← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅)

နေခြည်နုနု ဖြာစပြုသော်လည်း နံနက်ခင်း၏ နှင်းမှုန်တို့သည် မကွယ်ပျောက်သေးပေ။ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ဝမ်တာ့လီသည် ပုခုံးပေါ်တွင် ပေါက်တူးတစ်လက်အား ထမ်းကာ လယ်ကွင်းများဆီသို့ ဦးတည်လျှောက်လှမ်းလာလေသည်။

“မိသားစုဝင်တို့ရေ၊ တောရွာက လေထုကတော့ ရှုရှိက်ရတာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်၊ ဒီရက်ပိုင်း Live လွှင့်တဲ့အခါ မိသားစုဝင်အများစုက ကန်စွန်းဥခေါက်ဆွဲကို သဘောကျကြတာတွေ့ရတယ်၊ ဒါကြောင့် ဒီနေ့တော့ ကန်စွန်းဥ သွားတူးပြီး ခေါက်ဆွဲလုပ်တဲ့ ဖြစ်စဉ်တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမှာပါ၊ သဘောကျတဲ့သူတွေရှိရင် အရင်ဆုံး Follow လေး လုပ်ထားပေးကြပါဦးနော်”

ဝမ်တာ့လီသည် ပါးစပ်ကြီးဖြဲကာ ပြုံးပြလိုက်၏။ သူသည် လယ်ယာလုပ်ငန်းအား အခြေခံတင်ဆက်သူဖြစ်ကာ ပြိုင်ပွဲဝင် ငါးဦးအနက် လူကြိုက်အများဆုံးဖြစ်၍ ဝင်ငွေမှာလည်း အဆမတန် ရှေ့ရောက်နေသူဖြစ်သည်။

သို့သော် ယနေ့တွင် တစ်ခုခု ထူးခြားနေလေ၏။ ဝမ်တာ့လီသည် Live လွှင့်ခန်းထဲသို့ တစ်ချက်ကြည့်လိုက်ရာ ကြည့်ရှုသူဦးရေမှာ မနေ့ကထက် ထက်ဝက်နီးပါး လျော့နည်းနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။

“ဒီနေ့က ပိတ်ရက်ဆိုတော့ လူတွေ အိပ်ရာထနောက်ကျနေကြတာ ထင်တယ်”

သူသည် တစ်ဦးတည်း ရေရွတ်လိုက်၏။

သို့သော် မကြာမီတွင် ကွန်မန့်တစ်ခုတက်လာလေသည်။

“Hostရေ... ရွာထဲကို ကျားသားပေါက်လေး နှစ်ကောင် ရောက်နေတာကို မသိသေးဘူးလား”

“လူတွေအကုန်လုံးက ဘေးအိမ်က အရှေ့မြောက်ကျားလေးတွေကို သွားကြည့်နေကြတာဗျ၊ ဘယ်သူက ကန်စွန်းဥခေါက်ဆွဲကို စိတ်ဝင်စားတော့မှာလဲ၊ ကျားလေးတွေလောက် ဘာမှ ဆွဲဆောင်မှုမရှိဘူး”

“Host လည်း ကျားနှစ်ကောင်လောက် သွားဖမ်းပြီး ဆော့ပြပါလား”

“အပေါ်ကလူကလည်း Host ကို လာနောက်မနေပါနဲ့၊ ကျားဖမ်းရအောင် လူစကားပြောနေတာရော ဟုတ်ရဲ့လား”

ဝမ်တာ့လီ မျက်လုံးပြူးသွားကာ

“ဘာ... အရှေ့မြောက်ကျားပေါက်လေးတွေ ဟုတ်လား”

“လင်းယန်ရဲ့ Live ထဲက အရှေ့မြောက်ကျားတွေလေ”

“ကြည့်ရတာ Hostက ကန်စွန်းဥတူးတာနဲ့တင် အာရုံများပြီး ပြိုင်ဘက်ကိုတောင် သတိမထားမိဘူး ထင်တယ်”

