အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅)
ခြံဝင်းတွင်း၌ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။
လင်းရန်၏ ငွေငါးထောင် တောင်းဆိုလိုက်သော စကားကြောင့် သူ၏ နောက်တွင် ရပ်နေသည့် ရန်အာဟူသည် အံ့အားသင့်ကာ မှင်သက်သွားရသည်။
ဘေးဒုက္ခရောက်နေသူကို လင်းရန်က အလကား မကူညီခြင်းအပေါ် ရန်အာဟူအနေဖြင့် အပြစ်မမြင်မိခြင်း အကြောင်းမှာ ထိုသတ္တဝါသည် သာမန်တောဝက်မဟုတ်ဘဲ တောဝက်ဘုရင် ဖြစ်နေသောကြောင့် ဖြစ်၏။
သူတို့ကဲ့သို့ သာမညလူသားများမှာ တောဝက်ကို မြင်သည်နှင့် လွတ်အောင်ပင် မပြေးနိုင်ကြရာ သူတစ်ပါးကို ကူညီကယ်ဆယ်နိုင်စွမ်း အဘယ်မှာ ရှိပါအံ့နည်း။
ဝူအန်းအနေဖြင့် မိမိ၏ ကံကြမ္မာကိုသာ အပြစ်တင်ရမည်သည်ဟူ၍သာ တွေးနေခဲ့သည်။ သို့သော် လင်းရန်က ဤကဲ့သို့သော နည်းလမ်းဖြင့် လူကယ်လိမ့်မည်ဖြစ်ကြောင်း မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြပေ။
"ငါ ပိုက်ဆံပေးမယ်၊ ငါ့ကိုသာ ကယ်တင်ပေးပါ၊ အခုချက်ချင်းပဲ မင်းဆီကို ငွေငါးထောင် လွှဲပေးလိုက်မယ်"
ဝူအန်းသည် ယွမ်ငါးထောင်နှင့် မိမိအသက် အဘယ်အရာက ပိုအရေးကြီးသည်ကို ကောင်းစွာ ခွဲခြားနားလည်နိုင်သူ ဖြစ်သည်။ သို့သော် ဝမ်တာ့လီနှင့် ကျန်နှစ်ဦးမှာမူ ဆွံ့အသွားကြ၏။
အထူးသဖြင့် ရှုလီသည် ချက်ချင်းပင် မျက်နှာပျက်သွားကာ ပြောဆိုလေတော့သည်။
"လင်းရန်၊ ငါတို့က ပြိုင်ပွဲဝင် အဖွဲ့တူတွေလေ၊ ငါတို့ကြားမှာ သံယောဇဉ် ရှိသင့်တာပေါ့၊ အခုလို အချိန်မျိုးမှာ ဘာလို့ ငွေအကြောင်းပဲ ပြောနေရတာလဲ၊ နင်ဟာ ဒီလောက်အထိ အောက်တန်းကျလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး"
လီတင်းကလည်း ဝင်ရောက် ထောက်ခံလေသည်။
"ဟုတ်တယ်၊ သူငယ်ချင်းအချင်းချင်း ကူညီသင့်တာ မဟုတ်ဘူးလား၊ ဝူအန်းက တောဝက်တိုက်လို့ လွင့်ထွက်သွားပြီလေ၊ သူ့ကို ဘယ်လိုလုပ် ဆေးရုံပို့ရမလဲ မစဉ်းစားဘဲ ပိုက်ဆံပဲ တောင်းနေရသလား၊ နင်ဟာ အကျိုးအမြတ် တစ်ခုတည်းကိုပဲ ကြည့်လွန်းရာ မရောက်ဘူးလား"
သူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများက အင်တာနက် အသုံးပြုသူတို့၏ ဒေါသကို ပိုမို ဆွပေးသကဲ့သို့ ဖြစ်သွားလေသည်။
