← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း (၃)

အရှေ့မြောက်ပိုင်းကျားကြီးသည် မာန်ပါပါဖြင့် ယမ်းခါနေသော ဦးခေါင်း ပေါ်သို့ သူ၏အမြီးကို ပင့်တင်လိုက်သည်။

"ဝေါင်း...."

အာခေါင်ခြစ်ကာ ဟိန်းဟောက်လိုက်၏။လင်းယန်သည် တံခါးဝတွင် ချိတ်ဆွဲထားသော အသားတစ်ဖဲ့အား ချက်ချင်း သတိပြုမိလိုက်သည်။ ကျားကြီးလိုချင်သည်မှာ ထိုအသားဖဲ့ဖြစ်ကြောင်း ထင်ရှားလှပေသည်။

တစ်ဖက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးသည် ရုတ်တရက် အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုအား လက်ခံရရှိခဲ့၏။ အနှောင့်အယှက်ဖြစ်သဖြင့် သူသည် စိတ်တိုရန် ပြင်လိုက်သော်လည်း ခေါ်ဆိုသူသည် သူ၏ဆရာဖြစ်သူ ပရော်ဖက်ဆာဝမ် ဖြစ်နေသည်အား တွေ့လိုက်ရသောအခါ အံ့အားသင့်သွားပေသည်။

"ပရော်ဖက်ဆာ ဝမ်... ဒီလောက် ညဉ့်နက်မှ ဘာအရေးပေါ်ကိစ္စများ ရှိလို့လဲခင်ဗျာ"

ဖုန်းအခြားတစ်ဖက်မှ ပရော်ဖက်ဆာ ဝမ်၏ အသံမှာ အလွန် ကတုန်ကယင် ဖြစ်နေ၍ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုတို့ကို ဖုန်းမှတစ်ဆင့် သိသိသာသာ ခံစားနေရသည်။

"ရှောင်လီ.. မင်း လူတွေကို မြန်မြန်ခေါ်ပြီး ရှိရွှေရွာ ကို သွားတော့၊ အဲဒီမှာ အရှေ့မြောက်ပိုင်းကျားတစ်ကောင်နဲ့ ဝံပုလွေမျိုးစပ်လို့ ယူဆရတဲ့ သတ္တဝါတစ်ကောင်ကို တွေ့ထားတယ်၊ ဒဏ်ရာရထားတဲ့ ရွှေရောင်မျောက်တစ်ကောင်လည်း ရှိနိုင်သေးတယ်၊ မင်းတို့ သစ်တောဦးစီးဌာနက လူတွေ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အမြန်ဆုံး ရောက်သွားမှ ဖြစ်မယ်"

သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးသည် ထိုစကားအား ကြားလိုက်သည်နှင့် အိပ်ချင်စိတ်များ ချက်ချင်း လွင့်ပြယ်သွားလေ၏။

'သူ နေများမကောင်းတာလား၊ အိပ်မက်များ မက်နေတာလား၊ အရှေ့မြောက်ပိုင်းကျား၊ ဝံပုလွေ၊ ရွှေရောင်မျောက်'

တစ်ညတည်းနှင့် ထိုမျှ ရှားပါးသော သတ္တဝါများ မည်သို့ ပေါ်လာရသနည်း။

ထိုကိစ္စသည် သာမန်ကိစ္စမဟုတ်ကြောင်း နားလည်လိုက်သဖြင့် ဒုတိယညွှန်ကြားရေးမှူးသည် ညွှန်ကြားရေးမှူးထံသို့ ချက်ချင်း အစီရင်ခံကာ လူစု၍ ထွက်ခွာခဲ့တော့၏။ ညလယ်ခေါင် အရေးပေါ် ဆင့်ခေါ်မှုကြောင့် အိပ်ရေးပျက်ခဲ့ရသော ဝန်ထမ်းများသည်လည်း စိတ်ပျက်ခြင်းမရှိဘဲ အလွန် စိတ်လှုပ်ရှားနေကြသည်။

"တောရိုင်း အရှေ့မြောက်ပိုင်းကျားကြီးလား၊ တကယ်ပဲလား၊ ရှိရွှေရွာလို ရွာလေးမှာ တောရိုင်းကျားတွေ ရှိနေသေးတာလား"

"ဟာ.. အခု အွန်လိုင်းမှာ ဒါပဲ ပြောနေကြတာ၊ ဖုန်းထဲမှာ ရှာကြည့်လိုက်လေ၊ '

