← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂)

အစပိုင်းတွင် မျောက်အိုကြီးသည် လင်းယန်အပေါ် တွင် သိသိသာသာ သတိထားနေဆဲဖြစ်ကာ သစ်ပင်ပေါ်မှ ဆင်းမလာခဲ့ပေ။

တစ်အောင့်အကြာတွင် လင်းယန်သည် အိမ်ထဲမှ အရက်အိုးတစ်အိုး ထုတ်ယူကာ အဖုံးကို ဖွင့်လိုက်သည့်အခါ တစ်ဝင်းလုံး မွှေးပျံ့လှိုင်ထနေသော အရက်နံ့များ ဖုံးလွှမ်းသွားတော့သည်။ ထိုမွှေးရနံ့ကို ရှူရှိုက်မိသော မျောက်အိုကြီးသည် နောက်ဆုံး၌ မက်မောမှုကို မတွန်းလှန်နိုင်သောကြောင့် လင်းယန်အရှေ့သို့ ခုန်ဆင်းလာ၍ အရက်အိုးကို ဆွဲလုယူလိုက်လေတော့သည်။

ထိုအရာကို မြင်သည်နှင့် လင်းယန်သည် အိမ်ထဲမှ ပတ်တီး၊ ပိုးသတ်ဆေးနှင့် အရက်ပြန်တို့ကို ချက်ချင်းထုတ်ယူကာ မျောက်အိုကြီး၏ ဒဏ်ရာကို စတင်ပတ်တီးစည်းပေးသည်။ စိတ်တစ်ခုလုံး အရက်အိုးထဲ ရောက်နေသော မျောက်အိုကြီးသည် လင်းယန် စိတ်ကြိုက်ပြုသမျှကို ငြိမ်ခံနေရှာသည်။ ထိုမြင်ကွင်းကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်စာသားများမှာ ပလူပျံသွားတော့၏။

"အမလေး.. ဟုတ်မှဟုတ်ရဲ့လား၊ မျောက်ကြီးက ဒီတိုင်းကြီး ဆင်းလာတာလား"

"ဒီအရက်က တကယ်ပဲ အဲဒီလောက် ကောင်းနေတာလား၊ လွှင့်တဲ့သူက သူ့အရက်က မျောက်အရက်ထက်တောင် ကောင်းတယ်ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား၊ အရသာကို မြည်းကြည့်ချင်စိတ်တောင် ပေါက်လာပြီ"

"အော်ဒါတင်လိုက်ပြီနော်၊ ငါ့ကိုတော့ စိတ်မပျက်စေနဲ့"

"ဟာ.. မဖြစ်နိုင်တာ၊ မင်းတို့တွေ ဘယ်လိုတောင် မြန်နေကြတာလဲ၊ လင့်ခ်ကို နှိပ်လိုက်ရုံပဲရှိသေးတယ်၊ ကုန်သွားပြီလား"

လင်းယန်သည် တိုက်ရိုက်ထုတ်လွှင့်မှုအား တစ်ချက်ကြည့်လိုက်သောအခါ ကြည့်ရှုသူအရေအတွက်သည် ဂဏန်းတစ်လုံးတည်းမှ ငါးလုံးအထိ တဟုန်ထိုး တက်သွားသည်ကို တွေ့လိုက်ရသည်။ သူပြင်ဆင်ထားသော အော်ဒါအခု နှစ်ရာမှာ တစ်မိနစ်မပြည့်မီ ကုန်သွားခဲ့၏။ သူတစ်လခွဲနီးပါး ကြိုးစားခဲ့ရသမျှသည် မျောက်အိုကြီးတစ်ကောင်၏ အရှိန်အဝါအား မမီနိုင်ပေ။

သို့သော် အစောပိုင်းသူရောင်းသည့်အရက်အား အတုဟူ၍ ပြောဆိုခဲ့သူများသည် ယခုအခါ လုယက်ဝယ်ယူနေကြကာ၊ အော်ဒါမတင်လိုက်ရသူများသည်လည်း ထပ်မံဖြည့်တင်းပေးရန်

