← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း (၁၁)

ဝမ်တာလီသည် စဉ်းစားမရသဖြင့် ခေါင်းကုတ်၍ ရေရွတ်လိုက်သည်။

"ဒါတော့ မဖြစ်နိုင်ဘူး၊ မနက်စောစောစီးစီး သူ ဘယ်များ သွားနေပါလိမ့်"

၎င်းတို့သည် လင်းယန်မှတစ်ပါး ထိုကျေးရွာရှိ ကျန်ရှိသော ပြိုင်ပွဲဝင် လေးဦးပင် ဖြစ်ကြ၏။ ဝမ်တာလီသည် ရွာထွက် လယ်ယာထွက်ကုန်များကို ရောင်းချသူဖြစ်၍ သူ၏ ထုပ်ပိုးမှုနှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်မှုကြောင့် သူ၏ ကုန်ပစ္စည်းများသည် အမြဲတစေ ဝယ်လိုအား မြင့်မားကာ ရောင်းမလောက်အောင်ပင် ဖြစ်နေသည်။

ထို့ကြောင့် သူသည် ကျန်ရှိသော ပြိုင်ပွဲဝင် ငါးဦး၏ ယုံကြည်မှုကို ရရှိထားရုံသာမက ၎င်းတို့ထဲတွင် လူကြိုက်အများဆုံး ပုဂ္ဂိုလ်လည်း ဖြစ်နေသည်။

ဝမ်တာလီသည် ထိုအဖွဲ့ထဲတွင် အလွန်ပင် လေးစားခြင်း ခံရသူဖြစ်၏။ သို့သော် ထိုအဖွဲ့ဆိုသည်မှာလည်း ယခု ရှေ့တွင် ရောက်ရှိနေသော လူသုံးဦးကိုသာ ဆိုလိုခြင်းဖြစ်သည်။

ပထမဦးဆုံးနေ့တွင် ထုတ်လုပ်ရေးအဖွဲ့က လူစုပေးသည့် အချိန်မှလွဲ၍ လင်းယန်သည် ဝမ်တာလီတို့နှင့် အတူတကွ မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့ အချင်းချင်း လူစုလူဝေး ပြုလုပ်သည့် အခါတိုင်းတွင်လည်း မည်သူကမျှ လင်းယန်ကို ဖိတ်ကြားခြင်း မပြုခဲ့ကြပေ။

၎င်းတို့အားလုံးသည် အေးအေးဆေးဆေး နေတတ်သော ထိုတောသားလေးကို အလိုအလျောက်ပင် လျစ်လျူရှုထားခဲ့ကြလေသည်။

သို့သော် မည်သူကမျှ မျှော်လင့်မထားခဲ့သောအရာတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းတို့ အထင်သေးထားခဲ့သော ပြိုင်ဘက်ဟောင်းလေးသည် တစ်ညတည်းနှင့်ပင် တစ်ဟုန်ထိုး နာမည်ကျော်ကြားလာခဲ့ခြင်းပင် ဖြစ်၏။

သူ၏ လူကြိုက်များမှုသည် အခြားသူများထက် များစွာ သာလွန်နေတော့သည်။ ဤအရှိန်အဟုန်အတိုင်း ဆက်လက် သွားနေပါက သူသည် လူအများ၏ စိတ်ဝင်စားမှုကို အရင်းအနှီးပြု၍ အကျိုးအမြတ် ရှာဖွေနိုင်သည့် အခွင့်အရေး ရရှိသွားမည်ဖြစ်ပြီး ၎င်းတို့မှာကား ကံဆိုးမိုးမှောင်ကျသွားနိုင်သည်။

မနေ့ညက ထိုသူ လေးဦးသည် နှစ်နာရီကြာအောင် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးနောက် နောက်ဆုံး၌ ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။ အင်တာနက် စာမျက်နှာများပေါ်တွင်ဖော်ပြနေကြသည်မှာ အလွန်ပင် ထူးဆန်းလှ၏။ ကျားတစ်ကောင်သည် တောရိုင်းတိရစ္ဆာန်လော သို့မဟုတ် တိရစ္ဆာန်ဥယျာဉ်တွင် မွေးမြူထားခြင်းလော ဆိုသည်မှာ တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

အကယ်၍ လင်းယန်၏ ထုတ်လွှင့်မှု၌ပါသော သတ္တဝါတို့သည် တိရစ္ဆာန်ဥယျာဉ်မှ မွေးမြူထားသော သတ္တဝါများဖြစ်ပါက အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ထံသို့ မဖြစ်မနေ တိုင်ကြားရမည် ဖြစ်၏။ မတရားသော မည်သည့် နည်းလမ်းဖြင့်မျှ ပြိုင်ပွဲတွင် အနိုင်ရအောင် မကြိုးစားစေလိုကြပေ။ ဆုကြေးငွေ သန်း (၃၀) ဆိုသည်မှာ မည်သူမျှ ငြင်းပယ်နိုင်စွမ်းမရှိသော ပမာဏတစ်ခု ဖြစ်သည်။

