← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄)

"ဟေ... လင်းယန်၊ ဒါ တောဝက်ကြီးတစ်ကောင် မဟုတ်လား"

လင်းယန်သည် ခြံဝင်းအတွင်းရှိ တောဝက်ကြီးကို ကြည့်ရှု၍ နားရွက်ကို ကုတ်ကာ ပြန်လည်ပြောဆိုလိုက်၏။

"ငါ နားမပင်းသေးသလို မျက်စိလည်း မကွယ်သေးဘူး"

"အား"

ဝူအန်းသည် ခဏတာ သတိလက်လွတ်ဖြစ်သွားစဉ် တောဝက်ကြီး၏ ဝှေ့ယမ်းတိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ လွင့်စင်သွားကာ နာကျင်စွာ အော်ဟစ်လေတော့သည်။

"ကယ်ကြပါဦး၊ ကယ်ကြပါဦးဗျ"

လင်းယန်သည် မျက်မှောင်ကြုတ်လျက် သစ်ပင်ပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော လူသုံးယောက်ကို စိုက်ကြည့်ကာ မေးမြန်းလိုက်၏

"မင်းတို့ ဒီကို ဘာလာလုပ်တာလဲ"

ဝမ်တာ့လီသည် ခေါင်းကို ကုတ်ရင်း စကားထစ်ထစ်ဖြင့်ဆိုလိုက်သည်။

"ဒါကတော့"

ရှုလီက ကြားဖြတ်၍ ဆိုလိုက်၏။

"ကျွန်မတို့ ရှင့်ကို မီးရှူးမီးပန်းပွဲ ဖိတ်မလို့ လာခဲ့ကြတာပါ"

ဝမ်တာ့လီသည် ထိုစကားကို အားတက်သရော ထောက်ခံကာ ဆိုလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်၊ နောက်ရက်အနည်းငယ်ကြာရင် ကျွန်တော်တို့ ဒီရွာကို ရောက်တာ တစ်လပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ရွာထဲမှာ မီးရှူးမီးပန်းပွဲ ကျင်းပမလို့ဗျ"

လင်းယန်သည် အိမ်ထဲသို့ ခြေလှမ်းကျဲဖြင့် ဝင်သွားကာ အေးစက်စွာ ပြောလိုက်၏။

"အော်... ငါကတော့ နွားတင်းကုပ် ပြင်ဖို့တောင် အချိန်မရှိဘူး"

ထိုအခြင်းအရာကို မြင်သော် မြေပြင်ပေါ်တွင် သေလုမျောပါး လဲလျောင်းနေသော ဝူအန်းသည် ထိတ်လန့်တုန်လှုပ်သွားကာ အလန့်တကြား အော်ဟစ်လေသည်။

"မဟုတ်ဘူးလေ အစ်ကိုရာ၊ ဒါက အရေးကြီးတဲ့ကိစ္စလား၊ အရင်ဆုံး ဒီကောင်ကြီးကို ဝေးဝေးသွားအောင် လုပ်ပေးပါဦး "

တောဝက်ကြီးသည် လင်းယန်ကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး အချိန်မရွေး ပြေးဝင်တိုက်ခိုက်တော့မည့် အသွင်ရှိနေ၏။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်မူ ရယ်မောသံများဖြင့် ဆူညံသွားလေတော့သည်။

"ဒုတိယအစ်ကိုကြီးကတော့ တော်တော်လေး သတ္တိရှိတာပဲ"

"ဟာ... ကြည့်ရတာ တော်တော်နာမှာပဲနော်"

"အမှန်အတိုင်း ပြောရရင် အန်းလေးကတော့ တကယ်ကို ကံဆိုးတာပဲ"

"သူ့ကို ကူညီပြီး ထူပေးသင့်လား၊ မထူပေးသင့်ဘူးလား"

"လင်းယန်က မကူညီဘဲ နေတာဟာ နည်းနည်းတော့ ရက်စက်လွန်းရာမရောက်ဘူးလား"