တောင်းဆိုနေကြသည်ကို မြင်ရသောအခါ လင်းယန်၏ ရင်ထဲ၌ အတိုင်းထက်အလွန် ကျေနပ်ပီတိဖြစ်သွားရသည်။

"ညီအစ်ကိုတို့ရေ.. အရက်ကုန်သွားပြီ၊ နောက်တစ်ခါ ဝယ်ချင်ရင်တော့ စောစောလာကြပေါ့၊ အခုတော့ ငါအိပ်ချင်ပြီ၊ အကုန်သိမ်းပြီး အိပ်တော့မယ်"

လင်းယန် တစ်ကိုယ်လုံးကို ဆန့်ထုတ်ကာ အညောင်းအညာဖြေပြီးနောက် ရေချိုးသန့်စင်၍ ထွက်လာသောအခါ မျောက်အိုကြီးသည် ပျောက်ကွယ်သွားပြီဖြစ်သည်။

သူသည်လည်း သိပ်ဂရုမစိုက်တော့ပေ။ ပြဿနာတက်နိုင်သောကြောင့် ထိုမျောက်အား အိမ်၌အမြဲထားရန် သူစိတ်မကူးခဲ့။ သို့သော်လည်း ထိုမျောက်သည် သူ့အတွက် 'လာဘ်ကောင်' ပင်ဆိုရပေမည်။ နောက်တစ်ခါ အရက်လာသောက်လျှင် သူ့အား တစ်ပုလင်း အပိုပေးမည်ဆိုကာ တွေးလိုက်မိသည်။

"ဒီအသားကို ဒီမှာ ချိတ်ထားလိုက်စမ်း၊ ငတုံးကြီး.. မင်း ခိုးစားဖို့ မကြိုးစားနဲ့ဦး၊ ဒါ ငါတို့ မနက်ဖြန်အတွက် စားစရာပဲ"

အိပ်ရာမဝင်မီ လင်းယန်သည် ငတုံးကြီးအား အကြိမ်ကြိမ် သတိပေးပြီးနောက် အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။ သို့သော် သူ၏ Live ကို ပိတ်မသွားခဲ့ပေ။ထိုမျှ လူကြိုက်များနေသည့် အချိန်မျိုးတွင်အဘယ်ကြောင့် ပိတ်ပစ်ရမည်နည်း။ လူစိတ်ဝင်စားမှု ပိုမိုရရှိစေရန် ဖုန်းကို ဖွင့်လျက် ဝင်းထဲ၌သာ ထားခဲ့လိုက်သည်။

ငတုံးကြီးမှာ ဝင်းထဲ၌ ငိုက်မြည်းနေ၍ ကျေးလက်ည၏ အေးချမ်းမှုသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ ထို့ကြောင့် ကြည့်ရှုနေသူများပင် လင်းယန်၏ အခန်းထဲမှ ဟောက်သံကို အတိုင်းသား ကြားနေရလေသည်။

"မဟုတ်မှလွဲရော.. ဒီလူကြီးရဲ့ ဟောက်သံက တကယ်ကြီး ဒီလောက် ကျယ်တာလား"

"ဟောက်သံက ရယ်တောင်ရယ်ရသေးတယ်"

"Live ထဲ ခုမှ ရောက်လာတာ၊ ရွှေရောင်မျောက်ရှိတယ်ဆိုတာ ဒီမှာလား"

"မင်းနောက်ကျသွားပြီ၊ မျောက်က သွားပြီ"

"ငါ့သူငယ်ချင်းက ဒီ Live မှာ မျောက်ကြီး အရက်သောက်တာ ပြနေတယ်ဆိုလို့ လာကြည့်တာ"

"ငါ့မှာ Screen Recording ရှိတယ်၊ မင်းကို ပို့ပေးမယ်"

"ရှူး.. ရှူး.."

