အခန်း ၁၉
Vol. 2 Ch. 19
အခန်း (၁၉)
လင်းယန်သည် စိတ်ပျက်လက်ပျက်ဖြင့် ရန်အာဟူကိုကြည့်ကာ ဆိုလေသည်။
"မင်းကတော့ ဘာဆိုဘာမှမသိတာပဲ၊ ဒါ လိပ်ဆိုတာကို မသိဘူးလား"
"ဗျာ"
ရန်အာဟူ၏ လေသံမှာ အံ့အားသင့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေ၏။
"လိပ်ကြီးက နည်းတာကြီးလားဗျာ၊ အရွယ်အစားက မျက်နှာသစ်ဇလုံလောက်နီးနီးပဲ၊ ဒီလောက်ကြီးတဲ့ လိပ်ကို ဘယ်ကနေ ရလာတာလဲ"
လင်းယန်သည် လတ်လတ်ဆတ်ဆတ် ရိတ်ဖြတ်ထားသော ငါးစာမြက်များကို ငါးကန်အတွင်းသို့ ကြဲပက်လိုက်ရာ ခဏချင်းတွင်ပင် ငါးကြင်းအုပ်ကြီးမှာ ရေမျက်နှာပြင်သို့ တိုးဝှေ့တက်လာကြကုန်သည်။
ရေပြင်ထက်တွင် အေးချမ်းစွာ ကူးခတ်နေသော ကွိုင်ငါး ကလေးများမှာ ရုတ်ချည်းပင် ထောင့်တစ်နေရာသို့ တွန်းပို့ခြင်း ခံလိုက်ရလေသည်။
သနားစဖွယ် ကွိုင်ငါးလေးများမှာ ကြမ်းတမ်းလှသော မြက်စားငါးကြင်းကြီးများ၏ အနားသို့ မကပ်ရဲဘဲ အဝေးသို့ ရှောင်ဖယ်နေကြရ၏။
"ဝယ်တုန်းက လက်ဖဝါးလောက်ပဲ ရှိတာ မဟုတ်ဘူးလား"
ရန်အာဟူသည် ဝေခွဲမရသည့် ပုံစံဖြင့် မေးမြန်းလိုက်၏။
"ဘယ်လောက်တောင် မကြာသေးပါဘူး၊ ဒီလိပ်ကြီးက ဘယ်လိုလုပ် ဒီလောက်အထိ ကြီးလာရတာလဲ၊ သူတို့ကို နတ်ဆေးတွေများ ကျွေးထားတာလား"
လင်းယန်သည် အနည်းငယ် ပြုံးလိုက်ရင်း ပြန်ဖြေလိုက်၏။
"ဖြစ်နိုင်တာပဲ"
သူ့တွင် နတ်ဆေးများ မရှိသော်လည်း နတ်ရေစင် ရှိနေသည်မဟုတ်ပါလော။
နေ့စဉ် ထိုကန်နားမှ ဖြတ်သွားတိုင်း လင်းယန်သည် နတ်ရေစင် အနည်းငယ်ကို ကန်အတွင်းသို့ ဖျန်းပက်ပေးလေ့ ရှိသည်။
ထိုတိရစ္ဆာန်များမှာ နတ်ရေစင်၏ အာနိသင်ကြောင့် ကြီးထွားနှုန်း မြန်နေခြင်း ဖြစ်နိုင်ကာ ယခုထက်တိုင် တစ်ကောင်မျှ သေဆုံးခြင်း မရှိသေးပေ။
"ဒီည ငါးစွပ်ပြုတ် ချက်မယ်"
လင်းယန်သည် ကျယ်ပြော၍ မှောင်မည်းနေသော ငါးကန်ကြီးကို ကြည့်ကာ လွန်စွာ ကျေနပ်အားရနေလေသည်။
ငါးများစွာ ရှိနေသဖြင့် စားဝတ်နေရေးအတွက် တွန့်တိုနေရန် မလိုတော့ပေ။
ရန်အာဟူသည် ထိုစကားကို ကြားသောအခါ မပြုံးဘဲ မနေနိုင်အောင် ဝမ်းသာသွားကာ ပြောရှာသည်။
"ကျေးဇူးပါပဲ သူဌေးရာ၊ ခင်ဗျားကတော့ တကယ့်ကို သဘောထားကြီးတာပဲ"
