အခန်း ၂၂
Vol. 3 Ch. 22
အခန်း (၂၂)
လင်းယန်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ ဖုန်းပြောဆိုသံအား တိုက်ရိုက်ကြည့်ရှုနေသူများသည် အတိုင်းသား ကြားလိုက်ရ၏။
မိုးမှောင်ကျလိုဖြစ်နေသော လင်းယန်၏ မျက်နှာထားအား မြင်တွေ့ရသောအခါ ကြည့်ရှုသူအပေါင်းတို့သည် မရယ်ဘဲ မနေနိုင်အောင် ဖြစ်ရသည်။
“လွှင့်တဲ့သူရဲ့ အိမ်ကတော့ အနုစီးခံလိုက်ရပြီပေါ့”
“တောဝက်ဘုရင်က လွှင့်တဲ့သူ အိမ်မှာမရှိတာကို တစ်ချိန်လုံး သိနေခဲ့တာလား”
“ရယ်ရလွန်းလို့ သေတော့မယ်၊ လင်းယန်ကို အငိုက်ဖမ်းသွားတာပဲ”
“ဝက်တစ်ကောင်က ဒီလောက်အထိ ဉာဏ်ကောင်းနေတာ တကယ်ပဲ အံ့ဩဖို့ကောင်းတယ်”
“ဒီတောဝက်ဘုရင်က တောင်ပေါ်မှာ လင်းယန်ကို စောစောကတည်းက မြင်ပြီး တခြားလမ်းကနေ တိတ်တဆိတ် ဆင်းသွားတာ ဖြစ်မှာပါ”
“ဝက်တွေက တကယ်ကြီး ဒီလောက် ဉာဏ်ပြေးတာလား”
“သခင်လေး... ပြုံးစမ်းပါဦး၊ မင်းမျက်နှာကြီးက ကြည့်ရတာ အတော်လေး ဆိုးနေပြီ”
“ရပါတယ်.. ရပါတယ်.. ဘာမှမဖြစ်ဘူး၊ တောဝက်ဘုရင်က အိမ်ကို ဝင်မွှေသွားရုံတင် မဟုတ်လား၊ အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ”
လင်းယန်သည် အသက်အား ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် မချိုမပြုံးဖြင့် ပြောလိုက်သည်။
“ရုတ်တရက်ကြီး တောဝက်သားကို တကယ် စားချင်လာပြီ၊ ဘယ်လိုလုပ်ရမလဲ”
သူသည် အသက်နှစ်ဆယ်ကျော် ရှင်သန်လာသည့်တိုင်အောင် ဝက်တစ်ကောင်၏ လှည့်စားခြင်းအား ခံရသည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံး ဖြစ်သည်။
‘အသက်ကို ဝဝရှူစမ်း၊ ဝက်တစ်ကောင်ကို ဒေါသထွက်နေဖို့ မလိုဘူး’
သူသည် ခေါင်းငုံ့ကြည့်လိုက်ရာ တောင်ပေါ်သို့ ပင်ပန်းကြီးစွာ သယ်ဆောင်လာခဲ့သော ဝက်စာပုံးကြီးက တောဝက်ဘုရင်၏ လုပ်ရပ်သည် သူ့အား ပြောင်လှောင်နေသကဲ့သို့ ပို၍ ခံစားလိုက်ရသည်။
“လွှင့်တဲ့သူ မပြုံးနိုင်ရင်လည်း မပြုံးပါနဲ့တော့၊ အဲဒီမျက်နှာပေးကြီးက တကယ် ကြောက်ဖို့ကောင်းတယ်”
“စောစောက လွှင့်တဲ့သူ ဘယ်လောက် ယုံကြည်မှု ရှိနေလဲဆိုတာ မှတ်မိကြသေးလား”
“ဟားဟားဟား... ဆောရီးပဲ၊ ငါတော့ တကယ် အောင့်မထားနိုင်တော့ဘူး”
“ရပါတယ် ရပါတယ် ...တောဝက်ကို ထောင်ချောက်ဆင်ဖို့ တောင်ပေါ်တက်သွားကာမှ တောဝက်က အိမ်ကို ပြန်ပြီး အနုစီးသွားတာပဲဟာ၊ သိပ်ပြီးတော့ မရယ်ရပါဘူး”
လင်းယန်သည် မှတ်ချက်စာသားများအား တစ်ချက်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်ယင်သွားသည်။ ကြည့်ရှုသူများထံမှ ကောင်းသောစကား ထွက်လာလိမ့်မည်ကို သူမမျှော်လင့်တော့ပါ။
“အမွေးဖြူ... အမွေးဝါ... အိမ်ပြန်ဖို့ အချိန်တန်ပြီဟေ့”
လင်းယန်သည် အားကုန်ဟစ်အော်လိုက်သည်။ အိမ်မှာ ကျူးကျော်ခံနေရပြီဖြစ်ရာ တောင်ပေါ်တွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။
“ဝူးးး.. ဝူးးး..”
