အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃)
ရှေ့ဝင်းတံခါးဝတွင် ပစ်ကပ်ကားတစ်စီးသည် ဆိုက်ရပ်လာသည်။ ကားပေါ်မှ လူငယ်သုံးလေးဦး ဆင်းလာကြ၍ ရှေ့ဆုံးမှ တစ်ဦးသည် အဖြူရောင် ဝတ်စုံအား ဆင်မြန်းကာ ရွှေရောင်မျက်မှန် တပ်ဆင်ထား၏။ သူ၏ ကိုယ်ပေါ်တွင် တိရစ္ဆာန်အနံ့အသက်များ ပြင်းထန်စွာ စွဲကပ်နေသဖြင့် တိမွေးကုဆရာဝန် တစ်ဦးဖြစ်ကြောင်း သိသာလှသည်။
“ရဲဘော် လင်းယန် ဟုတ်ပါသလား၊ ကျွန်တော့်နာမည် ကွင်း ပါ၊ ညွှန်ကြားရေးမှူးလီ က တောဝက်ဘုရင်ကို ဖမ်းဆီးပြီး ဘေးကင်းရာဇုန်ကို ပို့ဆောင်ဖို့ ကူညီပေးဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ၊ ကျွန်တော်တို့ အခုပဲ တောင်ပေါ် တက်ကြမလားခင်ဗျာ”
မျက်မှန်ရွှေရောင်တပ်ဆင်ထားသော လူငယ်သည် ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
လင်းယန်သည် မိမိအိမ်၏ နောက်ဖေးဝင်းဘက်သို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
“တောင်ပေါ်တက်ဖို့တော့ လိုမယ်မထင်တော့ဘူးဗျ”
မျက်မှန်နှင့် လူငယ်သည် ဝေခွဲမရဖြစ်သွားကာ ပြန်လည်မေးမြန်းလေသည်။
“တောဝက်ဘုရင်ကို ရှာဖို့ တောင်ပေါ်သွားရမှာ မဟုတ်ဘူးလား”
ညွှန်ကြားရေးမှူးလီ ပို့ပေးထားသော ဗီဒီယိုဖိုင်ထဲတွင် မြင်တွေ့ရသည့် တောဝက်ဘုရင်၏ ခန္ဓာကိုယ်ထွားကြိုင်းမှုသည် အလွန် အထင်ကြီးဖွယ်ရာ ကောင်းလှသည်။ မေ့ဆေးမပါဘဲ လူကြီးလေးငါးဦး စုပေါင်းဖမ်းလျှင် မလွယ်ကူနိုင်ပေ။
“အဲဒီ တောဝက်ဘုရင်က အခု ငါ့အိမ်နောက်ဖေးထဲမှာ ရောက်နေပြီ၊ သူ့ကို မြန်မြန်လေးသာ ခေါ်ထုတ်သွားပေးကြပါတော့ဗျာ”
လင်းယန်သည် ထိုစကားအား ပြောနေစဉ် ဒေါသကြောင့် သွားများကို ကျစ်ကျစ်ပါအောင် ကြိတ်ထားမိသည်။ထို အစုတ်ပလုတ် တောဝက်ဘုရင်ကြောင့် သူ၏ စနစ်တကျ ပြင်ဆင်ထားသော ကျေးလက်အပန်းဖြေစခန်းလေးသည် မည်မျှ ပျက်စီးသွားရသနည်း။
ဘိုးဘွားပိုင် အိမ်အိုကြီးအား ယခုကဲ့သို့ အခြေအနေရောက်အောင် ပြုပြင်မွမ်းမံရန် သူသည် တစ်လခွဲနီးပါး အချိန်ယူခဲ့ရသည် မဟုတ်လော။ ယခု တောဝက်ဘုရင် ရောက်လာသည့် တစ်ညတည်းနှင့် အရာအားလုံးမှာ မူလအခြေအနေသို့ ပြန်လည် ဆိုက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ လင်းယန်၏ ရင်ထဲတွင် ကြေကွဲဝမ်းနည်းမှုတို့မှာ အတိုင်းထက်အလွန် ဖြစ်နေ၏။
