အခန်း ၂၅
Vol. 3 Ch. 25
အခန်း (၂၅)
"မြန်မြန်လုပ်ကြလေ၊ ခင်ဗျားတို့က သူ့သူငယ်ချင်းတွေ မဟုတ်ဘူးလား"
ချောင်ရှီဖုန်းသည် ကျေးလက်အပန်းဖြေစခန်းရှိရာ နေရာအား သိရှိလို၍ အလွန် စိတ်လောနေသည်။
ရွှီလီနှင့် လီတင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၍ ရွှီလီသည် စကားဆိုလိုက်သော်လည်း ချောင်ရှီဖုန်းသည် ချက်ချင်း ကြားဖြတ်ပြောဆိုလိုက်သည်။
"အခု အဲဒီကိုသွားဖို့က သိပ်ပြီးတော့ ဘေးမကင်းလှဘူးရှင့်”
"ရပါတယ်၊ ကျွန်တော်က တောဝက်တွေကို မကြောက်ပါဘူး၊ ကျွန်တော်က ဒီတိရစ္ဆာန်တွေကို ကြည့်ချင်လွန်းလို့ အထူးတလည် လာခဲ့တာပါ၊ မျောက်မင်းတင်မကဘဲ တောဝက်ဘုရင်ပါ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ မြန်မြန်ပြောပြပါဦး ဘယ်လမ်းက သွားရမှာလဲ၊ နောက်ကျသွားရင် တောဝက်ဘုရင်ကြီး ထွက်ပြေးသွားပါဦးမယ်"
ရွှီလီနှင့် လီတင်းတို့သည် ထိုစကားကို ကြားရသောအခါ အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားကြသည်။ တောဝက်ဘုရင်ရှိရာသို့ အပြေးအလွှား သွားချင်နေသည့် လူမျိုးအား သူတို့တစ်သက်တွင် ပထမဆုံး မြင်ဖူးခြင်းဖြစ်၏။
သို့သော် ထိုမျှအထိ ပြောဆိုနေပြီ ဖြစ်၍ ဝမ်တာလီတို့မှာ သူ့ကိုမည်သို့မျှ တားဆီး၍ မရတော့ပေ။ အကယ်၍ ထပ်မံတားဆီးနေမည်ဆိုလျှင် တစ်ဖက်လူသည် သူတို့အပေါ် မသမာသော ရည်ရွယ်ချက်ရှိသည်ဟု သံသယဝင်လာနိုင်ပေသည်။
ထိုသူများ၏ လမ်းညွှန်မှုဖြင့် ချောင်ရှီဖုန်းသည် သူရောက်ဖူးချင်နေသော အဘိုးရဲ့ ကျေးလက်အပန်းဖြေစခန်းကို နောက်ဆုံးတွင် ရှာတွေ့ခဲ့လေပြီ။ သို့သော် ထိုအပန်းဖြေစခန်းသည် ဗီဒီယိုထဲတွင် မြင်တွေ့ခဲ့ရသည်နှင့် အတော်ကွာခြားနေသည်။ ကြည့်ရသည်မှာ သဘာဝဘေးအန္တရာယ် တစ်ခုခုကို ခုလေးတင် ကြုံတွေ့ထားရသကဲ့သို့ ပရမ်းပတာ ဖြစ်နေ၏။
"ဒီမှာ လင်းယန် ရှိပါသလား ခင်ဗျ"
ချောင်ရှီဖုန်းသည် ဝေခွဲမရသည့် လေသံဖြင့် မေးမြန်းလိုက်သည်။ သူ လမ်းမှားလာခြင်းတော့ မဟုတ်ပေ။