ဘယ်သူနောက်ဆုံးရယ်မလဲ' အစီအစဉ်က လင်းယန်ရဲ့ Live ထဲမှာ မြင်နေရတာပဲ"

ကားပေါ်ပါလာသော ဝန်ထမ်းများသည်လည်း ဖုန်းကိုယ်စီထုတ်ကာ အလုအယက် ရှာဖွေကြည့်ရှုကြသည်။ နာရီဝက်အတွင်းတွင် လင်းယန်၏ Live ထဲသို့ ဝင်ရောက်ကြည့်ရှုသူပေါင်း သောင်းနှင့်ချီ၍ တိုးပွားလာခဲ့၏။

"ကဲ... စားလိုက်တော့"

လင်းယန်သည် နှမြောတသစွာဖြင့် သူ၏ အသားခြောက်ဖဲ့အား ဖြုတ်ယူကာ ကျားကြီး၏ရှေ့သို့ ပစ်ပေးလိုက်သည်။ ကျားကြီးသည် တစ်လုတ်တည်းဖြင့် ဝါးမျိုလိုက်ပြီးနောက် လျှာဖြင့် နှုတ်ခမ်းကို သပ်ကာ လင်းယန်အား အရောင်တောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ တိရစ္ဆာန်စကားအား နားမလည်သော ကြည့်ရှုသူများသည်ပင် ကျားကြီး၏ အလိုဆန္ဒကို ခန့်မှန်းမိကြသည်။

"ဒီအသားလေး တစ်ဖဲ့ကတော့ သူ့သွားကြားတောင် ညပ်မှာမဟုတ်ဘူး"

"သခင်လေးရေ.. အိမ်ထဲမှာ ရှိသမျှ စားစရာ သောက်စရာတွေ အကုန်ထုတ်ကျွေးလိုက်တော့"

"ချစ်စရာလေးဗျာ၊ သွားပွတ်ပေးချင်လိုက်တာ"

"အပေါ်ကလူ ရူးနေတာလား၊ဒါက အရှေ့မြောက်ပိုင်းကျားကြီးနော်၊ ကြောင်လေး မဟုတ်ဘူး"

"မျောက်မင်း ထွက်သွားတာနဲ့ ကျားမင်း ရောက်လာတာပဲ၊ ဒီအိမ်က တိရစ္ဆာန်တွေကြားမှာ အတော်လေး နာမည်ကြီးနေပုံရတယ်"

စားစရာ ထပ်မလာတော့သည်ကို မြင်သောအခါ ကျားကြီးမှာ သိသိသာသာ စိတ်မရှည်ဖြစ်လာ၍ လင်းယန်အား ကြည့်ကာ ဟိန်းဟောက်လေသည်။ လင်းယန်သည် သက်ပြင်းချလိုက်၍ ပြောလိုက်လေ၏။

"ငါ့ကို ဖြဲခြောက်လည်း မထူးဘူးကွာ၊ ဒီအိမ်မှာ ပိုလျှံတဲ့ စားစရာဆိုတာ မရှိဘူး"

နောက်ဆုံးကျန်သော အသားတစ်ဖဲ့မှာ ကျားဗိုက်ထဲ ရောက်သွားပြီဖြစ်ပေသည်။ အသားထပ်စားချင်လျှင် မနက်ဖြန်မှသာ ဝယ်ပေးနိုင်မည်။ လင်းယန်သည် ခဏမျှ စဉ်းစားပြီးနောက် ရေအိုးထဲမှ တောင်ကျစမ်းရေ တစ်မှုတ်အား ခပ်ယူကာ

ဝိညာဉ်စမ်းရေအစက်အနည်းငယ်ကို တိတ်တဆိတ် ရောစပ်လိုက်သည်။

"ကဲ... ရေသောက်လိုက်ဦး"

ကြည့်ရှုသူများသည် ဆွံအသွားကြ၏။

"မဟုတ်သေးပါဘူး... အဲဒါ အရှေ့မြောက်ပိုင်းကျားကြီးလေ၊ မင်းက စမ်းရေတစ်ခွက်နဲ့ ချော့နေတာလား"

"သူက အသားစားသတ္တဝါနော်၊ သူဗိုက်ဆာနေတာကို ရေသွားတိုက်နေတယ်၊ မင်းကို အမြည်းလုပ်စားသွားမှာ မကြောက်ဘူးလား"