ထိုအခါမှသာ တိမွေးကုဆရာဝန်နှင့် အဖွဲ့သားများသည် ဝင်းအတွင်း ပရမ်းပတာ ဖြစ်နေသည့် အခြေအနေအား သတိပြုမိသွားကြသည်။
“ဒါတွေအကုန်လုံးက တောဝက်ဘုရင် လုပ်သွားတာပေါ့၊ ဟုတ်လား”
တိမွေးကုဆရာဝန် က တအံ့တဩ မေးလိုက်သည်။
လင်းယန်သည် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုစဉ်မှာ ဝက်တစ်ကောင်၏ စူးစူးဝါးဝါး အော်မြည်သံ ထွက်ပေါ်လာ၏။ တိမွေးကုဆရာဝန်သည် သူ၏ ဆေးသေတ္တာအား ဆွဲကာ နောက်ဖေးဝင်းဘက်သို့ အပြေးအလွှား သွားတော့သည်။ လင်းယန်နှင့် အခြားသူများလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။
နောက်ဖေးဝင်းအတွင်းရှိ မြင်ကွင်းသည် ရှေ့ဝင်းထက် ပိုမိုဆိုးရွားလှသည်။ အိမ်ခေါင်မိုးပေါ်သို့ ပျံတက်နေကြသော ကြက်များသည် တကွက်ကွက်နှင့် ဆူညံစွာ အော်ဟစ်နေကြသည်။ ဝက်ခြံသည်လည်း တောဝက်ဘုရင်၏ တိုက်ခိုက်မှုကြောင့် အစိပ်စိပ်အမွှာမွှာ ပျက်စီးနေ၏။ ဝက်ကလေးများသည်လည်း နောက်ဖေးဝင်း တစ်ခုလုံးတွင် ပရမ်းပတာ ပြေးလွှားနေကြသည်။ ငတုံးကြီးသည် တောဝက်ဘုရင်၏ နောက်မှ သတိကြီးစွာဖြင့် လိုက်ပါနေသော်လည်း အနီးကပ်ရန် မဝံ့ရဲရှာခဲ့ပေ။
မြေပြင်တစ်ခုလုံးတွင် ကြက်ချေး၊ ဝက်ချေးများဖြင့် ပြည့်နှက်နေသဖြင့် ခြေချစရာ နေရာ မရှိတော့ပေ။ လင်းယန် မနက်မှ လှန်းထားခဲ့သော အဝတ်အစားများမှာလည်း ဝက်များ၏ နင်းချေမှုကြောင့် ရွှံ့နွံထဲတွင် နစ်မြုပ်နေလေပြီ။ နောက်ဖေးဝင်း တစ်ခုလုံးတွင် အနံ့ဆိုးများ ဖုံးလွှမ်းနေသဖြင့် လင်းယန်နှင့် အဖွဲ့သားများမှာ ရောက်ရောက်ချင်း နှာခေါင်းအား ပိတ်ထားကြရသည်။
တောဝက်ဘုရင်သည် သူ၏ လက်ရာများအား အလွန် သဘောကျနေပုံရကာ ဝက်ကလေးများကို တဝုန်းဝုန်းနှင့် လိုက်လံစနောက်နေသည်။ သို့သော် လင်းယန် ရုတ်တရက် ပေါ်လာလိမ့်မည် မမျှော်လင့်ထားပုံရ၏။ တောဝက်ဘုရင်သည် လင်းယန်အား မြင်လိုက်ရသည့်အခါ မျက်လုံးများထဲတွင် ဝေခွဲမရမှုနှင့် ကြောက်ရွံ့မှုတို့ တစ်ချက် ဖြတ်ပြေးသွားသည်။