လင်းယန်သည် နဖူးပေါ်မှ ချွေးများအား သုတ်လိုက်၍ လက်ထဲမှ ကိရိယာများကို ဘေးသို့ ချထားလိုက်သည်။ ကံကောင်းထောက်မစွာ ရွာသားများ၏ ကူညီမှုကြောင့် အရာအားလုံးမှာ ယခုအခါ ပြန်လည်ကောင်းမွန် သလောက် ရှိနေပြီ ဖြစ်၏။
ကျန်ရှိနေသော အလုပ် အနည်းငယ်အတွက် ရွာသားများအား ဆက်လက် ဒုက္ခမပေးလိုသဖြင့် သူတို့ကို အရင်ပြန်လွှတ်ကာ သူကိုယ်တိုင် အေးအေးဆေးဆေး ပြုပြင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤအချိန်မျိုးတွင် တစ်စုံတစ်ဦးသည် သူ့အား လာရောက်ရှာဖွေလိမ့်မည်ကို သူ မမျှော်လင့်ထားခဲ့ပေ။
"ဘာကိစ္စ ရှိလို့လဲခင်ဗျာ"
ချောင်ရှီဖုန်း၏ မျက်နှာမှာ ဝင်းပသွားကာ လင်းယန်အား လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ကောင်းလိုက်တာ၊ နောက်ဆုံးတော့ မင်းကို တွေ့ပြီ၊ ငါက မနေ့က ရက်ချိန်းယူထားတဲ့ ချောင်ရှီဖုန်းပါ၊ အခုလို လာနှောင့်ယှက်မိတာ အားနာပါတယ်၊ ဒီနေ့ရော အဆင်ပြေပါ့မလား"
လင်းယန်သည် အံ့အားသင့်သွား၍ တစ်ဖက်လူကို ပြန်လည်၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ဪ... ခင်ဗျားက နာမည်ကြီး ဘလော့ဂါချောင်ပဲ၊ အဆင်ပြေပါတယ်ဗျာ၊ ကြွပါ ထိုင်ပါဦး"
သူ့အမြင်တွင် ထိုသူမှာ ဘလော့ဂါတစ်ဦးထက် ငွေဝင်စေမည့် လာဘ်နတ်မင်းကြီး ဆိုရပေလိမ့်မည်။ သူသည် တစ်ဖက်လူအတွက် လက်ဖက်ရည်ကြမ်း တစ်ခွက်အား ငှဲ့ပေးလိုက်၍ အားနာစွာ ဆိုလိုက်၏။
"စိတ်တော့မရှိပါနဲ့ဗျ၊ ဒီတောရွာမှာ ကောင်းတဲ့ လက်ဖက်ရည်တော့ မရှိဘူးဗျ"
ချောင်ရှီဖုန်းသည် အငွေ့တဆောင်းဆောင်းထွက်နေသော လက်ဖက်ရည်ခွက်အား ကြည့်လိုက်သည်။ အဘယ်ကြောင့်မှန်းမသိ ထိုလက်ဖက်ရည်၏ ရနံ့သည် အလွန် မွှေးပျံ့နေသည်ကို ခံစားလိုက်ရသည်။ သူ တစ်ငုံမျှ မြည်းကြည့်လိုက်သည့်အခါ လက်ဖက်ရည်၏ အရသာသည် ချိုမြိန်သော အရသာ ရှိသည်ကို တွေ့လိုက်ရ၏။
"မင်းရဲ့ လက်ဖက်ရည်က တကယ်ကောင်းတာပဲ၊ ဒါ ဘာလက်ဖက်ရည်လဲ၊ သောက်လိုက်ရင် ခံတွင်းထဲမှာ ချိုမြိန်သွားပြီး လက်ဖက်နံ့ကလည်း သင်းပျံ့နေတာပဲ"
လင်းယန်သည် ခေါင်းကို ကုပ်ကာ ပြန်လည် ဖြေကြားလိုက်သည်။