"အတွင်းထဲဝင်ပြီး ကြည့်ကြတာပေါ့"

လင်းယန်သည် အိမ်တံခါးကို ပိတ်ထားခြင်း မရှိသဖြင့် ဝမ်တာလီက တွန်းဖွင့်လိုက်လေသည်။ ၎င်းတို့သည် အိမ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ဝင်းခြံအတွင်း လှည့်လည် ကြည့်ရှုကြ၏။

ဝင်းခြံသည် စတုရန်းမီတာ ၁၀၀ ခန့် ကျယ်ဝန်း၍ ဘယ်ဘက်ခြမ်းတွင် မီးဖိုချောင်နှင့်တူသော သစ်သားအိမ်လေး တစ်လုံး ရှိလေသည်။ ညာဘက်တွင်မူ ခွေးအိမ်လေး တစ်လုံးကို ဆောက်လုပ်ထား၏။ လင်းယန်၏ ဟတ်စကီးခွေးလေးမှာ ထိုအိမ်အတွင်း၌ ငိုက်နေသည်။

ဒဏ္ဍာရီလာ ကျားပေါက်ကလေး နှစ်ကောင်မှာမူ အရိပ်အယောင်မျှပင် မတွေ့ရတော့ဘဲ ပျောက်ကွယ်နေတော့သည်။ ထိုအစား ကြက်၊ ဘဲနှင့် ငန်းများသာ ဝင်းခြံအတွင်း၌ လှည့်လည် သွားလာနေကြ၏။

၎င်းတို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဝင်းခြံအတွင်းရှိ တိရစ္ဆာန်များက သတိပြုမိသွားကြလေသည်။ အထူးသဖြင့် ထိုငန်းကြီးများပင် ဖြစ်၏။

"ဂတ်... ဂတ်... ဂတ်"

ငန်းကြီးသည် ဦးခေါင်းကို မြှင့်ကာ မျက်လုံးများကို စူးရှစွာ ထားကာ ၎င်းတို့ရှေ့သို့ လျှောက်လှမ်းလာလေသည်။ ထိုသူစိမ်းများ မည်သည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသနည်း စုံစမ်းနေသည့်အလား ထင်မှတ်ရ၏။

ဟန်ဟော့သည်လည်း ထိုဆူညံသံကြောင့် နိုးလာပြီး နားရွက်များ ထောင်ကာ မျက်လုံးများတွင် ‌ဒေါသရောင် တလဲ့လဲ့ တောက်နေတော့သည်။

ဝမ်တာလီသည် ကြောက်ရွံ့လွန်းသဖြင့် တံတွေးကို အနိုင်နိုင် မျိုချကာ မလှုပ်ရဲတော့ဘဲ ရပ်နေမိတော့သည်။ ကျန်ရှိသော သုံးဦးမှာလည်း စိုးရိမ်စိတ်များကြောင့် ဂဏာမငြိမ် ဖြစ်နေကြ၏။ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ရှုလီက ဝမ်တာလီ၏ အနားသို့ တုန်တုန်ရင်ရင်ဖြင့် တိုးကပ်လာကာ ဆိုလိုက်သည်။

"ဒီမှာ ကျားပေါက်ကလေးတွေကို မတွေ့ရပါလား"

"ဒီကျားပေါက်နှစ်ကောင်က လူအများ စိတ်ဝင်စားအောင် လုပ်ထားတဲ့ လှည့်ကွက်သက်သက်ပဲလား၊ လင်းယန်ကို နာမည်ကြီးအောင် လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ပဲ မဟုတ်လား"

ဝူအန်းနှင့် လီတင်းတို့ကလည်း ခေါင်းညိတ် ထောက်ခံကြ၍ ဆိုလိုက်သည်။

"ငါတို့ ဒါကို ထုတ်လုပ်ရေးအဖွဲ့ကို သေချာပေါက် ပြောပြရမယ်"

ဝမ်တာလီ၏ မျက်လုံးများက အရောင်တောက်သွားပြီးဆိုလိုက်သည်။

"တကယ်လို့ ငါတို့ သံသယရှိသလိုသာ မှန်နေမယ်ဆိုရင်၊ ထုတ်လုပ်ရေးအဖွဲ့ကို သွားပြောရင်ကော သူတို့က ငါတို့ဘက်က ရပ်တည်ပေးပါ့မလား၊ ငါတို့က သာမန်လူတွေပဲလေ၊ ထုတ်လုပ်ရေးအဖွဲ့ကလည်း ဒီလောက်ထိ လူပြောများအောင် ဖန်တီးနိုင်မှတော့ သူတို့ကို ထိခိုက်အောင် လုပ်ဖို့ သတ္တိရှိပါ့မလား”