အဝေးတစ်နေရာမှ ကျားပေါက်လေးနှစ်ကောင်၏ အော်မြည်သံအား ကြားလိုက်ရသည်။ လင်းယန်၏ ခေါ်သံအား ကြားသည်နှင့် အမွေးဖြူ သည် ချက်ချင်း ပြေးထွက်လာခဲ့သော်လည်း အမွေးဝါ ၏ အရိပ်အယောင်ကို မတွေ့ရပေ။
“ဟော.. မင်းရဲ့ ညီလေးက ဘယ်ရောက်နေတာလဲ”
ထိုသတ္တဝါလေး ဘယ်နေရာအား ထပ်၍ ပြေးလွှားနေပြန်ပြီနည်း။ အနီးအနားမှာ ကစားရမည်အား သူပြောထားသည် ဖြစ်၏။အမွေးဖြူသည် လင်းယန်၏ ဘောင်းဘီနားကို ကိုက်ဆွဲ၍ တောနက်ထဲသို့ ဦးဆောင်ခေါ်သွားရန် ကြိုးစားနေသည်။
“မဆွဲနဲ့... မဆွဲနဲ့... ငါ မင်းနောက်က လိုက်ကြည့်ပေးပါ့မယ်၊ ဘောင်းဘီသာ ပြဲသွားရင် ငါ့မှာ ဝယ်ဖို့ ပိုက်ဆံမရှိဘူး”
လင်းယန်သည် ဘောင်းဘီပေါ်တွင် ပါလာသော အပေါက်ငယ်လေးများအား ကြည့်ကာ နှမြောတသဖြစ်နေမိ၏။
ထိုအပေါက်များသည် ကျားပေါက်လေးနှစ်ကောင် ကိုက်ထားခြင်းဖြစ်ကာ ကံကောင်းထောက်မစွာဖြင့် အပေါက်ကြီးကြီးမားမား မဖြစ်သွားခဲ့ပေ။ မဟုတ်လျှင် သူ၏ လက်ရှိ ငွေကြေးအခြေအနေအရ မွဲရာဖန်လဲ ဖြစ်ရချေတော့မည်။
“မဖြစ်နိုင်တာ နာမည်ကြီး Live လွှင့်တဲ့သူတစ်ယောက်က ဘောင်းဘီတစ်ထည်တောင် မဝယ်နိုင်ဘူးလား”
“အဲဒါ ဖင်းတောတောက ၉.၉ ယွမ်တန် ဘောင်းဘီ မဟုတ်လား”
“မဖြစ်နိုင်လိုက်တာ၊ လွှင့်တဲ့သူက အဲဒီလောက်အထိ ဆင်းရဲနေတာလား”
“Live လွှင့်တာက အတော်လေး ဝင်ငွေကောင်းတယ်လို့ ပြောကြတယ် မဟုတ်လား”
“အဲဒါက တခြားသူတွေပါ၊ ဒီအစီအစဉ်က Live မှာတော့ အလှူငွေလက်ခံတဲ့ လမ်းကြောင်းတွေ အကုန်ပိတ်ထားတာလေ၊ ဆိုလိုတာက ပြိုင်ပွဲဝင်တွေဟာ Live ကနေ ငွေရဖို့ မမျှော်လင့်နိုင်ဘူး၊ သူတို့ သုံးနိုင်တာက အဖွဲ့သားတွေပေးတဲ့ အရင်းအနှီး ယွမ်တစ်သိန်းပဲ ရှိတာ”
“ဒါကြောင့် လွှင့်တဲ့သူက ဒီလောက် ခြိုးခြံချွေတာနေတာကိုး”
“မဟုတ်သေးပါဘူး သူတို့ အဲဒီလောက် ဆင်းရဲနေရင် ဘာလို့ အဲဒီ လူငယ်လေးတွေကို လစာအများကြီး ပေးထားရတာလဲ”
အမွေးဖြူသည် လင်းယန် နောက်မှ လိုက်မလိုက်အား တစ်ချက်တစ်ချက် ရပ်ကြည့်ကာ ရှေ့မှ ဦးဆောင်သွားသည်။ လင်းယန်မှာ လမ်းကြောင်းအား စမ်းသပ်ရန်အတွက် သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူလိုက်၏။
