← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄)

ချောင်ရှီဖုန်းသည် အမြန်ရထားပေါ်မှ ဆင်းဆင်းချင်း တက္ကစီတစ်စီးအား ငှားရမ်းကာ ရှီရွှေရွာသို့ တိုက်ရိုက် ဦးတည်ခဲ့သည်။ ရှီရွှေရွာသည် မြို့ပြနှင့် ကီလိုမီတာ နှစ်ရာခန့် ကွာဝေးလှ၍ နေ့တစ်ဝက်နီးပါး ခရီးနှင်ခဲ့ပြီးနောက်တွင် ချောင်ရှီဖုန်းသည် ရှီရွှေရွာသို့ ရောက်ရှိခဲ့သည်။ သို့သော် လမ်းညွှန်မြေပုံတွင် အဘိုး၏ ကျေးလက်အပန်းဖြေစခန်းသို့ သွားရမည့် လမ်းကြောင်းအား တိကျစွာ ဖော်ပြမထားပေ။ ထို့ကြောင့် သူသည် ဒေသခံ ရွာသားများထံတွင် အကူအညီတောင်းရလေတော့သည်။

ရွာအဝင်ဝရှိ ညောင်ပင်ကြီးအောက်ဝယ် ဝမ်တာလီနှင့် အခြားနှစ်ဦးတို့သည် လေညင်းခံကာ ထိုင်နေကြသည်။ ထိုစဉ် လီတင်းနှင့် ရွှီလီတို့သည် တတွတ်တွတ်နှင့် စကားမစဲ ပြောဆိုနေကြ၏။

“လင်းယန်ရဲ့အိမ်ကို တောဝက် ဝင်တိုက်သွားတယ်လို့ ရွာလူကြီး ပြောတာကို ငါခုလေးတင် ကြားခဲ့တာ”

ရွှီလီသည် စကား စလိုက်သည်။

“နည်းတောင်နည်းသေးတယ်”

လီတင်းသည် သဘောကျစွာဖြင့် နေကြာစေ့အား ဝါးလျက် ပြန်ပြောလိုက်သည်။

“သူက အမြဲတမ်း ဟန်လုပ်ပြချင်နေတာလေ၊ အခုတော့ ကံဆိုးပြီ မဟုတ်လား၊ သူ့ရဲ့ အပြုအမူတွေကို ကြည့်ရတာ ငါတော့ တကယ်ကို သည်းမခံနိုင်ဘူး”

“ဒါနဲ့ လင်းယန် ဘာများဖြစ်သွားသေးလဲ”

ရွှီလီသည် ခေါင်းခါပြ၍ ပြောလိုက်သည်။

“သူ အိမ်မှာမရှိတုန်း ဖြစ်သွားတာတဲ့၊ အခု ရွာလူကြီးက ရွာသားတွေကို ဦးဆောင်ပြီး တောဝက်ကို မောင်းထုတ်ဖို့ ကူညီပေးနေကြတယ်၊ ငါတို့လည်း သွားပြီး မျက်နှာပြသင့်သလား”

ဝမ်တာလီသည် ဘာမှမပြောဘဲ နှုတ်ဆိတ်နေ၏။ သို့သော် လီတင်းသည် ဒေါသတကြီးဖြင့် ပြန်လည် တုံ့ပြန်လေသည်။

“သွားစရာလား၊ သူက အဲဒီလောက် အေးစက်ပြီး နှလုံးသားမရှိတဲ့လူ၊ ငါတို့သွားကူရင်တောင် သူက ကျေးဇူးတင်မှာ မဟုတ်ဘူး”

ထိုဘေးအန္တရာယ်မှ လင်းယန်မလွတ်မြောက်လိုက်သင့်ဟုပင် လီတင်းသည် မသမာစိတ်ဖြင့် တွေးတောနေမိသည်။ ထို့နောက် ဝမ်တာလီအား တစ်ချက် ကြည့်လိုက်၍ ပြောလိုက်၏။

