← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း (၆)

လင်းယန်၏အိမ် နောက်ဖေးခြံဝန်းထဲတွင် ဝက်ခြောက်ကောင် ရှိနေလေသည်။ စံပြ လယ်တောအိမ် တစ်ခုအဖြစ် ရပ်တည်မည်ဆိုလျှင် ဝက်ကလေးများ မရှိဘဲ မည်သို့ ပြည့်စုံပါမည်နည်း။

သို့သော် ယခုအချိန် အွန်လိုင်းကြည့်ရှုသူများနှင့် ရှေ့တွင်ရှိနေသော ရန်အာဟူတို့သည် တစ်ခုခုအား အကြီးအကျယ် နားလည်မှု လွဲမှားနေကြပုံရ၏။ လင်းယန်သည် ဝက်မွေးမြူခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိသူပီပီ ဝက်ကလေးများ သေဆုံးသွားမည်ကို စိုးရိမ်သဖြင့် ဝက်စာများထဲသို့ နတ်ရေစင်ကို ထည့်သွင်းကျွေးမွေးခဲ့လေသည်။

သို့သော် ထိုမှ ထွက်ပေါ်လာသော သင်းပျံ့သည့်ရနံ့သည် ရန်အာဟူအား ထိုမျှအထိ ဆွဲဆောင်နိုင်‌လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။

“ဒါကို မင်း စားလို့မရဘူး”

လင်းယန်သည် သူ့အား ဆွဲတားလိုက်၏။ သို့သော် ရန်အာဟူသည် မကျေမနပ်ဖြစ်ကာ

“ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား၊ ငါ့ပန်းကန်တောင် ငါထုတ်ပြီးပြီကို မင်းက စားလို့မရဘူးလို့ ပြောရက်တယ်ပေါ့”

“မဟုတ်ဘူးလေ၊ ဒီလောက်အများကြီးကို မင်းတစ်ယောက်တည်း ကုန်အောင် စားနိုင်မှာမို့လို့လား၊ ငါက စေတနာနဲ့ ကူစားပေးမလို့ဟာကို ကျေးဇူးမသိသလို လုပ်မနေနဲ့”

ရန်အာဟူသည် လင်းယန်က သူ့အား ပေးမစားမည်ကို စိုးရိမ်သဖြင့် အိုးထဲမှ အစားအစာများကို ပန်းကန်အပြည့် အမြန်ခပ်ယူလိုက်လေသည်။ ပူနေသည်ကိုပင် ဂရုမစိုက်နိုင်စွာ ပါးစပ်ထဲသို့ အငမ်းမရ သွတ်သွင်းကာစားသောက်နေလေ၏။ စားနေလျက်နှင့် လင်းယန်အား လက်မထောင်ပြကာ အထပ်ထပ် ချီးကျူးနေလေသည်။

“အရမ်းကောင်းတယ်၊ တကယ်ကောင်းတယ်”

ထိုမြင်ကွင်းကို ကြည့်နေကြသော

အွန်လိုင်းအသုံးပြုသူများသည်လည်း တံတွေးများ မြိုချနေကြရပြီ ဖြစ်၏။

“တံတွေးတွေ ကျနေပြီ၊ ဘယ်လိုလုပ်ရမလဲ”

“ဒါကိုကြည့်ပြီး ငါလည်း ဆန်ပြုတ် သွားချက်ချင်စိတ် ပေါက်လာပြီ”

“Host က ကမ္ဘာကျော် စားဖိုမှူးတစ်ယောက်များလား”

“နေဦး၊ ငါ အခုချက်ချင်းပဲ ဒီနည်းလမ်းအတိုင်း ဆန်ပြုတ်တစ်အိုး သွားချက်လိုက်ဦးမယ်၊ ကောင်းရင် ပြန်လာပြောမယ်နော်”

“မင်းကို စောင့်နေမယ်၊ မြန်မြန်သွားတော့”

လင်းယန်သည် ဆွံ့အလျက် အသာလေး ငြိမ်နေမိတော့သည်။ ရန်အာဟူသည် ဒုတိယမြောက် တစ်ပန်းကန်အား အားရပါးရ စားပြီးနောက် ဗိုက်ကိုပွတ်ကာ လေတက်နေလေ၏။

