← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆)

“သူဌေး၊ ကျွန်တော်တို့ စပျစ်သီးအများစုကို ဆွတ်ပြီးပြီ”

ရန်အာဟူသည် အားတက်သရောဖြင့် အိမ်ထဲသို့ ပြေးဝင်လာသည်။ လင်းယန် ရောက်ရှိလာချိန်တွင် ခွန်အားပြည့်ဝနေသော လူငယ်တစ်စုသည် သူတို့၏ တစ္ဆေမီးဟု ခေါ်သော ဆိုင်ကယ်များပေါ်မှ စပျစ်သီးခြင်းများအား ချနေကြသည်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ရ၏။

“မင်းတို့ လုပ်ကိုင်ပုံက တကယ်ကို သွက်လက်တာပဲ”

လင်းယန်သည် အနည်းငယ် အံ့အားသင့်သွားမိသည်။ စပျစ်ခြံရှိ အသီးအားလုံးအား ဆွတ်ခူးရန် အနည်းဆုံး သုံးရက်ခန့် ကြာမြင့်လောက်မည် ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ နံနက်ပိုင်း တစ်ပိုင်းအတွင်းမှာ ထက်ဝက်ကျော်ကို ဆွတ်ခူးပြီးစီးခဲ့ကြပြီ ဖြစ်၏။

“ဒါတွေကို ကျွန်တော့်ကိုပဲ အပ်ထားလိုက်ပါ၊ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးပါ့မယ်”

ရန်အာဟူသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆို၏။

“စပျစ်သီးတွေကို ခြံဝန်းထဲမှာ အစီအရီ ထားလိုက်ကြ၊ မင်းတို့အတွက် ငါ နေ့လယ်စာ သွားပြင်လိုက်ဦးမယ်”

သူသည် ထမင်းကျွေးမည်ဟု ကတိပြုထားခဲ့သည်ဖြစ်ရာ ကတိပျက်၍ မဖြစ်ပေ။

“ဟင်... အိမ်ထဲမှာ ဘာလို့ ဒီလောက် ဖရိုဖရဲ ဖြစ်နေတာလဲ”

ရန်အာဟူသည် ပတ်ဝန်းကျင်ကို ကြည့်ရှု၍ ခေါင်းအား ကုတ်နေမိသည်။ အရာအားလုံးမှာ ယခင်နှင့် မခြားနားသော်လည်း တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ ခံစားနေရခြင်း ဖြစ်၏။

“ဒီနေ့ မနက် အမွေးဖြူနဲ့ အမွေးဝါကို တောင်ပေါ်ခေါ်သွားတုန်း တောဝက်ဘုရင် ရောက်လာပြီး ဖျက်ဆီးသွားတာလေ၊ ကံကောင်းလို့ ရွာသားတွေ ကူညီပေးကြလို့ အမြန် ပြန်ပြင်လိုက်နိုင်တာ”

“တောဝက်ဘုရင် ဟုတ်လား၊ ဒုက္ခပါပဲ၊ အဲဒီကောင်က ဘာလို့ လာပြီး ဒုက္ခပေးနေရတာလဲ၊ သူဌေး ဘာလို့ အဲဒီကောင်ကို မဖမ်းထားတာလဲ၊ ကျွန်တော် တောဝက်သား တစ်ခါမှ မစားဖူးဘူး”

လင်းယန်သည် မျက်လုံးလှန်ပြကာ ဆိုလိုက်လေသည်။

“ငါ့အထင်တော့ မင်း တောဝက်သားမစားရဘဲ အချုပ်ခန်းထဲကို အရင်ရောက်သွားမယ် ထင်တယ်၊ ဩော်... ဒါနဲ့၊ ဒါက ဆန်းချန်မြို့က ဘလော့ဂါချောင်တဲ့၊ ငါတို့ အဘိုးရဲ့ လယ်တောအိမ် အပန်းဖြေစခန်း ကို ပထမဆုံး ရောက်လာတဲ့ ဧည့်သည်လေ၊ သူ ဒီမှာ ရက်အနည်းငယ် ကြာအောင် တည်းခိုလိမ့်မယ်”

“ဩော်... ဘလော့ဂါကြီးပေါ့၊ နာမည်က ဘယ်သူလဲဗျ၊ ကျွန်တော် Follow လုပ်ထားချင်လို့”

ရန်အာဟူသည် ပါးစပ်ကြီး ဖြဲကာ ပြောဆိုလေသည်။

“ငါတို့ လယ်တောအိမ်ရဲ့ ပထမဆုံး ဧည့်သည်က ဘလော့ဂါတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး၊ တကယ်ကို တိုက်ဆိုင်လွန်းတယ်”