“အွန်လိုင်းက Trending တွေကို သွားကြည့်ဖို့ အကြံပြုပါရစေ”

ဝမ်တာ့လီ ရင်ထိတ်သွားကာ အွန်လိုင်းပေါ်ရှိ ယနေ့ခေတ်စားနေသော သတင်းများအား ချက်ချင်းဖွင့်ကြည့်လိုက်၏။ မမျှော်လင့်စွာ လင်းယန်သည် ကျားသားပေါက်လေးနှစ်ကောင်အား ပွေ့ချီ၍ ရေတိုက်နေသည့် မြင်ကွင်းကို မြင်လိုက်ရတော့သည်။ ထိုဗီဒီယိုသည် တစ်ခဏအတွင်း အင်တာနက်တစ်ခွင်သို့ ပျံ့နှံ့သွားပေ၏။ဝမ်တာ့လီမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

အိပ်ရာနိုးလာရုံပင်ရှိသေးသည်၊ လူရာမဝင်လှသည့် လင်းယန်သည် သူ့အတွက် အတောင့်တင်းဆုံး ပြိုင်ဘက် ဖြစ်လာခဲ့ပေသည်။

အွန်လိုင်းပေါ်ရှိ ဗီဒီယိုသည်လည်း လူကြည့်နှုန်း အရှိန်အဟုန်ဖြင့် မြင့်တက်နေဆဲဖြစ်၏။ လင်းယန်၏ မနေ့မှ Live ထဲရှိ ပုံများအား အွန်လိုင်းအသုံးပြုသူများသည် ဟာသပုံများအဖြစ် ဖန်တီးကာ ဖြန့်ဝေနေကြလေသည်။

ဇာစ်မြစ်ကို မသိသူများသည် ကွန်မန့်ပေးကြရာမှ တစ်ဆင့် လင်းယန်၏ Live ဆီသို့ လူအများအပြား ရောက်ရှိလာကြ၏။ တစ်ညတည်းနှင့် လင်းယန်၏ Follower ဦးရေမှာ သုံးထောင်မှ ငါးသိန်းအထိ ခုန်တက်သွားပေသည်။

လင်းယန်နိုးလာချိန်တွင် အခြေအနေအရပ်ရပ်ကြောင့် မှင်တက်သွားရကာ

“ဟာ Follower တက်နှုန်းက မြန်လွန်းလှချေလား”

စိတ်ထဲတွင် ရေရွတ်မိတော့၏။ရရှိလာသော အခွင့်အရေးအား လက်လွှတ်မခံဘဲ သူသည် Live ကို ချက်ချင်းဖွင့်လိုက်လေသည်။

“အားပေးကြတဲ့ မိသားစုဝင်အားလုံးကို ကျေးဇူးတင်ပါတယ်၊ အမှန်အတိုင်းပြောရရင် Followerတွေ ဒီလောက်မြန်မြန် တိုးလာလိမ့်မယ်လို့ မထင်ထားဘူးဗျ”

လင်းယန် Live လွှင့်သည်နှင့် လူပေါင်းများစွာ တိုးဝှေ့ဝင်ရောက်လာကြလေသည်။

“ဟေး Host၊ နောက်ဆုံးတော့ နိုးလာပြီပေါ့”

“ကျားလေးတွေ ဘယ်မှာလဲ၊ ချစ်ဖို့ကောင်းတဲ့ ကျားလေးတွေကို အမြန်ပြပါဦး”

“ဟူး... ဟူး”

“ကျားလေးတွေကိုပဲ များများရိုက်ပြဖို့ အကြံပေးချင်တယ်”

“မနေ့က မျောက်အိုကြီး ထပ်လာဦးမလားဆိုတာ ကျွန်တော်တစ်ယောက်တည်းပဲ သိချင်နေတာလား”

“မလာလောက်တော့ဘူး ထင်တယ်၊ အဲဒီမျောက်က အမှတ်မထင် ရောက်လာတာလေ၊ မျောက်ဆိုတာ အုပ်စုနဲ့နေတတ်တဲ့ သတ္တဝါဆိုတော့ တစ်ကောင်တည်း ကြာကြာမနေပါဘူး”

