အခန်း ၄၃
Vol. 5 Ch. 43
အခန်း (၄၃)
ညွှန်ကြားရေးမှူးဆန်းသည် အစီအစဥ်ကို ဆက်လက်တင်ဆက်နေခဲ့သော်လည်း လူတိုင်း၏ အာရုံသည် လင်းယန်နှင့် သူ၏မျောက်အိုကြီးထံ၌သာ ရောက်ရှိနေသည်ကို သတိပြုမိလိုက်၏။ ထိုအခါ သူသည် ပရိသတ်များ၏အာရုံကို အစီအစဉ်ဆီသို့ ပြန်လည်ရောက်ရှိစေရန် ခေါင်းစဉ်ပြောင်းလိုက်ရသည်။
“ကဲ... စကားတွေ အရှည်ကြီး မပြောတော့ပါဘူး၊ ဒီညရဲ့ မီးရှူးမီးပန်းပွဲတော်လည်း ပြီးဆုံးသွားပြီဆိုတော့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီရဲ့ လက်ရှိ ရရှိထားတဲ့ အဆင့်သတ်မှတ်ချက်တွေကို ကြေညာပေးရမယ့် အချိန်ရောက်ပါပြီ”
ညွှန်ကြားရေးမှူးဆန်းသည် သူယူဆောင်လာသော ကျောက်သင်ပုန်းပေါ်တွင် ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ ဝင်ငွေများကို စာလုံးကြီးကြီးဖြင့် ရေးသားလိုက်သည်။
“လင်းယန် - ၈ သိန်း၊ ဝမ်ဒါလီ - ၄ သိန်းခွဲ၊ ဝူအန်း - ၆ သောင်း၊ ရှုလီ - ၄ သောင်း၊ လီတင်း - ၃ သောင်း”
အင်တာနက် ပရိသတ်များသည် ထိုအဆင့်သတ်မှတ်ချက်အား မြင်သည်နှင့် ချက်ချင်း ဝိုင်းဝန်းဆွေးနွေးကြတော့သည်။
“မဖြစ်နိုင်တာ၊ ဘာလို့ လင်းယန်က ဒီလောက်အထိ အပြတ်အသတ် သာနေရတာလဲ၊ သာတာက ထားပါဦး၊ ကိန်းဂဏန်းက ဘာလို့ ဒီလောက်တောင် များနေရတာလဲ၊ အရက်ရောင်းရုံနဲ့ ဒီလောက်ထိ ရမယ်လို့ ငါမယုံဘူး၊ ပြီးတော့ သူ့အရက်က ဈေးကြီးတာလည်း မဟုတ်ဘူး၊ သူ ဘယ်လိုတွေတောင် ငွေရှာနေတာလဲ”
“ဟုတ်တယ်၊ ဒီအဆင့်သတ်မှတ်ချက်မှာ တစ်ခုခုတော့ မှားနေပြီ၊ အရင်က ပြောကြသလိုပဲ လင်းယန်ရဲ့ နောက်ကွယ်မှာ ငွေရှင်ကြေးရှင်တွေ ရှိနေလို့ အခုလို ကွာခြားချက်ကြီးနေတာလား”
“ရှစ်သိန်းဆိုတာ သူ့လုပ်အားနဲ့ယှဥ်ရင်များလွန်းတယ်၊ သူ့အရက်က တစ်ပုဒ်ကို ကိုးဆယ့်ကိုးယွမ်ပဲရှိတာ၊ ဘယ်လောက်ထိရောင်းရလို့ ရှစ်သိန်းတောင် ရသွားတာလဲ”
“ဝမ်ဒါလီက ပထမရသင့်တာဗျ၊ ရွာက ထွက်ကုန်တွေကို ရောင်းဖို့အတွက် သူက တစ်နေ့ကို ၂၄ နာရီမှာ ၁၅ နာရီလောက် တိုက်ရိုက်ထုတ်လွှင့်နေတာ၊ သူကတော့ ဒီငွေနဲ့ ထိုက်တန်ပါတယ်”
“မှန်တယ်၊ ဝမ်ဒါလီက စပျစ်သီးတို့ ပန်းသီးတို့တင် ရောင်းတာ မဟုတ်ဘူး၊ တောကြာစွယ်မှုန့်နဲ့ ကန်စွန်းဥမှုန့်တွေကိုပါ ရောင်းတာ၊ ပစ္စည်းအမယ်စုံသလို အချိန်အကြာကြီးလည်း ထုတ်လွှင့်နေတော့ သူ့ရဲ့ ရောင်အားနဲ့ဆို ဒီပမာဏက မဆန်းပါဘူး”
“ပြီးတော့ ဝမ်ဒါလီက ကြော်ငြာတွေလည်း လက်ခံသေးတယ်လေ၊ ဒါတွေအားလုံး ပေါင်းလိုက်ရင် လေးသိန်းဆိုတာ ဖြစ်နိုင်တဲ့ ပမာဏပဲ”
“အစီအစဉ်အဖွဲ့အနေနဲ့ ဒီငွေတွေ ဘယ်ကရသလဲဆိုတာကို ရှင်းပြပေးဖို့ မသင့်ဘူးလား”
