← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆)

ရက်အနည်းငယ်မျှသော အချိန်သည် မျက်တောင်ဖျတ်ခတ်ရုံမျှဖြင့် ကုန်လွန်သွားခဲ့လေပြီ။ စိမ်ထားသော စပါးမျိုးစေ့များမှ နုပျိုသော အညှောက်ကလေးများသည် တစ်စတစ်စ ထွက်ပေါ်လာကြသည်။

လင်းယန်သည် ဆောင့်ကြောင့်ထိုင်ကာ ထိုအပင်ပေါက်ကလေးများအား အသေအချာ လေ့လာဆန်းစစ်နေမိ၏။ အနီးနားတွင် ရှိနေသော ချောင်ရှီဖုန်းသည် ထိုမြင်ကွင်းကို တိုက်ဆိုင်စွာ မြင်တွေ့သွားသည်။

“မင်း စပါးစိုက်ဖို့ ပြင်နေတာလား၊ ဒီနှစ်ရက်လုံးလုံး မင်း ဒါကိုပဲ ထိုင်ကြည့်နေတာ ငါ သတိထားမိတယ်”

လင်းယန်တင်မကဘဲ ရန်အာဟူပင်လျှင် မိုးမလင်းမီကတည်းမှ လယ်ကွင်းပြင်သို့ သွား၍ လယ်ထွန်ရာ မိုးချုပ်မှသာ အိမ်သို့ ပြန်ရောက်လာတတ်သည်။ လင်းယန်သည် ခေါင်းငြိမ့်ပြ၍ ပြောလိုက်၏။

“ဒါက ကျွန်တော်ကိုယ်တိုင် စပါးပထမဆုံးအကြိမ် စိုက်တာမို့လို့ အတွေ့အကြုံ သိပ်မရှိသေးဘူးဗျ”

ချောင်ရှီဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ အမှန်စင်စစ် သူသည် လင်းယန်တွင် အတွေ့အကြုံ မရှိရုံတင်မကဘဲ စိုက်ပျိုးရေးနှင့် ပတ်သက်၍ လုံးဝ နားမလည်ခြင်း ဖြစ်သည်ဟု ယူဆထား၏။ ပုံမှန်အားဖြင့် မည်သူသည် ဤကဲ့သို့သောအချိန်အခါမျိုးတွင် စပါးစိုက်ပါမည်နည်း။

ယခုအချိန်သည် မိုးနှောင်းစပါး စိုက်ပျိုးရန်အတွက် အလွန် နောက်ကျနေခဲ့ပြီ ဖြစ်သည်။ အောက်တိုဘာလသို့ ရောက်ရှိရန် ရက်ပိုင်းသာ လိုတော့သဖြင့် စပါးရိတ်သိမ်းရမည့် ရာသီသို့ ဆိုက်ရောက်နေပြီ ဖြစ်၏။

တစ်လကျော်မျှသာ ရှိသော အချိန်အပိုင်းအခြားသည် စပါးပင်များ ရင့်မှည့်ရန်အတွက် လုံးဝ မလုံလောက်ချေ။ ထိုအချက်ကို သတ္တဗေဒပညာရှင်ဖြစ်သော သူပင်လျှင် ကောင်းစွာ နားလည်ထားသည်။ ချောင်ရှီဖုန်းသည် လင်းယန်အား ထိုရာသီတွင် စပါးမစိုက်ရန် တားဆီးပြောဆိုသင့် မသင့်ကို ဝေခွဲမရဘဲ တုံ့ဆိုင်းနေမိ၏။

“အစ်ကိုချောင် ကျွန်တော် ဒီရာသီမှာ စပါးစိုက်တာ နောက်ကျလွန်းနေပြီလို့ ပြောချင်တာ မဟုတ်လား”

လင်းယန်သည် သူ၏ အတွေးအား ရိပ်မိသွားသည်။ ချောင်ရှီဖုန်းသည် ထိုအခွင့်အရေးကို အရယူကာ ခေါင်းငြိမ့်ပြ၍ ပြော၏။