“ချစ်ဖို့ကောင်းတဲ့ ကျားလေးရေ မေမေရောက်လာပြီ၊ မေမေ့ကို အနမ်းလေး ပေးပါဦး”

“နည်းနည်းလောက် စိတ်အေးအေးထားပါဦး၊ ရူးသွားကြပြီလား”

လင်းယန်၏ နှုတ်ခမ်းအစုံ တုန်ယင်သွား၏။ လူများသည် ကျားလေးတွေအပေါ် ထိုမျှလောက်အထိ ရူးသွပ်ကြလိမ့်မည် သူ မထင်ထားခဲ့ပေ၏။ ထိုလူတွေအကုန်လုံးသည် ကျားသားပေါက်လေးများကြောင့် ရောက်လာကြသည်။ ထိုကလေးနှစ်ကောင်သည် သူ့အတွက် ရွှေဥ ဥပေးမည့် ငှက်လေးတွေ ဖြစ်လာတော့မည်။

လင်းယန်သည် ဖုန်းကို နေရာချလိုက်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အချို့ကို ပြုလုပ်လိုက်၏။

“အူး...ဝူး”

ကျားသားပေါက်လေးနှစ်ကောင်သည် လှုပ်ရှားသံကြားသည်နှင့် လင်းယန်၏ ခြေထောက်နားသို့ ချက်ချင်း ပြေးထွက်လာကြသည်။ နေရာလုခံလိုက်ရသော ခွေးကြီးသည် မကျေမနပ်ဖြစ်ကာ လင်းယန်အား ဝိုင်းအုံ၍ ဟောင်နေတော့၏။

“ဝုတ်...ဝုတ်...ဝုတ်”

ခွေးကြီးသည် ကျားသားပေါက်လေးများအား မောင်းထုတ်ရန် ကြိုးပမ်းနေခြင်းဖြစ်၏။ ကျားလေးများသည်လည်း အရှုံးမပေးဘဲ သွားလေးများဖြဲကာ ခွေးကြီးကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ခွေးကြီးသည် လင်းယန်အနားတွင် ခုန်ပေါက်ကာ သူ၏ မကျေနပ်မှုကို ဖော်ပြနေ၏။

လင်းယန်သည် ခွေးကြီးအား ခြေထောက်ဖြင့် အသာတွန်းထုတ်ကာ

“သွား... သွား၊ မနက်စာ ပြင်ရဦးမယ်”

ခွေးကြီးသည် ဝမ်းနည်းစွာဖြင့် ညည်းညည်းညူညူ ဟောင်နေရှာသည်။ လင်းယန်သည် သူ့ကို ဂရုမစိုက်ဘဲ ရွှံ့မီးဖိုထဲသို့ ထင်းများထည့်ကာ မနက်စာ စတင်ပြင်ဆင်လေသည်။ ကျားသားပေါက်လေးနှစ်ကောင်သည်လည်း လင်းယန်၏ ဘောင်းဘီစတစ်ဖက်စီကို ကိုက်ခဲထားကြကာ သူတို့အား ဂရုမစိုက်သဖြင့် စိတ်ကောက်နေကြ၏။

လင်းယန်သည် ကျားလေးနှစ်ကောင်၏ လည်ပင်းကို တစ်ဖက်စီ ဆွဲမလိုက်ကာ

“မင်းတို့နှစ်ကောင် ပြဿနာမရှာကြနဲ့တော့၊ ဗိုက်ဆာနေပြီ မဟုတ်လား ၊မကြာခင် မင်းတို့အတွက် အသားတွေ ရောက်လာတော့မှာပါ”

သူ၏ လယ်တောအိမ်ဆိုင်သည် ဝင်ငွေတောင် မရသေးပေ။ အခု ကျားနှစ်ကောင်ပါ ထပ်ကျွေးရဦးမည်ဆိုလျှင် သူငတ်သေတော့ပေမည်။ ကံကောင်းထောက်မစွာဖြင့် အထက်လူကြီးများသည် ကျားလေးများ၏ အစားအစာအတွက် တာဝန်ယူပေးမည် ကတိပေးထားလေသည်။