“တာလီ... နင်ကတော့ ဒီတိုင်း ထိုင်နေနိုင်သေးတာပဲလား”

“ဟုတ်ပ၊ အဲဒီကောင်ရဲ့ Live ကြည့်ရှုသူ အရေအတွက်က ငါတို့ လေးယောက်ပေါင်းတာထက်တောင် များနေသေးတယ်၊ ဝူအန်းဆိုရင် အဲဒီနေ့က ကိစ္စကြောင့် အခုထိ ဆေးရုံမှာ လဲနေရတုန်း၊ ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ သူ့ကို လိုက်မီဖို့ ခက်သွားလိမ့်မယ်၊တစ်ခုခု မြန်မြန် စဉ်းစားဦး”

ဝမ်တာလီသည် ခေါင်းငုံ့ကာ လေသံတိုးတိုးဖြင့် ထိုသို့ပြောလိုက်သည်။

“ငါ ဘာလုပ်နိုင်မှာလဲ၊ ငါ့မှာ Follower တစ်သိန်းလောက်ပဲ ရှိသေးတာ၊ လင်းယန်ကတော့ အခု Follower ခြောက်သိန်းရှိတဲ့ အွန်လိုင်းဆယ်လီလေး ဖြစ်နေပြီ”

လင်းယန် သူ့ထက် သာသွားမည်ကို ဝမ်တာလီသည်မလိုလားသော်ငြား လက်ရှိတွင် သူဘာမှမလုပ်နိုင်သေးပေ။

သူတို့အားလုံး စုပေါင်း၍ လင်းယန်အား အစီအစဉ်မှ ထုတ်ပယ်ခံရစေရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း လင်းယန်မှာ နာမည်ကြီးသထက်ကြီးလာသည်။ လင်းယန်သည် အရင်းရှင်များ၏ ထိန်းချုပ်မှုအား ခံနေရသူဖြစ်ကြောင်း မည်သူမျှသည် မမှတ်မိနေကြတော့ပေ။

လွန်ခဲ့သော နှစ်ရက်အတွင်း ဝမ်တာလီသည် ကီးဘုတ်ဖိုက်တာများအား တိတ်တဆိတ် ငှားရမ်းခဲ့သည်။ လင်းယန် တိုက်ရိုက် ထုတ်လွှင့်သည်နှင့် ထိုသူများသည် လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ သွားကာ ပြဿနာရှာကြ သော်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ လင်းယန်၏ Follower အရေအတွက်သည် များပြားလွန်းလှသဖြင့် ကီးဘုတ်ဖိုက်တာများ၏ ဝါဒဖြန့်မှုမှာ ထိရောက်မှုမရှိခဲ့ပေ။

ရွှီလီသည် မျက်လုံးတစ်ချက် ဝှေ့ယမ်းလိုက်၍ ပြောလိုက်သည်။

“ငါ့မှာ အကြံတစ်ခု ရှိတယ်၊ ငါတို့အားလုံးရဲ့ Follower ပေါင်းရင်တောင် သိပ်မများဘူးဆိုတော့ ဩဇာမညောင်းတာက သဘာဝပဲ၊ အကယ်၍ ငါတို့အတွက် စကားပြောပေးမယ့် နာမည်ကြီး IP တစ်ခုခုကို ရှာနိုင်ရင် ဒီကိစ္စကို အပြတ်ရှင်းနိုင်လိမ့်မယ်၊ လင်းယန်ကို အရင်းရှင်ဆိုတဲ့ တံဆိပ် ကပ်နိုင်သရွေ့ အွန်လိုင်း အသုံးပြုသူတွေက သူ့ကို အားပေးမှာ မဟုတ်တော့ဘူး၊ ပြီးခဲ့တဲ့ အကြိမ်က ငါတို့ အောင်မြင်ခါနီးမှ တောဝက်ကြီး ပေါ်လာလို့ အရေးကြီးဆုံး သက်သေကို မရလိုက်တာ”