လင်းယန် ရှစ်သိန်း ရရှိထားခြင်းအပေါ် ပရိသတ်များ၏ ပြင်းထန်သော ဝေဖန်မှုများကို ညွှန်ကြားရေးမှူးဆန်း မမျှော်လင့်ထားခဲ့ချေ။
“အားလုံးပဲ စိတ်မလောကြပါနဲ့ဦး၊ ခင်ဗျားတို့ ဇဝေဇဝါ ဖြစ်နေတာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ဒါတွေက တကယ့်စာရင်းဇယားတွေအပေါ် အခြေခံပြီး အဖွဲ့က ပြုစုထားတာပါ”
သူသည် လူတိုင်းအား အသေအချာ ရှင်းပြရန် ဆုံးဖြတ်လိုက်လေသည်။ လင်းယန် ရှစ်သိန်း ရရှိရခြင်း အကြောင်းရင်းသည် ဝရမ်းပြေး ရာဇဝတ်ကောင် သုံးဦးအား ဖမ်းဆီးပေးခဲ့သည့်အတွက် ရရှိသော ဆုကြေးငွေ သုံးသိန်းနှင့် ခွေးစာကြော်ငြာခ တစ်သိန်းခွဲတို့ ပါဝင်နေသောကြောင့် ဖြစ်၏။ ထို့ပြင် သူသည် အရှေ့မြောက်ကျား သုံးကောင်ကို ပြုစုစောင့်ရှောက်ပေးနေသဖြင့် သစ်တောဦးစီးဌာနမှ ပံ့ပိုးကူညီမှုများကိုလည်း ရရှိထားသည်။
ယနေ့ခေတ်တွင် တိရစ္ဆာန်ရုံမှ ဝန်ထမ်းတစ်ဦးအား ငှားရမ်းလျှင် လစာပေးရသည် မဟုတ်ပါလော။ ထို့ထက် ပို၍ ထူးခြားသည်မှာ ထိုကျားကြီး သုံးကောင်သည် လင်းယန်၏ အိမ်တွင် နေထိုင်နေကြကာ မည်သည့်နေရာကိုမျှ မသွားကြခြင်း ဖြစ်၏။
ထို့ကြောင့် သစ်တောဦးစီးဌာနမှ ကျားတစ်ကောင်လျှင် လစဉ် လစာ တစ်သောင်းနှုန်းဖြင့် ခြောက်လစာ နေထိုင်စရိတ်၊ အစားအသောက်စရိတ်နှင့် အထွေထွေ ပံ့ပိုးကြေးများ စုစုပေါင်း တစ်သိန်းကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ရှောင်ကျွီဟွား နှင့် တောဝက်ဘုရင်တို့အတွက်ပါ ထောက်ပံ့ကြေး သုံးသောင်းကို တစ်ပါတည်း ချီးမြှင့်ခဲ့သေး၏။ ကျန်ရှိသော ပမာဏသည် လင်းယန် အရက်ရောင်း၍ ရရှိသော ငွေများသာ ဖြစ်လေသည်။
ညွှန်ကြားရေးမှူးဆန်း၏ ရှင်းလင်းချက် အဆုံးတွင် ဒေါသထွက်နေကြသော ပရိသတ်များမှာ ချက်ချင်း တိတ်ဆိတ်သွားကြတော့သည်။ ထိုသို့ ကြားရသောအခါမှ အရာအားလုံးသည် ယုတ္တိရှိသွားဟန် တူသည်။
“ဒါဆို သူရတဲ့ ငွေအများစုက ဒီတိရစ္ဆာန်တွေဆီက ရတာပေါ့လေ”
“ဘာဖြစ်လဲဗျာ၊ ခင်ဗျားတို့ရော ဒီငွေကို ရချင်ရင် အဲဒီတိရစ္ဆာန်တွေကို မွေးဖို့ လျှောက်ထားလိုက်လေ”
“ဟုတ်တယ်၊ အရှေ့မြောက်ကျားတွေကို အိမ်မှာ အေးအေးဆေးဆေး နေခိုင်းနိုင်တာက တကယ့် အရည်အချင်းပဲဗျ”
“တခြားလူသာဆိုရင် ဒီလောက်တိရစ္ဆာန်တွေအများကြီးမွေးထားရရင် အိမ်မှာကသောင်းကနင်းဖြစ်နေလောက်ပြီ”
“ဘာမှ မပြောနဲ့တော့၊ ကျားတွေကို ထားပါဦး၊ ရှောင်ကျွီဟွား ကို မြင်တာနဲ့တင် ငါတော့ ကြောက်လှပြီ၊ အဲဒါ တကယ့် မြွေဟောက်ကြီးနော်၊ လင်းယန် တစ်ယောက်ပဲ အဲဒီမြွေကို ဖက်ထားရဲတာ”
“တကယ့်ကို ထူးဆန်းတဲ့ လူသားပဲ၊ တခြားသူတွေက အကြီးအကဲတွေ ဒါမှမဟုတ် လူငယ်တွေကို အားကိုးကြပေမဲ့ သူကတော့ တိရစ္ဆာန်တွေကိုပဲ အားကိုးနေတယ်”