“အူး...ဝူး”

ရန်လိုနေသော ကျားလေးများသည် လင်းယန်၏ လက်ထဲတွင် ကြောင်ပေါက်လေးများကဲ့သို့ ယဉ်ပါးသွားကြပြန်သည်။

ကွန်မန့်များသည်လည်း ဆူညံသွားကာ

“ကယ်ကြပါဦး၊ ဘယ်လိုလုပ် ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကြောင်လေးတွေ... မဟုတ်ပါဘူး... ကျားလေးတွေ ရှိနေရတာလဲ”

“ဒီဆိုင်က ဘယ်ရွာမှာလဲဆိုတာ သိတဲ့သူရှိလား၊ ကျွန်တော် သွားချင်လို့”

“မင်းကတော့ တကယ် သတ္တိရှိတာပဲ၊ ကျားလေးတွေ ဗိုက်ဆာမှာစိုးလို့ ကိုယ့်ကိုယ်ကိုယ် အစာအဖြစ် သွားကျွေးချင်နေတာလား”

“သိပ်ချစ်ဖို့ကောင်းတာပဲ၊ ကျွန်တော့်ဘဝမှာ တစ်ကောင်လောက် မွေးခွင့်ရရင် သိပ်ကောင်းမှာပဲ”

လင်းယန်သည် ကလေးနှစ်ကောင်အား ဘေးသို့ချကာ သူတို့၏ ခေါင်းလေးများကို ပွတ်သပ်ပေးလိုက်၏။

“မင်းတို့က ငါ့ဆီမှာ ခဏနေရမှာဆိုတော့ နာမည်မရှိရင် မကောင်းဘူး၊ မင်းရဲ့ ခေါင်းပေါ်မှာ အဖြူရောင် အမွေးတစ်စု ပါနေတော့ မင်းကို ‘အမွေးဖြူ’ လို့ပဲ ခေါ်ရအောင်”

လင်းယန်သည် ပြုံးလျက် ပြောလိုက်သည်။

“မင်းကိုတော့ ‘အမွေးဝါ’ လို့ ခေါ်မယ်”

ကြည့်ရှုသူများမှာ ပြောစရာစကားမရှိ ဖြစ်သွားကြသည်။

“မဟုတ်ဘူးလေ၊ ဘယ်လို နာမည်အစုတ်အပြတ်တွေလဲ”

“Host ရေ... နာမည်‌ရောပေးတတ်ရဲ့လား၊ မပေးတတ်ရင် ဘေးဖယ်နေလိုက်ပါ”

“ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကလေးတွေကိုမှ အမွေးဖြူတို့၊ အမွေးဝါတို့လို့ ခေါ်ရသလား”

“အမွေးဖြူက ထားပါဦး၊ အမွေးဝါဆိုတာက ဘာကြီးလဲ”

“သူတို့ကို ‘Ghost Fire’ ဆိုင်ကယ်ပါ ဝယ်ပေးဦးမလို့လား”

“မရဘူး၊ ဒီနာမည်တွေကို ငါတို့ လက်မခံဘူး”

“သူတို့ကို ‘ကျူကျူ’ လို့ ခေါ်ပါ ၊ကျူကျူက ပိုချစ်ဖို့ကောင်းတယ်”

“အပေါ်ကလူကို ထောက်ခံတယ်”

“ကလေးနှစ်ကောင်ရဲ့ နာမည်ကို ပြောင်းပေးဖို့ အလေးအနက် အကြံပြုပါတယ်”

လင်းယန်သည် ကွန်မန့်များအား ဂရုမစိုက်ဘဲ ကလေးနှစ်ကောင်အတွက် ထိုနာမည်များကိုသာ အတည်ပြုလိုက်လေသည်။ထိုမြင်ကွင်းကို လူအများသည် ဗီဒီယိုရိုက်ယူကာ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားစေပြန်သည်။ နာမည်ကျော် ကျားသားပေါက်လေးများသည် လူမိုက်ဆန်ဆန် နာမည်များကို ပိုင်ဆိုင်သွားကြလေ၏။