အမှန်စင်စစ် ချောင်ရှီဖုန်းသည် လင်းယန်အား ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်ကို သူ မသိရှိပေ။

“ငါ ဟင်းသွားချက်လိုက်ဦးမယ်၊ မင်း ဒီလူငယ်တွေကို ခေါ်ပြီး ခြံဝန်းကို သန့်ရှင်းရေး လုပ်လိုက်ဦး၊ သူတို့ကို ငါ လုပ်အားခ အပို ထုတ်ပေးမယ်”

လင်းယန်သည် ရန်အာဟူအား ခိုင်းစေလိုက်၏။ ရရှိနိုင်သော လုပ်အားကို မည်သည်ကြောင့် အလဟဿ အဖြစ်ခံပါမည်နည်း။

“အစ်ကို ချောင်... ခင်ဗျား အပြင်မှာ လမ်းလေးဘာလေးလျှောက်မလားဗျ”

ချောင်ရှီဖုန်း ထိုနေရာသို့ လာရခြင်းသည် တိရစ္ဆာန်များအား လေ့လာရန်ဖြစ်သည်ကို လင်းယန် သိရှိပြီး ဖြစ်၏။

“ငါ တစ်ယောက်တည်းပဲ လျှောက်ကြည့်လိုက်ပါ့မယ်၊ မင်းတို့ လုပ်စရာရှိတာသာ လုပ်ကြပါ၊ ငါ့ကို အားနာမနေနဲ့”

သူ ရောက်စကတည်းမှ လယ်တောအိမ်နောက်ဘက်ရှိ တောင်တန်းကြီးအား မြင်တွေ့ခဲ့ခြင်း ဖြစ်၏။ မျောက်ရွှေကြီး၊ တောဝက်ဘုရင်နှင့် အရှေ့မြောက်ကျားကြီးများသည် ထိုတောင်တန်းကြီးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ချောင်ရှီဖုန်းသည် ထိုတောင်တန်းကြီးအပေါ် အလွန် စိတ်ဝင်တစား ရှိနေသည်။ ယခု အခွင့်အရေး ရရှိခိုက်တွင် ကိုယ်တိုင်သွားရောက် ကြည့်ရှုလိုခြင်း ဖြစ်၏။

“ဒါဆိုရင် အမွေးဖြူနဲ့ အမွေးဝါကို ခင်ဗျားနဲ့အတူ ထည့်ပေးလိုက်မယ်၊ ရွာသားတွေကတော့ တောင်ပေါ်ကို သိပ်မတက်ကြဘူး၊ အလွန်ဆုံး တောင်ခြေမှာ မှိုရှာ ထင်းခွေတာလောက်ပဲ လုပ်ကြတာ၊ ကျားလေးနှစ်ကောင်က ခင်ဗျားကို တောင်ခါးပန်းအထိ လိုက်ပို့ပေးလိမ့်မယ်၊ သိပ်တော့ အဝေးကြီး မသွားနဲ့ပေါ့၊ ဒီတောင်ပေါ်မှာ ဘယ်လို အန္တရာယ်မျိုးတွေ ရှိနေမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး”

လင်းယန်သည် လူစိမ်းတစ်ဦးဖြစ်သော ချောင်ရှီဖုန်း တောင်ပေါ်သို့ တစ်ယောက်တည်း သွားမည်ကို စိုးရိမ်သဖြင့် ကျားလေးနှစ်ကောင်အား အဖော်ထည့်ပေးခြင်း ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ထိုအကောင်လေးနှစ်ကောင်မှာ အရှေ့မြောက်ကျား၏ သားပေါက်များဖြစ်၍ ဘုရင်တစ်ပါး၏ အရှိန်အဝါ ရှိနေလေရာ သာမန်တောရိုင်း တိရစ္ဆာန်များမှာ ရမ်းကားရဲကြမည် မဟုတ်ပေ။

“ဒီအကောင်လေးတွေက လမ်းပြနိုင်မှာလား”

ချောင်ရှီဖုန်းသည် မယုံကြည်နိုင်ဟန်ဖြင့် မေးမြန်းလေသည်။

ထိုကျားပေါက်လေးများမှာ သုံးလပင် မပြည့်သေးချေ။ တောင်ပေါ်သို့ တကယ်သွားကြလျှင် သူသည် ကျားပေါက်လေးများကို လိုက်ရှာနေရမည် မဟုတ်လော။