ထိုလူသားသည် ဘာကြောင့် ဒီနေရာကို ထပ်ရောက်လာပြန်သနည်း။ မနက်အစောပိုင်း တောင်ပေါ်တွင် အလွန်မွှေးပျံ့သော အနံ့ကို တောဝက်ဘုရင်သည် ရရှိခဲ့သည်။ ထိုအနံ့သည် သူ့အား အလိုအလျောက် ဆွဲဆောင်နေခဲ့သော်လည်း သူ၏ ဝက်ဦးနှောက်ထဲမှ အသံတစ်ခုသည် ထိုနေရာသို့ မသွားရန်၊ သွားမည်ဆိုလျှင် အသက်အန္တရာယ် ရှိနိုင်ကြောင်း သတိပေးနေသကဲ့သို့ ခံစားခဲ့ရ၏။ ထို့ကြောင့်သာ တောင်ပေါ်သို့ မတက်ဘဲ ထိုနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
လင်းယန်သည် တောဝက်ဘုရင်၏ မျက်နှာပေါ်မှ ခံစားချက်အား နားလည်လိုက်သဖြင့် ဒေါသရော ရယ်ချင်စိတ်ပါ ဒွန်တွဲသွားရသည်။ ထိုတောဝက်ဘုရင်သည် ဝက်စာတစ်ကြိမ် စားရုံနှင့် ဉာဏ်ရည် အနည်းငယ် တက်လာခဲ့သည်။ သာမန်တောဝက်ဘုရင် တစ်ကောင် ဖြစ်သော်လည်း သူ၏ အပြုအမူများသည် ဉာဏ်ရှိသူတစ်ဦးကဲ့သို့ ဖြစ်နေ၏။ သူ တောင်ပေါ်တွင် သုံးနာရီကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ပေါ်မလာခဲ့ခြင်းသည် မဆန်းတော့ပေ။
တိုက်ရိုက်ကြည့်ရှုနေသူများသည် ထိုမြင်ကွင်းအား ကြည့်ကာ လင်းယန်အပေါ် များစွာ သနားကရုဏာ ဖြစ်နေကြသည်။
“လွှင့်တဲ့သူတော့ တကယ် ကံဆိုးတာပဲ၊ ငါ ဒီနောက်ဖေးဝင်းကို အရင်ကလည်း မြင်ဖူးတယ်”
“တိရစ္ဆာန်တွေ အများကြီး မွေးထားပေမယ့် ဒီလောက်အထိတော့ မညစ်ပတ်ဖူးဘူး”
“ဖုန်းထဲကနေတောင် ဝက်ချေးနံ့ရသလိုပဲ”
“လင်းယန် အခု ဘယ်လောက်တောင် ဒေါသထွက်နေမလဲဆိုတာ မှန်းကြည့်လို့ရတယ်”
“လွှင့်တဲ့သူအတွက် သုံးစက္ကန့်လောက် ငြိမ်သက်ပြီး ဝမ်းနည်းပေးလိုက်ကြရအောင်”
“ငါသာဆိုရင်တော့ ရူးသွားမှာပဲ၊ ကြက်၊ ဝက်၊ ဘဲ ချေးတွေ နေရာအနှံ့ ဖြစ်နေတာကို ဘယ်သူက ခံနိုင်မှာလဲ”
“ ကြက်ပျံ ခွေးလွှားဆိုတဲ့ စကားပုံရဲ့ လက်တွေ့မြင်ကွင်းကို ပထမဆုံး မြင်ဖူးတော့တာပဲ”
တောဝက်ဘုရင်သည် လင်းယန်အား မြင်သောအခါ အနည်းငယ် ကြောက်လန့်သော်လည်း သူသည် မဟာတောဝက်ဘုရင် မဟုတ်လော။ သေးငယ်သော လူသားတစ်ဦးရှေ့တွင် သူရဲဘောကြောင်သည့် အမူအရာ မပြနိုင်ပေ။
‘တုန်လှုပ်ကြစမ်း၊ အားနည်းတဲ့ လူသားတို့’
ထိုသို့ တွေးတောကာ တောဝက်ဘုရင်သည် ကြမ်းတမ်းသော မျက်နှာထားကို ဖော်ပြလိုက်သည်။
လင်းယန်သည် ဒေါသကြောင့် သွားများကို ကြိတ်ကာ ရေရွတ်လိုက်သည်။
“တောက်.. ဒီညတော့ တောဝက်သားပဲစားလိုက်ရမလား”
သူသည် ဝင်းအတွင်းမှ တူကြီးတစ်ချောင်းအား ကောက်ယူကာ ထိုတောဝက်ဘုရင်ကို သင်ခန်းစာ ပေးရန် ပြင်လိုက်တော့သည်။