ထိုစကားများကြောင့် ကျန်သုံးဦးမှာ လက်သီးကို တင်းတင်းဆုပ်လိုက်ကြလေသည်။ ဦးခေါင်းကြီးကာ နားရွက်ကြီးသော ဝူအန်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"တာလီ၊ မင်းက ဘယ်လိုလုပ်စေချင်လဲ၊ ဒီကောင်လေးက ငါတို့ကို ဒီလိုမျိုး လာစော်ကားတာကိုတော့ ငြိမ်ခံနေလို့ မရဘူး မဟုတ်လား၊ မင်းက ငါတို့ထဲမှာ အတော်ဆုံးပဲ၊ တကယ်လို့ မင်းသာ ပထမရမယ်ဆိုရင် ငါတို့ ဘာမှ မကန့်ကွက်ပါဘူး၊ ဒါပေမဲ့ ဒီလူသစ်ကောင်လေးက ဘာအရည်အချင်းရှိလို့ ဒီလို လုပ်ခွင့်ရနေရတာလဲ”

ဝူအန်းသည် ဝမ်တာလီထက် အသက်အနည်းငယ် ပိုကြီးသူဖြစ်၏။ ကျေးရွာသို့ ရောက်ရှိလာပြီးနောက် မည်သို့ အသက်မွေးရမည်ကို မသိဖြစ်နေစဉ် ဝမ်တာလီက ကျေးရွာအတွင်း၌ အင်တာနက် ကဖေးဆိုင်လေး ဖွင့်လှစ်ရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

သူ၏ အင်တာနက် ကဖေးဆိုင်သည် လျင်မြန်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး စီးပွားရေးမှာလည်း အမှန်တကယ်ပင် ကောင်းမွန်လှ၏။ အမှန်စင်စစ် ရှီးရွှေကျေးရွာသည် အိမ်ခြေ ၅၀၀ နီးပါး ရှိသော ရွာကြီးတစ်ရွာ ဖြစ်ပေသည်။ ထို့ကြောင့် အင်တာနက် အသုံးပြုလိုသူများ များပြားလှပြီး ပြိုင်ဘက်မရှိသော တစ်ဦးတည်းသော လုပ်ငန်း ဖြစ်နေလေသည်။

ချီးကျူးစကားကြောင့် ဝမ်တာလီသည် စိတ်ထဲ၌ လွန်စွာ ဝမ်းမြောက်သွားသော်လည်း မျက်နှာတွင်မူ ဟန်မပျက်ဘဲ ပြောလိုက်သည်။

"အဲဒီလိုတော့ မပြောပါနဲ့၊ ဒီပြိုင်ပွဲက တစ်ဦးချင်းစီရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တာပါ”

ရှုလီက နှုတ်ခမ်းကို မဲ့ကာ မေးလိုက်သည်။

"ဟုတ်တာပေါ့၊ လူတိုင်းက ကိုယ့်အရည်အချင်းနဲ့ကိုယ် ကြိုးစားကြတာပဲ၊ ငါတို့တောင် ကိုယ့်အားကိုယ်ကိုးနေတာ၊ သူက ဘာလို့ ဖြတ်လမ်းနည်း သုံးရတာလဲ”

လီတင်းက အကြံပေးလိုက်သည်။

"ထုတ်လုပ်ရေးအဖွဲ့က တမင်တကာ ဖုံးကွယ်ပေးထားတယ်ဆိုမှတော့ ငါတို့က ဒါတွေကို အင်တာနက်ပေါ်မှာ ဖွင့်ချလိုက်ရင် မကောင်းဘူးလား။ ပရိသတ်တွေနဲ့ အင်တာနက် အသုံးပြုသူတွေ သိသွားရင် ထုတ်လုပ်ရေးအဖွဲ့လည်း အများရဲ့ ဖိအားကို ခံနိုင်မှာ မဟုတ်တော့ဘူး။ ဒါက သူ့ကို ပြိုင်ပွဲကနေ မောင်းထုတ်ဖို့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်လိမ့်မယ်”

ထိုစကားကို ကြားသောအခါ လူသုံးဦးစလုံး၏ မျက်နှာများမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားကြလေသည်။ အကယ်၍ လင်းယန်သာ ပြိုင်ပွဲမှ ထွက်ခွာသွားပါက ၎င်းတို့အတွက် ပြိုင်ဘက်တစ်ဦး လျော့နည်းသွားမည် ဖြစ်သဖြင့် ကောင်းသော အချက်ဖြစ်ကြောင်း ဝူအန်းက ပထမဆုံး ထောက်ခံလိုက်သည်၊