"ဟုတ်ပ၊ အဖြစ်အပျက်က သူ့ခြံထဲမှာ ဖြစ်တာလေ၊ ဘယ်လိုလုပ် ဒီလောက်တောင် အရေးမစိုက်ဘဲ နေနိုင်ရတာလဲ၊ အနည်းဆုံးတော့ ဆေးရုံကို ပို့ပေးသင့်တာပေါ့ မဟုတ်ဘူးလား"

"တောဝက်ဝှေ့တာ ခံရတယ်ဆိုတာ သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး"

"ဝူအန်းကို ရုတ်တရက် သနားမိသွားပြီ၊ တောဝက်နဲ့ တိုးတာ လေးယောက်တောင်ရှိတာကို သူတစ်ယောက်တည်း ကံဆိုးသွားရှာတယ်"

"ဟုတ်ပ"

"ဒါက တောဝက်ဘုရင်ကြီးလေ၊ လင်းယန် ဒီလောက်အေးဆေး ဖြစ်နေတာကို ဘယ်သူမှ မထူးဆန်းကြဘူးလား"

"ဒီလိုအချိန်မျိုးမှာ နွားတင်းကုပ် ပြင်ဖို့ စဉ်းစားမနေနဲ့တော့၊ အမြန်ပြေးတော့လေ"

"အိုဟောင်းပျက်စီးနေတဲ့ နွားတင်းကုပ်ကိုပဲ စဉ်းစားနေတုန်းလား၊ မင်း အသက်ကို ရင်းနေတာပဲမဟုတ်လား"

"လင်းယန်ရဲ့ ဦးနှောက်က တစ်ခုခုများ ဖြစ်နေတာလား"

"သူတို့တွေ ထွက်မပြေးတာက တောဝက်ကို လုံးဝမကြောက်လို့ဖြစ်နိုင်မလား"

"အပေါ်က ပြောတဲ့လူက လင်းယန်ရဲ့ လက်ပါးစေလား၊ သေချာကြည့်ဦး၊ အဲဒါ တောဝက်ဘုရင်ကြီးလေ၊ ဝက်ကလေး မဟုတ်ဘူး၊ သူ့ရဲ့ ပိန်လှီတဲ့ ခြေလက်တွေနဲ့ဆိုရင် အတိုက်ခံရတာနဲ့တင် ပွဲချင်းပြီး သေသွားနိုင်တယ်"

"ဝူအန်းက ခန္ဓာကိုယ် ထွားကြိုင်းသန်မာလို့သာ အသက်ရှင်နေတာ၊ လင်းယန်သာဆိုရင်တော့ ဒီလိုဖြစ်မှာ မဟုတ်ဘူး"

ရွှေလီသည် သူမ၏ လက်ကိုင်ဖုန်းမျက်နှာပြင်ပေါ်တွင် ပလူပျံ့နေသောမှတ်ချက်များကို ကြည့်ရှုရင်း ရယ်ချင်စိတ်ကို မအောင့်ထားနိုင်တော့ပေ။

ဤအခြေအနေအရဆိုလျှင် အင်တာနက်အသုံးပြုသူများသည် လင်းယန်အပေါ် ပိုမို၍ ဆန့်ကျင်လာကြတော့မည် ဖြစ်သည်။

'လင်းယန်... ငါတို့က မင်းကို မကူညီချင်တာ မဟုတ်ပါဘူး၊ မင်းက ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ'

ရှုလီ စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်၏။

ထိုကောင်းမွန်လှသော ကရုဏာတရား ပြသနိုင်မည့် အခွင့်အရေးကို အဘယ်ကြောင့် ဤမျှ အေးစက်စွာ တုံ့ပြန်ခဲ့ပါသနည်း။

အွန်လိုင်းပေါ်တွင် လင်းယန်၏ သစ္စာရှိပရိသတ်အချို့က သူ့ဘက်မှ ခုခံကာကွယ် ပြောဆိုပေးသော်လည်း ဝေဖန်တိုက်ခိုက်သူများ၏ ဆူညံသံများအောက်တွင် လျင်မြန်စွာပင် ပျောက်ကွယ်သွားရလေသည်။

