← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈)

“ရှောင်လင်း၊ ဒီကို မြန်မြန်လာခဲ့ပါဦး”

လင်းယန် အားကြိုးမာန်တက် တူးနေစဉ် ဘေးမှ ဆရာဟယ်၏ အာမေဍိတ်အသံကို ကြားလိုက်ရလေ၏။

သူသည် လုပ်လက်စကို ရပ်ကာ လျှောက်သွားလိုက်သည်။

“ဘာဖြစ်လို့လဲ ဆရာဟယ်”

“ဘာလို့ ဒီပိန်းဥက တူးလို့မဆုံးနိုင်သလို ဖြစ်နေရတာလဲ”

ဆရာဟယ်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် ချွေးများဖြင့် ရွှဲနစ်နေပြီး အမောတကောဖြင့် ခါးထောက်ကာ ရပ်နေလေ၏။

သူ အသက်ကြီးလာပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ် အခြေအနေသည် ငယ်ရွယ်စဉ်ကလောက် မကောင်းတော့ကြောင်း သဘောပေါက်သွားသဖြင့် ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

အကယ်၍ သူသာ အသက် နှစ်ဆယ်ကျော်အရွယ်ဆိုလျှင် ပိန်းဥတူးတာ မဆိုထားနှင့်၊ လယ်ထွန်ရသည်ကပင် သူ့အတွက် လွယ်ကူနေမည်ဖြစ်သည်။

လင်းယန်သည် အပေါ်ယံမြေလွှာကို ဂေါ်ပြားဖြင့် ညင်သာစွာ ဖယ်ရှားလိုက်လေ၏။

“ဆရာဟယ်၊ ခင်ဗျား တူးနေတဲ့ ဒီပိန်းဥက တစ်မီတာကျော် ရှည်တယ်၊ ပုံမှန် ပိန်းဥတွေက အလွန်ဆုံးမှ မီတာဝက်လောက်ပဲ ရှိတာ၊ ခင်ဗျားရဲ့ ဒီဥကိုတော့ ပိန်းဥဘုရင်လို့ ခေါ်လို့ရပြီ”

ဟယ်လင် ဤစကားကို ကြားလိုက်ရသောအခါ ပင်ပန်းနွမ်းနယ်မှုများကို မေ့သွားသည့်အလား အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

“တကယ်ကြီး အဲဒီလောက် ရှည်တာလား၊ ငါကတော့ တူးလို့ မဆုံးနိုင်တော့ဘူးလို့ သိလိုက်သားပဲ၊ ဒီတစ်ဥတည်းက ဘယ်လောက်တန်ဖိုးရှိနိုင်လဲ”

လင်းယန်သည် တောပိန်းဥများ၏ လက်ရှိ ဈေးနှုန်းကို ခေတ္တမျှ စဉ်းစားလိုက်လေ၏။

“ဒါကို မြို့နယ်ဈေးကွက်မှာ သွားရောင်းရမှာ၊ မြို့ပေါ်မှာဆိုရင် တစ်ကျင်းကို ဆယ့်ရှစ်ယွမ်လောက် ရောင်းရတယ်၊ ခင်ဗျားရဲ့ ဒီပိန်းဥက သုံးကျင်းကျော်လောက် ရှိမယ့်ပုံပဲ”

“အဲဒါက ယွမ်ငါးဆယ်လောက်ပဲ ရှိသေးတယ်၊ မလောက်သေးဘူး၊ ငါတို့ ထပ်တူးရဦးမယ်”

ဟယ်လင်သည် သူ၏ဂေါ်ပြားကို လွှဲကာ အော်ဟစ်လိုက်လေ၏။

“ဒီတစ်ခါ ငါတို့ သေချာပေါက် ပထမရမှာပဲ!ယ”

ထိုသို့ပြောပြီးနောက် လင်းယန် ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ အလုပ်ကို ပြန်လည်စတင်လေတော့သည်။

လင်းယန်သည် ဟယ်လင်ကို အသံတိတ် လက်မထောင်ပြလိုက်လေ၏။

“ဆရာဟယ်၊ ဒီတစ်ခါ ကျွန်တော်တို့ ပထမ မရရင် ခင်ဗျား ခုနက ပြောလိုက်တဲ့ ယစကားနဲ့ မထိုက်တန်တော့ဘူးနော်”

သူတို့နှစ်ဦးသည် တစ်နာရီကျော်ခန့် အားကြိုးမာန်တက် ပိန်းဥတူးခဲ့ကြပြီးနောက် ကျောပိုးခြင်းနှစ်လုံးလုံး အပြည့်ဖြစ်သွားလေ၏။