လင်းယန်သည် အသာအယာ ပြုံးလိုက်ကာ အမွေးဖြူ၏ ဦးခေါင်းကို ပွတ်သပ်ရင်း မေးလိုက်၏။

“ငါ ဟင်းချက်ရဦးမယ်၊ မင်းတို့နှစ်ကောင် ဒီအစ်ကိုကြီးကို တောင်ပေါ် လိုက်ပို့ပေးနိုင်မလား”

“အောင်း... အောင်း”

“စိတ်မပူပါနဲ့ ညီအစ်ကို ချောင်၊ ဒီကျားလေးတွေက ငယ်ပေမဲ့ အရမ်းဉာဏ်ကောင်းတယ်၊ သူတို့နဲ့အတူ သွားရင် အန္တရာယ် အများကြီးကို ရှောင်ရှားနိုင်လိမ့်မယ်”

လင်းယန် ထိုသို့ လုပ်ဆောင်ရခြင်းတွင် အကြောင်းရင်း နှစ်ချက် ရှိသည်။ ပထမမှာ ချောင်ရှီဖုန်းအတွက် စိုးရိမ်သောကြောင့်ဖြစ်၍ ဒုတိယမှာ ကျားလေးနှစ်ကောင်အား လေ့ကျင့်ပေးလိုခြင်း ဖြစ်၏။ ယခင် သူ ပြောခဲ့ဖူးသကဲ့သို့ သူသည် ထိုသားပေါက်လေးနှစ်ကောင်ကို တစ်သက်လုံး မွေးမြူထားနိုင်မည်

မဟုတ်ပေ။ တစ်နေ့နေ့တွင် သူတို့သည် တောတောင်ထဲသို့ ပြန်လည်ဝင်ရောက်ကြရမည် ဖြစ်ကာ တောင်ပေါ်ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ပေးခြင်းသည် အကျိုးမဲ့မည် မဟုတ်ပေ။

လင်းယန်၏ ယုံကြည်မှုကို မြင်တွေ့ရ၍ ကျားလေးများမှာလည်း အလွန် လိမ္မာနေကြသဖြင့် ချောင်ရှီဖုန်းသည် မယုံတစ်ဝက် ယုံတစ်ဝက် စိတ်ဖြင့် သဘောတူလိုက်သည်။ ထိုကျားလေးများ မည်သို့ လမ်းပြမည်ကိုလည်း သူ သိချင်နေမိ၏။

ရှောင်ရှီဖုန်းနှင့်ကျားပေါက်လေးများ မထွက်ခွာမီ လင်းယန်သည် နတ်ရေစင် အနည်းငယ် ရောစပ်ထားသော ရေတစ်ခွက်အား တိုက်လိုက်သည်။ သောက်သုံးပြီးနောက် ကျားလေးနှစ်ကောင်သည် ယခင်ကထက် ပို၍ ခွန်အားပြည့်ဝလာကြ၏။

“သွားကြစို့”

လင်းယန်သည် ကျားလေးများ၏ ကျောကို အသာအယာ ပုတ်ပေးလိုက်သည်။

“မင်းတို့နှစ်ကောင် အမြန်ကြီး မပြေးနဲ့ဦး၊ မဟုတ်ရင် ညီအစ်ကို ချောင် လိုက်နိုင်မှာ မဟုတ်ဘူး”

“အောင်း... အောင်း”

ကျားလေးသည် သူ၏လျှာကို ထုတ်ကာ လင်းယန်၏ လက်ဖဝါးအား လျက်ပေးလေသည်။

“အပြင်မှာ အကြာကြီး လျှောက်မလည်နဲ့ဦး၊ ညီအစ်ကို ချောင်ကို စောစော ပြန်ခေါ်လာဖို့ မမေ့နဲ့”

လင်းယန်သည် ပြုံးကာ မှာကြားလိုက်၏။ လင်းယန်၏ အဆက်မပြတ် မှာကြားနေမှုကို ကြည့်ကာ ချောင်ရှီဖုန်းသည် သူ ဗီဒီယိုထဲတွင် မြင်တွေ့ခဲ့ရသည်များအား သတိရသွားသည်။

“ညီလေး လင်း... ဒီအကောင်လေးတွေက တကယ်ပဲ မင်းပြောတာကို နားလည်တာလား၊ မင်းပြောတဲ့ စကားတိုင်းကို သူတို့ သဘောပေါက်နေသလိုပဲ၊ ဒါမှမဟုတ် ဒီကျားပေါက်လေးတွေက တခြား အရှေ့မြောက်ကျားတွေထက် ပိုပြီး ဉာဏ်ကောင်းနေတာလား”

