← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄)

အရှေ့မြောက်ကျားကြီးသည် တွန့်ဆုတ်နေသော မျက်ဝန်းအစုံဖြင့် သူမွေးဖွားထားသည့် သားငယ်လေးများအား လင်းယန်၏ရှေ့မှောက်သို့ အသာအယာ ချပေးလိုက်လေသည်။

“ဝူး... ဝူး”

လင်းယန်မှာ နားမလည်နိုင်ဖြစ်ကာ ပြောလိုက်သည်။

“မင်းက ငါ့ကို ဒါတွေ မွေးခိုင်းနေတာလား၊ အမှန်အတိုင်း ပြောရရင် ငါက ကြက်၊ ဘဲ၊ ငန်းနဲ့ ခွေးတွေကိုပဲ မွေးဖူးတာ၊ ကျားဆိုတာမျိုးကို တစ်ခါမှ မမွေးဖူးဘူး၊ သူတို့ကိုပဲ အကူအညီ တောင်းပါလား၊ သူတို့က တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ပညာရှင်တွေပဲဟာ”

လင်းယန်သည် တံခါးဝတွင် ရပ်နေဆဲဖြစ်သော သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် အဖွဲ့သားများဘက်သို့ လက်ညှိုးညွှန်ပြလိုက်၏။ သို့သော် ထူးဆန်းသည်မှာ ထိုသူများကို မြင်သည်နှင့် အရှေ့မြောက်ကျားကြီးသည် မရပ်တမ်း ဟိန်းနေလေ၏ ။ ခြေတစ်လှမ်းမျှ အနားသို့ တိုးကပ်လာမည်ဆိုလျှင် အစိတ်စိတ်အမွှာမွှာ ဆွဲပစ်မည့် အသွင်အပြင်မျိုး ရှိနေပေသည်။

သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးသည် ဆွံ့အသွား၏။

‘ငါတို့ကို တိရစ္ဆာန်တွေ ဒီလောက်တောင် မုန်းနေကြတာလား’

စိတ်ထဲတွင် တွေးနေမိ၏။ သို့သော် မည်သို့ပင်ဖြစ်စေ သူတို့သည် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ ဖြစ်ကြပေသည်။ထိုအရှေ့မြောက်ကျားကြီးအား ကျေးရွာအတွင်း ဆက်လက်ရှိနေခွင့် ပေး၍မဖြစ်နိုင်ပေ။

အများပြည်သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဤတိရစ္ဆာန်များကို ဘေးမဲ့ပေးထားသော နယ်မြေအတွင်းသို့ ပြန်လည်လွှတ်ပေးရမည် ဖြစ်၏။

“ဒါပေမဲ့ ကျွန်တော် ဒီလို သားငယ်လေးတွေကို ဘယ်လိုမွေးရမလဲဆိုတာ မသိဘူးဗျ”

လင်းယန်သည် လက်ကို ဘေးသို့ဖြန့်ကာ အားကိုးရာမဲ့စွာ ဆိုလိုက်၏။ ထိုစဉ် ကျားမကြီးသည် လင်းယန်၏ လက်ဖမိုးအား လျှာဖြင့် အသာအယာ လျက်ပေးလိုက်ကာ

မိမိ၏ သားငယ်နှစ်ကောင်ကိုလည်း နောက်ဆုံးအကြိမ်အဖြစ် ပြန်လည်လျက်ပေးပြီး ပြန်မလှည့်တော့ဘဲ ထွက်ခွာသွားလေသည်။

တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသကဲ့သို့ ဆိတ်ငြိမ်စွာဖြင့် ပျောက်ကွယ်သွားလေ၏။

ကျားသားပေါက်လေး နှစ်ကောင်သည် ဝေးကွာသွားသော မိခင်၏ နောက်ကျောအားကြည့်ကာ ညည်းတွား၍ ကျန်ရစ်ခဲ့ရှာ၏။

“အူး... အူး... အူး”

Live ကြည့်နေကြသော အွန်လိုင်းအသုံးပြုသူများသည် ကျားသားပေါက်လေးများ၏ ချစ်စရာကောင်းသောအပြုအမူကြောင့် အရည်ပျော်ကုန်ကြလေသည်။

“ကျားပေါက်လေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ၊ အရှေ့မြောက်ကျားကြီးက ဘာကိုဆိုလိုတာလဲ၊ သူ့ကလေးတွေကို လူသားတွေလက်ထဲအပ်ခဲ့တာလား”

