← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀)

အွန်လိုင်းပေါ်တွင် လူကြိုက်အများဆုံး တိရစ္ဆာန်အား ရွေးချယ်ရန် ရွေးကောက်ပွဲတစ်ခု ပြုလုပ်ခဲ့ရာ အမွေးဖြူနှင့် အမွေးဝါတို့ ရရှိသော မဲအရေအတွက်သည် မျောက်ကြီးရရှိသော မဲအရေအတွက်ထက် ရာဂဏန်းခန့် လျော့နည်းနေသည်။ ရန်အာဟူသည် သူ၏ဖုန်းကို ကိုင်ထား၍ တတွတ်တွတ် ရေရွတ်နေ၏။

“ဘာလို့ ဒီရွေးကောက်ခံတဲ့အထဲမှာ ဝက်ကလေးတွေကို မထည့်ထားတာလဲ၊ ဒါက ဝက်တွေကို ခွဲခြားဆက်ဆံတာ မဟုတ်ဘူးလား”

“ဘာတွေ တစ်ယောက်တည်း ပွစိပွစိ ပြောနေတာလဲ အဆင်သင့်ဖြစ်ပြီလား၊ ဒီနေ့တော့ ငါတို့ စပျစ်သီးသွားမဆွတ်တော့ဘူး၊ မင်းတို့အိမ်ကို သွားကြမယ်”

ရန်အာဟူသည် ဇဝေဇဝါဖြင့် မျက်လုံးအစုံအားပွတ်လျက် မေးမြန်းလေသည်။

“ငါတို့အိမ်ကို ဘာသွားလုပ်မှာလဲ”

“မင်းအဖေက ငါ့ကို ကျေးဇူးတင်တဲ့အနေနဲ့ နွားပေါက် သုံးကောင် ပေးမယ်လို့ မနေ့ညက ဖုန်းဆက်ပြောတယ်၊ ငါ့ရဲ့ လယ်တောအိမ်မှာလည်း နွားမရှိသေးတာနဲ့ အတော်ပဲပေါ့၊ အဲဒီနွားတွေကို ကျောင်းရမယ့်တာဝန်ကိုတော့ မင်းပဲ ယူလိုက်တော့”

လင်းယန်သည် ရန်အာဟူ၏ ပုခုံးအား တည်ငြိမ်စွာ ပုတ်၍ ပြောလိုက်သည်။

“ငါ့အဖေက မင်းကို ဘာအတွက် ကျေးဇူးတင်ရတာလဲ”

“သူ့ရဲ့ တစ်ဦးတည်းသောသားကို အလုပ်ပေးပြီး လမ်းသရဲဘဝကနေ ကယ်တင်ပေးလိုက်လို့ပေါ့”

ရန်အာဟူသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် အားရပါးရ ပြုံးလိုက်တော့၏။

“ကောင်းတာပေါ့၊ နွားပေါက် သုံးကောင်ဆိုတာ တန်ဖိုးနည်းတာ မဟုတ်ဘူး၊ အဲဒီအဘိုးကြီးက အလကားပေးမယ်ဆိုရင်တော့ ငါတို့ လယ်တောအိမ်အတွက် ‌ငွေသက်သာတာပေါ့”

လင်းယန် မှာ တစ်ခဏမျှ ငြိမ်သက်သွားသည်။

မဟုတ်သေးချေ၊ တစ်ခုခုတော့ မှားနေပြီ ဖြစ်၏။ ထိုသူမှာ ရန်အာဟူ၏ ဖခင်အရင်းခေါက်ခေါက် မဟုတ်ပါလော။

“မင်းက ဘာလို့အမြဲတမ်း သူစိမ်းဘက်ကပဲ ပါနေရတာလဲ”

ရန်အာဟူသည် နှုတ်ခမ်းဆူကာ ထိုကဲ့သို့ပြောလိုက်သည်။

“ဒါမျိုးတော့ ငါမကြားချင်ဘူး၊ မင်းက ကျားကိုတောင် ယဉ်ပါးအောင် လုပ်နိုင်တဲ့လူပဲ၊ ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ အစ်ကိုအရင်းပဲ၊ ငါ့အစ်ကိုက ကျားကို ဆုံးမနိုင်တယ်ဆိုတဲ့ သတင်းသာ ပျံ့သွားရင် ဘယ်လောက်တောင် ဂုဏ်ရှိလိုက်မလဲ”

လင်းယန်သည် စကား မဆိုနိုင်တော့၍ သူ၏ ဘောင်းဘီအိတ်ထဲရှိ ဖုန်းသည်လည်း အဆက်မပြတ် တုန်ခါနေသည်အား သတိပြုမိလိုက်၏။ ကြည့်ရှုသူပရိသတ်များသည် သူ့အား တိုက်ရိုက်ထုတ်လွှင့်မှု အမြန်စတင်ရန် တိုက်တွန်းနေကြခြင်း ဖြစ်သည်။