"လင်းယန်က ကျားကိုတောင် ယဉ်ပါးအောင် လုပ်နိုင်တဲ့သူပဲ၊ တောဝက်ဘုရင်ဆိုတာ သူ့အတွက် ဘာဆန်းလို့လဲ"

"ဟုတ်တယ်၊ သူ့ခြံထဲမှာ ကျားပေါက်လေး နှစ်ကောင်တောင် မွေးထားတာပဲမဟုတ်လား"

"ကျားတွေက တောဝက်တွေထက် အများကြီး ပိုပြီးကြောက်စရာကောင်းပါတယ်"

"အဲဒီလို ပြောတာက နည်းနည်းတော့ မဆီလျော်ဘူး မဟုတ်လား၊ အရွယ်မရောက်သေးတဲ့ ကျားပေါက်လေး နှစ်ကောင်က ဘယ်လောက်တောင် ခြောက်လှန့်နိုင်မှာမို့လို့လဲ၊ တောဝက်ဘုရင်ကြီးက ကျားပေါက်လေး နှစ်ကောင်ကို မနိုင်ဘူးလို့ တကယ်ပဲ ထင်နေကြတာလား"

"ထောက်ခံတယ်"

"လူတွေက ဘာလို့ အဲဒီ ကျားယဉ်ပါးတဲ့ ဇာတ်လမ်းကိုပဲ ချီးကျူးနေကြတာလဲ၊ ဒါက သိသာလှတဲ့ ကြော်ငြာအကွက်တွေပဲ၊ မဟုတ်ရင် တခြားstreamer လေးယောက်က ဘာလို့ အဲဒီခြံထဲရောက်နေမှာလဲ၊ သူ့ရဲ့ အရုပ်ဆိုးလှတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ရောက်နေကြတာမဟုတ်ဘူးလား"

"ငါ့ဘဝမှာ အရင်းရှင်ဝါဒီတွေကို အမုန်းဆုံးပဲ၊ ဒါပေမဲ့ သာမန်လူတွေပါဝင်တဲ့ ဒီအစီအစဉ်ကတောင် အရင်းရှင်တွေရဲ့ လက်ဝါးကြီးအုပ် ခြယ်လှယ်တာကို ခံရလိမ့်မယ်လို့မထင်ထားမိဘူး"

"ငါထင်တာကိုပြောရရင်၊ လင်းယန်က သူတို့လာမှာကို ကြိုသိနေလို့ နောက်ဖေးခြံထဲမှာ တောဝက်တစ်ကောင်ကို တမင်တကာ မွေးထားတာများလား"

"မဖြစ်နိုင်တာလည်း မဟုတ်ဘူး၊ သူ့ရဲ့ အေးစက်လှတဲ့ ရုပ်ကိုပဲ ကြည့်ဦးလေ"

"အရင်ကတော့ ငါ သူ့ကို သဘောကျပြီး အရည်အချင်းရှိတဲ့သူလို့ ထင်ခဲ့တာ၊ အခုတော့ အားလုံးက ဟန်ဆောင်မှုတွေပဲဆိုတာ သိလိုက်ရပြီ"

"ပြိုင်ဘက်တွေ ဖြစ်နေရင်တောင် ဒီလောက်ထိ စိတ်နှလုံး မရက်စက်သင့်ဘူး၊ အဲဒါ လူတစ်ယောက်ရဲ့ အသက်ပဲလေ"

သနားစရာကောင်းလှသော ဝူအန်းပေတည်း။

"ခြံထဲမှာ ဒီလောက် ဆူညံပွက်လောရိုက်နေတာတောင် ကျားပေါက်လေး နှစ်ကောင်ကို မမြင်ရသေးဘူး၊ ဒါက ဘာကို ဆိုလိုတာလဲ၊ အဲဒီကျားပေါက်တွေ လင်းယန်အိမ်မှာ မရှိဘူးဆိုတာကို ပြနေတာပဲ"

"ရွံစရာကောင်းလိုက်တာ၊ ငါသာ သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ထပ်ကြည့်ရင် ခွေးဖြစ်ပါစေတော့"