“သမိုင်းမှာ ပထမဆုံးပဲဗျာ၊ ကျားတစ်ကောင်က သူ့သားသမီးတွေကို လူသားဆီ စိတ်ချလက်ချ ပေးခဲ့တယ်ဆိုတာ”

“နေဦး ဟို ဝတ်စုံနဲ့လူက သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနဲ့ တူလိုက်တာ”

“ဒီကိစ္စက ညွှန်ကြားရေးမှူးအထိတောင် ရောက်သွားတာလား”

“စဉ်းစားကြည့်ဦးလေ၊ တစ်ညတည်းနဲ့ မျောက်တွေ၊ ဝံပုလွေတွေ၊ ကျားတွေတောင် ပါနေတာကိုး”

“ဟုတ်ပ၊ တကယ့်ကို ထိတ်လန့်စရာပဲ”

“ဒါပေမဲ့ ဒီ Streamerကတော့ ကံတကယ်ကြီးတာပဲဗျာ”

“အကယ်၍ သူမမွေးချင်ဘူးဆိုရင် ကျွန်တော့်ကို ပေးပါလား”

“အပေါ်ကလူက ဥပဒေအကြောင်း မသိတာလား၊ ဒါမှမဟုတ် ပဲဟင်းစားချင်နေတာလား၊ အမျိုးသားအဆင့် ကာကွယ်ထားတဲ့ တိရစ္ဆာန်ကို ဘယ်သူက ကိုယ်ပိုင်မွေးရဲမှာလဲ”

“သစ်တောဌာနက ဘယ်လို စီစဉ်မလဲ မသိဘူး၊ ကျားပေါက်လေးတွေကို ခေါ်သွားလို့ ကျားမကြီး ပြန်လာတဲ့အချိန်မှာ သားသမီးတွေကို မတွေ့ရင် လင်းယန်ကို ဆွဲဖြဲပစ်မှာ မကြောက်ဘူးလား”

ထင်မြင်ချက်များ တက်လာနေစဉ် ဒုတိယညွှန်ကြားရေးမှူးသည် လင်းယန်အနားသို့ လျှောက်လှမ်းလာကာ မိမိကိုယ်မိမိ မိတ်ဆက်လိုက်၏။

“နေကောင်းလား မောင်လင်း၊ ငါက သစ်တောဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးလီပါ၊ ခုနက အရှေ့မြောက်ကျားကြီးရဲ့ နောက်ကိုတော့ ဒရုန်းနဲ့ နောက်ယောင်ခံလိုက်ဖို့ လူလွှတ်ထားပြီးပြီ၊ သူ ဘေးကင်းရာကို ပြန်ရောက်ဖို့နဲ့ လူထုလုံခြုံရေးအတွက် ငါတို့ သေချာပေါက် ဆောင်ရွက်ပေးပါ့မယ်”

ထို့နောက်တွင်တော့ ညွှန်ကြားရေးမှူးလီသည် စူးစမ်းလိုသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်၏။

“ကြည့်ရတာ အဲဒီကျားကြီးက မင်းကို တော်တော်လေး ယုံကြည်ပုံရတယ်နော်”

လင်းယန်သည် ခေါင်းယမ်းလိုက်ကာ ငြင်းလိုက်သည်။

“ဘာလို့လဲဆိုတာ ကျွန်တော်လည်း မသိပါဘူးဗျာ”

သူ့တွင် နတ်ရေစင်ရှိနေသည်ဟူသောအချက်ကိုဖြင့် မည်သည့်နည်းနှင့်မျှ ဖွင့်ဟ၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် လူအေးလေးပုံစံဖြင့်သာ ဟန်ဆောင်နေရလေသည်။

“ညွှန်ကြားရေးမှူးလီ၊ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ၊ ဒီကျားပေါက်လေးတွေကို ယူသွားကြမှာမဟုတ်လား”

ထိုနေရာတွင် ဆက်ထားရန် ဥပဒေနှင့် မညီပေ။ ထိုစဉ် ကျားပေါက်လေးနှစ်ကောင်သည် ဇလုံထဲတွင် ကျန်ရှိနေသော တောင်ကျစမ်းရေများအား သောက်သုံးနေကြကာ လင်းယန်၏ စကားကို နားလည်သကဲ့သို့ သူ့အနားသို့ တိုးကပ်လာကာ အားကိုးတကြီးနှင့် ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ကြည့်နေကြလေသည်။