“ဟုတ်တယ်... ဒါက နောက်ကျလွန်းရုံတင် ဘယ်ကမလဲ၊ ဒီနှစ်တော့ မစိုက်ဘဲ ထားလိုက်တာက မကောင်းဘူးလား၊ ဘာပဲဖြစ်ဖြစ် မင်းက စပါးမျိုးစေ့ပဲ ဝယ်ရသေးတာ၊ စိုက်တာ မစတင်ရသေးဘူးလေ၊ အခုကတည်းက ရပ်လိုက်ရင် နောက်မှ အထွက်နှုန်းမရှိဘဲ အလဟဿ ဖြစ်ရမယ့် ဘေးကနေ ကင်းဝေးသွားတာပေါ့”

အောက်တိုဘာလ ကုန်ဆုံးသွားသည်နှင့် ထိုဒေသ၏ အပူချိန်သည် စတင်ကျဆင်းလာတော့မည် ဖြစ်၍ စိုက်ပျိုးထားသော စပါးပင်များမှာ ရာနှုန်းပြည့် ရှင်သန်နိုင်မည် မဟုတ်ချေ။ လင်းယန်သည် ခပ်ဖွဖွ ပြုံးလိုက်၍ ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။

“အပူချိန် မကျခင်မှာ အဲဒီအပင်တွေကို အမြန်ကြီးထွားလာအောင် လုပ်နိုင်တဲ့ နည်းလမ်း ကျွန်တော့်မှာ ရှိပါတယ်”

သူ၏ လက်နက်ပုန်းမှာ အခြားမဟုတ်၊ နတ်ရေစင် ဖြစ်၏။ အခြေအနေ အဆိုးရွားဆုံး ဖြစ်လာလျှင် နတ်ရေစင်အား အသုံးပြု၍ စပါးပင်များကို အချိန်တိုအတွင်း ရင့်မှည့်အောင် ပြုလုပ်မည် ဖြစ်သည်။သူလုပ်ကိုလုပ်နိုင်သည်ဟု ယုံကြည်ထားသည်။

သူ၏ စိတ်အာရုံထဲတွင် ထိုလယ်ကွင်းပြင်ကြီးများမှ ရွှေဝါရောင် စပါးနှံများ ဝေဆာစွာ ထွက်ရှိလာသည့် မြင်ကွင်းက ထင်ဟပ်နေပြီး မိမိ၏ စိုက်ပျိုးရေးလုပ်ငန်းအား အဆင့်မြင့်မားစွာ ချဲ့ထွင်မည့် ရည်မှန်းချက်ကြီးသည် ကိန်းဝပ်နေသည်။

ချောင်ရှီဖုန်းသည် လင်းယန်၏ ထိုမျှကြီးမားသော ယုံကြည်မှုသည် မည်သည့်အရာမှ ရောက်ရှိလာသည်ကို နားမလည်နိုင်အောင် ဖြစ်ရ၏။ သို့သော် စကားသည် ထိုမျှအထိ ရောက်ရှိသွားပြီ ဖြစ်၍ ဆက်လက် ဖျောင်းဖျရန် ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။ ချောင်ရှီဖုန်းသည် ရင်ထဲ၌ သက်ပြင်းချလိုက်၍ ထိုအကြောင်းအရာကို သူ၏ အထက်တန်းကျောင်းမှ သူငယ်ချင်းထံသို့ မက်ဆေ့ခ်ျပို့၍ ပြောပြလိုက်သည်။

ထိုသူငယ်ချင်းမှာ စိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့၍ နောက်ပိုင်း၌ တက္ကသိုလ်တွင် ပါမောက္ခအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေသူ ဖြစ်၏။ သူသည် ထိုစိုက်ပျိုးရေးလောကတွင် အတော်အတန် နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်သည်။