“လင်းယန်၊ မင်း အိမ်မှာ ရှိလား”

ရန်အာဟူသည် အပြင်ဘက်မှ တံခါးကို အားရပါးရ ခေါက်နေလေသည်။ တံခါးကြီးကို ချိုးဖျက်ပစ်တော့မည့်အတိုင်း ဆူညံနေ၏။

“လာပြီ၊ လာပြီ”

လင်းယန် တံခါးကို ဆွဲဖွင့်လိုက်ကာ

“ဘာလို့ ဒီလောက် အတင်းခေါက်နေတာလဲ၊ တံခါးပျက်သွားရင် လဲပေးဖို့ ငါ့မှာ ပိုက်ဆံမရှိဘူးနော်”

ရန်အာဟူသည် မျက်စပစ်ပြကာ ပြောလိုက်သည်။

“ရွာလူကြီးက မင်းဆီကို အသားတွေ ပို့ခိုင်းလိုက်လို့၊ မင်း ကျားသားပေါက်လေးနှစ်ကောင် မွေးထားတယ်ဆိုတာ တကယ်လား”

သူသည် ခြေဖျားထောက်ကာ အိမ်ထဲသို့ ချောင်းကြည့်နေ၏။ အမှန်တကယ်တော့ ရွာလူကြီးသည် သူ့အား ခိုင်းလိုက်ခြင်း မဟုတ်ပေ။ လတ်ဆတ်သော အမဲသားနှင့် ကြက်သားများအား လင်းယန်ထံ လာပို့သည့် ရွာလူကြီးနှင့် လမ်းတွင် တွေ့သဖြင့် သူကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူလိုက်ခြင်း ဖြစ်သည်။

အဓိကသည် အွန်လိုင်းပေါ်တွင် နာမည်ကြီးနေသော ကျားလေးများအား မြင်ချင်၍ဖြစ်၏။

“ပစ္စည်းတွေကို အထဲသာ သယ်သွားလိုက်၊ ငါ ထမင်းချက်နေလို့ မင်းကို ကူမသယ်ပေးနိုင်ဘူးနော်”

ရန်အာဟူသည် မယုံနိုင်သလိုမျိုး နားကိုကုတ်လိုက်ကာ

“မင်းကတော့ တော်တော်လေး ယဉ်ကျေးပြနေတာပဲ”

လင်းယန်သည် ရယ်ကာ ပြောလိုက်သည်။

“ငါ့လယ်ထဲမှာ ဖရဲသီးတွေ ရှိသေးတယ်၊ နောက်မှ မင်းဘာသာမင်း နှစ်လုံးလောက် သွားခူးစားလိုက်ပေါ့”

ဖရဲသီး စားရမည်ဆိုသော စကားကြောင့် ရန်အာဟူ၏ မျက်နှာကသည် နည်းနည်းလေး ပြေလျော့သွား၏။ ရန်အာဟူသည် လင်းယန်၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ကာ၊ ကျေးလက်ဒေသတွင် ဆက်လက်နေထိုင်လိုသော လူငယ်အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။

လင်းယန် ‘လယ်တောအိမ်’ ဆိုင်ဖွင့်မည်ဆိုစဥ်တွင် သူသည် လုံးဝ အကောင်းမမြင်ခဲ့ပေ။ သို့သော် ယခု ကျားသားပေါက်လေးနှစ်ကောင် ရထားလေပြီ။

လင်းယန်သည် ပစ္စည်းများ သယ်နေသည့် ရန်အာဟူကို ဂရုမစိုက်တော့ဘဲ ကန်စွန်းဥတောင်းကို မလိုက်ကာ မနက်စာချက်ပြုတ်ရန် စတင်ပြင်ဆင်တော့လေသည်။