လင်းယန်သည် သူ့ကိုအားနာစရာမလိုကြောင်း အကြိမ်ကြိမ် ပြောဖူးသော်လည်း ရန်အာဟူမှာမူ သူ့ကို "သူဌေး" ဟု ခေါ်ဆိုသည့် အကျင့်မှာ ပျောက်မသွားခဲ့ပေ။
"ကဲပါ၊ နောက်နေတာ ရပ်ပြီး ငါးစာမြက်တွေ ထပ်ရိတ်လိုက်ဦး၊ ရာသီဥတုကြည့်ရတာ ဒီနေ့ညနေ မိုးရွာမယ့်ပုံပဲ၊ မိုးရွာရင်တော့ စပျစ်သီးခူးဖို့ အပြင်ထွက်စရာ မလိုတော့ဘူးပေါ့"
"သူဌေး ကျန်းမာပါစေဗျာ"
ရန်အာဟူသည် အပြင်တွင် အလုပ်မရှာခဲ့ခြင်းမှာ မိမိအတွက် ကံကောင်းခြင်း တစ်ခုဟု ခံစားနေရသည်။ အပြင်လောကရှိ အလုပ်အကိုင်များမှာ ဤနေရာကဲ့သို့ သက်သောင့်သက်သာ ရှိလိမ့်မည် မဟုတ်ပေ။
ခန့်မှန်းထားသည့်အတိုင်းပင် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းလေတော့သည်။
မိုးရေစက်များသည် တံစက်မြိတ်များမှ တတောက်တောက် ကျဆင်းနေ၏။
အမွှေးဖြူ၊ အမွှေးဝါနှင့် ဟန်ဟော့တို့သည် အိမ်ခေါင်မိုးအောက်တွင် မိုးဝင်လှုံကြရင်း တစ်ကိုယ်လုံးကို ခါယမ်း၍ မိုးရေများကို ဖယ်ရှားနေကြသည်။
နွားတင်းကုပ်အတွင်းရှိ နွားငယ်လေးများမှာမူ ပတ်ဝန်းကျင်သစ်တွင် အသားကျနေပြီဖြစ်၍ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ဝပ်နေကြ၏။
ခြံဝင်းအတွင်းရှိ ငန်းများသာ ဆူဆူညံညံ အော်ဟစ်နေကြလေသည်။
မိုးရွာနေသဖြင့် လင်းယန်နှင့် ယန်အာဟူတို့သည် အိမ်ထဲမှနေ၍ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ကြရသည်။
ဝူအန်း၏ကိစ္စကြောင့် လူအများက လင်းယန်အပေါ် ကန့်ကွက်မှုများ ရှိနေသော်လည်း သူ၏ ရေပန်းစားမှုကိုမူ တားဆီးနိုင်ခြင်း မရှိပေ။
သူ၏ ဝိုင်အရသာ မည်သို့ရှိသည်ကို စပ်စုလိုသူများစွာ ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် တစ်ညနေအတွင်းမှာပင် ဝိုင်အမှာစာနှစ်ထောင်ကျော် ရရှိလိုက်သည်။
ပစ္စည်းပြတ်လပ်သွားခြင်း မရှိပါက ယခုထက် ပိုမိုရောင်းချနိုင်မည် ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသောအခါ လင်းရန်သည်ပြောလိုက်၏။
"ငါတို့ဝိုင်က တော်တော်လေး လူကြိုက်များတာပဲ၊ ဒါပေမဲ့ ငါတို့နှစ်ယောက်တည်းနဲ့ ခူးရတာက အရမ်းနှေးနေတယ်"
ထိုစကားကို ကြားသောအခါ ရန်အာဟူသည် သူ၏ပေါင်ကို ရိုက်ကာ အားတက်သရောဆိုလေသည်။
"ဒါက လွယ်ပါတယ်ဗျာ၊ ခူးပေးမယ့်လူတွေကို ကျွန်တော် ရှာပေးနိုင်ပါတယ်"