လင်းယန်က ၎င်းတို့ကို ချိန်တွယ်ကြည့်လိုက်သည်။

“ငါတို့တူးထားတဲ့ ပိန်းဥတွေ အားလုံးပေါင်းရင် အနည်းဆုံး ကျင်းလေးဆယ်လောက်ရှိမယ်”

ဤစကားကို ကြားလိုက်ရသောအခါ အွန်လိုင်းအသုံးပြုသူများမှာ တိတ်ဆိတ်သွားကြလေ၏။

“ခင်ဗျားတို့က တကယ်မိုက်တာပဲ၊ တစ်နာရီခွဲလောက်ပဲ ရှိသေးတာကို ပိန်းဥ ကျင်းလေးဆယ်လောက် တူးနိုင်သွားပြီ”

“စိတ်ဝင်စားစရာအချက် - ပိန်းဥတွေကို မြေကြီးထဲကနေ အခုလေးတင် တူးဖော်ထားတဲ့ အချိန်ဆိုရင် ရေဓာတ်ပါဝင်မှု များတဲ့အတွက် အလေးချိန် နည်းနည်း ပိုများတယ်”

“အကယ်လို့ ကျင်းလေးဆယ်ဆိုရင်၊ 40×18=720၊ ဒါဆို ဒီတစ်နာရီအတွင်း သူတို့ ယွမ် ခုနစ်ရာကျော်တောင် ရလိုက်တယ်ပေါ့၊ သောက်ကျိုးနည်း... ဒါက ငါ့အလုပ်ထက်တောင် ပိုက်ဆံပိုရနေတာ မဟုတ်ဘူးလား”

“ဟိုက်ရှားပါး၊ အဲဒီလောက်တောင် ပိုက်ဆံရတာလား၊ ငါလည်း ပိန်းဥပဲသွားတူးတော့မယ်”

“မင်းက ကျေးလက်က မဟုတ်ဘူးဆိုတာ ကြည့်လိုက်တာနဲ့ သိသာတယ်၊ တောပိန်းဥတွေက တူးဖို့ အဲဒီလောက်မလွယ်ဘူး၊

တောင်ပေါ်ရောက်တာနဲ့တင် လမ်းဘယ်မှာလဲဆိုတာတောင် ခွဲခြားနိုင်မှာမဟုတ်ဘူး၊ တောပိန်းဥတွေ ရှာဖို့ကတော့ ဆိုဖွယ်ရာ မရှိတော့ဘူး၊

ဆရာဟယ်တို့ကို ဘာလို့ မျောက်က လမ်းပြပေးနေရတာလဲဆိုတာ စဉ်းစားကြည့်လေ”

“ဟုတ်တယ်၊ ဒီပတ်ဝန်းကျင်က ပေါင်းပင်တွေကို ကြည့်လိုက်ပါဦး၊ အကယ်လို့ မင်းသာ တောင်ပေါ်တက်သွားရင် ဘယ်ဟာက ပိန်းဥရွက်၊ ဘယ်ဟာက ပေါင်းပင်ဆိုတာ ခွဲခြားနိုင်လို့လား”

လင်းယန်သည် သူ၏ကျောပိုးခြင်းကို လွယ်လိုက်ပြီး ဟယ်လင်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။

“ဆရာဟယ်၊ သယ်နိုင်ရဲ့လား၊ အကူအညီလိုသေးလား”

“ကျင်းနှစ်ဆယ်လောက်ကတော့ ငါ သယ်နိုင်ပါတယ်”

မနေ့က ဝက်စာပုံး မမနိုင်ခဲ့သော ကိစ္စအတွက် သူ၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူလိုသည့်အလား ဟယ်လင်က အလျင်အမြန် ဖြေကြားလိုက်လေ၏။

ယင်းက အွန်လိုင်းအသုံးပြုသူများကြားတွင် နောက်ထပ် ရယ်မောသံများကို ဖြစ်ပေါ်စေခဲ့သည်။

“ကိုယ့်ကိုယ်ကို သက်သေပြဖို့ ကြိုးစားနေတဲ့ ဆရာဟယ်”

“ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါက လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်ရဲ့ မတတ်သာတဲ့လုပ်ရပ်ပဲ”

“ရယ်ရလွန်းလို့ သေတော့မယ်၊ ဆရာဟယ်ကို အဲဒီလိုပြောဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ”

