက်ကို ပြောသင့်တဲ့ စကားလား”

“ရန်အာဟူကတော့ တကယ်ကို ပွင့်လင်းလွန်းတာပဲ”

“ရန်အာဟူ မြို့ပေါ်သွားပြီး အလုပ်မလုပ်တာ ဘာကြောင့်လဲဆိုတာ အခုတော့ အဖြေပေါ်ပြီ”

“ကောင်းလိုက်လေခြင်း၊ ငါ့ကုမ္ပဏီကို လာခဲ့ပါလား၊ အပေါက်ဆိုးတဲ့ ငါ့ရဲ့ အထက်လူကြီးကို ရင်ဆိုင်ဖို့ မင်းလို အရည်အချင်းရှိသူမျိုးကို လိုအပ်နေတာ”

“ငါကတော့ အကောင်းပြောတာပါ၊ ဒီလိုလူစားမျိုးဆိုရင် ရှေးခေတ်မှာဆိုရင်တော့ အရင်ဆုံး အသတ်ခံရမယ့် လူစားမျိုးပဲ”

“သူငယ်ချင်းရာ... မင်းကတော့ တဲ့တိုးကြီးမကျဘူးလားကွာ”

“ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားပါတော့၊ ရွာလူကြီးက မင်းကို အကြီးအကျယ် မကျေမနပ် ဖြစ်နေတာ မမြင်ဘူးလား”

“ဆက်ပြောနေရင်တော့ မင်း ရွာမှာ နေလို့ရတော့မှာ မဟုတ်ဘူး”

လင်းယန်သည် နို့များစိုစွတ်နေသော ရွာလူကြီး၏ ဘောင်းဘီစကို တစ်ချက်ကြည့်လိုက်၏။ ရွာလူကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလေသည်။

“အာ... ငါ့ရဲ့ အရိုးတွေတော့ ကြေမွကုန်ပါပြီ”

သူသည် ဘဝသက်တမ်း တစ်လျှောက်လုံးတွင် ထိုသို့ မျောက်တစ်ကောင်၏ နှိပ်စက်မှုကို ခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

“ရွာလူကြီး၊ မျောက်က ခင်ဗျားကို မနှစ်မြို့တာ မဟုတ်ပါဘူး၊ ခင်ဗျားက သူ့ကို ဒေါသထွက်အောင် လုပ်မိလို့ပါ”

လင်းယန်သည် မြေပြင်ပေါ်တွင် မှောက်ခုံ ဖြစ်နေသော ဇလုံကို လက်ညှိုးထိုးပြကာ စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

“အဲဒီမျောက်က အမွေးဖြူနဲ့ အမွေးဝါတို့ရဲ့ အစာကို လာလုတာပါ၊ ခင်ဗျားက အဲဒါတွေကို ကန်မိသွားလို့ သူက စိတ်ဆိုးသွားတာပေါ့”

ထိုမျောက်အိုကြီးသည် နတ်ရေစင်၏ ရနံ့ကြောင့် ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။ တိုက်တိုက်ဆိုင်ဆိုင် ကျားပေါက်လေးများ သောက်နေသော နို့မှုန့်များထဲတွင် နတ်ရေစင်အား ရောစပ်ထားသဖြင့် ထိုအရာများကို ရွာလူကြီး မှောက်လိုက်သောအခါ မျောက်ကြီး အကြီးအကျယ်ဒေါသထွက်သွားခြင်း ဖြစ်ပေသည်။

ရွာလူကြီးသည် မယုံကြည်နိုင်သော အမူအရာဖြင့် မေးမြန်းလေသည်။

“မင်းပြောချင်တာက ဒီမျောက်ကလည်း နို့သောက်ရတာကို ကြိုက်တယ်ပေါ့ ဟုတ်လား”

လင်းယန်သည် ခေါင်းညိတ်ပြလိုက်၏။ သာမန်ရေနှင့် ဖျော်ထားသော နို့ဆိုလျှင်တော့ သူ အသေအချာ မပြောနိုင်သော်လည်း ယခု နတ်ရေစင် ပါဝင်နေသောကြောင့်ဖြစ်သည်။ စမ်းသပ်ချက်များအရ မည်သည့်သတ္တဝါမျှ နတ်ရေစင်၏ အရသာအား ငြင်းဆန်နိုင်စွမ်း မရှိကြချေ။

ရွာလူကြီးသည် ခေတ္တမျှ ဆွံ့အသွားရလေသည်။ နောက်တစ်နေ့တွင် ဘုရားကျောင်းသို့ သွားရောက်ကာ ကံကောင်းစေရန် ဆုတောင်းရမည်ဟု သူ တွေးနေမိတော့သည်။ ဒီနေ့ကတော့ တကယ်ကို ကံဆိုးလွန်းလှပေသည်။