လင်းယန်၏ ဘောင်းဘီစအား သွားလေးများဖြင့် ကိုက်ထားကြ၍ လုံးဝအခွာမခံကြချေ။ထိုသည်မှာ သူတို့သည် လုံးဝ မခွဲခွာလိုကြောင်း ပြသနေခြင်းဖြစ်၏။

လင်းယန်၏ နှုတ်ခမ်းအစုံ တုန်ယင်သွားကာ ပြောလိုက်သည်။

“နားမလည်တဲ့ ကောင်လေးတွေရယ်၊ မင်းတို့အမေက မင်းတို့ကို ငါ့ဆီထားခဲ့တယ်ဆိုတိုင်း ငါက မွေးပေးလို့ရပါ့မလား”

ကျားမကြီးသည် အသံမပေးဘဲ ထွက်ခွာသွားခဲ့၏။ ကလေးများအား သူ့ဆီ ထားရစ်ခဲ့သည်ဆိုတာ မည်သို့စကားမျိုးနည်း။ သူသည် ကလေးများ၏ အဖေမှ မဟုတ်ပေ။

“အူး... ဝူး”

ကျားပေါက်လေးနှစ်ကောင်သည် လင်းယန်ကို အော်ဟစ်လိုက်ပုံသည် သူတို့အား မလိုချင်၍ပြောနေသော လင်းယန်ကို အပြစ်တင်နေသည့်ပုံစံမျိုးဖြစ်၏။ ကြည့်ရှုသူများသည်လည်း ရယ်မောသံများဖြင့် ပြည့်နှက်သွားလေသည်။

“ဟာသပဲဗျာ၊ ကြည့်ရတာ သားမယားကို ပစ်ပယ်တဲ့ လူယုတ်မာတစ်ယောက်နဲ့ တူနေပြီ”

“Streamer ရေ... အမှန်အတိုင်းပြောစမ်းပါ၊ မင်းနဲ့ ဒီကျားပေါက်လေးတွေက ဘာပတ်သက်မှု ရှိလို့လဲ”

“တိရစ္ဆာန်ထက် မိုက်တဲ့ကောင်၊ ကျားမကြီးက သူ့ကလေးတွေကို အပ်ခဲ့တာကို အခုတော့ တာဝန်ရှောင်ချင်နေတယ်ပေါ့လေ”

“ကျားပေါက်လေးတွေက ချစ်ဖို့ကောင်းလိုက်တာဗျာ၊ မွေးစားလိုက်ပါတော့၊ အိမ်မှာ ကြောင်နှစ်ကောင် မွေးတယ်လို့ပဲ သဘောထားလိုက်ပေါ့”

“အပေါ်ကလူ ရူးနေတာလား၊ အရှေ့မြောက်ကျားက ကြောင်နဲ့ တူပါ့မလား”

“ဘာကွာလို့လဲ၊ မျိုးရင်းက တူတူပဲဟာကို”

“မင်းရဲ့အသိဥာဏ်ကိုတော့ ရွှေချထားသင့်တယ်”

“Streamer က သဘောတူရင်တောင် သစ်တောဦးစီးဌာနက သဘောတူမှာ မဟုတ်ဘူး”

“တကယ်လို့သာ မွေးလို့ရရင်တော့ နေ့တိုင်း Live ထဲမှာ မြင်ရမှာဆိုတော့ မိုက်မှာပဲနော်”

“ဟုတ်သားပဲ၊ အဲဒါ တကယ် အဓိပ္ပာယ်ရှိတယ်”

“ထားလိုက်ပါတော့ဗျာ၊ သာမန်လူက ဘယ်လိုလုပ် အမျိုးသားအဆင့် ကာကွယ်ထားတဲ့ သတ္တဝါကို မွေးလို့ရမှာလဲ”

“ဒါနဲ့ ဒီ ‘လယ်တောအိမ်’ က ဧည့်သည်လက်ခံလားဗျ၊ တစ်ပတ်လောက် သွားနားချင်လို့”

“ကျွန်တော်လည်း သိချင်တယ်”

ညွှန်ကြားရေးမှူးလီသည် ဆက်၍မမေးမြန်းတော့ပေ။ သူ့အမြင်တွင်အဖြစ်အပျက်မှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်မည်ဟူ၍ ယူဆထားသောကြောင့်ဖြစ်၏။