မီးလုံးတစ်လုံးတည်းဖြင့် လင်းထိန်နေသော ဝင်းအတွင်းသို့ ကြီးမားထွားကြိုင်းသော သတ္တဝါကြီးတစ်ကောင် ရုတ်တရက် ပေါ်လာသည်။

"ဟိုမှာ ဘာကြီးလဲ"

မျက်စိလျင်သော ကြည့်ရှုသူအချို့သည် ချက်ချင်း သတိပြုမိသွားကြသည်။

"အမလေး.. အမလေး"

"အဲဒါ ကြောင်ကြီးလား"

"ကြောင်ရမှာလား၊ အဲဒါ ကျားကြီးဟ ကျားကြီး"

"ဟာ.. အဲဒါ အရှေ့မြောက်ပိုင်း ကျားကြီးပဲ"

"ဒီလွှင့်တဲ့သူက ဘာလို့ အခုထိ ဟောက်နေတုန်းလဲ၊ အပြင်က အသံတွေကို မကြားဘူးလား ၊ အခုချက်ချင်း မနိုးရင်တော့ အဲဒီကျားရဲ့ ဗိုက်ထဲ ရောက်တော့မှာပဲ"

အရှေ့မြောက်ပိုင်းကျားကြီး တစ်လှမ်းချင်း ချဉ်းကပ်လာသည်နှင့်အမျှ ကြည့်ရှုသူများသည် လင်းယန်အတွက် ရင်တထိတ်ထိတ် ဖြစ်နေကြပြီ။ ဝင်းထဲ၌ အိပ်ပျော်နေသော ငတုံးကြီးသည် အန္တရာယ်၏ အငွေ့အသက်အား ခံစားမိသွား၍ သမ်းဝေကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏ရှေ့တွင် ရပ်နေသောအရာကို အထင်အရှား မြင်လိုက်ရသည့်အခါတွင် ချက်ချင်း နှစ်မီတာခန့် အကွာသို့ ခုန်ပျံထွက်ပြေးသွားတော့၏။

"ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီ ဟတ်စကီခွေး ကတော့ ကြောက်လွန်းလို့ သေးတောင် ထွက်သွားပြီ ထင်တယ်"

"ဒီခွေးက အတော်လေး သူရဲဘောကြောင်တာပဲ"

“ဒါက အရှေ့မြောက်ပိုင်းကျားကြီးလေ၊ မင်းသာဆိုရင်ရော မကြောက်ဘူးလား"

"ဒါမှမဟုတ် ရဲကိုပဲ ဖုန်းဆက်ရမလား၊ ကျားကြီးသာ အိမ်ထဲ ဝင်သွားရင် လွှင့်တဲ့သူတော့ ဒုက္ခရောက်တော့မှာပဲ"

ဝင်းအတွင်း၌ ကျားကြီးသည် မျက်မှောင်ကြုတ်လျက် ငတုံးကြီအား အကဲခတ်နေ၍ တဟိန်းဟိန်း မြည်ဟောက်နေသည်။

သူ၏ပစ်မှတ်မှာ ရှင်းလင်းလှသည်၊ တံခါးဝတွင် ချိတ်ထားသော အသားတစ်ဖဲ့ဖြစ်၏။ တောင်ပေါ်တွင် ရှိနေစဉ် ထိုနေရာမှ ထွက်ပေါ်လာသော အသားနံ့ကိုရရှိခဲ့ခြင်းဖြစ်သည်။

ငတုံးကြီးသည် တစ်ဖက်သား၏ ရည်ရွယ်ချက်အား နားလည်ပုံရသည်။သူသည် သွားများပေါ်အောင် ဖြဲပြ၍ တံခါးဝကို ပိတ်ဆို့ကာ တစ်ဖက်သားအား တစ်လှမ်းလေးမျှ အကပ်မခံဘဲ ကာကွယ်ထားသည်။သူ၏သခင်က ထိုအသားသည် မနက်ဖြန်အတွက် စားစရာဖြစ်ကြောင်း ပြောထား၏။