လင်းယန်သည် မိမိ၏ စကားကို မယုံကြည်လျှင် စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခတစ်ဦး၏ စကားကို နားထောင်လိမ့်မည် မဟုတ်လော။ သူငယ်ချင်းဖြစ်သူထံမှ စာသည် ချက်ချင်း ပြန်လည်ရောက်ရှိလာ၏။

“စက်တင်ဘာလမှာ စပါးစိုက်မယ်ဟုတ်လား၊ ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ၊ ငါ စာလေ့လာခဲ့တစ်လျှောက်လုံးမှာတောင် ဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူး၊ အခုလက်ရှိ သတ်မှတ်ထားတဲ့ စပါးစိုက်ပျိုးချိန်တွေဆိုတာ မြောက်မြားစွာသော စမ်းသပ်မှုတွေနဲ့ သုတေသနတွေရဲ့ ရလဒ်ပဲလေ၊ မိုးဦးစပါးပဲဖြစ်ဖြစ် မိုးနှောင်းစပါးပဲဖြစ်ဖြစ် စိုက်ပျိုးရမယ့် အချိန်ကန့်သတ်ချက် ရှိတယ်၊ ဒီရာသီ ကုန်လွန်သွားရင် စိုက်တဲ့စပါးတွေက ဘယ်တော့မှ အသီးအနှံ ထွက်လာမှာ မဟုတ်ဘူး”

ချောင်ရှီဖုန်းသည် ထိုစကားမှာ အလွန် ယုတ္တိရှိသည်ဟု တွေးတောမိ၍ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ ထင်တာ၊ ဒါပေမဲ့ ငါ့သူငယ်ချင်းက တော်တော်လေး ခေါင်းမာနေတယ်”

နိုင်ငံအတွင်းရှိ နာမည်ကျော်ကြားသော စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုတွင် ထန်ဟွာမင်သည် သင်ခန်းစာပို့ချမှုပြီဆုံးသည်ပင် ရှိသေးသည်။ ကျောင်းနေဖက် သူငယ်ချင်းဟောင်းထံမှ မက်ဆေ့ခ်ျအား မြင်လိုက်ရသောအခါ သူသည် မျက်လုံးများ ပြူးကျယ်သွားရသည်။

အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါမောက္ခရာထူးအား ရရှိထားခြင်းသည် သူ၏ ထူးချွန်လှသော အရည်အချင်းကို သက်သေထူနေခြင်း ဖြစ်၏။ သူသည် စိုက်ပျိုးရေးလုပ်ငန်းအပေါ် အလွန် စိတ်အားထက်သန်လွန်းသဖြင့် ယခုအသက်အရွယ်အထိ ရည်းစား မထားခဲ့ဖူးချေ။

ထို့ကြောင့် ထိုမျှ အခြေခံကျသော အမှားမျိုးအား ပြုလုပ်နေသူကို မြင်ရသောအခါ သူသည် အလွန် စကားမဲ့သွားရခြင်း ဖြစ်သည်။

မည်သည်ကြောင့် အချို့သော လူများသည် အခြေခံစိုက်ပျိုးရေးအသိများကို လစ်လျူရှုနေကြသနည်း။ ထိုအရာအားလုံးသည် ရှေးလူကြီးများ အတွေ့အကြုံများမှတစ်ဆင့် ပေါင်းစပ်ပြုစုထားခဲ့သော အသိပညာများ မဟုတ်လော။

သို့သော် ထိုမျှအထိ ရူးမိုက်ပြီးအသိသညာကင်းမဲ့သောသူကို ကူညီ၍ရမည် မဟုတ်ချေ။ အလွန်အမင်း စိုးရိမ်နေလျှင် မိမိသာ ဒေါသထွက်ရလိမ့်မည် ဖြစ်သည်။