“လင်းယန်ကတော့ တကယ်ကို အံ့ဩစရာပဲ၊ အခုတော့ မျောက်တစ်ကောင်ကိုပါ မွေးလိုက်ပြီ”
“ဟောက်ကောကိုတောင် ထင်းခုတ်ခိုင်းနိုင်တယ်ဆိုတော့ တကယ်ပဲ လက်ဖျားခါရမှာပါ”
ဝမ်ဒါလီသည် ထိုအဆင့်သတ်မှတ်ချက်အား ကြည့်၍ တွေးပူနေဆဲပင်ဖြစ်သည်။
သူသည် ယခုပြိုင်ပွဲတွင် ပထမ ရရှိခဲ့သော်လည်း လင်းယန်နှင့် အလှမ်းကွာနေဆဲ ဖြစ်သည်။ ထိုမျှကြီးမားသော ကွာဟချက်အား မည်သို့ ကျော်ဖြတ်ရပါမည်နည်း။ ထိုမေးခွန်းသည် ဝမ်ဒါလီအား တစ်ညလုံး အိပ်မပျော်အောင် နှိပ်စက်နေသည်။
လူများအားလုံး ပြန်သွားကြသောအခါ လင်းယန်သည် မျောက်မင်းကြီး ထင်းခုတ်ပြီးစီးခါနီး အခြေအနေအား ကြည့်ကာ အိပ်စက်ရန် ပြင်ဆင်လိုက်၏။ သို့သော် ခြံဝင်းထောင့်တွင် မပြန်သေးဘဲ ရပ်နေသော လူတစ်ဦးကို သတိပြုမိလိုက်သည်။
“ရှုလီ... မင်း ဘာလို့ ဒီမှာ ရပ်နေတာလဲ”
“ကျွန်မ... ရှင်နဲ့ ပြောစရာ ရှိလို့ပါ”
ရှုလီသည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဆို၏။ လင်းယန်သည် အံ့အားသင့်သွားကာ သူတို့ကြားတွင် ပြောစရာ စကားများ ရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“သူဌေး... သူ မင်းကို ရည်းစားစကား လာပြောတာတော့ မဟုတ်ပါဘူးနော်”
ဘေးတွင် ရှိနေသော ရန်အာဟူသည် လင်းယန်ကို မျက်စိတစ်ချက် မှိတ်ပြကာ တိုးတိုးလေး ကပ်ပြောလေသည်။ လင်းယန်သည် မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ကာ ပြန်ပြောလိုက်၏။
“လျှောက်မတွေးနဲ့ဗျာ”
တစ်ဖက်တွင် ချောင်ရှီဖုန်းသည် မျောက်မင်းကြီး၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ သူ၏ ထင်းခုတ်နေပုံအား အသေအချာ လေ့လာနေသည်။ ထိုအပြုအမူကြောင့် မျောက်အိုကြီးသည် သူ့အား လှောင်ပြောင်နေသည်ဟု ထင်မှတ်သွားကာ ချောင်ရှီဖုန်းကို ပို၍ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေ၏။
“ပြောစရာ ရှိတာ မြန်မြန်ပြောပါ၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ အိပ်ရတော့မယ်”
ရှုလီသည် ခေါင်းကို ငုံ့ထား၍ ခြင်အသံလောက်မျှသာ ရှိသော အသံဖြင့် လင်းယန်အား ပြော၏။
“အရင်က ကိစ္စတွေအတွက် ကျွန်မတို့ ရှင့်အပေါ် နားလည်မှု လွဲခဲ့ပါတယ်၊ ရှင့်အိမ်ထဲကို ခိုးဝင်တာမျိုး မလုပ်သင့်သလို၊ အဲဒီအကြောင်းပြချက်နဲ့ ရှင့်ကို သံသယ မဝင်သင့်ခဲ့ဘူး၊ ဒါကြောင့် ကျွန်မ ဒီမှာပဲ ရှင့်ကို တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် လင်းယန်”
လင်းယန်သည် ရှုလီအား အေးစက်စွာ တစ်ချက်ကြည့်လိုက်သော်လည်း မျက်နှာအမူအရာသည် မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။