မျောက်အိုကြီးသည် အရက်ပုလင်းကို ကိုင်ထားပြီး အရက်လောင်းထည့်၍ မရတော့သည်ကို တွေ့သောအခါ မကျေမနပ်ဖြစ်သွားလေ၏။ ၎င်းသည် ဟယ်လင်၏ ကျောပိုးခြင်းပေါ်သို့ ခုန်တက်သွားတော့သည်။

ရုတ်တရက် အလေးချိန်ပိုလာသဖြင့် ဟယ်လင်၏ခြေလှမ်းများမှာ ယိုင်နဲ့သွားလေ၏။

“မင်း ဘာဖြစ်နေတာလဲ မျောက်ရယ်၊ ပြဿနာ မရှာနဲ့လေ”

ဟယ်လင်မှာ အလန့်တကြားဖြစ်သွားပြီး မျောက်အိုကြီးကို ဆင်းခိုင်းရန် ကြိုးစားနေလေ၏။

မျောက်အိုကြီးသည် သူ့ကို တမင်တကာ ကစားနေပုံရပြီး ဟယ်လင်၏ လည်ပင်းပေါ်တွင် ခွစီးကာ ဆင်းပေးရန် ငြင်းဆန်နေလေသည်။

ဟယ်လင်မှာ အလွန်အမင်း စိုးရိမ်ပူပန်လွန်းသဖြင့် တစ်ပတ်လည်နေအောင် လှည့်နေရပြီး နောက်ဆုံးတွင် လင်းယန်ကို အကူအညီ တောင်းလိုက်ရတော့၏။

လင်းယန်၏ အကြည့်တစ်ချက်ဖြင့်ပင် မျောက်အိုကြီးသည် ၎င်း၏ တင်ပါးကို မကျေမနပ်ကုတ်ကာ နာခံစွာဖြင့် ခုန်ဆင်းသွားလေ၏။

“သူဌေးလင်းက မျောက်တွေကို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ တကယ်သိတာပဲ”

“ဒီမျောက်က တကယ့် ဝါရင့်သရုပ်ဆောင်ပဲ”

“ဒီမျောက်က ဘာလို့ ဆရာဟယ်ကိုချည်းပဲ အနိုင်ကျင့်နေရတာလဲ”

“မင်း မမြင်ဘူးလား၊ ဒီမျောက်က သူဌေးလင်းကို အနိုင်ကျင့်ရဲမယ်လို့ မင်းထင်လို့လား”

“ရယ်ရလွန်းလို့ သေတော့မယ်၊ အကယ်လို့ သူသာ သူဌေးလင်းကို အနိုင်ကျင့်ရဲရင် သူ့တစ်သက်လုံး အရက်သောက်ရတော့မှာ မဟုတ်ဘူး”

လင်းယန်သည် ဟယ်လင်၏ ကျောပိုးခြင်းကို တည့်မတ်ပေးလိုက်လေ၏။

“တောင်အောက်ကို မြန်မြန်ဆင်းကြစို့၊ နောက်ကျနေလိမ့်မယ်”

ဟယ်လင်က ခေါင်းညိတ်ပြလိုက်လေ၏။

“ဆယ်နာရီ နည်းနည်းပဲကျော်သေးတယ်၊ ငါတို့ အချိန်မီနိုင်ပါတယ်”

“အဆိုးဆုံးအခြေအနေဆိုရင်လည်း ငါတို့ နည်းနည်း ပိုမြန်မြန်လျှောက်ကြတာပေါ့”

သူတို့နှစ်ဦးသည် တောင်အောက်သို့ တစ်ယောက်နောက် တစ်ယောက်ကလိုက်၍ ဆင်းလာခဲ့ကြသည်။

တောင်ခြေသို့ ရောက်ချိန်တွင် ဟယ်လင်မှာ ပင်ပန်းနွမ်းနယ်မှုကြောင့် အမောတကော ဖြစ်နေသော်လည်း အံကြိတ်ကာ ဆက်လျှောက်နေလေ၏။

ဤမြင်ကွင်းကို မြင်သောအခါ လင်းယန်သည် ရပ်တန့်လိုက်ပြီး ပြောလိုက်လေ၏။

“ငါးမိနစ်လောက် အရင်နားကြတာပေါ့”

“ဘယ်လောက်ပဲ အရေးကြီးနေပါစေ၊ ဒီအချိန်တိုလေးအတွက်တော့ အရေးမကြီးပါဘူး၊ ငါတို့ တောင်ခြေကိုတောင်ရောက်နေပြီပဲ၊ ရွာထိပ်ကိုသွားဖို့က လမ်းလျှောက်ရင် မိနစ်နှစ်ဆယ်လောက်ပဲ ကြာမှာ၊ ငါတို့ အချိန်မီနိုင်ပါတယ်”