"တကယ့်ကို ရွံစရာကောင်းတဲ့ Streamerပဲ၊ စီစဉ်သူတွေက လူတွေကို ဘယ်လိုများ ရွေးလိုက်သလဲမသိဘူး၊ ဒီလောက် သွေးအေးတဲ့လူကိုမှ ရွေးရတယ်လို့"
"ငါတော့ ဆက်ကြည့်လို့ မရတော့ဘူး၊ သူ့ရဲ့ သဘောထားကို ကြည့်ပြီး ဖုန်းစကရင်ထဲကနေ သူ့ကို ဆွဲထုတ်ပြီး ထိုးကြိတ်ချင်စိတ်တောင် ပေါက်တယ်"
"စကားတောင် မပြောချင်တော့ဘူး၊ အရင်းရှင်တွေရဲ့ အာဏာက တကယ့်ကို ကြီးမားတာပဲ"
"ရွေးချယ်စရာ လိုသေးလို့လား၊ သူ့နောက်မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံ ရှိနေမှာပေါ့"
"သူ့မှာ ကျောထောက်နောက်ခံ ရှိတာသေချာလောက်တယ်၊ ဒါကြောင့်လည်း သူက ဒီလောက် ယုံကြည်မှု ရှိနေတာကိုး"
"ရွံလိုက်တာ"
"ဒီလူကို အစီအစဉ်ကနေ ထုတ်ပစ်ဖို့ ငါ အပြင်းအထန် အကြံပြုတယ်၊ မဟုတ်ရင် ဒီအစီအစဉ်ကို ငါ သပိတ်မှောက်မယ်"
"အပေါ်က မှတ်ချက်ကို ထောက်ခံတယ်၊ အားလုံးပေါင်းပြီး သပိတ်မှောက်ကြစို့"
"တရားလွန်လွန်းတယ်"
လင်းယန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ ပြောလိုက်သည်။
"အဲဒါကြောင့်ပဲ မင်းတို့က သစ်ပင်ပေါ် တက်နေကြတာလား၊ မင်းတို့ သုံးယောက်ပဲ ဆင်းပြီး သူ့ကို ကယ်ပါလား"
ဝမ်တာ့လီသည် တိတ်ဆိတ်ကာ နေလေတော့သည်။လူကိုယ်တိုင် ဆင်းပြီး ကယ်ရမည်ဟူသော စကားမှာ ရယ်စရာ ဖြစ်နေ၏။ သူ လုံးဝ မဆင်းလိုပေ။
ထိုသို့လုပ်ခြင်းသည် မိမိအသက်ကို ရင်းရခြင်း မဟုတ်ပါလော။ လက်နက်မဲ့ အခြေအနေဖြင့် ထိုတောဝက်ဘုရင်ကို မည်သူက ရင်ဆိုင်ရဲပါမည်နည်း။ မိန်းကလေး နှစ်ဦးဖြစ်သော ရှုလီနှင့် လီတင်းတို့မှာမူ ပို၍ပင် မဖြစ်နိုင်ချေ။
လီတင်းက သနားကမားနှင့် ပြောလိုက်သည်။
"ငါတို့က အကိုဝူကို မကယ်ချင်တာ မဟုတ်ပါဘူး၊ ငါတို့မှာ အင်အားမှ မရှိတာ၊ နင်က ကျားကိုတောင် ယဉ်ပါးအောင် လုပ်နိုင်တဲ့သူပဲ၊ ဒီတောဝက်ဘုရင်ကို နှိမ်နင်းဖို့ဆိုတာ နင့်အတွက်တော့ အပျော့ပဲ မဟုတ်လား"
ရန်အာဟူသည် ထိုစကားကို ကြားသောအခါ မကျေမနပ် ဖြစ်သွားကာ ပြန်ပြောလေသည်။