သူသည် မိမိ၏ အဖိုးတန်လှသော အချိန်များကို ထိုကဲ့သို့သော အရာများတွင် မဖြုန်းတီးချေ။ သို့သော် ထိုအချိန်မှာ ချောင်ရှီဖုန်းထံမှ ဓာတ်ပုံအချို့ ရောက်ရှိလာသည်။

“ဆရာထန် သူ့ရဲ့ ပျိုးပင်တွေကို တစ်ချက်ကြည့်ပေးပါဦး၊ ဘာလို့ ငါ့စိတ်ထဲမှာ အဲဒီအပင်တွေက တော်တော်လေး သန်မာနေသလို ခံစားရတာလဲ မသိဘူး”

ထန်ဟွာမင်သည် ဓာတ်ပုံများကို ဖွင့်၍ ချဲ့ကြည့်လိုက်၏။ တစ်ခဏအတွင်း သူသည် မိမိကိုယ်မိမိ စိတ်မှားနေသလားဟု သံသယဝင်သွားရသည်။

ဇလုံထဲရှိ စပါးပျိုးပင်ကလေးများသည် စိမ်းလန်းစိုပြေနေ၍ ပင်စည်များသည်လည်း အလွန် ကြံ့ခိုင်သန်စွမ်းနေ၏။များပြားလှသော အပင်ပေါက်ကလေးများ၏ ထက်သန်လှသော ရှင်သန်ခြင်း အားမာန်ကို ဖုန်းမျက်နှာပြင်မှတစ်ဆင့် အတိုင်းသား ခံစားမိနေရသည်။

ထန်ဟွာမင်သည် မျက်မှန်အား ချွတ်၍ သုတ်လိုက်ပြီးသောအခါ အသေအချာ ပြန်လည် ဆန်းစစ်ကြည့်ရှုနေမိသည်။ သူ ပိုမိုလေ့လာလေလေ၊ သူ၏ မျက်နှာအမူအရာသည် ပိုမိုလေးနက်လာလေလေ ဖြစ်၏။ သူသည် ဖုန်းမျက်နှာပြင်ပေါ်တွင် စာသားများ အမြန်ရိုက်နှိပ်ကာ ပေးပို့လိုက်သည်။

“ဆရာချောင် ဒီပျိုးပင်တွေကို စိုက်ပျိုးထားတာ ဘယ်နှစ်ရက် ရှိပြီလဲဆိုတာ ငါ့ကို အမြန်ပြောစမ်း”

ချောင်ရှီဖုန်းသည် ခေတ္တမျှ စဉ်းစား၍ ပြန်ဖြေ၏။

“နှစ်ရက်လောက်ပဲ ရှိသေးတယ် ထင်တယ်၊ အခုအချိန်မှာ အဲဒီအပင်တွေကို စိုက်လို့ရပြီလား၊ ဒီလောက်အထိ ဖြစ်နေတာကို”

ထန်ဟွာမင်၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ စိုက်ပျိုးခြင်း ဟုတ်လား။ ထိုသည်မှာ အကြွင်းမဲ့ စိုက်ပျိုးနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

အချိန်နှစ်ရက်အတွင်း ထိုမျှအထိ ကောင်းမွန်သော ပျိုးပင်များကို မည်သို့ စိုက်ပျိုးနိုင်ခဲ့သနည်း။ သူသည် တစ်ဖက်လူ မည်သို့ ပြုလုပ်ခဲ့သည်ကို မေးမြန်းချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်။ သူတို့၏ လက်ရှိ နည်းပညာဖြင့် ထိုအဆင့်သို့ ရောက်ရှိအောင် မလုပ်ဆောင်နိုင်သေးချေ။

သူကိုယ်တိုင် သွားရောက်ကြည့်ရှုမှ ဖြစ်မည်။ ထိုသည်မှာ နိုင်ငံတော် စိုက်ပျိုးရေးလုပ်ငန်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။