"ဒါတွေက အိမ်နောက်ဘက် တောင်ပေါ်က လက်ဖက်ပင်တွေက ခူးထားတာပါ၊ သာမန်လက်ဖက်ရည်တွေပဲ ဖြစ်မှာပါ၊ လက်ဖက်ရည်ဖျော်တဲ့ ရေကြောင့်များလား မသိဘူး၊ ကျွန်တော်က တောင်ပေါ်က စိမ့်စမ်းရေကို သုံးထားတာလေ"
အမှန်စင်စစ်တွင် ထိုမျှမကပေ၊ သူသည် လက်ဖက်ရည်ထဲသို့ ဝိညာဉ်စမ်းရေကိုလည်း ထည့်သွင်းထားခြင်း ဖြစ်၏။
ချောင်ရှီဖုန်းသည် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
"လူတွေ ဘာကြောင့် ကျေးလက်ဘဝကို သဘောကျကြသလဲဆိုတာ အခုမှပဲ နားလည်တော့တယ်၊ လက်ဖက်ရည်တစ်ခွက်ထဲနဲ့တင် မြို့ပေါ်ကထက် အများကြီး သာလွန်နေတာပဲ၊ ကဲ... ငါ့ကို ဘလော့ဂါ ချောင် လို့ပဲ ခေါ်မနေပါနဲ့တော့၊ ငါက မင်းထက် အသက်နည်းနည်း ကြီးမှာဆိုတော့ စိတ်မရှိရင် အစ်ကိုချောင် လို့ပဲ ခေါ်ပါ"
“အစ်ကိုချောင်"
လင်းယန်သည်လည်း ဟန်မဆောင်ဘဲ ဝမ်းမြောက်ဝမ်းသာ ခေါ်ဆိုလိုက်သည်။
ထိုစဉ် အမွေးဖြူနှင့် အမွေးဝါတို့သည် အိမ်ထဲမှ တစ်ကောင်ပြီးတစ်ကောင် ပြေးထွက်လာကြ၏။ ကျားပေါက်လေးများသည် ဝင်းအတွင်း၌ သူစိမ်းတစ်ဦး ရောက်ရှိနေသည်ကို အနံ့ရပုံပေါ်ကာ ငယ်ရွယ်သော မျက်နှာလေးများတွင် သတိကြီးစွာ ထားနေကြဆဲ ဖြစ်၏။ ထိုသူစိမ်းမှာ ရန်လိုသူ ဟုတ်မဟုတ်ကို သူတို့သည် အကဲခတ်နေပုံရသည်။
ချောင်ရှီဖုန်းသည် ကျားပေါက်လေးနှစ်ကောင်အား မြင်လိုက်ရသောအခါ ချက်ချင်း ထရပ်လိုက်တော့သည်။ ဗီဒီယိုထဲတွင် အကြိမ်ကြိမ် မြင်ဖူးသော်လည်း ကိုယ်တိုင်မြင်တွေ့ရသည့် ခံစားချက်သည် လုံးဝ ကွဲပြားခြားနားလှ၏။
"ရက်ပိုင်းအတွင်းမှာတင် ဒီကောင်လေးတွေက တစ်ဆိုဒ်လောက် ပိုကြီးလာတာပဲလား၊ ညီလေးလင်း မင်းမှာ တိရစ္ဆာန်လေးတွေ မွေးမြူရတဲ့နေရာမှာ ထူးခြားတဲ့ ပါရမီ ရှိတာပဲ၊ မင်းကောလိပ်တုန်းက သတ္တဗေဒနဲ့ ကျောင်းပြီးခဲ့တာလား"
လင်းယန်သည် ခေါင်းခါပြကာ ထိုသို့ ဆို၏။
"ကျွန်တော် အဲဒီဘာသာရပ်နဲ့ တစ်ခါမှ မထိတွေ့ဖူးပါဘူး၊ ပြောရရင် ကြောင်မျိုးရင်းဝင် သတ္တဝါတွေကို မွေးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ"