“ဒီကန်စွန်းဥတွေကို အတုံးလိုက်တုံးပြီး အိုးထဲအရင်ထည့်လိုက်ရအောင်၊ ပြီးရင် မုန်လာဥဖြူကိုပါ ထည့်မယ် ပြီးတော့”

သူသည် ပစ္စည်းအတော်များများအား အိုးထဲသို့ တစ်ခုပြီးတစ်ခု ထည့်လိုက်လေသည်။ မကြာမီ ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုသည် တစ်ခြံလုံးသို့ ပျံ့နှံ့သွားပေ၏။

“Host ကတော့ တော်တော်လေး ပေါ့ပေါ့ပါးပါးပဲနော်၊ ကန်စွန်းဥကိုတောင် မဆေးဘဲ ဒီအတိုင်း အိုးထဲထည့်ချက်လိုက်တာလား”

“ဒါက ကျေးလက်ရဲ့ ထူးခြားတဲ့ ချက်ပြုတ်နည်းလား”

“စကားကို လျှောက်မပြောပါနဲ့၊ ငါတို့ ကျေးလက်က ဒီလိုမျိုး မဟုတ်ဘူး”

“ကန်စွန်းဥနဲ့ မုန်လာဥဖြူကို အတူတူချက်တာလား၊မြေပဲတွေပါ ထည့်သေးတယ်၊ ဒါက ဘာဟင်းလဲ”

“ဒါက ဟင်းမဟုတ်ဘူးလေ၊ ဆန်တွေရော ရေတွေရော ထည့်လိုက်တာဆိုတော့ ဆန်ပြုတ်တစ်မျိုးမျိုးနဲ့ တူတယ်”

“ကြည့်ရတာတော့ စားချင်စဖွယ်ပဲဗျ”

ပစ္စည်းများ သယ်ယူပြီးသွားသော ရန်အာဟူသည် အနံ့အား ရှူလိုက်ကာ လင်းယန်ကို အပြစ်ဆိုတော့သည်။

“ဟာ... မင်းက ငါ့ကွယ်ရာမှာ ဒီလောက်ကောင်းတာတွေ စားနေတာလား”

“ဒါက ဆန်ပြုတ်မလား၊ မနက်စောစောစီးစီး အိုးကြီးတစ်အိုးစာကို တစ်ယောက်တည်းကုန်အောင်စားရအောင် မင်းက ဝက်လား”

ခွေးကြီးနှင့် ကျားပေါက်လေးနှစ်ကောင်သည်လည်း အိုးနားတွင် ဝိုင်းအုံကာ လင်းယန်အား အငမ်းမရ ကြည့်နေကြလေသည်။ ရန်အာဟူသည် တံတွေးကို မျိုချလိုက်ကာ

“ဒါတော့ မင်းမှားသွားပြီ၊ ဒီလောက်မွှေးနေတာကို ငါ့ကိုတောင် မသတိရဘူးလား၊ ငါ့ဆီ နည်းနည်းပါးပါး ပို့ပေးမယ်လို့တောင် မပြောဘူးလား”

လင်းယန်သည် သူ့အား မျက်လုံးလှန်ပြလိုက်၏။ သူသည် ပုံးတစ်ပုံးနှင့် ဇွန်းအကြီးကြီးအား ယူလာ၍၊ ဘာလုပ်မည်ဆိုတာ သိသာနေသည်။

“မြန်မြန် ငါ့ကို အရင်ဆုံး တစ်ပန်းကန်ပေး၊ ဒီအနံ့ကို ငါ မခံစားနိုင်တော့ဘူး၊ ပြီးရင် ငါ့အတွက် ပါဆယ်ပါ ထုပ်ပေးလိုက်ဦး၊ ဒါဆို ငါ နေ့လယ်စာ ချက်စရာ မလိုတော့ဘူး”

လင်းယန်၏ နှုတ်ခမ်းအစုံ တွန့်သွားကာ စိတ်ထဲတွင် တွေးနေမိသည်။

“ကြည့်ရတာ ဒါက တကယ်ပဲ ဝက်စာ ဖြစ်နေတာလား”

All Chapters