စောစောမှ ရန်လိုနေသော တောဝက်ဘုရင်သည် ရင်းနှီးနေသော တူကြီးကို မြင်လိုက်ရသည့်အခါတွင် ချက်ချင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားရသည်။ ထိုလူသားထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ သူ့အား အမှန်တကယ် ထိတ်လန့်စေ၏။
တိမေးကုဆရာဝန်သည်လည်း လင်းယန် ဒေါသအလျောက် တစ်ခုခု လုပ်မိမည်ကို စိုးရိမ်သဖြင့် ချက်ချင်း တားဆီးလိုက်သည်။
“ရဲဘော် လင်းယန် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး၊ အထက်က ဒီတောဝက်ဘုရင်ကို ဘေးကင်းရာဇုန်ကို ပို့ဖို့ ညွှန်ကြားထားတာပါ
ဆိုလိုသည်မှာ ထိုတောဝက်ဘုရင်သည် လက်ရှိတွင် အထက်မှ ကာကွယ်စောင့်ရှောက်ထားသော သတ္တဝါတစ်ကောင် ဖြစ်နေခြင်း ဖြစ်၏။ အကယ်၍ လင်းယန်သည် စိတ်လိုက်မာန်ပါဖြင့် တစ်ခုခု ပြုမူမိမည်ဆိုလျှင် ထိုကိစ္စမှာ ရှင်းရခက်ပေလိမ့်မည်။
“မင်းရဲ့ ဆုံးရှုံးမှုတွေအတွက်တော့ ငါ ညွှန်ကြားရေးမှူးလီနဲ့ စကားပြောပေးပါ့မယ်၊ အဖွဲ့အစည်းက မင်းကို ဒီအတိုင်း ပစ်ထားမှာ မဟုတ်ပါဘူး”
ထိုစကားကို ကြားရသောအခါမှ လင်းယန်၏ စိတ်မှာ အနည်းငယ် ပြေလျော့သွားရသည်။
“စိတ်မပူပါနဲ့၊ ကျွန်တော်တို့ အခုပဲ သူ့ကို ခေါ်သွားပါ့မယ်”
တောဝက်ဘုရင်သည် သူတို့၏ စကားအား နားမလည်သော်လည်း လင်းယန်သည် တူကို ပြန်ချလိုက်သည် မြင်သောအခါ ပြန်လည် မာန်တက်လာသည်။ ထိုအားနည်းသော လူသားများမှာ သူ့အား မလုပ်ရဲသည် ထင်မှတ်နေပုံရ၏။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ တင်ပါးဆီမှ စူးရှသော နာကျင်မှုအား ခံစားလိုက်ရ၍ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရဘဲ လဲကျသွားသည်။
တောဝက်ဘုရင်ကို သံလှောင်အိမ်ထဲသို့ ထည့်သွင်းကာ ပစ်ကပ်ကားပေါ်သို့ တင်လိုက်ကြသည်။ တိမွေးကုဆရာဝန်သည် ပြန်ခါနီးတွင် လင်းယန်၏ ခြေရင်း၌ ဝိုင်းဝဲနေသော ကျားပေါက်လေးနှစ်ကောင်အား ကြည့်ကာ နှမြောတသဟန်ဖြင့် ပြောလိုက်သည်။
“ဒီကျားပေါက်လေးနှစ်ကောင်က တကယ်ကို ကျန်းမာသန်စွမ်းတာပဲ၊ ငါ အရင်က မြင်ဖူးတဲ့ တောရိုင်းကျားပေါက်တွေတောင် ဒီလောက် မဖွံ့ဖြိုးဘူး၊ ကြည့်ရတာ လှောင်အိမ်ထဲမှာ မွေးထားတဲ့ ပုံစံမျိုး လုံးဝ မပေါက်ဘူး”