သူသည် ထိုကျားပေါက်လေးနှစ်ကောင်အား ကြောင်လေးများကဲ့သို့ သဘောထားကာ ကျွေးမွေးပြုစုနေခြင်း ဖြစ်၏။ အိမ်မွေးတိရစ္ဆာန် မွေးမြူရခြင်းသည် အမှန်တကယ် စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။လူအများသည် ခွေးကလေး၊ ကြောင်ကလေးများကို မည်သည်ကြောင့် ချစ်ခင်မြတ်နိုးကြသည်ကို ယခုအခါ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ချောင်ရှီဖုန်းသည် ထိုစကားကို ကြားသောအခါ အံ့ဩလွန်းသဖြင့် ခဏမျှ စကားစပျောက်သွားရသည်။
"ညီလေးလင်း မင်းကတော့ တကယ့်ကို သတ္တိခဲပဲ၊ ကျားဆိုတာ ကြောင်နဲ့ ဘယ်တူပါ့မလဲ၊ မျိုးရင်းတူရုံနဲ့ အားလုံး အတူတူပဲလို့ ထင်လို့ မရဘူးလေ"
သူတို့ကြားတွင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားချက် ရှိနေ၏။ တစ်မျိုးသည် နူးညံ့သိမ်မွေ့၍ လိမ်မာသော်လည်း အခြားတစ်မျိုးမှာ ကြမ်းတမ်းခက်ထန်ကာ ခွန်အားကြီးမားလှသည်။ အမှားတစ်ခု ပြုလုပ်မိမည်ဆိုလျှင် အသက်အန္တရာယ် စိုးရိမ်ရနိုင်သည် မဟုတ်လော။
ကျားပေါက်လေးနှစ်ကောင်သည် လင်းယန်နှင့် ချောင်ရှီဖုန်းတို့ ပျော်ရွှင်စွာ စကားပြောနေသည်အား မြင်ရသောအခါ သူစိမ်းအပေါ် ထားရှိသော သံသယများသည် အနည်းငယ် လျော့ပါးသွားပုံရသည်။ ကျားပေါက်လေးနှစ်ကောင်သည် မိမိထံသို့ လျှောက်လှမ်းလာသည်ကို မြင်ရသောအခါ ချောင်ရှီဖုန်း၏ ရင်ထဲ၌ အနည်းငယ်တော့ စိုးရိမ်ထိတ်လန့်နေမိဆဲ ဖြစ်၏။
"ဒီကိုလာစမ်းပါအုံး၊ မင်းတို့ကို တစ်ခါလောက် ကိုင်ကြည့်ချင်လို့"
လင်းယန်သည် အမွေးဝါ၏ လည်ပင်းသားအား လှမ်းကိုင်ကာ ကြက်ကလေးတစ်ကောင်ကဲ့သို့ မယူလိုက်သည်။
"မင်း တော်တော် ဝလာတာပဲ၊ မလိုက်ရင် အတော်လေး လေးနေပြီ"
အမွေးဝါသည် လင်းယန်၏ စကားအား နားလည်ပုံရကာ ခြေလေးဖက်ကို ယမ်း၍ သူ၏ မကျေနပ်မှုကို ဖော်ပြနေသည်။ လင်းယန်သည် ထိုအမူအရာကို ကြည့်ကာ ရယ်မော၍ အမွေးဝါအား သူ၏ ပေါင်ပေါ်သို့ တင်လိုက်ကာ ပြောလိုက်၏။
"မင်းရဲ့ အမွေးတွေက ကိုင်လို့ တကယ် ကောင်းတာပဲ"
ချီးကျူးခံရသော အမွေးဝါသည် မာန်တက်သော အမူအရာဖြင့် တစ်ချက်နှစ်ချက် ညည်းတွားလိုက်၏။ သူသည် တောတောင်၏ ဘုရင်ဖြစ်ကြောင်း အထူးပြောနေရန် လိုမည် မဟုတ်ပေ။