လင်းယန်သည် သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
"အခုက အိမ်တိုင်းမှာ လယ်ယာလုပ်ငန်းတွေ ရှုပ်နေကြတာလေ၊ ရွာထဲကလူတွေက စပျစ်သီးတွေ၊ ပဲတွေ၊ နဂါးမောက်သီးတွေ စိုက်နေကြတာ၊ ဘယ်သူက လာကူနိုင်မှာလဲ"
ထိုအစီအစဉ်ကို သူလည်း စဉ်းစားဖူးသော်လည်း လူတိုင်းက အပြင်လူကို ငှားရမ်းနေရသည့် အချိန်ဖြစ်သဖြင့် သူ့ကို ကူညီရန် အချိန်မရှိကြပေ။
"ရွာထဲက အမျိုးသမီးတွေကို ရှာမရရင် လူငယ်တွေကို ရှာလို့ရတာပဲ"
"လူငယ်တွေ… တခြားလူငယ်တွေက အပြင်ထွက်ပြီး ပိုက်ဆံရှာကုန်ကြပြီလေ၊ ရွာထဲမှာ သန်သန်မာမာ လူငယ် ဘယ်နှစ်ယောက် ကျန်တော့လို့လဲ"
ရန်အာဟူသည် မျက်မှောင်ကြုတ်ကာ ပြုံးလိုက်ရင်း ဆိုလေသည်။
"သူဌေး ရေ... စောင့်သာကြည့်နေလိုက်၊ ကျနော်ရှာလာပေးမယ်"
နောက်တစ်နေ့တွင် လင်းယန်၏ ရှေ့တွင် ရောင်စုံဆံပင်များဖြင့် တန်းစီရပ်နေသော လူငယ်များကို မြင်လိုက်ရသောအခါ သူ၏ မျက်ခုံးများပင် လှုပ်ခတ်သွားရတော့သည်။
ယန်အာဟူ ပြောဆိုသော လူငယ်များမှာ ဤကဲ့သို့ ခေတ်ဆန်လွန်းသော လူငယ်များ ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
လင်းယန်သည် ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်နေဆဲ ဖြစ်ရာ ကြည့်ရှုသူများမှာလည်း ထိုရောင်စုံဆံပင်များကြောင့် အံ့အားသင့်ကုန်ကြသည်။
"ဒါ လူငယ်လေ့ကျင့်ရေးစခန်းလား"
"ဒီမြင်ကွင်းက တော်တော်လေး ရင်းနှီးနေသလိုပဲ၊ ဘာလို့ ငါ့မျက်စိတွေ ဝေသွားရတာလဲ"
"အိုး... ငါ့ဆံပင်တွေ၊ ငါ့ဘယ်ဘက်မျက်လုံးက မင်းကို မေ့ပစ်ဖို့၊ ညာဘက်မျက်လုံးကတော့ မင်းကို သတိရနေဖို့"
"ဘလော့ဂါကြီးရေ၊ ခင်ဗျားအဖွဲ့က နည်းနည်းတော့ ဝါသနာရှင်အဆင့် ဖြစ်မနေဘူးလား"
"ဒီလို ဂျင်းဘောင်းဘီကျပ်ကျပ်နဲ့ ဖိနပ်ပြားတွေကို ဘယ်ကနေ ရုတ်တရက် ရောက်လာတာလဲ"
"ငါ အိပ်လိုက်တာ လွန်ခဲ့တဲ့ ရှစ်နှစ်ကိုများ ပြန်ရောက်သွားတာလား"
"ငါ့ရဲ့ ဘေးဖယ်ဆံပင်တွေ ပြန်ရှည်လာပြန်ပြီ"
လင်းယန်သည် စိတ်ပျက်လက်ပျက်ဖြင့် ရန်အာဟူအား ဘေးသို့ဆွဲခေါ်ကာ မေးမြန်းလေသည်။
"ဒီလို ကောင်လေးတွေကို ဘယ်ကနေ သွားရှာလာတာလဲ"
ရန်အာဟူသည် မာန်ပါပါနှင့် ပြန်ဖြေလေ၏။