"Live ကို ဆက်ကြည့်နေကြပါ၊ ခဏနေရင် လွှင့်တဲ့သူအတွက် အမျှဝေပေးရတော့မယ်ထင်တယ်"

ကျားကြီးသည် ခွေးကလပ်ထဲမှ ရေကိုကြည့်ကာ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း စမ်းရေ၏ မွှေးပျံ့သော ရနံ့ကြောင့် ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။

တိရစ္ဆာန်များ၏ အနံ့ခံအာရုံသည် အလွန်ပင် ထက်မြက်၏။ အသားတစ်ဖဲ့အတွက်နှင့် ထိုကျားကြီးဝင်းအတွင်းထိ ကျူးကျော်ဝင်ရောက်လာရခြင်းသည် အသားတွင် ကပ်ပါနေသော ဝိညာဉ်စမ်းရေ၏ အနံ့ကြောင့်သာ ဖြစ်ရမည်။ထိုရေမှာ ဝိညာဉ်စမ်းရေ ရောစပ်ထားသဖြင့် ကျားကြီး သဘောကျမည်မှာ အသေအချာဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းကျားကြီးသည် ရေကို လိမ္မာယဉ်ပါးစွာ သောက်နေတော့သည်။ စိတ်တိုသည့် အရိပ်အယောင် လုံးဝမရှိတော့ပေ။ ဤမြင်ကွင်းအား ကြည့်ကာ လူမှုကွန်ရက် အသုံးပြုသူများမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"အရှေ့မြောက်ပိုင်းကျားတွေက ဘယ်တုန်းက ဒီလောက် ယဉ်ပါးသွားတာလဲ၊ ဒါ ဝန်ထမ်းတစ်ယောက်က ကျားအရေခွံဝတ်ပြီး လုပ်နေတာလား"

"မတူပါဘူး၊ ဒါက တကယ့် တောရိုင်းကျားအစစ်ကြီးပါ"

"ဒါဆို လွှင့်တဲ့သူက ရေတစ်ခွက်တည်းနဲ့ ကျားကြီးကို ယဉ်ပါးအောင် လုပ်လိုက်တာပေါ့"

"ဒီကမ္ဘာကြီးက အိပ်မက်ဆန်လွန်းနေပြီ"

"ငါသဘောပေါက်ပြီ၊ သူ ဝံပုလွေကို အိမ်မွေးတိရစ္ဆာန်လို မွေးထားနိုင်တာ မဆန်းတော့ဘူး တိရစ္ဆာန်တွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ ပါရမီ ရှိနေတာကိုး"

"သူက ဒီရွာမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ဖို့မဟုတ်ဘဲ တိရစ္ဆာန်ရုံ ဖွင့်ဖို့ ကြံနေတာ ထင်တယ်"

"ငါတောင် စိတ်လှုပ်ရှားလာပြီ"

"ပြိုင်ပွဲစီစဥ်ရေးအဖွဲ့က ငွေကြေးထောက်ပံ့တာကို ခွင့်မပြုထားတာ နှမြောစရာပဲ"

"သခင်လေး... ကျွန်တော်တို့ကို တိရစ္ဆာန် ယဉ်ပါးအောင် လုပ်နည်းလေး သင်ပေးပါလား၊ ပညာဒါန မဟုတ်ဘဲ ဝယ်ယူချင်လို့ပါ၊ ကျွန်တော်လည်း ကျားကြီးကို ပွတ်ကြည့်ချင်လို့"

မှတ်ချက်များအား မြင်သောအခါ လင်းယန်၏ မျက်နှာသည် တစ်ချက်တွန့်သွားသည်။ သူသည် တကယ် အထင်မှားခံနေရပြီဖြစ်၏။

သူ၏ မူလရည်မှန်းချက်သည် သာယာလှပသော စိုက်ပျိုးရေးနှင့် ကျေးလက်အပန်းဖြေစခန်းတစ်ခု တည်ထောင်ရန် ဖြစ်သည်။ သို့သော် တောရိုင်းတိရစ္ဆာန်များသည် အဘယ်ကြောင့် သူ့ထံသို့ အလုအယက် လာနေကြသနည်း။ ထို့အပြင် သူ့တွင်တိရစ္ဆာန် ယဉ်ပါးအောင် လုပ်နည်းဆိုသည်မှာလည်း မရှိပေ။ထိုသို့ဖြစ်ခြင်းသည် ဝိညာဉ်စမ်းရေ၏ အစွမ်းကြောင့်သာ ဖြစ်သည်။