အရေးမလုပ်ခံရသော အမွေးဖြူသည် အလွန် မကျေမနပ် ဖြစ်သွားကာ လင်းယန်၏ ပေါင်ပေါ်သို့ ခုန်တက်ရန် အကြိမ်ကြိမ် ကြိုးစားနေသော်လည်း မအောင်မြင်ပေ။ ချောင်ရှီဖုန်းသည် ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
သူသည် ကျားများအား ကြောင်ကလေးများကဲ့သို့ အမှန်တကယ်ပင် မွေးမြူနေသလော။
"ညီလေးလင်း.. အားနာနာနဲ့ပဲ မေးပါရစေ၊ သူတို့ကို ဒီလိုမျိုး မွေးမြူနေတာက သူတို့ရဲ့ ရဲရင့်ကြမ်းတမ်းတဲ့ ဗီဇကို ပျောက်ကွယ်သွားစေနိုင်မလား"
အကြောင်းအရင်းသည် ထိုသို့သော သာဓကများ ရှိခဲ့ဖူးသောကြောင့် ဖြစ်၏။ လူတစ်ဦးသည် ဝံပုလွေတစ်ကောင်အား ခွေးဟု ထင်မှတ်မှားကာ ခွေးမွေးသည့် နည်းလမ်းအတိုင်း တစ်သက်လုံး ကျွေးမွေးခဲ့ဖူးသည်။ နောက်ဆုံးတွင် ထိုဝံပုလွေသည် မိမိကိုယ်ကိုယ် မည်သူဖြစ်ကြောင်း မေ့လျော့သွားကာ ခွေးကဲ့သို့ ဟောင်တတ်လာ၍ သခင်ကို မြင်လျှင် အမြီးနံ့ပြတတ်သည်အထိ ဖြစ်သွားခဲ့၏။
အကယ်၍ သတ္တဗေဒ ပညာရှင်တစ်ဦးသာ ထိုကိစ္စကို သတိမထားမိခဲ့လျှင် ထိုဝံပုလွေသည် ခွေးတစ်ကောင်ကဲ့သို့ ဘဝကို ကုန်ဆုံးသွားပေလိမ့်မည်။ ထို့နောက် သဘာဝဘေးမဲ့တောသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သော်လည်း ဝံပုလွေတစ်ကောင်၏ ဘဝတွင် မရှင်သန်နိုင်တော့ဘဲ ကျန်ရှိသောဘဝသက်တမ်းတစ်လျှောက်လုံး စိတ်ဓာတ်ကျနေခဲ့သည် မဟုတ်ပါလော။
လင်းယန်သည် အမွေးဝါကို ပွတ်သပ်ပေးကာ ဆိုလိုက်သည်။
"ကျွန်တော်လည်း အဲဒီကိစ္စကို စိတ်ပူမိပါတယ်၊ သူတို့ ဒီထက် နည်းနည်းပိုကြီးလာတဲ့အခါ တောင်ပေါ်ကို သွားလာတာကို ကျွန်တော် တားမှာ မဟုတ်ပါဘူး"
အလွန်အကျွံ ကာကွယ်ပေးထားခြင်းသည် သူတို့အတွက် ကောင်းကျိုးမရှိနိုင်ပေ။
"ဒါ့အပြင် ကျွန်တော် သူတို့ကို တစ်သက်လုံး မွေးထားလို့မှ မရတာ၊ ကျားအမေကြီးက သူတို့ကို ဘယ်တော့ လာခေါ်မလဲဆိုတာမှ ကျွန်တော် မသိတာ"
လင်းယန် သက်ပြင်းချလိုက်၏။ ကျားပေါက်များအား ပြုစုပျိုးထောင်ရခြင်းမှာ အမှန်တကယ် ခက်ခဲလှပေသည်။
*ပီပီ.. ဒါဒါ.. ဒိုဒို*
သူတို့ စကားပြောနေစဉ် အပြင်ဘက်မှ ပြင်းထန်သော ဟွန်းသံကြီး ထွက်ပေါ်လာသည်။ လင်းယန်၏ နှုတ်ခမ်းများသည် ထိန်းမနိုင်သိမ်းမရဘဲ တုန်ယင်သွားရ၏။