"ရွာထဲကတက်ကြွတဲ့ လူငယ်လေးတွေဗျာ၊ ကြည့်စမ်းပါဦး... ဘယ်လောက်တောင် အားအင်တွေ ပြည့်ဝနေလဲ"
လင်းရန်မှာမူ ဘာမှပင် ပြန်မပြောနိုင်တော့ပေ။
"စိတ်မပူပါနဲ့ သူဌေးရာ၊ သူတို့က နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ဘာမှလုပ်စရာ မရှိကြဘူး၊ သူတို့က နို့လက်ဖက်ရည် တစ်ခွက်သောက်ဖို့တောင် ခုနစ်ယောက် ရှစ်ယောက်လောက် ပိုက်ဆံစုနေရတာ၊ အခုက သူတို့ ပိုက်ဆံလိုနေတဲ့ အချိန်ပဲ၊ တစ်နေ့ကို ယွမ်ငါးဆယ် ပေးမယ်လို့ ကျွန်တော် ပြောထားပြီးပြီ"
ထိုစကားကို ကြားသောအခါ လင်းယန်သည် လက်မထောင်ပြလိုက်ကာ ဆိုလိုက်၏။
"မင်းကတော့ တကယ့် အရင်းရှင်စစ်စစ်ပဲ"
တစ်နေ့လုံး ပူပြင်းလှသော နေပူထဲတွင် အလုပ်လုပ်ရသည်ကို ယွမ်ငါးဆယ်သာပေးသည်မှာ တရားလွန်းလှပေသည်။
ဤကောင်လေးများသည် အတိတ်ဘဝက ကျွန်ပိုင်ရှင်များ ဖြစ်ခဲ့လေသလားဟုပင် တွေးတောမိသည်။
ရန်အာဟူသည် လင်းယန်၏အကြည့်ကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ပြောလေသည်။
"စိတ်မပူပါနဲ့ဗျာ၊ ကျွန်တော် သေချာ ကြပ်မတ်ပေးထားမှာမို့ ဘာမှ ပြဿနာမရှိစေရဘူး"
"ကောင်းပါပြီ၊ ဒါဆို မင်းပဲ တာဝန်ယူလိုက်တော့၊ ငါ့စပျစ်သီးတွေ အကုန်စားမပစ်ဖို့တော့ သတိပေးထားဦး၊ နောက်မှ သူတို့ကို လုပ်အားခ ထပ်တိုးပေးမယ်၊ ထမင်းကျွေးပြီး တစ်နေ့ကို ၁၅၀ ပေးလိုက်ပါ"
လင်းယန်သည် ကလေးများကို ခေါင်းပုံဖြတ်သည့် အလုပ်မျိုးကို ဘယ်သောအခါမှ မပြုလုပ်လိုပေ။
သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် တိုင်ပင်ပြီးနောက် လှည့်ကြည့်လိုက်သောအခါ ထိုတက်ကြွလှသော လူငယ်တစ်စုမှာ လင်းရန်၏ ဖုန်းရှေ့တွင် စုပြုံနေကြသည်ကို တွေ့လိုက်ရ၏။
"ဟာ... တိုက်ရိုက်ထုတ်လွှင့်နေတာလား"
"အမယ်လေး... လူပေါင်း သုံးသောင်းတောင် ကြည့်နေတာလား၊ ငါတို့လည်း ဗီဒီယိုထဲ ပါနေတာပေါ့"
"မင်းက ဝက်ဝံလား၊ ငါတို့ အထဲမှာရှိနေတာကို မမြင်ဘူးလား"
"သေစမ်း... ငါ ဒီမနက် မျက်နှာတောင် မသစ်ရသေးဘူး၊ ဗီဒီယိုထဲ ပါမယ်မှန်းသိရင် မိတ်ကပ်လေး ဘာလေး လိမ်းလာပါတယ်"
"ငါတို့ အင်တာနက်ဆယ်လီ ဖြစ်တော့မှာလား၊ အရမ်းရင်ခုန်ဖို့ကောင်းတာပဲ"
"အားလုံးပဲ ကျွန်တော့်ရဲ့ Kuaishou အကောင့် xxxxx ကို Follow လုပ်ပေးကြပါဦး..."