လင်းယန်သည် သက်ပြင်းချကာ မေးလိုက်သည်။

“အဲဒီလောက်တောင် ကောင်းလို့လား”

ရန်အာဟူက အားမရသေးသည့်ပုံစံဖြင့် ခေါင်းညိတ်ပြကာ ပြန်ဖြေသည်။

“ကောင်းတာပေါ့၊ မင်း ဒီလောက် လက်ရာကောင်းမှန်း သိရင် နေ့တိုင်း မင်းဆီကို လာပြီး ကုန်းဆင်းနေတာ ကြာပြီ”

လင်းယန်သည် မျက်လုံးလှန်ပြလိုက်ကာ ပြောလိုက်သည်။

“မင်း ဗိုက်ဆာနေရင်တောင် ငါ့ဆီကို နေ့တိုင်းလာပြီး အဖြူလေးတို့ရဲ့ အစာကို လာလုစားနေလို့ မဖြစ်ဘူးလေ”

ရန်အာဟူသည် ဇဝေဇဝါဖြင့် မေးလိုက်သည်။

“အဖြူလေးဆိုတာ မင်းမွေးထားတဲ့ ဝက် မဟုတ်လား”

“ဟုတ်တယ်လေ၊ အဲဒါကြောင့် အခု မင်းစားလိုက်တာ ဘာလဲဆိုတာ သိပြီလား”

ထိုစကားအား ကြားလိုက်ရချိန်တွင် ရန်အာဟူသည် ရုပ်တုတစ်ခုကဲ့သို့ တောင့်ခဲသွားရလေသည်။ အခုလေးတင် သူအငမ်းမရ စားလိုက်သည်မှာ ဝက်စာများဖြစ်လေ၏။ စားနေစဥ်တွင် သတိမထားမိခဲ့ပေ။ခဏက လင်းယန် အတုံးအခဲများ တုံးနေစဥ် ကြည့်ရသည်မှာ တစ်ခုခုနဲ့ တူနေသလိုလို ထင်ခဲ့သည်။

ရန်အာဟူသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ ‌ချော်လဲရောထိုင်လိုက်ရတော့သည်။

“မင်းရဲ့ ချက်ပြုတ်တဲ့ လက်ရာကတော့ တကယ်ကို အံ့မခန်းပါပဲ၊ ဝက်စာကိုတောင် ဒီလောက်အရသာရှိအောင် ချက်နိုင်တယ်နော်”

လင်းယန်မှာ တစ်ခဏမျှ မှင်သက်သွားသည်။

“မင်းရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်၊ မင်း ပါဆယ်ထုပ်သွားချင်တယ်ဆို၊ ထည့်ဖို့ တစ်ခုခု ရှာပေးရမလား၊ ဒီအိုးအကြီးကြီးကိုတော့ အမွေးဖြူတို့လည်း ကုန်အောင် စားနိုင်မှာ မဟုတ်ဘူး”

ရန်အာဟူသည် ရှက်ကိုးရှက်ကန်းနှင့် ရယ်မောနေရရုံသာ တတ်နိုင်၏။ ဝက်စာမှန်း သိသွားပြီနောက် မည်သို့ ဆက်စားနိုင်တော့မည်နည်း။

ပို၍ ထိတ်လန့်သွားကြသည်မှာ Live ကြည့်နေသူများ ဖြစ်သည်။

“ဘာ... ငါက နည်းလမ်းတွေကို လိုက်မှတ်ထားတာ၊ အခုကျမှ ဒါက ဝက်စာတဲ့လား”

“တောက် ချက်ပြုတ်ပုံက ရင်းနှီးနေသလိုလိုတော့ ရှိသား၊ ငယ်ငယ်တုန်းက ငါ့အဘွား ဝက်စာကျွေးတာ ဒီပုံစံမျိုးပဲ”

“Host က ချက်ပြုတ်တဲ့နေရာမှာ သေသေချာချာ မလုပ်ဘူးလို့ ငါက ကွန်မန့်ပေးမလို့ပဲ ၊ ဝက်စာကျွေးဖို့ဆိုမှတော့ သေချာလုပ်နေစရာ ဘာအကြောင်းရှိမလဲ”

“ဒါဆို ငါတို့ အားတက်သရော ဆွေးနွေးနေကြတဲ့ နည်းလမ်းက ဝက်တွေစားဖို့အတွက်ပေါ့လေ”