သူသည် ယနေ့တွင် အရေးကြီးသော ကိစ္စများ ရှိနေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အကြောင်းကြားစာ တစ်စောင်အား တင်လိုက်၏။

မကြာမီ ရရှိတော့မည့် နွားပေါက် သုံးကောင်အား တွေးတောရင်း လင်းယန်၏ ခြေလှမ်းများ ပေါ့ပါးသွက်လက်နေတော့သည်။ ရန်အာဟူ၏ ဖခင်သည် ရွာတွင် အိမ်မွေးတိရစ္ဆာန် မွေးမြူရေး လုပ်ငန်းအား အကြီးအကျယ် လုပ်ကိုင်သူဖြစ်၍ ထိုသို့ နွားပေါက် သုံးကောင်ကို လက်မတွန့်ဘဲ ပေးနိုင်ခြင်း ဖြစ်၏။ လက်ရှိ ဈေးကွက်ပေါက်ဈေးအရ နွားပေါက်များသည် ဈေးမနည်းလှပေ။ တစ်ကောင်လျှင် ယွမ် သုံးထောင်ခန့် ရရှိနိုင်သည်။

ရန်အာဟူ၏ ဖခင်သည် လင်းယန်အား အမှန်တကယ် ယုံကြည်ကိုးစားပုံရ၏။ သူတို့ ပြန်ခါနီးတွင် လင်းယန်၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်လျက် အလေးအနက်မှာကြားလေသည်။

“လင်းယန်လေး မင်းကို ငယ်ငယ်ကတည်းက ငါကြည့်လာတာ၊ မင်းက တကယ်ကို စိတ်ဓာတ်ခိုင်မာတဲ့ ကလေးတစ်ယောက်ပဲ ၊ နောက်ဆိုရင်တော့ ငါ့ရဲ့သားအူတူတူလေးကို ပဲ့ပြင်ပေးဖို့ မင်းကိုပဲ အားကိုးရတော့မယ်”

သူတို့ လမ်းအတော်အတန် လျှောက်လာပြီးနောက် ရန်အာဟူသည် စတင်ညည်းတွားတော့၏။

“ငါ ဘာလို့ အိမ်မပြန်ချင်တာလဲဆိုတာ အခုတော့ မင်းသိပြီလား၊ ငါ့မိဘတွေရဲ့ ပွစိပွစိ ပြောတာတွေက တကယ်ကို နားငြီးဖို့ ကောင်းတယ် ၊ငါ့ကိုတော့ စိတ်လေအောင် လုပ်နေကြတာပဲ”

လင်းယန်သည် အသာအယာ ရယ်မောလိုက်၏။ သူသည် မြက်ပင်တစ်ပင်ကို ပါးစပ်တွင် ကိုက်ထား၍ လက်နှစ်ဖက်အား ခေါင်းနောက်တွင် ပိုက်ကာ အေးအေးလူလူလမ်းလျှောက်နေစဥ် သူတို့၏ ရှေ့တွင် နွားပေါက် သုံးကောင်ရှိနေ၏။ သူသည် မျက်ဝန်းအစုံအား မှေးစင်းကာ တိုက်ခတ်လာသော လေညင်းကို သက်သောင့်သက်သာ ခံစားနေမိသည်။

“မင်းကတော့ ကျိတ်ပြီး ဝမ်းသာနေသင့်တာပေါ့”

သူသည် မိဘမေတ္တာအား တစ်ခါမျှ မခံစားဖူးခဲ့ချေ။ မိဘများသည် သူ့ကို မွေးဖွားပြီးသည်နှင့် ပျောက်ကွယ်သွားခဲ့ကြသဖြင့် အဘိုးဖြစ်သူကသာ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘဝက အကျချည်းမဟုတ်ပါချေ၊ အတက်လည်းရှိသေး၏။ အဘိုးကွယ်လွန်ပြီးနောက် အဘိုးချန်ရစ်ခဲ့သော လယ်ယာမြေများအား ထိန်းသိမ်းစောင့်ရှောက်၍ သူကောင်းမွန်စွာ ရှင်သန်နိုင်ခဲ့သည် မဟုတ်ပါလော။

“မူး... မူး... မူး”

လမ်းခုလတ်တွင် နွားပေါက် သုံးကောင်သည် ရုတ်တရက် ရပ်တန့်သွားကြ၏။ နွားပေါက်များသည် လမ်းအလယ်တွင် ရပ်ကာ အော်ဟစ်နေကြလေသည်။

ရန်အာဟူသည် တုတ်ဖြင့် နွားများ၏ ကျောအား ရိုက်နှက်ကာ မောင်းလေသည်။

“ဘာလို့ လမ်းအလယ်မှာ ပိတ်ရပ်နေတာလဲ၊ ဟာ... ဒီကောင်တွေ လမ်းအလယ်မှာ မစင်စွန့်ဖို့များ ကြံနေတာလား”