‘အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က တော်တော်လေး ကောက်ကျစ်တယ်လို့ ပြောရမှာပဲ၊

ရွာထိပ်ကို မနက် ရှစ်နာရီမှာ စုခိုင်းတယ်၊

သူတို့ စည်းမျဉ်းတွေ ရှင်းပြပြီးတဲ့ အချိန်ဆိုရင် ရှစ်နာရီခွဲလောက် ရှိနေပြီ၊

သူတို့အတွက် အစားအသောက်ရှာဖို့ တကယ်တမ်း ကျန်တဲ့အချိန်က နှစ်နာရီခွဲပဲ ရှိတော့တာ၊

ဒီနှစ်နာရီခွဲအတွင်းမှာ သူတို့ ဘာကို အတိအကျ ရှာမလဲဆိုတာကိုလည်း သေချာ စီစဉ်ရသေးတယ်၊

ခရီးသွားရတာကိုက အချိန် တော်တော်များများ ယူရတာ၊

သူတို့က အချိန်ကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားတယ်လို့ ပြောလို့ရတယ်'

ဤအချိန်တွင် သူတို့နှစ်ဦးသည် တောင်ခြေရှိ စမ်းချောင်းငယ်လေးဆီသို့ လျှောက်လာခဲ့ကြသည်။

ဟယ်လင်သည် သူ၏ ကျောပိုးခြင်းကို ချထားလိုက်ပြီး စမ်းချောင်းလေးအား သိချင်စိတ်ဖြင့်ကြည့်ကာ မေးလိုက်လေ၏။

“ကျေးလက်က လူတွေက ယေဘုယျအားဖြင့် မြစ်ထဲမှာငါးဖမ်းရတာကို သဘောကျကြတယ်လို့ ကြားတယ်၊ ခင်ဗျားတို့ရွာက လူတွေရော မြစ်ထဲမှာ ငါးဖမ်းလေ့ရှိလား”

လင်းယန်က ခေါင်းခါယမ်းလိုက်လေ၏။

“ကျွန်တော်တို့ရွာက တော်တော်လေးဆင်းရဲတယ်ဆိုပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက အငတ်ဘေးကြုံခဲ့တဲ့အချိန်မျိုး မဟုတ်တော့ဘူးလေ၊

လူတွေက ငါးစားရတာကို သိပ်မကြိုက်ကြတော့ဘူး”

“တစ်နည်းပြောရရင် သူတို့က စားရတာရိုးအီသွားကြပြီပေါ့၊ တစ်ခါတလေမှ ရွာသားတွေက ဟင်းလျာတွေ ပိုကောင်းအောင် မြစ်ထဲမှာ ငါးနည်းနည်းပါးပါးဖမ်းလေ့ရှိကြတာ”

“ကျွန်တော်တို့ရွာက ဒီတောင်ခြေမှာ ရှိနေတာကိုး၊ ဆိုရိုးစကားရှိတယ်လေ၊

တောင်နားမှာ နေတဲ့သူက တောင်ကိုမှီခိုပြီး အသက်မွေးရတယ်၊ ပင်လယ်နားမှာနေတဲ့သူက ပင်လယ်ကိုမှီခိုပြီး အသက်မွေးရတယ်တဲ့”

ဟယ်လင်က နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။

“အော်... အဲဒီလိုကိုး”

ရုတ်တရက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားလေ၏။

“အဲဒါ ရှဉ့်လေးတွေလား”

ခြုံပုတ်များကြားမှ ရှဉ့်ငယ်လေးအချို့ ထွက်လာပြီး ဟိုဟိုဒီဒီ သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။

ဟယ်လင်သည် အရင်က တိရစ္ဆာန်ရုံများတွင် ရှဉ့်များကို အများအပြားမြင်တွေ့ခဲ့ဖူးသော်လည်း ထိုရှဉ့်များမှာ အလွန်ဖော်ရွေကြပြီး သူ့အရှေ့ရှိ ဤရှဉ့်များကဲ့သို့ ကြောက်ရွံ့မှုနှင့် သတိထားမှုတို့ဖြင့် လူများကို ကြည့်လေ့မရှိကြပေ။