အကယ်၍ ထိုကောင်ကြီးသည် အသားကို လုယူသွားမည်ဆိုလျှင် မနက်ဖြန်တွင် စားစရာမရှိဖြစ်ချေတော့မည်။

သို့သော် ကြည့်ရှုသူများ၏ အမြင်တွင် ထိုလုပ်ရပ်မှာ ငတုံးကြီးသည် သူ၏သခင်ကို ကာကွယ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံနေခြင်း ဖြစ်သည်ထင်မှတ်သွားကြ၏။

"ခွေးတွေက တကယ်ပဲ လူသားတွေရဲ့ သစ္စာအရှိဆုံး သူငယ်ချင်းတွေပဲ"

"မျက်ရည်တောင် ဝဲမိတယ်"

Liveတွင် မှတ်ချက်များ ပွက်လောရိုက်နေလေသည်။ တစ်ချိန်တည်းတွင် အမှတ်မထင် ဝင်ကြည့်မိသော ပရော်ဖက်ဆာ ဝမ်သည်လည်း စာဖတ်မျက်မှန်အား တပ်ကာ အာရုံစိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေးသည် တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။

ဝင်းငယ်လေးတစ်ခုအတွင်း၌ ရွှေရောင်မျောက်သာမက အရှေ့မြောက်ပိုင်းကျားပါ ရှိနေသည်ဆို၏။ထိုကိစ္စအား အထက်သို့ အစီရင်ခံရမည်။ ထို့အပြင် သူပိုကြည့်လေလေ ထိုဟတ်စကီသည် တစ်ခုခု ထူးခြားနေသည်ကို ခံစားရလေလေဖြစ်သည်။ထိုဟတ်စကီခွေးသည် အဘယ်ကြောင့် ဝံပုလွေတစ်ကောင်နှင့်ထိုမျှ တူနေရသနည်း။

ခွေးတစ်ကောင်နှင့် ကျားတစ်ကောင်တို့ ထိပ်တိုက်ရင်ဆိုင်နေကြသည်။

အရှေ့မြောက်ပိုင်းကျားကြီးသည် “ထိုခွေး အဘယ်ကြောင့် သူ့အားပိတ်ဆို့ရဲရသနည်း “ ဆိုသည်ကို နားမလည်သော်လည်း စိတ်ရှည်တတ်သော သတ္တဝါမျိုး မဟုတ်ပေ။သူသည် စတင်တိုက်ခိုက်ရန် ပြင်လိုက်စဉ်တွင် ငတုံးကြီးသည် ရုတ်တရက် ကျယ်လောင်စွာ အူလိုက်လေတော့သည်။

"ဝူးးးးး"

ငတုံးကြီးသည် ရုတ်တရက် ကျယ်လောင်စွာ အူလိုက်လေတော့သည်။ ကျားကြီး ကြောင်အသွားရသည်။ ထိုကောင်သည် ဝံပုလွေဖြစ်သလော။ ကြည့်ရသည့်အခါ သိပ်မတူသလိုရှိ၏။

ငတုံးကြီးကိုယ်တိုင်သည်လည်း အူပြီးနောက်တွင် သူ၏ခြေဖဝါးအား မဝံ့မရဲ ပြန်ကြည့်နေမိသည်။

‘ဒါ ဘယ်ကထွက်လာတဲ့ အသံလဲ၊ ငါ့ အသံ ဟုတ်လို့လား’

‘ဝုတ် ဝုတ် ဆိုပြီး ဖြစ်ရမှာမလား’

ငတုံးကြီးသည် နောက်ထပ် နှစ်ကြိမ်ခန့် ထပ်ဟောင်ကြည့်သည်။

"ဝူးးးး ဝူးးးး"