ထိုမြင်ကွင်းကိုမြင်သော လင်းယန်သည် ရန်အာဟူကို မဲ့လေသည်။

“မင်း နည်းနည်းလောက် ယဉ်ယဉ်ကျေးကျေး မပြောနိုင်ဘူးလား”

သူသည် နွားပေါက်များ၏ မျက်ဝန်းအား စိုက်ကြည့်လိုက်ပြီးနောက် ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးကာ ထိုသို့ချော့လိုက်၏။

“မဆော့ကြနဲ့တော့၊ သွားကြစို့၊ အိမ်ရောက်ရင် မင်းတို့ကို ကောင်းတာတွေ ကျွေးမယ်”

ထို့နောက် နတ်ရေစင် အနည်းငယ်ကို လက်ဖဝါးပေါ် တင်၍ နွားသုံးကောင်စလုံးအား တိုက်ကျွေးလိုက်၏။

“လင်းယန်... မင်းက နွားမမွေးဖူးတော့ မသိတာပါ၊ ဒီရေလေး နည်းနည်းနဲ့တော့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး၊ ရှေ့မှာ မြစ်ရှိတယ်၊ သူတို့ သောက်ချင်ရင် အဲဒီကို မောင်းသွားလိုက်”

“မလိုပါဘူး”

လင်းယန်သည် အသာအယာ ပြုံးလိုက်ကာ ပြန်ပြောလိုက်၏။

ချက်ချင်းဆိုသလိုပင် နွားပေါက် သုံးကောင်သည် လိမ္မာယဉ်ကျေးစွာဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားကြ၍ ရန်အာဟူသည် မှင်သက်လျက် ကျန်ရစ်ခဲ့၏။

“မဖြစ်နိုင်တာ...၊ ငါ ငယ်ငယ်ကတည်းက နွားကျောင်းလာတာ၊ ဒီလောက် လိမ္မာတဲ့နွားမျိုး တစ်ခါမှ မတွေ့ဖူးဘူး”

လူတိုင်းသည် ခွေးများက လူသားများနှင့် အနီးစပ်ဆုံးဖြစ်သည်အား ပြောလေ့ရှိကြသော်လည်း ရန်အာဟူမှာ နွားအုပ်များကြားတွင် ကြီးပြင်းလာသူဖြစ်၏။

သူသည် သူ၏ဖခင်ကဲ့သို့ ကျွမ်းကျင်မှု အပြည့်အဝ မရှိသော်လည်း နွားများ၏ သဘာဝကို အတိုင်းအတာတစ်ခုအထိ နားလည် ယုံကြည်ထားသူဖြစ်သည်။

နွားဆိုသည်မှာ ရိုးသား၍ အားကိုးထိုက်သည့်အပြင် ညည်းတွားခြင်းမရှိဘဲ အလုပ်လုပ်တတ်ကြသည့်အပြင် စိတ်ခံစားချက် အလွန်နည်းပါးကြသည်။

သို့သော် တစ်ခါတစ်ရံ စိတ်ဆိုးမာန်ဆိုး ဖြစ်လာမည်ဆိုလျှင် ချော့မော့ရန် အလွန်ခက်ခဲလှပေသည်။ အထူးသဖြင့် မိခင်နှင့် လတ်တလော ခွဲခွာလာရသော နွားပေါက်လေးများသည် စိမ်းသက်သော ပတ်ဝန်းကျင်တွင် ထိုမျှအထိ ငြိမ်သက်နေလိမ့်မည် မဟုတ်ပေ။

သို့သော် မည်သည့်တိရစ္ဆာန်မဆို လင်းယန်နှင့် တွေ့လျှင် ထူးဆန်းစွာ ယဉ်ပါးသွားကြသည်မှာ အမှန်ဖြစ်၏။ လင်းယန်တွင် တိရစ္ဆာန်များအား ဆွဲဆောင်နိုင်သော သဘာဝစွမ်းအား တစ်ခုခု ရှိနေမည်ထင်သည်။

တောတောင်၏ ဘုရင်ပင်လျှင် လင်းယန်၏ လက်ထဲတွင် လိမ္မာနေသည် မဟုတ်လော။ သူ၏ဖခင်သည် နွားများကို ကြိုးချည်ရန် ပြင်ဆင်စဉ် လင်းယန်သည် မလိုကြောင်း ငြင်းဆန်ခဲ့သည်အား သူ ယခုမှ နားလည်သွားတော့၏။

“နေဦး... ငါ့ကို စောင့်ပါဦး”

သူ ငေးမှိုင်နေစဉ် လင်းယန်သည် နွားများအား မောင်းနှင်ကာ အဝေးသို့ ရောက်ရှိသွားလေပြီ။ ထိုအချိန်တွင် လင်းယန်၏ အိမ်ရှေ့သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်အချို့ ရှိနေလေသည်။

“ဘာလို့ ဘယ်သူမှ တံခါးလာမဖွင့်ပေးတာလဲ”

“သူတို့ တမင်သက်သက် ငါတို့ကို တံခါးမဖွင့်ပေးတာများလား”

All Chapters