“ခုနက သွားချက်မယ်ဆိုတဲ့လူကို အမြန်ပြန်ခေါ်ကြပါဦး၊ ဝက်စာတစ်အိုး သွားမချက်မိပါစေနဲ့”

“အဲဒီလူက ဒါကို ဝက်စာမှန်း သိသွားရင် စိတ်လေသွားမလား မသိဘူး”

“Host ရေ ဝက်စာချက်တာဆိုရင်လည်း ဝက်စာလိုပဲ ချက်ပါဗျာ၊ ဘာလို့ ဒီလောက်အထိ အနံ့အရသာနဲ့ ပြည့်စုံအောင် လုပ်နေရတာလဲ”

“ဟုတ်ပ၊ ဘယ်ဝက်က ဒီလောက်ကောင်းတာတွေ စားရလို့လဲ”

“ငါ ငယ်ငယ်တုန်းကတောင် ဒီလောက်ကောင်းကောင်း မစားခဲ့ရဘူး”

“မင်းရဲ့ ငယ်ဘဝကို ထားလိုက်ပါဦး၊ အခုအချိန်မှာတောင် ငါက ခေါက်ဆွဲခြောက်နဲ့ ဗိုက်ဖြည့်နေရတာ၊ ဒီဝက်တွေကတော့ လတ်ဆတ်တဲ့ လယ်ယာထွက်ကုန်တွေကို စားနေရပြီ”

လင်းယန်သည် ဝက်စာအားလုံးကို ပုံးကြီးနှစ်ပုံးထဲသို့ ထည့်လိုက်လေသည်။

“မင်းလည်း ရောက်နေတုန်း ဝက်စာကျွေးဖို့ ငါ့ကို ကူညီပါဦး”

ရန်အာဟူမှာ ဘာလုပ်ရမှန်း မသိတော့ဘဲ ကြောင်တောင်တောင်ဖြစ်နေလေသည်။

အခုအချိန်တွင် သူ ပြန်လှည့်ထွက်သွားလျှင် နောက်ကျသွားလေပြီထင်၏။ သူသည် ကျားသားပေါက်လေးများအား လာကြည့်ခြင်းဖြစ်သည်။ ယခု လင်းယန်၏အစေခံ ဖြစ်သွားရချေပြီ။

“တစ်နေကုန် ငါ့ကို ခိုင်းဖို့ပဲ သိတယ်၊ ဒါပေမဲ့ တကယ်ပြောတာပါ... မင်းဆီက ကျားလေးနှစ်ကောင်က တကယ်ကို ကြည့်ကောင်းတယ်နော်၊ တစ်ကောင်က အမွေးဖြူဖွေးနေတာပဲနော်၊ အရမ်းလှတာပဲ”

ကျားပေါက်လေးများသည် အလွန် ချစ်စရာကောင်းလှသဖြင့် သူတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်သည့်အချက်အား ရန်အာဟူ ခေတ္တမျှ မေ့လျော့သွားမိလေသည်။ သူသည် လက်ကိုဆန့်ကာ ကျားပေါက်လေးများကို သွားပွတ်မိစဉ်တွင် ကျားပေါက်လေးနှစ်ကောင် ချက်ချင်း သွားလေးများဖြဲကာ သူ့အား ဟိန်းဟောက်လိုက်လေ၏။

လက်ကို မြန်မြန် ပြန်မရုပ်နိုင်ခဲ့လျှင် လက်ချောင်းအချို့ ဆုံးရှုံးသွားနိုင်လောက်ပေသည်။

ရန်အာဟူသည် ချွေးစေးများထွက်လာရ၏။ ကျားပေါက်လေးများသည် ထိုသူစိမ်းအား လုံးဝ မနှစ်သက်ကြ၍ အသံမျိုးစုံပေးကာ နောက်မှ လိုက်လံ မောင်းထုတ်နေကြလေသည်။ ရန်အာဟူသည် ကြောက်လန့်တကြားဖြင့် ခြံဝန်းအတွင်း ပတ်ပြေးနေရရှာတော့၏။

“ကယ်ပါဦး လင်းယန်”

ထိုမြင်ကွင်းအားကြည့်ကာ လင်းယန် ရယ်ရခက် ငိုရခက် ဖြစ်သွားရလေသည်။

“အမွေးဖြူ အမွေးဝါ မင်းတို့ ဒီကိုလာကြ”