"မင်းတို့က ဘာသဘောနဲ့ ပြောနေတာလဲ၊ လင်းရန်က အရည်အချင်းရှိလို့ ဆိုပြီး မင်းတို့ ရှုပ်ထားတဲ့ ပြဿနာတွေကို သူကပဲ လိုက်ရှင်းပေးရမှာလား၊ မင်းတို့ကို မြင်ကတည်းက မရိုးသားဘူးဆိုတာ ငါ သိတယ်၊ အိမ်မှာ အေးအေးဆေးဆေး မနေဘဲ ဒီကို ဘာလာလုပ်တာလဲ၊ လာဖိတ်တယ် ဆိုတဲ့ ဆင်ခြေတွေ လာမပေးနဲ့၊ လူတစ်ယောက်ကို ဖိတ်ဖို့ လူအုပ်ကြီးနဲ့ လာစရာ လိုသလား၊ မင်းတို့မှာ မကောင်းတဲ့ အကြံရှိတာ သိသာနေတာပဲ"
ရှုလီ၏ မျက်နှာတွင် အပြစ်မကင်းသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
ရန်အာဟူ၏ အပြောကို ခံရသဖြင့် သူမ အရှက်ရသွားပြီး ပြန်ပြောလေသည်။
"လျှောက်မပြောနဲ့၊ ငါတို့က လေးယောက်စလုံး စုပေါင်းလာတာဟာ ငါတို့ရဲ့ စိတ်ရင်းစေတနာကို ပြချင်လို့ပါ"
လင်းယန်သည် သူတို့၏ လိမ်လည်မှုကို မဖော်ထုတ်တော့ဘဲ ပျင်းရိပျင်းတွဲဖြင့် ဆိုလိုက်၏။
"ဟုတ်ပြီ တော်တော့"
ငွေရနိုင်မည့် အခွင့်အရေးကို လက်လွတ်ခံမည့်သူမှာ လူမိုက်သာ ဖြစ်ပေလိမ့်မည်။
တောဝက်ဘုရင်သည် သူတို့အားလုံး မိမိအား လျစ်လျူရှုထားကြသည်ကို မြင်သောအခါ အလွန်အမင်း ဒေါသထွက်သွားလေသည်။ ရှေ့ခြေဖြင့် မြေကြီးကို ယက်လိုက်ပုံမှာ ဝူအန်းကို တိုက်ခိုက်တော့မည့် အလား ဖြစ်၏။
ဝူအန်းသည် ထိုမြင်ကွင်းကို ကြောက်လန့်တကြား ငေးကြည့်နေရပြီး အော်သံမှာလည်း လည်ချောင်းထဲတွင် တစ်ဆို့နေလေသည်။
"သွားပြီ၊ ငါ ဒီမှာပဲ အသက်ပျောက်တော့မှာလား"
အရေးကြီးသော အချိန်တွင် လင်းယန်က ဝီစီသံ ပေးလိုက်ရာ တောဝက်ဘုရင်၏ အာရုံသည် သူ၏ ထံသို့ ရောက်ရှိသွားတော့သည်။
"ငါ့နယ်မြေထဲအထိ လာပြီး ပြဿနာရှာနေတာ၊ မင်းက နည်းနည်းတော့ ရဲတင်းလွန်းနေပြီ မဟုတ်လား"
ထိုသို့ မြင်လျှင်ပင် တောဝက်ဘုရင်သည် ဦးတည်ချက်ကို ချက်ချင်းပြောင်းကာ လင်းယန်ထံသို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။ ဝူအန်းလည်း ထိုအခါမှ သက်ပြင်းချနိုင်တော့၏။ ရန်အာဟူသည် အခွင့်အရေးကို အရယူကာ ဝူအန်းကို ထူမပြီး ဘေးသို့ သွားရောက်ပုန်းအောင်းလေသည်။
လင်းယန်သည် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော တောဝက်ဘုရင်ကို ရင်ဆိုင်ရာ၌ တည်ငြိမ်အေးဆေးစွာ ရှိနေ၏။ နတ်ရေစင်ကို တစ်လခွဲခန့် သောက်သုံးခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သာမန်လူထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် ယခုအခါ အရွယ်ရောက်ပြီးသား အမျိုးသား ငါးဦးစာခန့် သန်မာနေပြီ ဖြစ်၏။ လင်းရန်သည် အနည်းငယ် ပြုံးလိုက်ပြီး ဘေးနားရှိ တူကြီးကို ကောက်ကိုင်ကာ တောဝက်ဘုရင်၏ ဦးခေါင်းကို အားကုန် လွှဲရိုက်လိုက်လေသည်။