စိတ်ခံစားချက်သည် လူသားများကိုသာမက တိရစ္ဆာန်များကိုလည်း တိုက်ရိုက် သက်ရောက်မှု ရှိနိုင်သည်။ ထို့ကြောင့်လည်း တိရစ္ဆာန်ရုံများတွင် အစာရေစာ မလုံလောက်ခြင်း သို့မဟုတ် နှိပ်စက်ခြင်း ခံရသော တိရစ္ဆာန်များသည် စိတ်ဓာတ်ကျကာ သေဆုံးကုန်ကြသည်ဟူသော သတင်းများကို အွန်လိုင်းတွင် မကြာခဏ မြင်တွေ့ရခြင်း ဖြစ်သည်။ ထိုသည်မှာ တိရစ္ဆာန်များ၏ ရှင်သန်မှုသည်လည်း စိတ်ခံစားချက်အပေါ် မူတည်နေကြောင်း ပြသနေ၏။
“သူတို့နှစ်ကောင်လုံးက အတော်လေးကို ဖျတ်လတ်ကြပါတယ်”
လင်းယန်သည် ပြုံးလျက် အမွေးဝါ၏ ဦးခေါင်းအား ပွတ်သပ်ပေးလိုက်သည်။ အမွေးအမှင်များမှာ နူးညံ့ချောမွေ့သဖြင့် ကိုင်တွယ်ရသည်မှာ အလွန်သဘောကျစရာ ကောင်းလှသည်။
တိမွေးကုဆရာဝန်မှာ အားကျသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ တောတောင်၏ ဘုရင်ဖြစ်သော ကျားကြီးသည် ထိုလူ့လက်ထဲတွင် ကြောင်လေးတစ်ကောင်ကဲ့သို့ အပွတ်အသပ် ခံနေရသည်မှာ မည်သို့သော ခံစားချက်မျိုးပါနည်း။
“ဒါဆို ကျွန်တော် သွားတော့မယ်၊ တောဝက်ဘုရင်ကို ဖမ်းဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ နောက်ရက်တွေမှာ ကျားပေါက်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ကျွန်တော် လာခဲ့ပါဦးမယ်”
ကားလေး မောင်းထွက်သွားသည်အား လင်းယန် လိုက်လံကြည့်ရှုပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ကာ ပရမ်းပတာ ဖြစ်နေသည့် မြင်ကွင်းကို ကြည့်၍ ပထမဆုံးအကြိမ်အဖြစ် အားကိုးရာမဲ့သည့် ခံစားချက်အား ပြင်းထန်စွာ ခံစားလိုက်ရသည်။
‘ဘုရားသခင် ဘယ်သူများ ငါ့ကို ကူညီနိုင်ပါ့မလဲ ဒါတွေကို ရှင်းလင်းဖို့ အချိန်ဘယ်လောက်တောင် ယူရဦးမှာလဲ’
လင်းယန်၏ ရင်ထဲမှ ဆုတောင်းသံကို ဘုရားသခင် ကြားသွား၍လား မသိပေ။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ရွာသားအချို့အား ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။ ရွာသားတိုင်း၏ လက်ထဲတွင်လည်း ကိရိယာတန်ဆာပလာ ကိုယ်စီ ပါရှိကြသည်။
“ရှောင်ယန်... ငါတို့ တောဝက်ဘုရင်ကို ဝိုင်းမောင်းပေးဖို့ လာခဲ့ကြတာဟေ့”
လင်းယန်သည် အနည်းငယ် ရယ်မောလိုက်၍ တုံ့ပြန်လိုက်လေသည်။
“တောဝက်ဘုရင်ကို မောင်းထုတ်ဖို့တော့ မလိုတော့ဘူးဗျ၊ ဒါပေမဲ့”