လင်းယန်သည် ခေါင်းစောင်းကာ သူ ယခုလေးတင် သောက်ပြီးသွားသော ရေသန့်ဘူးအဖုံးကို တင်းကျပ်စွာ ပိတ်လိုက်လေ၏။

“တကယ် ရှဉ့်လေးတွေပဲ”

ရှဉ့်လေးများသည် လင်းယန်၏ကျောပိုးခြင်းဆီသို့ ရဲဝံ့စွာ ချဉ်းကပ်လာကြလေ၏။

သူတို့နှစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် ဤရှဉ့်လေးများသည် သူတို့လက်ထဲတွင် ပါလာသော သစ်စေ့များအားလုံးကို လင်းယန်၏ကျောပိုးခြင်းထဲသို့ ထည့်လိုက်ကြလေ၏။

မူလက နားမလည်နိုင်ဖြစ်နေသော ဟယ်လင်၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လွင်လာလေ၏။

“ဘာလို့ ဒီရှဉ့်လေးတွေက ခင်ဗျားကို ရုတ်တရက် သစ်အယ်သီးတွေ လာပေးနေရတာလဲ”

“ဒါက သူတို့ရဲ့ အစားအစာတွေ မဟုတ်ဘူးလား”

လွန်ခဲ့သော အချိန်အတော်ကြာက တောင်ပေါ်တွင် သူတွေ့ဆုံခဲ့ရသော ရှဉ့်အုပ်ကို လင်းယန် သတိရသွားလေ၏။

‘ဒီရှဉ့်လေးတွေက အဲဒီရှဉ့်လေးတွေများ ဖြစ်နေမလား'

“ကျိ... ကျိ... ကျိ...”

ရှေ့ဆုံးမှ ရှဉ့်လေးက အော်လိုက်သည်နှင့်တစ်ပြိုင်နက် နောက်ကွယ်မှ ရှဉ့်အုပ်ကြီးတစ်အုပ်လုံး ထွက်ပေါ်လာကြလေ၏။

ယခင်ရှဉ့်လေးများ၏ လုပ်ရပ်များကို ထပ်မံလုပ်ဆောင်ကြပြန်သည်။

လင်းယန်၏ ကျောပိုးခြင်းထဲတွင် ပိန်းဥများဖြင့် ပြည့်နေပြီဖြစ်ရာ ယခုအခါ ကွက်လပ်များပင်လျှင် သစ်အယ်သီးများဖြင့် ပြည့်နှက်သွားလေတော့သည်။

“ကျိ... ကျိ... ကျိ... ကျိ...”

လင်းယန်သည်လည်း သူတို့ ဘာကိုဆိုလိုသနည်းဆိုသည်ကို နားလည်သွားလေ၏။

ဤရှဉ့်လေးများသည် ယခင်က သူတို့၏ဆုံးရှုံးမှုများကို သူက ပြန်လည်ရယူပေးခဲ့သည့်အတွက် ကျေးဇူးဆပ်နေကြခြင်းဖြစ်သည်။

ထိုအချိန်က လင်းယန်သည် သူတို့၏အစားအစာများကို လက်ခံရန် ငြင်းဆိုခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ သူတို့က အစားအစာများ ပိုမိုစုဆောင်းထားခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် အနည်းငယ်ကို သူ့အား ဝေမျှပေးလိုခြင်းဖြစ်သည်။

ဟယ်လင်မှာ စကားပင် မပြောနိုင်တော့ဘဲ သူ့အရှေ့မှ မြင်ကွင်းကြောင့် အလွန်အမင်း အံ့အားသင့်နေလေ၏။

‘တောရိုင်းထဲမှာ ရှဉ့်အုပ်ကြီးတစ်အုပ်နဲ့ ကြုံတွေ့ရပြီး သူတို့က အစားအစာတွေကို ကိုယ့်ဆီတက်ကြွစွာယူလာပေးတယ်ဆိုတဲ့ မြင်ကွင်းမျိုး…. ဒီပုံရိပ်လေး တစ်ခုတည်းကတင် တော်တော်လေးကို အံ့သြစရာ ကောင်းနေပြီ မဟုတ်ဘူးလား'

“သူတို့က သူတို့ရဲ့ အစားအစာတွေအားလုံးကို မင်းကိုပေးဖို့ စီစဉ်နေကြတာလား”