"သူ့ဆီက ဝယ်ထားတဲ့ ဝိုင်တွေကို အခုချက်ချင်း ပြန်အပ်မယ်၊ တောက်... ငါ့အချိန်တွေကို ဖြုန်းတီးပစ်တာပဲ"

လင်းယန်သည် မှတ်ချက်ကဏ္ဍတွင် မိမိအား ဆဲဆိုရှုတ်ချနေကြသည်ကို မသိရှိဘဲ ရန်လိုနေသော တောဝက်ကြီးကို အာရုံစိုက်လျက် အတွေးနက်နေလေသည်။ထိုအကောင်သည် ဧကန်မုချ တောဝက်ဘုရင်ပင် ဖြစ်ပေသည်။သို့သော် ဤသတ္တဝါသည် အဘယ်ကြောင့် ဤနေရာသို့ ရုတ်တရက် ရောက်ရှိလာပါသနည်း။

လင်းယန်သည် သူအပြင်မသွားမီက ချက်ပြုတ်ထားခဲ့သော ဝက်စာများကို ရုတ်တရက် သတိရသွား၏။အခြားသော တိရစ္ဆာန်လေးများကဲ့သို့ အစားအစာ၏ အနံ့ကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရကြောင်း သေချာစွာ စစ်ဆေးကြည့်သောအခါ တောဝက်ဘုရင်၏ ပါးစပ်ထောင့်များတွင် အစားအစာ အကြွင်းအကျန်များကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရသည်။

လင်းယန်သည် စကားမဲ့စွာဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ တောင်ပေါ်ရှိ တိရစ္ဆာန်အားလုံးသည် ဤမျှအထိ အစားမက်ကြကြောင်း တွေးလိုက်၏။တောဝက်ဘုရင်သည် ပြင်ပမှ ရောက်ရှိလာသော ဤလူစုအပေါ် အလွန်ပင် ရန်လိုနေလေသည်။

၎င်း၏ နှာခေါင်းမှလည်း တရှူးရှူးနှင့် အသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ဤသည်ကား အကြမ်းဖက် တိုက်ခိုက်တော့မည့် ရှေ့ပြေးနိမိတ်ပင် ဖြစ်ပေသည်။တောဝက်ကြီး၏ ဒေါသကို ခံစားမိသော နွားပေါက်လေး သုံးကောင်သည် ခြံထဲသို့ မဝင်ရဲဘဲ တံခါးအပြင်ဘက်တွင် ပုန်းအောင်းနေကြလေသည်။

ရန်အာသည် တုန်တုန်ရီရီဖြင့် တံတွေးကို ခက်ခဲစွာ မျိုချရင်း ဆိုလိုက်၏။

"ငါတို့ အခုပဲ ဒီကနေ ထွက်ပြေးပြီး ရွာထဲကလူတွေဆီ အကူအညီ သွားတောင်းရင် ကောင်းမလား"

ထိုသူတို့ ထွက်ခွာသွားမည်ကို ကြားသော် ဝူအန်းသည် နာကျင်နေသည့် ကြားမှပင် ဆိုလေသည်။

"ဟင့်အင်း... မင်းတို့ ထွက်မသွားကြနဲ့ဦး"

"လူတစ်ယောက် သေတော့မှာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေကြပါနဲ့ဗျာ!"

အကယ်၍ ထိုနှစ်ယောက်သာ ထွက်သွားပါက သူသည် တောဝက်ရိုင်းကြီး၏ နင်းချေမှုကြောင့် အသားစင်းကောကဲ့သို့ ဖြစ်သွားမည်။

လင်းယန်သည် လက်ချောင်းငါးချောင်းကို ဖြည်းညှင်းစွာ ထောင်ပြလိုက်ပြီး ဆိုလိုက်၏။

"ဒီပမာဏ"

ဝူအန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားကာ သူ၏ သေးငယ်သော မျက်လုံးများတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်သွားလေသည်။

"ဘာလဲဗျ"

"ငါးထောင်... ငါးထောင်ပေးရင် မင်းကို ငါ ကယ်မယ်"ဟု လင်းယန် ဆိုလေသည်။

All Chapters