ထို့အပြင် ကျန်ရှိနေသော ဝန်ထမ်းနှစ်ဦးအား ကျားပေါက်လေးများကို ခေါ်ဆောင်သွားရန် ခိုင်းစေသော်လည်း ထိုကလေးငယ်များသည် လုံးဝ အလိုက်မခံကြပေ။ တောရိုင်းတိရစ္ဆာန်များနှင့် အတွေ့အကြုံရှိသူဖြစ်သည့်အလျောက် ဤအခြေအနေတွင် မေ့ဆေးသေနတ်ဖြင့် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် သားပေါက်လေးများအတွက် ဆိုးကျိုးသာ ဖြစ်စေမည်ကို သူ ရိပ်မိလေသည်။

ထို့ကြောင့် ညွှန်ကြားရေးမှူးလီသည် ခဏမျှ စဉ်းစား၍ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။

“ဒီကျားပေါက်လေးတွေကို လောလောဆယ် မင်းဆီမှာပဲ ခေတ္တ မွေးထားပေးပါ”

လင်းယန်သည် အံ့အားသင့်သွားကာ

“ညွှန်ကြားရေးမှူးလီ၊ ဒါက ဘာကို ဆိုလိုတာလဲဗျ၊ ကျွန်တော့်ကို မွေးခိုင်းတာလား”

ညွှန်ကြားရေးမှူးသည် လင်းယန်၏ ပုခုံးအားပုတ်ကာ အားပေးလေသည်။

“မစိုးရိမ်ပါနဲ့၊ လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေကို ငါစီစဉ်ပေးပါ့မယ်၊ ယာယီမွေးမြူခွင့်လက်မှတ်ကို မင်းအိမ်အရောက် ပို့ပေးမယ်၊ ဒါဆိုရင် ဥပဒေနဲ့အညီ တရားဝင် ဖြစ်သွားပြီပေါ့”

လင်းယန်သည် ငြင်းဆိုရန် လက်ယမ်းလိုက်သော်လည်း ညွှန်ကြားရေးမှူးက စကားဖြတ်လိုက်၏။

“ဒါကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ၊ ပြီးတော့ ကျားမကြီးက မင်းကို အပ်ခဲ့တာဟာ မင်းအပေါ်မှာ ယုံကြည်မှုရှိလို့ပဲ၊ အခုအချိန်မှာ သူတို့ကို ခေါ်သွားရင် ဒီကလေးတွေအတွက် မကောင်းသလို၊ ကျားမကြီးပြန်လာလို့ ကလေးတွေကို မတွေ့ရင် မင်းအတွက်ပါ အန္တရာယ်ရှိနိုင်တယ်”

လင်းယန်သည် ခြေသလုံးကို ဖက်တွယ်ထားသော ကျားပေါက်လေးများအားကြည့်ကာ တိတ်ဆိတ်သွားရပေသည်။ တကယ်တမ်းတွင် ထိုအချက်သည် ပြဿနာကြီးတစ်ရပ် ဖြစ်၏။

နတ်ရေစင်သည် အသုံးဝင်သည်ဆိုသော်လည်း မိခင်နှင့် သားသမီးကြားရှိသော သံယောဇဉ်အား ယှဉ်နိုင်မည်မဟုက်ပေ။ အကယ်၍ ကျားပေါက်လေးများကို သူကောင်းကောင်းမမွေးနိုင်ခဲ့လျှင် ကျားမကြီးသည် သူ့အားအလွတ်ပေးမည်လား။ ကျားမွေးသည့် အတွေ့အကြုံ မရှိသော်လည်း သူတို့သည် အသားစားသတ္တဝါများသာ ဖြစ်၏။ ထို့အပြင် သူ့လက်ထဲတွင် နတ်ရေစင် ရှိနေသေးသည်။ ကျားပေါက်လေးများ သေဆုံးသွားအောင်အထိ သူညံ့ညံ့ဖျင်းဖျင်းမွေးမြူမည်မဟုတ်ပေ။

ထိုကျားပေါက်လေးများမှာ အလွန်ပင် ချစ်စဖွယ်ကောင်းလှသဖြင့် နောက်ဆုံးတွင် လင်းယန် သဘောတူလိုက်ရလေသည်။