"ယန်ယန်ဖျင်... ငါ နင့်ကို ချစ်တယ်"
"ကျွန်တော့်ရဲ့ QQ နံပါတ်က xxxxxx ပါ၊ ငါ့ရဲ့ တစ်ဦးတည်းသော အချစ်လေး ဖြစ်ပေးပါလား @cpdd"
ကြည့်ရှုနေသူများမှာမူ ဆွံ့အသွားကြကုန်သည်။ ကွန်းမန့် များတွင် အစက်ကလေးများသာ ဝေ့ဝဲနေတော့၏။
"ဒီလို တက်ကြွလှတဲ့ လူငယ်တွေနဲ့ ဝိုင်းရံခံရတာ ဒါပထမဆုံးပဲ၊ တကယ်ကို ရှက်ဖို့ကောင်းလိုက်တာ"
"ငါတော့ ဘာမှတောင် မပြောရဲတော့ဘူး"
"သူတို့ လက်တွေက စခရင်ထဲကနေ ထွက်လာပြီး ငါ့ကို ရိုက်မလားလို့ ကြောက်နေရတယ်"
"ငါလည်း အရင်က ဒီလောက်အထိ ကံဆိုးခဲ့တာလား"
"မကြည့်ရဲတော့ဘူး၊ ငါ့ရဲ့ အတိတ်က ပုံရိပ်တွေကို ပြန်မြင်နေရသလိုပဲ"
"သူတို့ကိုကြည့်ရတာ Y2Kအက ကတဲ့အုပ်စုနဲ့ တူတယ်"
လင်းယန်သည် ကောင်းကင်ကိုသာ မော့ကြည့်နေမိတော့သည်။
ရန်အာဟူသည် အမြန်ပြောလိုက်ရ၏။
"ကဲ... ကဲ... အားလုံး ဘာလုပ်နေကြတာလဲ၊ အလုပ်သွားရအောင်"
"အားလုံးကို လယ်တောအိမ် ကနေကြိုဆိုပါတယ်၊ အလုပ်ကြိုးစားကြပါ၊ သူဌေးလင်းက မင်းတို့ကို လုပ်အားခ ပေးလိမ့်မယ်၊ အခုတင် သူဌေးက တစ်နေ့ကို ၁၅၀ ပေးမယ်လို့ ပြောလိုက်ပြီ၊ ထမင်းလည်း ကျွေးဦးမှာနော်"
ထိုအဖွဲ့ထဲမှ ဆံပင်စိမ်းနှင့် လူငယ်သည် သူ၏ဆံပင်ကို ခါယမ်းလိုက်ရင်း ဝမ်းသာအားရ ဆိုလေသည်။
"ခင်ဗျားက သူဌေးလင်းပေါ့၊ ကျွန်တော်တို့ ညီအစ်ကိုတွေကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်"
သူသည် ဘောင်းဘီအိတ်ထဲသို့ ဘယ်ဘက်လက်ကို ထည့်ကာ ညာဘက်လက်မကို ထောင်၍ လင်းယန်၏ ရှေ့တွင် ဝှေ့ယမ်းရင်း ပြောလိုက်သည်။
"ရှီးရွှေရွာက ကျွန်တော့်နယ်မြေပဲ၊ ဘာအကူအညီလိုလို ပြောလိုက်၊ ဒီနေ့ကစပြီး ကျွန်တော်တို့က ညီအစ်ကိုတွေပဲ"
လင်းရန်က ပြုံးလျက် ပြန်ပြောလိုက်၏။
"ကျေးဇူးပါပဲ"
အမှန်တကယ် လင်းယန် သည် ထိုအကူအညီများကို မလိုအပ်ပေ။
ထိုစကားအပြီးတွင် ဆံပင်စိမ်းနှင့် လူငယ်သည် နောက်မှ လူငယ်များကို လှည့်ကြည့်ကာ အော်ပြောလိုက်သည်။
"သူဌေးလင်းက ငါတို့ကို အသိအမှတ်ပြုတယ်၊ ဒါကြောင့် ငါတို့လည်း သူ့အလုပ်ကို သေချာ ကူညီပေးရမယ်"
"နားလည်ပါပြီ အစ်ကိုကြီးဟွေး"
အသံမှာ ဟိန်းထွက်သွားလေသည်။
"ကဲ... သွားကြစို့ ညီအစ်ကိုတို့၊ အလုပ်စမယ်"
ရန်အာဟူသည် သူတို့ကို စပျစ်ခြံသို့ ခေါ်ဆောင်သွားလေသည်။
လင်းရန်သည် တက်ကြွစွာဖြင့် ရန်အာဟူ၏ နောက်သို့ လိုက်ပါသွားသော ထိုလူငယ်တစ်စုကို ငေးကြည့်ရင်း စိတ်ထဲတွင် ‘အရာအားလုံး အဆင်ပြေချောမွေ့ပါစေ’ဟုသာ သူ ဆုတောင်းနေမိပေတော့သည်။