ပြင်းထန်လှသော ထုရိုက်မှုကြောင့် တောဝက်ဘုရင်သည် ခေါင်းမူးဝေပြီး သတိမေ့ကာ လဲကျသွားတော့သည်။
ထိုတူကြီးမှာ လင်းယန် အထူးမှာယူထားခြင်း ဖြစ်ပြီး သံထည်သက်သက်ပင်လျှင် ကီလိုဂရမ် ငါးဆယ် အလေးချိန် ရှိလေသည်။ ဤတိုက်ခိုက်မှုသည် အဘယ်မျှ ပြင်းထန်မည်ကို ခန့်မှန်းရုံဖြင့် သိနိုင်၏။ တစ်နည်းအားဖြင့် လင်းယန်သည် တောဝက်ဘုရင်ကို မသေစေလိုသဖြင့် ထိန်းထားခြင်း ဖြစ်ပါသည်၊ ထိုသို့မျှမဟုတ်လျှင် တောဝက်ဘုရင် အနေဖြင့် ပြန်ထနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
မိမိရှေ့မှ လူသားသည် အပေါစား မဟုတ်ကြောင်း တောဝက်ဘုရင် သိရှိသွားပြီး မျက်လုံးများ သွေးတိုးလာလေသည်။
"ဒီညတော့ တောဝက်သား ဟင်းစားရတော့မယ် ထင်တယ်"
"ဒီလူက ငါ့ကို စားမလို့လား”
တောဝက်ဘုရင် ဇဝေဇဝါ ဖြစ်သွားကာ လန့်ဖျပ်သွား၏။
ထို့နောက် တောဝက်ဘုရင်သည် လှည့်၍ ထွက်ပြေးလေတော့သည်။ နောက်ဆုံး ထုရိုက်ချက်က ၎င်းအား လက်ရှိ အခြေအနေကို ကောင်းစွာ သဘောပေါက်သွားစေခဲ့သည်။ ဤတစ်ကြိမ်တွင် မိမိ မယှဉ်နိုင်သော ပြိုင်ဘက်နှင့် တွေ့နေပြီ ဖြစ်၍ ဆုတ်ခွာခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေတော့မည်။
ခြံဝင်းအတွင်းရှိ လူတိုင်း မှင်သက်သွားကြကာ သူတို့ကို ကူရာမဲ့အောင် ပြုလုပ်ခဲ့သော တောဝက်ဘုရင်ကို လင်းယန်က ဤမျှ လွယ်ကူစွာ မောင်းထုတ်လိုက်နိုင်သည်လော။ တစ်ချက်တည်းနှင့်ပင် ကိစ္စပြတ်သွားသည်။ အကယ်၍ ထိုတောဝက်ဘုရင်သည် ဤမျှ သတ္တိနည်းမှန်း သိခဲ့ပါက သူတို့လည်း အနီးနားရှိ လယ်ယာသုံး ကိရိယာများဖြင့် ခြောက်လှန့်နိုင်ခဲ့မည် မဟုတ်လော။
ဝမ်တာ့လီနှင့် ကျန်နှစ်ဦးမှာ သစ်ပင်ပေါ်မှ အမြန်ဆင်းလာကြသည်။ လင်းယန်က ဝူအန်းကို မဲ့ကြည့်လိုက်ပြီး ဆိုလေသည်။
"ပိုက်ဆံ လွှဲဖို့ မမေ့နဲ့ဦး"
ရန်အာဟူသည် အလွန်အမင်း အံ့အားသင့်နေပြီး လင်းယန်အနားသို့ တိုးကာ ဆိုလိုက်၏။