မည်သို့ဖြစ်ဖြစ် စားနပ်ရိက္ခာသည် ပြည်သူတို့၏ အခြေခံ အုတ်မြစ် မဟုတ်လော။ ဓာတ်ပုံကို ကြည့်ရုံမျှဖြင့် ထိုသည်မှာ မျိုးဗီဇပြောင်းလဲသွားသော ထူးခြားသည့် ပျိုးပင် ဖြစ်ရမည်ဟု သူ အသေအချာ ယုံကြည်လိုက်မိသည်။

ထန်ဟွာမင်သည် စိတ်လှုပ်ရှားမှုအား မထိန်းချုပ်နိုင်တော့ဘဲ ဖုန်းခေါ်ဆိုလိုက်သည်။

“ဆရာချောင် မင်း အခု ဘယ်မှာလဲ”

ဖုန်းတစ်ဖက်မှ ချောင်ရှီဖုန်းသည် ဇဝေဇဝါ ဖြစ်သွား၏။

“ငါ အခု ရှန်မြို့မှာ ရှိနေတယ်လို့ မင်းကို ပြောပြီးပြီပဲဥစ္စာ”

“မင်း ရှိနေတဲ့ တကယ့် တည်နေရာကို ငါ့ဆီ ပို့လိုက်၊ ငါ မနက်ဖြန် လာခဲ့မယ်”

ချောင်ရှီဖုန်းသည် ပို၍ နားမလည်နိုင်အောင် ဖြစ်သွား၍ ဗြုန်းစားကြီး စိတ်ရှုပ်ထွေးသွားသည်။

“မင်း မနက်ဖြန် လာပြီး ဘာလုပ်မှာလဲ၊ အခု စိုက်ပျိုးရေးတက္ကသိုလ်မှာ ဒီလောက်တောင် အားနေတာလား၊ မင်းမှာ သင်ရမယ့် အတန်းတွေ မရှိဘူးလား၊ မင်းရဲ့ အချိန်ဇယားတွေက အမြဲတမ်း ပြည့်နေတတ်တာမို့လို့ ငါတို့ ဆုံဖို့တောင် အချိန်မရှိဘူးလို့ ငါ မှတ်မိထားတာပါ”

“ကဲပါ... တည်နေရာကိုသာ ပို့လိုက်စမ်းပါ၊ စကားတွေ အရှည်ကြီး ပြောမနေနဲ့၊ ငါ အလောတကြီး ဖြစ်နေလို့”

ထိုသို့ ဆိုကာ ထန်ဟွာမင်သည် ဖုန်းကို ချက်ချင်း ချလိုက်သည်။ အကြောင်းအရင်းမှာ သူသည် အခြားသော ဆရာနှင့် အတန်းချိန် လှဲရန်အတွက် အလျင်စလို ဖြစ်နေသောကြောင့် ဖြစ်၏။ ချောင်ရှီဖုန်းနှင့် ဖုန်းချပြီးသောအခါ သူသည် သူ၏ လက်ထောက်ထံသို့ ဆက်လက် ဖုန်းခေါ်ဆိုလိုက်သည်။

“မနက်ဖြန် ရှန်မြို့ကို သွားမယ့် လေယာဉ်လက်မှတ်တစ်စောင် ငါ့အတွက် အမြန်ဆုံး ဘွတ်ကင်လုပ်ပေးပါ၊ စောစောသွားနိုင်ရင် ပိုကောင်းမယ်၊ ဟုတ်တယ် အရေးကြီးကိစ္စမို့လို့၊ ဒါက နိုင်ငံတွင်း စပါးစိုက်ပျိုးရေးရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သက်ဆိုင်နေတယ်”

ထန်ဟွာမင်အတွက် ဤကိစ္စမှာ အသက်တစ်မျှ အရေးကြီးလေသည်။ စပါးအထွက်နှုန်း တိုးတက်စေရန်အတွက် ပြုလုပ်နေသော သုသေတနလုပ်ငန်းများသည် မကြာမီ အချိန်အတွင်း ရလဒ်ကောင်းများ ထွက်ပေါ်လာတော့မည်ဟု ခံစားနေရသည်။