ညွှန်ကြားရေးမှူးလီသည်လည်း ဝမ်းသာအားရဖြင့် ပြောပြလေသည်။

“မပူပါနဲ့၊ ကုန်ကျစရိတ်အားလုံးကို ငါတို့ တာဝန်ယူပေးပါ့မယ်၊ နောက်ရက်တွေမှာလည်း တိရစ္ဆာန်ဆရာဝန် လွှတ်ပေးပြီး ကျန်းမာရေး စစ်ဆေးပေးပါ့မယ်”

ကျားပေါက်လေးများ၏ ခေါင်းကို လင်းယန်ပွတ်သပ်ပေးလိုက်ရာတွင် ကျားပေါက်လေးများသည်လည်း လင်းယန်ကို အကြွင်းမဲ့ ယုံကြည်ကာ ပြန်လည် တိုးဝှေ့နေကြသည်။ ထိုမြင်ကွင်းကို ကြည့်၍ ညွှန်ကြားရေးမှူးလီသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝက လူတွေကို ရန်လိုတတ်တာမျိုး၊ အခုလို လူသားတစ်ယောက်အပေါ် ခင်ခင်မင်မင် ရှိတာမျိုးက တကယ်ကို တွေ့ရခဲပါတယ်၊ သူတို့က လွတ်လပ်မှုကို မြတ်နိုးပြီး ချုပ်နှောင်တာကို မကြိုက်ကြဘူး၊ အခုလို မင်းရဲ့ အိမ်မှာပဲ မွေးထားပေးတာဟာ သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ”

“ဒါဆို သူတို့က ကျွန်တော့်ဆီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ၊ တစ်သက်လုံးတော့ မဟုတ်ဘူးမလား၊ ကျွန်တော်က စီးပွားရေး လုပ်နေတာဗျ၊ ဧည့်သည်တွေက ကျားရှိမှန်း သိရင် ဘယ်သူလာရဲတော့မလဲ”

မိမိမှာ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေသည်ဆိုသည့်အချက်အား လင်းယန်မေ့မထားပေ။ထိုကျားပေါက်လေးများကြောင့် ဧည့်သည်ခေါ်ရန် ပို၍ ခက်ခဲသွားနိုင်ပေသည်။

“ဖြစ်နိုင်တာကတော့ ဆယ်ရက်၊ ဒါမှမဟုတ် တစ်လလောက်နေရင် ကျားမကြီးက ပြန်လာခေါ်လိမ့်မယ်၊ စိတ်ချပါ၊ မိခင်ဆိုတာ သူ့သားသမီးတွေကို ဘယ်တော့မှ ပစ်မထားပါဘူး”

ညွှန်ကြားရေးမှူးလီ ပြန်လည်ထွက်ခွာသွားချိန်တွင် အာရုဏ်ဦးသို့ ရောက်လုနီးပြီဖြစ်၏။

လင်းယန်သည် ကိုယ်လက်ဆန့်လိုက်ကာ ညည်းလိုက်သည်။

“တစ်ညလုံး အလုပ်ရှုပ်နေလိုက်တာ၊ အိပ်တောင် မအိပ်ရသေးဘူး၊ ငါ အထဲဝင်ပြီး ခဏအိပ်ဦးမယ်၊ မင်းတို့လေးတွေ ဒီခြံထဲမှာပဲ ဆော့နေကြနော်၊ ဟေ့... ဟတ်စကီ၊ ဒီကလေးနှစ်ကောင်ကို သေချာကြည့်ထားဦး၊ ခြံအပြင်ကို လုံးဝပေးမထွက်နဲ့”

လင်းယန်သည် ခြံတံခါးကို သေချာပိတ်၍ အိမ်ထဲသို့ ဝင်လာခဲ့၏။ အဘိုးချန်ထားခဲ့သော အိမ်ကြီးမှာ အတော်ကျယ်ဝန်းလှပေသည်။ (ပြိုင်ပွဲစီစဥ်ရေးအဖွဲ့က ငွေတစ်သိန်းထဲမှ အိမ်ငှားခကို တိုက်ရိုက် နုတ်ယူထားပြီးဖြစ်၏။)

ခြံဝန်းအတွင်း၌လည်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားသဖြင့် သားရဲငယ်လေးများ ဆော့ကစားရန်အတွက် လုံလောက်သောနေရာ ရှိနေပေသည်။

All Chapters