လင်းယန်၏မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ ပေါ်လွင်လာလေ၏။

“ဟုတ်တယ်၊ အရင်က တစ်ယောက်ယောက်က သူတို့ရဲ့ အစားအစာတွေကို ခိုးသွားဖူးတယ်၊

အဲဒီလူရဲ့ လုပ်ရပ်ကို ကျွန်တော်တားဆီးပေးခဲ့လို့ ဒီရှဉ့်လေးတွေက ကျွန်တော့်ကို ကျေးဇူးဆပ်ချင်နေတာဖြစ်မယ်”

ဤအချိန်တွင် အရာခပ်သိမ်း၌ နာမ်ဝိညာဉ် ရှိသည်ဆိုသည်မှာ မည်သို့အဓိပ္ပာယ်ရကြောင်း သူ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားလေ၏။

တိရစ္ဆာန်များနှင့် လူသားများကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ ဘာသာစကားသာဖြစ်ပြီး သူတို့တွင် ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးမရှိဟု မဆိုလိုပေ။

တောအုပ်ထဲရှိ အတွေ့ရအများဆုံး ရှဉ့်လေးများပင်လျှင် အခြားသူများအား မည်သို့ကျေးဇူးဆပ်ရမည်ကို သိရှိနေကြသည်။

အွန်လိုင်းအသုံးပြုသူများမှာ သူတို့အရှေ့မှ မြင်ကွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြလေ၏။

“ဘယ်လောက်တောင် လှပတဲ့ မြင်ကွင်းလေးလဲ၊ ကဗျာတစ်ပုဒ်ထဲက ပန်းချီကားတစ်ချပ်လိုပဲ အရမ်းလှပတာပဲ”

“အဲဒီတုန်းက ရှဉ့်လေးတွေရဲ့ သစ်အယ်သီးတွေကို ဘယ်သူခိုးသွားလဲဆိုတာ ပရိသတ်ဟောင်းတွေအားလုံး အတိအကျသိကြတယ်”

“ရယ်ရလွန်းလို့ သေတော့မယ်၊ ငါ့ဆီမှာ အဲဒီတုန်းက လိုက်ဖ်လွှင့်မှုမှတ်တမ်း ရှိသေးတယ်”

“ငါက ဒီရှဉ့်လေးတွေလောက်တောင် ကျေးဇူးတရားကို နားမလည်တဲ့သူ ဖြစ်မနေလောက်ပါဘူးနော်”

“ဒီရှဉ့်လေးတွေက လူတချို့ထက်စာရင် ‘ကျေးဇူးတရား’ ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမလဲဆိုတာ ပိုပြီးသိကြတယ်လို့ ငါထင်တယ်”

“ဒီမြင်ကွင်းကိုကြည့်ပြီး အဲဒီတုန်းက လူတစ်ယောက်ကို ငါ မဝေဖန်ဘဲ မနေနိုင်တော့ဘူး”

“ဟားဟားဟားဟား၊ သခင်လေးတစ်ယောက်ကတော့ ဒီအချိန်မှာ ဆွဲထုတ်ခံရပြီး အရှက်ခွဲခံရလိမ့်မယ်လို့ ထင်မှတ်ထားခဲ့မှာမဟုတ်ဘူး”

ဟယ်လင်၏မျက်နှာပေါ်တွင် ဒေါသထွက်နေသည့်အမူအရာ ပေါ်လွင်လာလေ၏။

“တစ်ယောက်ယောက်က ရှဉ့်လေးတွေရဲ့ဆောင်းစာကို ခိုးရလောက်အောင်အထိ တကယ်ကို ရူးသွပ်နေတာလား၊

အဲဒါက လူမဆန်တာပဲ၊ အဲဒီတုန်းက မင်းသာ သူ့ကို မတားဆီးခဲ့ရင် ဒီရှဉ့်လေးတွေ ဒီဆောင်းရာသီမှာ ဘယ်လိုများ အသက်ရှင်နိုင်ကြတော့မလဲ”

အွန်လိုင်းအသုံးပြုသူများ အားလုံးမှာ ဆရာဟယ်၏ မျက်နှာအမူအရာကြောင့် သဘောကျသွားကြလေ၏။

“ဆရာဟယ်ကို အဲဒီတုန်းက မှတ်တမ်းဗီဒီယို ပြန်ကြည့်ဖို့ လုံး၀အကြံပြုချင်တယ်”

“ငါတို့ရဲ့ ဆရာဟယ်ကလည်း တကယ်ကို ကြင်နာတတ်တဲ့နှလုံးသား ရှိတာပါနော်”

“ဆရာဟယ်ရဲ့ဒေါသကို မျက်နှာပြင်ကနေတစ်ဆင့် ခံစားလို့ရတယ်”

All Chapters