ထိုကဲ့သို့သော တောင်လမ်းများတွင် တုတ်တစ်ချောင်း မပါဘဲ လျှောက်လှမ်းရန်မှာမဖြစ်နိုင်ပေ။သစ်ရွက်ခြောက်များ သို့မဟုတ် မြက်ပင်များအောက်တွင် မြွေများ ပုန်းကွယ်နေနိုင်သောကြောင့် ဖြစ်၏။
အမွေးဖြူသည် သေးငယ်၍ ဖျတ်လတ်သဖြင့် မြက်တောများအား လွယ်ကူစွာ ဖြတ်ကျော်နိုင်သော်လည်း လင်းယန်မှာ ခါးကုန်း၍ ငုံ့လျှိုးကာ သွားလာနေရသဖြင့် အတော် ပင်ပန်းလှသည်။
“ဒါကို လမ်းလို့တောင် ခေါ်လို့ရရဲ့လား”
“ဒီလို တောတွင်းသွားလာတာကို တိုက်ရိုက်ကြည့်ရတာ အတော်လေး ရင်ခုန်စရာကောင်းတယ်”
“မြက်ကိုရိုက်ပြီး မြွေကို ခြောက်တယ် ဆိုတာ ဒါမျိုးကို ပြောတာကိုး”
“ဒါက ငါ့ကို ဘယ်တွေ ခေါ်သွားနေတာလဲ”
“ဒီလို မြင်ကွင်းမျိုးကို ငါ တကယ် သဘောကျတယ်”
“ဟိုဘက်က မှိုနီလေးကို စားလို့ရမလား”
“ကြည့်ရတာတော့ အရသာရှိမယ့်ပုံပဲ၊ နောက်တစ်ခါ အဲဒီလိုမျိုး ထပ်တွေ့ရင် မြည်းကြည့်လိုက်လေ၊ စားပြီးလို့ နေမကောင်းဖြစ်ရင် ငါ့ကို လာရှာလို့ရတယ်၊ ငါ့မိသားစုက နာရေးကူညီမှု လုပ်ငန်းကို တစ်နေရာတည်းမှာ အပြီးအစီး လုပ်ပေးတယ်”
“အပေါ်ကလူကတော့ တကယ် ရက်စက်တာပဲ၊ အဲဒီလို ပြောတာက အကုသိုလ် မဖြစ်ဘူးလား”
“အမွေးဖြူက လွှင့်တဲ့သူကို ဘယ်နေရာကို ခေါ်သွားနေတာလဲ”
“တောတွင်း စွန့်စားခန်းတစ်ခုလို ခံစားရတယ်”
“အိမ်အဖောက်ခံလိုက်ရတာတောင် လွှင့်တဲ့သူက အတော်လေး တည်ငြိမ်နေတာပဲ”
“မတည်ငြိမ်လို့ရော ဘာလုပ်ရမှာလဲ၊ ကျားပေါက်လေးတွေကို တောင်ပေါ်မှာ ဒီတိုင်း ပစ်ထားခဲ့လို့မှ မရတာ”
ရှစ်မိနစ်ခန့် လျှောက်လှမ်းပြီးနောက်တွင် လင်းယန်သည် အမွေးဝါအား တွေ့လိုက်ရသည်။ အမွေးဝါ၏ ဘေးတွင် ဥများပါသော အသိုက်တစ်ခု ရှိနေ၏။ ကြည့်ရသည်မှာ တောဥများ ဖြစ်ပုံရသည်။
လင်းယန်သည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
“မင်းတို့ နှစ်ကောင်ကတော့ ကံကောင်းလှချည်လား၊ မနေ့က တောကြက်တစ်ကောင် ဖမ်းမိသလို၊ ဒီနေ့တော့ တောဥတွေ ရှာတွေ့ပြန်ပြီ၊ ကဲ.. ဒီညတော့ မင်းတို့နှစ်ကောင်ကို အစာအပို ကျွေးရတော့မယ်”