လီတင်းသည် ထိုစကားမှာ အဓိပ္ပာယ်ရှိသည် ယူဆကာ ထိုသို့မေးလိုက်၏။

“ဒါဆို ဘယ်သူ့ကို ရှာသင့်လဲ၊ ငါတို့က သာမန်လူတွေပဲလေ၊ အွန်လိုင်းပေါ်မှာ ဘာအဆက်အသွယ်မှ မရှိဘူး”

ရွှီလီသည် ခပ်ဖွဖွ ရယ်မောလိုက်ကာ ပြောလိုက်သည်။

“ငါ့မှာ အွန်လိုင်းဘလော့ဂါ လုပ်တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်၊ အခုဆို ပလက်ဖောင်း အစုံမှာ Follower နှစ်သန်းကျော် ရှိနေပြီ၊ သူက ဖျော်ဖြေရေး လောကအကြောင်းကိုပဲ အဓိက ရေးတာဆိုတော့ ကွက်တိပဲ မဟုတ်လား၊ ငါ သူ့ကို အဖိုးအခ တစ်ခုခု ပေးပြီး ကိစ္စတွေ ရှုပ်ထွေးသွားအောင် ဆောင်းပါးတစ်ပုဒ်လောက်ရေးခိုင်းလိုက်မယ်”

ဝမ်တာလီသည် တစ်ချိန်လုံး စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း သူတို့၏ အစီအစဉ်အား တားဆီးခြင်း မပြုခဲ့ပေ။ အကယ်၍ ထိုကိစ္စ အောင်မြင်သွားမည်ဆိုလျှင် သူသည်သာ အကျိုးအမြတ် အများဆုံး ရရှိမည့်သူ မဟုတ်ပါလော။ သူတစ်ပါး၏ ကြိုးပမ်းမှုမှ အသီးအပွင့်များကို ခူးဆွတ်ရမည်ကို သူ အဘယ်ကြောင့် မနှစ်သက်ဘဲ နေမည်နည်း။

“နေကောင်းကြရဲ့လားဗျာ၊ အဘိုးရဲ့ ကျေးလက်အပန်းဖြေစခန်းကို ဘယ်လိုသွားရမလဲဆိုတာလေး မေးချင်လို့ပါ”

ချောင်ရှီဖုန်းသည် ကျောပိုးအိတ်ကြီးအား လွယ်ထားကာ ချွေးများ ရွဲစိုနေ၍ လမ်းမေးရန် လူတစ်ချို့ကို နောက်ဆုံး တွင် ရှာတွေ့ခဲ့သည်။

‘အဘိုးရဲ့ ကျေးလက်အပန်းဖြေစခန်း’ ဟူသည့် အမည်ကို ကြားလိုက်ရသည့်အခါ ဝမ်တာလီနှင့် အဖွဲ့သားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

“အဲဒီကို ဘာသွားလုပ်မလို့လဲ”

လီတင်းသည် ပြုံး၍ မေးလိုက်သည်။

“အပန်းဖြေမလို့ပါ၊ အွန်လိုင်းမှာ အဲဒီနေရာလေးကို မြင်လိုက်တော့ အတော်လေး ကောင်းမယ့်ပုံပဲ ဆိုပြီး ပိုင်ရှင်နဲ့တောင် ရက်ချိန်းယူပြီး ရက်အနည်းငယ်လောက် လာတည်းတာပါ”

မည်သည်ကြောင့်မှန်းမသိ ဝမ်တာလီသည် ရှေ့မှ လူအား ကြည့်ကာ အတော်လေး ရင်းနှီးနေသလို ခံစားနေရသည်။ သို့သော် ထိုသူအား မည်သည့်နေရာတွင် မြင်ဖူးသည်ကို လက်ရှိတွင် မမှတ်မိနိုင်သေးပေ။