ညဉ့်နက်ပိုင်း အချိန်တွင် တိရစ္ဆာန်မျိုးရိုးဗီဇဆိုင်ရာ စာတမ်းအား ပြုစုပြီးနောက် ချောင်ရှီးဖုန်းသည် အကျင့်အတိုင်း သူ၏ ဖုန်းကိုဖွင့်ကာ ဗီဒီယိုအတိုများကို ကြည့်ရှုနေလေသည်။ သူသည် ငယ်စဉ်ကတည်းမှ တိရစ္ဆာန်လောက အစီအစဉ်များကို ကြည့်ရှုရင်း ကြီးပြင်းလာသူဖြစ်၍ တိရစ္ဆာန်များအပေါ် အလွန် စိတ်ဝင်စားသူ ဖြစ်၏။ ထို့ကြောင့် တက္ကသိုလ်တွင် သတ္တဗေဒအား အဓိကထား၍ သင်ယူခဲ့ခြင်း ဖြစ်သည်။

သူ၏ အလုပ်တာဝန်များကြောင့် သူသည် အွန်လိုင်းတွင် တိရစ္ဆာန်ဆိုင်ရာ ဗဟုသုတပေးသော ဗီဒီယိုများအား ဖန်တီးလေ့ရှိရာ ယခုအခါ သူ့အား ဖော်လိုလုပ်သူ ခြောက်သန်းကျော် ရှိနေလေပြီ။ သူသည် ထိုနယ်ပယ်တွင် လူသိများသော ဘလော့ဂါတစ်ဦး ဖြစ်လေသည်။

သူ၏ ဗီဒီယိုများသည် အများအားဖြင့် တိရစ္ဆာန်များနှင့်သာ သက်ဆိုင်သော ဗီဒီယိုများဖြစ်သည်။ ကျားများကဲ့သို့ လူကြိုက်မများသော်လည်း ရွှေရောင်မျောက်ကြီးနှင့် ပတ်သက်သော ဗီဒီယိုများအား သူ သတိပြုမိသွားခဲ့လေသည်။

“ရွှေရောင်မျောက်... ဒဏ်ရာရနေသော ရွှေရောင်မျောက်ကြီး”

“ရွှေရောင်မျောက်တွေက အရက်သောက်ရတာကို ကြိုက်ကြသလား”

“တိရစ္ဆာန်တွေမှာ လူသားတွေလို ခံစားချက်တွေ တကယ်ပဲ ရှိကြသလား”

ချောင်ရှီဖုန်းသည် ဇဝေဇဝါ ဖြစ်သွားရလေသည်။ ပထမဆုံး ဗီဒီယိုအား ကြည့်ပြီးသောအခါ သူသည် ဒဏ်ရာရနေသော မျောက်ကြီးအတွက် မနေနိုင်မထိုင်နိုင် စိုးရိမ်လာမိ၏။ ဆန်းချန်မြို့ သစ်တောဦးစီးဌာနက ထိုအကြောင်းအား သိပါသလား။ သို့သော် တတိယမြောက် ဗီဒီယိုကို မြင်လိုက်ရချိန်တွင် သူသည် ဆက်၍ ငြိမ်မနေနိုင်တော့ချေ။

သူသည် တိရစ္ဆာန်ပေါင်းမြောက်မြားစွာကို မြင်ဖူးသူဖြစ်၍ နေ့စဉ်နှင့်အမျှ တိရစ္ဆာန်မျိုးစုံနှင့် ထိတွေ့နေရသူ ဖြစ်၏။ သို့ရာတွင် တိရစ္ဆာန်တစ်ကောင်၏ မျက်ဝန်းထဲတွင် ထိုမျှအထိ ထင်ရှားလှသော ခံစားချက်များအား မည်သည့်အခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ သူသည် ထိုရွှေရောင်မျောက်ကြီးနှင့် ပတ်သက်သမျှ ဗီဒီယိုအားလုံးကို အမြန်ဆုံး ကြည့်ရှုလိုက်သည်။

ထိုသို့ကြည့်ရှုခြင်းသည် သူ့အား စိတ်အေးသွားစေခြင်းမရှိ ထိုမျောက်အား ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံလိုသော စိတ်ဆန္ဒများ ပို၍ ပြင်းထန်လာစေ၏။

လင်းယန် မသိလိုက်ဘဲနှင့် သူ၏ လယ်တောအိမ်လေးသည် မျောက်တစ်ကောင်ကြောင့် တစ်ကျော့ပြန်၍ နာမည်ကျော်ကြားလာခဲ့ပြန်လေပြီ။ ထို့ပြင် သူ့အား ငွေဝင်အောင်လုပ်ပေးမည့် လူတစ်ယောက်သည်လည်း မကြာမီ ရောက်ရှိလာတော့မည် ဖြစ်လေသည်။

All Chapters