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ရောက်ရှိလာသောအခါ ကျားကြီးသည် ငြိမ်သက်စွာ ရေသောက်နေသည်ကို မြင်လိုက်ရသည်။ လင်းယန်က မနီးမဝေးတွင် ရပ်နေ၏။ ဒုတိယညွှန်ကြားရေးမှူးသည် ကားပေါ်မှ ဆင်းဆင်းချင်း ထိုမြင်ကွင်းကြောင့် ကြောက်လန့်တုန်လှုပ်ကာ ချွေးစေးများ ပြန်လာတောပေသည်။

"မင်း... ရှောင်လင်း မဟုတ်လား၊ မကြောက်နဲ့နော်၊ ငါတို့ သစ်တောဦးစီးဌာနကပါ၊ သတင်းရရချင်း မေ့ဆေးသေနတ်တွေနဲ့ လာခဲ့တာ၊ မင်း ဘာမှမဖြစ်စေရဘူး"

ကြည့်ရှုသူများ : "..."

ထိုလူများသည် လင်းယန် ကြောက်နေသည်ဟူ၍ အဘယ်ကြောင့်ထင်ကြသနည်း။ ကျားကြီး၏ဘေးတွင် အေးအေးဆေးဆေး ရပ်နေနိုင်သူ၏ သတ္တိအား မည်သူမှ မမီနိုင်ပေ။

"မြန်မြန်.. မေ့ဆေးသေနတ် အသင့်ပြင်"

ဒုတိယညွှန်ကြားရေးမှူးသည် ဝန်ထမ်းများအား ညွှန်ကြားလိုက်၏။ကျားကြီးသည် မရင်းနှီးသော အသံများအား ကြားလိုက်သည်နှင့် ခေါင်းကို ချက်ချင်းလှည့်ကာ အမြီးယမ်းလျက် ဝန်ထမ်းများကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

ဒုတိယညွှန်ကြားရေးမှူးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။ ဒေါသထွက်နေသော အရှေ့မြောက်ပိုင်းကျားကြီးနှင့် ထိပ်တိုက်တွေ့လျှင် မည်သူသည် မကြောက်ဘဲ နေနိုင်မည်နည်း။ လင်းယန်သည် အနည်းငယ် ပြုံးလိုက်၍ နောက်ဆုတ်သွားမည့်အစား ရှေ့သို့ တက်သွားခဲ့၏။ ဝိညာဉ်စမ်းရေအား သောက်ထားသော မည်သည့်သတ္တဝါမဆို သူ၏အပေါ် အထူး ရင်းနှီးကျွမ်းဝင်လာမည်ကို သူသိသည်။ထိုကျားကြီးသည်လည်း ထိုအတိုင်း ဖြစ်မဖြစ် သူစမ်းသပ်ချင်၏။

"ရှောင်လင်း.. မင်း ဘာလုပ်တာလဲ"

"မြန်မြန် နောက်ဆုတ်စမ်း"

ဝန်ထမ်းများသည် လင်းယန်၏ လုပ်ရပ်ကြောင့် အသက် ပျောက်လုနီးပါး ထိတ်လန့်သွားရသည်။ လူတစ်ယောက်သာ အသက်အန္တရာယ် ဖြစ်သွားမည်ဆိုလျှင် ထိုကျားကြီး၏ နိဂုံးသည်လည်း ကောင်းလိမ့်မည်မဟုတ်ပေ။ သစ်တောဦးစီးဌာန အနေဖြင့်ထိုသို့ ဖြစ်ရပ်မျိုးအား မလိုလားပေ။

"ရပါတယ်ဗျ"

စကားပြောနေစဉ်တွင် လင်းယန်၏ လက်မှာ ကျားကြီး၏ ကျောပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် အသက်ကို လောင်းကြေးထပ်ကာ စွန့်စားကြည့်လိုက်ခြင်းဖြစ်၏။

"သခင်လေးတော့ တကယ်ကြီး ရူးသွားပြီ ထင်တယ်"

"ပြီးပြီ..ကျားကြီးက သူ့ကို အခုပဲ နှစ်ပိုင်းပိုင်းတော့မယ်"

"သတ္တိရှိတဲ့သူတွေ အများကြီး မြင်ဖူးပေမယ့် အသက်ကို ဒီလောက် ပေါ့ပေါ့တန်တန် သဘောထားတဲ့သူမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး"

"မှတ်ချက်စာသားတွေနဲ့ ကာကွယ်ပေးကြပါဦး"