“ဟင်... ရှင်က Follower ခြောက်သန်းကျော်ရှိတဲ့ နာမည်ကြီးဘလော့ဂါ ချောင်ရှီဖုန်း မဟုတ်လား”

ရွှီလီ၏ မျက်လုံးများသည် ရုတ်တရက် အရောင်တလဲ့လဲ့တောက်သွားသည်။ သူသည် တိရစ္ဆာန် အကြောင်းဗီဒီယိုများကို ကြည့်လေ့မရှိသော်လည်း ချောင်ရှီဖုန်း၏ ဗီဒီယိုများကို တစ်ခါတစ်ရံ တွေ့ဖူးနေခြင်း ဖြစ်သည်။

ထိုမျှ နာမည်ကြီးသော ဘလော့ဂါတစ်ယောက် ထိုနေရာသို့ ရောက်လာလိမ့်မည် သူမ ထင်မှတ်မထားခဲ့ပေ။ Follower ခြောက်သန်းကျော် ဆိုသည်မှာ အဘယ်မျှသော အရှိန်အဝါမျိုးနည်း။ ထိုသူသည် သေချာပေါက် လူအများ စိတ်ဝင်စားမှု၏ သော့ချက် ဖြစ်သည်။

ဝမ်တာလီနှင့် လီတင်းတို့သည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်လုံးများ အရောင်တောက်သွားကြတော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှု လူကြည့်များလာစေရန် မည်သို့လုပ်ရမည်ကို စိုးရိမ်နေကြစဉ် ဘုရားသခင်သည် လူကြည့်နှုန်းတဟုန်ထိုးတက်စေမည့် သော့ချက်ကြီးကို သူတို့ရှေ့သို့ ပို့ပေးလိုက်ခြင်း ဖြစ်၏။

အကယ်၍ ချောင်ရှီဖုန်းနှင့် ရင်းနှီးအောင် လုပ်နိုင်မည်ဆိုလျှင် သူတို့အတွက် များစွာ အကျိုးရှိမည်မှာ အသေအချာဖြစ်သည်။ လူစုမှာ ချက်ချင်း ဉာဏ်ပြေးသွားကြသည်။

“ဪ... သိတာပေါ့၊ ကျွန်မတို့က သူ့နဲ့ အုပ်စုတစ်ခုတည်းမှာ ပြိုင်နေတဲ့ ပြိုင်ပွဲဝင်တွေလေ”

“လွန်ခဲ့တဲ့ ရက်ပိုင်းကတောင် သူ့ဆီကို သွားလည်ခဲ့သေးတယ်”

“ဒါပေမဲ့ အခုလေးတင် ကြားတာကတော့ သူ့အိမ်ကို တောဝက်ဘုရင် ဝင်တိုက်သွားလို့ အတော်လေး အန္တရာယ်များနေတယ်တဲ့၊ ကျွန်မတို့နေရာက အဲဒီဘေးနားတင်ပဲ၊ ပေါင် လေးငါးရာလောက် ရှိတဲ့ တောဝက်ဘုရင်ကြီးဆိုတော့လေ၊ အဲဒီကိုသွားရင် အန္တရာယ်ဖြစ်မှာစိုးလို့ ကျွန်မတို့ဆီမှာပဲ ခဏလောက် ရေသောက်ရင်း နားပါဦးလား”

ရွှီလီသည် ချက်ချင်း ကြင်နာတတ်သော အမျိုးသမီးလေးတစ်ဦးအသွင် ဖမ်းလိုက်သည်။

သို့သော် ချောင်ရှီဖုန်းသည် ‘တောဝက်’ ဆိုသော စကားကို ကြားလိုက်ရသည့်အခါတွင် မျက်လုံးများ အရောင်တောက်သွားကာ တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားတော့သည်။

“သူ့အိမ်က ဘယ်မှာလဲဗျ”

All Chapters