လင်းယန်၏ အသံအား ကြားရလျှင် ကျားပေါက်လေးနှစ်ကောင်သည် ဇဝေဇဝါဖြင့် ရပ်တန့်သွားကြ၏။ သူတို့နာမည်ခေါ်နေသည်ကို ခဏကြာမှ သိရှိသွားကြဟန် တူလေသည်။ ယခုဆိုလျှင် သူတို့သည် နာမည်ရှိသော ကျားလေးများ ဖြစ်နေကြလေ၏။

လင်းယန်သည် မျက်နှာကို တည်တည်တန့်တန့်ထားကာ ပြောလိုက်သည်။

“အဲဒါ ငါ့သူငယ်ချင်း၊ သူ့ကို မကိုက်ရဘူး သိလား၊ သူက မင်းတို့အတွက် ဒီနေ့ အစားအစာတွေတောင် သယ်လာပေးတာ၊ စကားနားမထောင်ရင် မင်းတို့ ဘာမှ စားရမှာ မဟုတ်ဘူးနော်”

ကျားပေါက်လေးနှစ်ကောင်သည် နားလည်သည့်ပုံစံဖြင့် ဝပ်ဆင်းသွားကြ၍ မျက်ဝန်းများသည်လည်း အပြစ်မကင်းသလို၊ သနားစဖွယ် အသွင်ပြောင်းသွားကြပြန်သည်။ လင်းယန်သည် သူတို့အတွက် ပြင်ဆင်ထားသော ကြက်သားနှစ်ကောင်အား ပစ်ပေးလိုက်၏။

“အရင်စားထားကြ၊ ငါ နောက်ဖေးသွားပြီး ဝက်စာသွားကျွေးလိုက်ဦးမယ်”

ရန်အာဟူသည် အလွန်အံ့သြသွားရသည်။ ကြီးပြင်းလာလျှင် တောတောင်၏ ဘုရင်များ ဖြစ်လာမည့် ထိုကျားလေးများသည် လင်းယန်၏စကားအား ထိုမျှအထိ မြေဝယ်မကျ နားထောင်ကြလိမ့်မည် သူမထင်ထားခဲ့ပေ။

“လင်းယန် မင်းစကားကို သူတို့ ဒီလောက်အထိ နားထောင်ကြတာ တကယ် အံ့သြစရာပဲ”

“အင်း... ငါမွေးထားတဲ့အကောင်က ငါ့စကား နားမထောင်လို့ ဘယ်ရပါ့မလဲ၊ ပြီးတော့ သူတို့မှာ နာမည်လည်း ရှိတယ်လေ”

ရန်အာဟူသည် စကားဆိုရန်မရှိတော့သော မျက်နှာထားနှင့် လင်းယန်၏ ကင်းပွန်းတပ် စွမ်းရည်ကို ဝေဖန်လိုက်သည်

“အမွေးဖြူ၊ အမွေးဝါ ဘယ်လို နာမည်အစုတ်အပြတ်တွေလဲ၊ တိရစ္ဆာန်ရုံက ကောင်တွေကို နာမည်ဘယ်လိုပေးသလဲဆိုတာ ကြည့်ဦးလေ၊ အနည်းဆုံးတော့ သင့်တော်တဲ့ နာမည်လေးတွေ ပေးသင့်တာပေါ့”

အွန်လိုင်းကြည့်ရှုသူများသည်လည်း ရန်အာဟူ၏ အချက်အား အထူး ထောက်ခံနေကြလေသည်။

“ဟုတ်ပါ့”

“ကျွန်တော်ကတော့ ‘ကျူကျူ’ လို့ပဲ ပေးချင်တယ်”

“ကျွန်တော်ကတော့ Host ပေးတဲ့ နာမည်လေးတွေက ချစ်ဖို့ကောင်းတယ်လို့ ထင်တယ်”

“အပေါ်ကလူက Host ရဲ့ အကောင့်ခွဲများလား၊ ထွက်သွားလိုက်တော့”

“ဝဝကစ်ကစ်လေးတွေမို့ ‘ဒိုဒို’ လို့ ခေါ်ရင်လည်း ရတာပဲ”