သို့သော် ဟောင်လေလေ၊ယုံကြည်မှု နည်းပါးလာလေ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုသည် ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။

"မဖြစ်နိုင်တာ.. လွှင့်တဲ့သူက သူဟတ်စကီ မွေးထားတာလို့ အမြဲပြောနေတာလေ အခုတော့ ဘာကြီးလဲ၊ အဲဒါ ဟတ်စကီ ဟုတ်လို့လား"

"ဒီအသံက ငါ့နားထဲမှာတော့ ဝံပုလွေအူသံနဲ့ တော်တော်တူနေတယ်"

"ကိုယ့်ကိုယ်ကိုယ် သံသယမဝင်နဲ့တော့၊ အဲဒါ ဝံပုလွေအူသံ အစစ်ပဲ"

"ဒါဆို လွှင့်တဲ့သူက ဘာကောင်ကြီးကို မွေးထားတာလဲ"

"အမလေး.. ဒီလူကတော့ တကယ့်ကို လူစွမ်းကောင်းပဲ၊ရွှေရောင်မျောက်ကို အနီးကပ် ပတ်တီးစည်းပေးနိုင်ရုံတင်မကဘူး၊ အရှေ့မြောက်ပိုင်းကျားကိုလည်း ဆွဲဆောင်နိုင်တယ်၊ အခုတော့ အိမ်စောင့်ဖို့ ဝံပုလွေပါ မွေးထားသေးတယ်ပေါ့လေ"

"နတ်လူတစ်မျှ အစွမ်းထက်တဲ့သူပဲ"

"စိတ်လှုပ်ရှားစရာကြီး၊ဒီညမှာ အရှေ့မြောက်ပိုင်းကျားနဲ့ ဟတ်စကီ... မဟုတ်ဘူး၊ ဝံပုလွေတို့ တိုက်ပွဲကို မြင်ရတော့မှာလား"

Liveကြည့်နေဆဲဖြစ်သော ပရော်ဖက်ဆာ ဝမ်သည်လည်း လုံးဝ ဆွံ့အသွားရသည်။ထိုကောင်သည် အမှန်တကယ် ဟတ်စကီ မဟုတ်ပေ။သူသည် ဝံပုလွေတစ်ကောင် ဖြစ်နေသလော၊ သို့မဟုတ် မျိုးစပ်ထားခြင်းလော။

သူသည် အပျင်းပြေရုံသက်သက် ဝင်ကြည့်ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ အံ့အားသင့်ဖွယ်ရာကြီးကို ကြုံတွေ့ရလိမ့်မည်မထင်မှတ်ထားခဲ့ပေ။ ပရော်ဖက်ဆာဝမ်သည် အသက်ကို ပြင်းပြင်းရှူကာ ဖုန်းများကို ချက်ချင်း စတင်ဆက်သွယ်တော့သည်။

အပြင်ဘက်မှ ဆူညံသံများကြောင့် နောက်ဆုံးတွင် လင်းယန်နိုးလာခဲ့သည်။

"ဘာတွေလဲကွာ.. ၊ ဘာတွေ ဝင်းထဲမှာ ဆူညံနေတာလဲ"

‘ငတုံးကြီးသည် အသံပေးနေသည်’ ဟု လင်းယန် ထင်လိုက်သော်လည်း ထွက်လာသောအသံမှာ ထိုသို့မဟုတ်ပေ။ သူသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်ကာ ဝင်းအတွင်းမှ မြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။

"အမလေး.. ငါ အိပ်မက်များမက်နေတာလား"

သူ့အသံကို ကြားလိုက်ရသော ကြည့်ရှုသူများမှာ မှတ်ချက်များအား အသည်းအသန် ရိုက်နှက်ကြတော့သည်။

"လွှင့်တဲ့သူ.. ပြေးတော့! အိပ်မက် ဟုတ်မဟုတ် စဉ်းစားမနေနဲ့တော့"