တစ်ဖက်တွင် ချောင်ရှီဖုန်းသည် အတော်ကြာအောင် ကြောင်သွားရပြီးမှ သတိပြန်ဝင်လာခဲ့သည်။

“ညီလေးလင်း... မင်းဆီမှာ နောက်ထပ် ဧည့်သည်တစ်ယောက်ကို ထပ်ပြီး လက်ခံပေးလို့ ရမလား”

လင်းယန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်၏။ အစောမှ ပြောဆိုခဲ့သော စကားများအား သူသည် ကြားသိခဲ့၍ ဖြစ်သည်။

“အစ်ကိုချောင်... အစ်ကိုရဲ့ သူငယ်ချင်း လာမလို့လား၊ အစ်ကိုချောင်ရဲ့ သူငယ်ချင်းပဲဥစ္စာ၊ ဧည့်မခံနိုင်စရာ အကြောင်းမရှိပါဘူး”

ထိုစကားကြောင့် ချောင်ရှီဖုန်းသည် အနည်းငယ် အားနာသွားရှာသည်။

“အဲဒီကောင် ဘာဖြစ်နေမှန်း ငါလည်း မသိပါဘူးကွာ၊ သူက အမြဲတမ်း အဲဒီလိုပဲ၊ ဘာကိုမျှ သေသေချာချာ မစဉ်းစားဘဲ စိတ်အလိုလိုက်ပြီး လုပ်တတ်တာ”

လင်းယန်သည် ထိုကိစ္စကို စိတ်ထဲ၌ ထည့်မထားပါချေ။ ချောင်ရှီဖုန်း ဖြစ်စေ၊ ရောက်ရှိမလာသေးသော ဧည့်သည်ဖြစ်စေ မိမိ၏ ယာတောအိမ်သို့ လာရောက်ခြင်းသည် မိမိအတွက် စီးပွားရေးအခွင့်အလမ်းများကို သယ်ဆောင်လာခြင်း ဖြစ်သည် မဟုတ်လော။

သူ စိတ်မကောင်းဖြစ်ရမည့် အကြောင်းရင်း မရှိချေ။ ဒါတွေအားလုံးသည် အကျိုးအမြတ် ရရှိနိုင်မည့် ကိစ္စများ ဖြစ်ပေသည်။

သူတို့နှစ်ဦး စကားပြောဆိုနေကြစဉ် ရန်အာဟူတစ်ယောက် ပင်ပန်းနွမ်းနယ်လွန်းသဖြင့် အမောတကောဖြင့် ပြန်လည်ရောက်ရှိလာသည်။

“နောက်ဆုံးတော့ လယ်ကွင်းအားလုံးကို ထွန်လို့ ပြီးသွားပြီဗျာ၊ ဟို နွားအိုကြီးတွေကို ထားပါဦး၊ ကျွန်တော်ကိုယ်တိုင်ပဲ ပင်ပန်းလို့ သေတော့မယ်၊ သူဌေးက တကယ်ပဲ ဒီလောက် ကျယ်တဲ့ လယ်ကွင်းပြင်ကြီးမှာ စပါးတွေ စိုက်ပျိုးဖို့ သေချာလို့လား၊ အပင်တွေ သေသွားရင် ဒါမှမဟုတ် အထွက်နှုန်း မကောင်းရင် သူဌေး အများကြီး ဆုံးရှုံးသွားလိမ့်မယ်နော်”

လင်းယန်သည် ခပ်နောက်နောက် ပြန်လည် တုံ့ပြန်လိုက်သည်။

“မင်းကတော့ ငါ့အတွက် ကောင်းမယ့်အရာကို တစ်စက်မှ ဆုတောင်းမပေးဘူး အာဟူ”

All Chapters