“ပြီးပြီလား၊ ပြီးရင်တော့ ပြန်လို့ ရပါပြီ”
ရှုလီသည် သူ့ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကာ မေးလိုက်၏။
“ရှင် ဘာမှ ပြောစရာ မရှိဘူးလား”
သူမသည် ထိုမျှ လေးလေးနက်နက် တောင်းပန်နေသည်ကို သူသည် အေးစက်စက် မျက်နှာပေးဖြင့်သာ တုံ့ပြန်နေရသလော။ ထိုသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ သူမအား ခွင့်မလွှတ်နိုင်ဟု ဆိုလိုခြင်းလော။ သို့သော် သူမသည် တမင်တကာ လုပ်ခဲ့ခြင်း မဟုတ်ပါချေ။
ညွှန်ကြားရေးမှူးဆန်း၏ ရှင်းပြချက်အား ကြားပြီးသောအခါ ရှုလီသည် လင်းယန်အပေါ် သူမ နားလည်မှု လွဲခဲ့သည်ကို သိရှိသွားခဲ့သည်။ သူ ရှာဖွေထားသော ငွေကြေးများသည် အလွန် ပွင့်လင်းမြင်သာမှု ရှိ၍ မည်သည့်ငွေရှင်ကြေးရှင်၏ ခြယ်လှယ်မှုမျှ မပါဝင်ခဲ့ပေ။
ရှုလီသည် သူမ၏ အောက်နှုတ်ခမ်းအား ခပ်ဖွဖွ ကိုက်လိုက်၍ သနားစဖွယ် ပုံစံဖြင့် ရပ်နေသည်။ သို့သော် လင်းယန်သည် တစ်ချက်မျှ မလှုပ်ခတ်ဘဲ ပြောလိုက်၏။
“ဘာပြောရမှာလဲ၊ မင်း ငါ့ကို လာတောင်းပန်တာ မဟုတ်လား၊ တောင်းပန်ပြီးပြီဆိုရင်လည်း ပြန်လို့ ရပါပြီ၊ ငါ့ကို တခြား ဘာတွေ ပြောစေချင်သေးလို့လဲ”
“လင်းယန်... ရှင် ကျွန်မကို အဲဒီလောက်တောင် မုန်းနေတာလား”
ရှုလီသည် မကျေမနပ်ဖြင့် မေးခွန်းထုတ်လိုက်၏။ လင်းယန်သည် အဓိပ္ပာယ် မရှိဟု ခံစားရသဖြင့် ထိုသို့ ပြောလိုက်၏။
“တခြား ကိစ္စမရှိရင် အိပ်ရာစောစော ဝင်ပါဦး၊ ငါက မင်းကို ဘာလို့ မုန်းရမှာလဲ”
“မုန်းတာ မဟုတ်ဘူးဆိုရင် ဘာလို့ ကျွန်မရဲ့ တောင်းပန်မှုကို လက်မခံတာလဲ”
လင်းယန်သည် အမှန်တကယ် ပြောစရာ စကားမဲ့သွားရတော့သည်။
“ငါက အဲဒီကိစ္စကို စိတ်ထဲတောင် မထားခဲ့တာပါ၊ မင်း တောင်းပန်တာ မတောင်းပန်တာက ငါ့အတွက် အရေးမကြီးပါဘူး”
လင်းယန်၏ အိမ်မှ ထွက်ခွာသွားချိန်တွင် ရှုလီ၏ အတွေးမှာ မေးခွန်းများဖြင့်ပြည့်နှက်နေသည်။ လင်းယန်သည် ထိုကိစ္စအား လုံးဝ ဂရုမစိုက်ခဲ့ခြင်း ဖြစ်၏။ လင်းယန်သည် သူတို့အား ပြိုင်ဘက်တစ်ဦးအဖြစ် တစ်ခါမျှ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ဟု ဆိုလိုခြင်းလော။
လင်းယန်သည် ရှုလီ၏ အတွေးကို သိခဲ့လျှင် ထိုအမျိုးသမီးသည် အမှန်တကယ် ထူးဆန်းလှသည်ဟု တွေးတောမိမည်မှာ အသေအချာဖြစ်၏။ ယနေ့ညသည် ရှုလီနှင့် ဝမ်ဒါလီတို့အတွက် အိပ်မပျော်သော ညတစ်ည ဖြစ်ခဲ့ရသည်။
ရှုလီသည် လင်းယန်၏ စကားများကြောင့် ဖြစ်၍ ဝမ်ဒါလီမှာမူ လင်းယန်အား မည်သို့ ကျော်တက်ရမည်ကို ကြံဆနေသောကြောင့် ဖြစ်၏။ ထိုအရေးကိစ္စ နှစ်ခုလုံး၏ ဇာတ်လိုက်ဖြစ်သူ လင်းယန်သည် အလွန် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။