"ဝံပုလွေရော ကျားရော ရှိနေတာ၊ သူတို့ တိုက်ကြရင် လွှင့်တဲ့သူပါ ကြားညပ်ပြီး ဒုက္ခရောက်ကုန်မယ်"

"ဘာတွေ စိုးရိမ်နေတာလဲ၊ဝံပုလွေကိုတောင် အိမ်စောင့်ခိုင်းထားနိုင်တဲ့သူက သာမန်လူ မဟုတ်လောက်ဘူး၊ ကျားတစ်ကောင်ကို မကိုင်တွယ်နိုင်မှာ ကြောက်နေသေးတာလား"

"အပေါ်ကလူ.. မင်း ရူးနေတာလား"

"ဒါက အရှေ့မြောက်ပိုင်းကျားကြီးနော်၊ လွှင့်တဲ့သူက လက်ဗလာနဲ့ ဘယ်လိုလုပ် နိုင်မှာလဲ။ မင်းက ဝူစုန်းကျားကို သတ်တဲ့ပုံပြင်ကို အစစ်မှတ်နေတာလား"

"ပုံပြင်က အစစ်ဖြစ်ဦးတော့၊ လွှင့်တဲ့သူရဲ့ လက်မောင်း သေးသေးလေးတွေနဲ့ ပေါင်ငါးရာကျော်လောက် ရှိမယ့် ဒီကျားကြီးကို နိုင်မယ် ထင်နေတာလား"

လင်းယန်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီးနောက် သတိပြန်ကပ်လာသည်။ ယခုမြင်နေရသော ကျားသည် အရှေ့မြောက်ပိုင်းကျား အစစ်ကြီးဖြစ်ပေ၏။

ငတုံးကြီးသည် ကျားကြီးကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ ထိုစဉ် လင်းယန် ရုတ်တရက် ငတုံးကြီးကို ရိုက်ချလိုက်လေသည်။

"မင်းက ဟက်စကီ ဖြစ်ပြီး ဘာလို့ ဒီလောက် ရန်လိုနေရတာလဲ၊သတိထားဦး၊ ကျားဗိုက်ထဲ ရောက်သွားဦးမယ်"

ကြည့်ရှုသူများ : "..."

ပရော်ဖက်ဆာ ဝမ် : "..."

ကြည့်ရှုသူများသည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။

“ဒီလူ ဘာ လုပ်နေတာလဲ”

“အဲခွေးက ဝံပုလွေဆိုတာ မသိဘူးလား”

"ဟက်စကီ မဟုတ်ဘူး၊မင်းကို ပြန်ကိုက်မှာ မကြောက်ဘူးလား"

ပရော်ဖက်ဆာဝမ်လည်း ပျာယာခတ်‌နေ၏။

စောစောတွင် အလွန် ရန်လိုနေခဲ့သော ငတုံးကြီးသည် လင်းယန်၏ ရိုက်ချက်အပြီးတွင် ချက်ချင်းလင်းယန်၏ ဘောင်းဘီနားသို့ အလွန်ယဉ်ပါးစွာဖြင့် တိုးဝှေ့လာတော့သည်။ ကြည့်ရသည်မှာ အလွန်ပင် စိတ်မကောင်းဖြစ်နေပုံရ၏။

လင်းယန်သည် သူ၏ရှေ့မှ ကြီးမားလှသော သတ္တဝါကြီးအား ကြည့်ကာ သတိပြန်ဝင်လာ၍ အနည်းငယ် ဝေခွဲမရ ဖြစ်သွားရသည်။

"ဒီမှာ.. ကျားကြီး၊ မင်းက ဘာလို့ ငါ့အိမ်ကို ရုတ်တရက်ကြီး ရောက်လာတာလဲ"

"မင်းက ညသန်းခေါင်ချိန်ကြီး စကားလာပြောချင်လို့ လာတာတော့ မဟုတ်ဘူးမလား"

All Chapters