“ဘယ်နာမည်ဖြစ်ဖြစ် ရတယ်၊ အခုနာမည်တွေကိုတော့ မကြိုက်ဘူး”

“ဒါပေမဲ့ Host က ငါတို့ပြောတာကို နားထောင်ပါ့မလား”

လူများသည် မည်သို့ ပြောဆိုနေကြပါစေ လင်းယန်သည် သူဖြစ်ချင်သလိုသာ ဆက်၍ ဆောင်ရွက်နေလေသည်။ ဝက်ခြံထဲမှ ဝက်ကလေးများအား ကြည့်ရင်း သူသည် ဂုဏ်ယူမှု တစ်ရပ်ကို ခံစားနေရ၏။

“တစ်လခွဲလောက် မွေးပြီးတော့ တော်တော်လေး ထွားလာကြပြီပဲ”

ရန်အာဟူသည် ပင်ပန်းလွန်းသဖြင့် ချွေးများရွဲနေပြီ ဖြစ်၏။

“မင်းရဲ့ ဝက်တွေက တကယ် ထွားတာပဲ ၊အချိန်တန်ရင်တော့ ဝက်နောက်ခြေတစ်ဖက် ငါ့အတွက် ချန်ထားဖို့ မမေ့နဲ့ဦး၊ ဒီဝက်တွေကို မင်းအတွက် ငါ ဝယ်ပေးခဲ့တာနော်”

လင်းယန်သည် စကားပြန်မပြောဘဲ ကင်မရာအား ဝက်ခြံဘက်သို့ လှည့်ပြလိုက်သည်။ ထိုအခါမှ ကြည့်ရှုသူများသည် ဝက်ခြံအတွင်းရှိ သန့်ရှင်းသပ်ရပ်နေသော ဝက်ကလေးများအား မြင်တွေ့ရတော့၏။ သာမန် ဝက်ခြံများကဲ့သို့ ညစ်ပတ်မနေပဲ အမြဲသန့်ရှင်းရေး လုပ်ထားသည်မှာ ထင်ရှားလှပေသည်။

လင်းယန်သည် ဝက်စာများကို ကျင်းထဲသို့ လောင်းထည့်လိုက်၏။ ဝက်ကလေးများသည် အစားအစာများကို မြင်သည်နှင့် မျက်လုံးများ တောက်ပလာကာ ပြေးလာကြတော့သည်။

“အူး... ဝူး”

အမွေးဝါနှင့် အမွေးဖြူတို့သည် မည်သည့်အချိန်တွင် ရောက်လာကြသည်မသိ၊ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြလေသည်။ ဝက်ကလေးများသည် ထိုအသံအား ကြားသည်နှင့် အစားအစာများကို ပစ်ထားခဲ့ကာ ထောင့်တစ်နေရာတွင် ကြောက်လန့်တကြား စုပြုံနေကြတော့၏။

လင်းယန်သည် ကျားပေါက်လေးနှစ်ကောင်အား တစ်ဖက်စီ ဆွဲမလိုက်ကာ နေရာရွှေ့လိုက်သည်။

“ရှေ့ကိုသွားပြီး ဆော့ကြ၊ ဒီမှာ လာပြီး ပြဿနာမရှာနဲ့”

သူသည် နောက်ဖေးခြံဝန်းတွင် ဝက်များသာမက ကြက်၊ ဘဲ၊ ငန်းနှင့် ရေကန်ငယ်လေးတစ်ခုပါ ပြုလုပ်ထားလေသည်။ အကယ်၍ ထိုကလေးနှစ်ကောင်သသည် ထိုနေရာတွင် လျှောက်ပြေးနေမည်ဆိုလျှင် ကျန်တိရစ္ဆာန်လေးများသည် ကြောက်လန့်၍ သေကုန်ကြပေလိမ့်မည်။

အမွေးဖြူနှင့် အမွေးဝါတို့သည် မကျေမနပ်ဖြစ်ကာ လင်းယန်၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေကြ၏။

လင်းယန်သည် သူတို့၏ ဖင်လေးအား နှစ်ချက်ခန့် အသာပုတ်လိုက်ကာ ခပ်ပြတ်ပြတ် ကြိမ်းဝါးလိုက်၏။

“စကားနားမထောင်ရင်တော့ နာမယ်နော်”

All Chapters