ထိုတောင်ပေါ်ခရီးစဉ်သည် လုံးဝ အကျိုးမဲ့သွားခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း လင်းယန်၏ ကိုယ်ပေါ်တွင် ကပ်စေးနှဲမြက်ပင်များ ကပ်ပါနေပြီ။ သူငယ်စဉ်ကတည်းမှ ထိုအရာများအား အလွန်မုန်းတီးခဲ့ခြင်း ဖြစ်၏။
ကပ်စေးနှဲ မြက်ပင်များသည် ကိုယ်ပေါ်တွင် ကပ်ငြိသွားမည်ဆိုလျှင် ပြန်ခွာရန် အလွန်ခက်ခဲလှသည်။ တောဥများအပြင် လင်းယန်သည် မှိုများလည်း တစ်ခြင်းငယ် ခူးဆွတ်ခဲ့သည်။
မှိုကြက်သားချက်သည် အတော်လေး ကောင်းမွန်သော ဟင်းတစ်ခွက် ဖြစ်ပေလိမ့်မည်။ ဒီနေ့ တောကြက်မရခဲ့သော်လည်း သူကိုယ်တိုင် မွေးမြူထားသော ကြက်များအား စားနိုင်သည်မဟုတ်လော။
“တကယ်ပဲ အံ့ဩဖို့ကောင်းတယ်”
လင်းယန်သည် ကျားပေါက်လေးနှစ်ကောင်အား မ ယူကာ အားရပါးရ ပွတ်သပ်ပေးလိုက်သည်။ လူအများသည် ကြောင်များအား မည်သည်ကြောင့် ပွတ်သပ်ချင်ကြသည်ကို ယခုမှ သူ နားလည်တော့သည်။
ထိုခံစားချက်သည် အတိုင်းထက်အလွန် ကျေနပ်မှုကို ပေးစွမ်းနိုင်၏။ သတ္တဝါလေးနှစ်ကောင်သည်လည်း လင်းယန်၏ ရင်ခွင်ထဲတွင် ခိုအောင်းနေရခြင်းအား သဘောကျနေပုံရသည်။ အပွတ်အသပ် ခံရလွန်းသဖြင့် အမွေးများ ပွကုန်သော်လည်း ကျားပေါက်လေးများသည် ရုန်းကန်ခြင်းမရှိကြပေ။
လူတစ်ယောက်နှင့် ကျားနှစ်ကောင်တို့သည် ကျေနပ်အားရစွာဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။
သို့သော် လင်းယန်သည် တောဝက်ကြောင့် ပျက်စီးနေသော ဝင်းတံခါးကို မြင်လိုက်ရသည့်အခါတွင် ထိတ်လန့်တုန်လှုပ်နေသော ဝက်ကလေးများ၏ အော်သံ၊ မြေပြင်ပေါ်မှ ကြက်မွှေး ငှက်မွှေးများနှင့် အိမ်နောက်ဘက်မှ ထွက်ပေါ်လာသော ခွေးဟောင်သံများကို ကြားလိုက်ရသည့်အခါ လင်းယန်မှာ ကြက်သေသေသွားတော့သည်။
ဝင်းတံခါးဝတွင် သူသည် ကျောက်ရုပ်တစ်ခုကဲ့သို့ မှင်တက်ရပ်နေမိသည်။
“ငါ ဘယ်ကို ရောက်နေတာလဲ၊ ဒါ တကယ်ပဲ ငါ့အိမ် ဟုတ်သေးရဲ့လား၊ ဘာကြောင့် ရင်းနှီးနေသလိုလိုနဲ့ စိမ်းသက်နေရတာလဲ၊ ဒီ တောဝက်ဘုရင် အစုတ်ပလုတ် ကတော့လေ”