"ဒါ အကြံကောင်းပဲ၊ ငါတို့ အခုပဲ လိုက်ဖ်လွှင့်ကြရအောင်။ လင်းယန်ရဲ့ ရုပ်ဆိုးလှတဲ့ မျက်နှာဖုံးကို ခွာချကြတာပေါ့”

ရှုလီက နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။

"ငါတို့လို အပျော်တမ်း အစီအစဉ်မှာ ဒီလောက်အထိ ညစ်ပတ်တဲ့လူတွေ ပါနေမယ်လို့ မထင်ထားခဲ့ဘူး”

ဝမ်တာလီက သက်ပြင်းချလျက် ပြောလိုက်သည်။

"အားလုံးက အဲဒီလို ဖြစ်စေချင်မှတော့ လိုက်ဖ်လွှင့်ကြတာပေါ့”

ဝူအန်းက သူ၏ ကိုယ်ပိုင်အကောင့်ဖြင့် လိုက်ဖ်လွှင့်ရန် အကြံပြုလေသည်။ ဝမ်တာလီကလည်း ငြင်းပယ်ခြင်း မရှိပေ။ ဝူအန်း၏ စိတ်ကူးကို သိနေကြသည်။ ၎င်းတို့သည် ဤအခွင့်အရေးကို အသုံးချ၍ ပရိသတ်အသစ်များ ရရှိရန် ကြိုးပမ်းနေခြင်းသာ ဖြစ်၏။

"လင်းယန် မွေးမြူထားသော ကျားပေါက်ကလေးများ၏ နောက်ကွယ်ရှိ အရင်းရှင်တို့၏ လှည့်ကွက်များကို ဖွင့်ချခြင်း!"

ဤခေါင်းစဉ်သည် လူတို့၏ အာရုံကို အလွန် ဆွဲဆောင်နိုင်သောကြောင့် လိုက်ဖ်လွှင့်သည်နှင့် တစ်ပြိုင်နက် ပရိသတ်များနှင့် လမ်းကြုံ ဝင်ကြည့်သူ အမြောက်အမြား ဝင်ရောက်လာကြလေသည်။

"ဒါ လင်းယန်နဲ့ အစီအစဉ်တစ်ခုတည်းမှာ ပါတဲ့ ပြိုင်ပွဲဝင် မဟုတ်လား”

"ဪ... မှတ်မိပြီ၊ ရွာထဲမှာ အင်တာနက်ဆိုင် ဖွင့်ထားတဲ့လူ မဟုတ်လား”

"ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ဒီစာသားရဲ့ အဓိပ္ပာယ်ကိုပဲ သိချင်တယ်”

"အရင်းရှင်တွေ နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ ဘာကို ပြောတာလဲ”

"ဒီနေ့တော့ ပွဲကောင်း ကြည့်ရတော့မယ်”

"တခြား ဘာရှိဦးမှာလဲ၊ စာသားအတိုင်းပဲပေါ့”

"ဒီနေရာက ရင်းနှီးနေသလိုပဲ၊ လင်းယန်ရဲ့ အိမ် မဟုတ်လား”

"မင်းတို့က လင်းယန် အိမ်ထဲကို ခိုးဝင်သွားကြတာလား”

"သနားစရာ လင်းယန်၊ အခြားသူတွေ သူ့အိမ်ကို ကျူးကျော်နေတာကိုတောင် သူသိမှာ မဟုတ်ဘူး”

"ဘာထူးခြားတာတွေ ရှိလဲ၊ ငါတော့ ထိုင်ခုံလေးနဲ့ အသင့်စောင့်နေပြီ”

ဝူအန်းသည် ပရိသတ်များရှေ့တွင် ကြွားဝါချင်သဖြင့် ပြောလိုက်သည်။

"အားလုံးပဲ သိချင်နေကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒီနေ့ ကျွန်တော် ဝူအန်းက ခင်ဗျားတို့ကို အမှန်တရား ရှာဖွေပေးဖို့ ရောက်နေတာပါ၊ လင်းယန် မွေးထားတဲ့ ကျားပေါက်နှစ်ကောင်ဟာ တောရိုင်းတိရစ္ဆာန်တွေ လုံးဝ မဟုတ်ပါဘူး၊ ဒါဟာ သူ့ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ သူ နဲ့ နောက်ကွယ်က အရင်းရှင်တွေနဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ လှည့်ကွက်တစ်ခုသာ ဖြစ်ပါတယ်”

All Chapters