သို့သော် လူတိုင်း တွေးထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။ လင်းယန်သည် ကျားကြီး၏ အမွေးအမှင်များအား သာသာယာယာ ပွတ်သပ်ပေးနေ၍ သွားများပေါ်အောင် ပြုံးနေသည်။ ကျားအမွေးမှာ ကြောင်အမွေးနှင့် မတူဘဲ တစ်မျိုးလေး ထူးခြားနေသည်ကို သူခံစားရ၏။ ကျားကြီးသည် သူ၏ကိုယ်ပေါ်တွင် ပွတ်သီးပွတ်သပ် ပြုမူနေသူအား အမြီးဖြင့် ခပ်ထောင်ထောင် ယမ်းပြနေရုံမှတစ်ခြား ဒေါသထွက်သည့် အရိပ်အယောင် လုံးဝမပြပေ။

သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးရော ဝန်ထမ်းများပါ ဆွံ့အသွားကြသည်။ သန်းနှင့်ချီသော ကြည့်ရှုသူများသည်လည်း မှင်တက်သွားကြ၏။ထိုသည်မှာမည်သို့ လုပ်ဆောင်ချက်မျိုးဖြစ်သနည်း။

လင်းယန် : "ဒီကျားကြီးက အတော်လေး ယဉ်ပါးတာပဲဗျ"

ဒုတိယညွှန်ကြားရေးမှူး : "..."

ဝန်ထမ်းများ : "..."

ကြည့်ရှုသူများ : "..."

"မင်း ပြောတာကြီးက ဖြစ်နိုင်ရဲ့လား၊ အရှေ့မြောက်ပိုင်းကျား ဆိုတာနဲ့ ယဉ်ပါးတယ် ဆိုတာ ဘယ်လိုလုပ် ဆက်စပ်လို့ ရမှာလဲ"

ဒုတိယညွှန်ကြားရေးမှူးစကားပြောရန် ပြင်လိုက်စဉ် ကျားကြီးသည် သူတို့၏ဘက်သို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ ဝန်ထမ်းများမှာ မေ့ဆေးသေနတ်အား အချိန်မီ မထုတ်နိုင်တော့ဘဲ အသက်လုကာ ရှောင်တိမ်းလိုက်ရသည်။ သို့သော် ကျားကြီး၏ ပစ်မှတ်မှာ သူတို့မဟုတ်ပေ။ မကြာမီတွင် ကျားကြီး၏ ပုံရိပ်သည် လရောင်အောက်တွင် ပျောက်ကွယ်သွားပေ၏။

"ဒီအတိုင်းကြီး ထွက်သွားတာလား"

ဒုတိယညွှန်ကြားရေးမှူးမှာ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်၏။ သူတို့သည် အပြေးအလွှား ရောက်လာခဲ့သော်လည်း ဘာမှမလုပ်လိုက်ရပေ။ ရွာသားများကို ကာကွယ်ရန်နှင့် ကျားကြီးအား ဘေးမဲ့ပေးရန် ရည်ရွယ်ခဲ့သော်လည်း ကျားကြီးသည် သူတို့ ဘာမှမလုပ်ရသေးခင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

လင်းယန်သည် မည်သည့်စကားမှမပြောသေးဘဲ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ကျားကြီးအတွက် တောတောင်သည်သာ အသင့်တော်ဆုံး နေရပ်ဖြစ်သည်။ သို့သော် အုပ်စုလိုက်ကြီး ရောက်လာသော သစ်တောဦးစီးဌာနမှ လူများအား ကြည့်ကာ လင်းယန် ၏စိတ်ထဲတွင်ဝေခွဲမရ ဖြစ်နေမိသည်။ သူတို့အား အိမ်ထဲခေါ်၍ ရေတစ်ခွက်လောက် တိုက်သင့်သည်လား။

"ဝေါင်း"

ထိုသို့ အပြန်အလှန် စိုက်ကြည့်နေစဉ် ကျားဟိန်းသံကြီး ထပ်မံ ထွက်ပေါ်လာသည်။ထွက်သွားသော ကျားကြီးသည် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်၏။ ထူးခြားသည်မှာ သူ၏ ပါးစပ်တွင် သတ္တဝါလေး နှစ်ကောင်အား ကိုက်ချီလာခြင်းဖြစ်၏။သေချာ ကြည့်လိုက်သောအခါ...

"အဲဒါ ကျားပေါက်လေးတွေလား"

All Chapters