"အစ်ကို၊ အခုနက လုပ်သွားတာ တကယ်ကို လန်းတယ်ဗျာ၊ တူကို ဒီလောက် ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်တာ နည်းတာမဟုတ်ဘူး"
ရန်အာဟူသည် အားကုန်သုံး၍ အချိန်အတော်ကြာ ကြိုးစားကြည့်သဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေသည်။ သူသည် ထိုလက်ထုကို လက်နှစ်ဖက်ဖြင့် မနည်းပင် ကြွကာ ဆိုလိုက်၏။
"ဟာ... ဒီတူက ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ"
လင်းရန်က လက်တစ်ဖက်တည်းဖြင့် မလိုက်သည်ကို သူ မြင်ခဲ့သဖြင့် အလွန် လေးလံလိမ့်မည် ကို မထင်ခဲ့မိပေ။
"ပေါင် ငါးဆယ်ဆိုတော့ တကယ်တော့ လေးပါတယ်"
ရန်အာဟူ သည်ရှက်ကိုးရှက်ကန်းဖြင့် ဆိုလိုက်၏။
"ဗျာ...၊အစ်ကိုရယ် ပေါင် ၅၀ လေးတယ်ဆိုတာ အစကတည်းက ဘာလို့ မပြောတာလဲ”
လူအများရှေ့တွင် သူ အရှက်ကွဲသွားရချေပြီ။ ဤမျှ လေးလံမှန်း သိခဲ့လျှင် သူ လုံးဝ ကိုင်ကြည့်မည် မဟုတ်ပေ။
ဝမ်တာ့လီသည် တံထွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ဆိုသည်။
"ဒီလက်ထုက ပေါင် ငါးဆယ်တောင် လေးတာလား၊ လင်းညီလေးက တကယ့်ကို အရည်အချင်းရှိတာပဲ"
လင်းရန်၏ ငြင်းပယ်မှုကို ခံရပြီးနောက် ထိုလေးဦးသည် ဆက်၍ မနေရဲကြတော့ပေ။ ထို့အပြင် ဝူအန်းတွင်လည်း ဒဏ်ရာရထားသဖြင့် သူတို့ သုံးဦးသည် ဝူအန်းကို ဆေးရုံပို့ရန် ဆင်ခြေပေးကာ သနားစဖွယ် အခြေအနေဖြင့် ထွက်ခွာသွားကြလေသည်။
လင်းယန်သည် ဝူအန်းလွှဲပေးလိုက်သော ယွမ်ငါးထောင်ကို ကျေနပ်စွာ လက်ခံလိုက်ကာဆိုလိုက်၏။
"ဒီနေ့တော့ အမြတ်ထွက်တာပဲ"
လင်းယန်ပြုံးဖြီးနေသည်မှာ မှိုရသည့်သူအလားပင်။ နွားငယ် သုံးကောင် ရရှိရုံသာမက ယွမ်ငါးထောင်ပါ ရရှိခဲ့ခြင်း ဖြစ်သည်။သို့သော် ထိုခြံဝင်းတစ်ခုလုံးမှာမူ ရှုပ်ပွ၍ ကျန်ရစ်ခဲ့၏။
"အဝူး"
လင်းရန်သည် အမွေးဖြူနှင့် အမွေးဝါ ကောင်လေးနှစ်ကောင်ကို အဘယ်ကြောင့် မတွေ့ရသနည်းဟု တွေးနေစဉ်မှာပင် ထိုအကောင်ငယ်လေး နှစ်ကောင်သည် အပြင်မှ ပြေးဝင်လာကြလေသည်။ သူတို့၏ ပါးစပ်တွင် တစ်စုံတစ်ခုကို ကိုက်ချီထားကြ၏။
သူတို့ ကိုက်ချီလာသော အရာကို အသေအချာ မြင်လိုက်ရသောအခါ လင်းရန်သည် ဆွံ့အလျက် ငြိမ်သက်သွားရလေတော့သည်။