ချောင်ရှီဖုန်းသည် တိရစ္ဆာန်များအား လေ့လာရသည်ကို နှစ်သက်သော်လည်း တောရိုင်းအရှေ့မြောက်ကျား သားပေါက်လေးများနှင့် တိုက်ရိုက်ထိတွေ့ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။ ထိုခရီးစဉ်သည် သူ့အတွက် မေ့မရနိုင်သော အတွေ့အကြုံတစ်ခု ဖြစ်လာလိမ့်မည်ကို သူ ကြိုတင် ခံစားမိ၏။

“ဖြစ်နိုင်ပါတယ်”

လင်းယန်သည် ပြုံးရင်းပြောလိုက်ပြီးနောက် ဟင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်တော့၏။ထိုစဉ် ကျားလေးနှစ်ကောင်သည် ချောင်ရှီဖုန်းဘက်သို့ လှည့်ကာ အော်ဟစ်လိုက်၍ သူသည်လည်း ချက်ချင်း ကျားလေးများနောက်မှ လိုက်ပါသွားတော့သည်။ အရှေ့မြောက်ကျား သားပေါက်လေးများကို လမ်းပြအဖြစ် ထားရှိရခြင်းသည် အမှန်တကယ် ဆန်းသစ်သော အတွေ့အကြုံ ဖြစ်ပေသည်။

ချောင်ရှီဖုန်း ထွက်ခွာသွားပြီးနောက်မှသာ လင်းယန်သည် တိုက်ရိုက်ထုတ်လွှင့်မှုအား စတင်လိုက်လေသည်။

“အဘိုးရဲ့ လယ်တောအိမ် စဖွင့်တာနဲ့ ဒီနေ့ ပထမဆုံး ဧည့်သည်ကို ကြိုဆိုလိုက်ရပါပြီ၊ အဲဒီဧည့်သည်က ဘယ်သူဖြစ်မလဲဆိုတာ အားလုံး ခန့်မှန်းကြည့်ကြဦးမလား”

လင်းယန်သည် လျှို့ဝှက်ဆန်းပြားသော မျက်နှာပေးဖြင့် ပရိသတ်အား စိတ်ဝင်စားအောင် လုပ်ဆောင်လိုက်၏။ သို့သော် ကြည့်ရှုသူအများစုသည် ထိုသတင်းကို သိရှိပြီး ဖြစ်သည်။

“ချောင်ရှီဖုန်း မဟုတ်လား၊ မနေ့ကတည်းက သူ စိတ်လှုပ်ရှားစွာနဲ့ ခရီးသွားတော့မယ်၊ အဘိုးရဲ့ လယ်တောအိမ်မှာ အနားယူတော့မယ်လို့ ပြောနေတာလေ”

“ဘာအနားယူတာလဲ၊ သူက ဝိုင်ကို မဟုတ်ဘဲ ဝိုင်ချက်တဲ့လူကို ရည်ရွယ်နေတာ နေမှာပါ၊ အဲဒီကောင် ဘာကြံနေလဲဆိုတာ ငါမသိဘူး မထင်နဲ့”

“ဟားဟားဟား... Host ကတော့ ငါတို့ကို အံ့ဩအောင် လုပ်ချင်နေတုန်းပဲ၊ ဒါပေမဲ့ ငါတို့အားလုံးက သိပြီးသားကြီး”

“ဒါနဲ့... အဲဒီကောင် ဘယ်မှာလဲ၊ ဘာလို့ မမြင်ရတာလဲ၊ မရောက်သေးလို့လား”

“Host ရေ... နောက်ဆုံးတော့ Live လွှင့်ပြီပေါ့၊ တော်တော် သွက်တာပဲ၊ ဒီနေ့မနက် တောဝက်ဘုရင် ဖျက်ဆီးသွားတဲ့ အိမ်ကို ဒီလောက်မြန်မြန် ပြင်လိုက်နိုင်တာလား”

“တောဝက်ဘုရင်ကကော ဘာဖြစ်သွားပြီလဲ၊ Host... ခင်ဗျား တကယ်ပဲ အဲဒီကောင်ကို ချက်စားလိုက်တာတော့ မဟုတ်ပါဘူးနော်”

“တောဝက်ဘုရင်ကို စားလို့မရဘူးလေ၊တော်ကြာ ပဲဟင်းစားနေရဦးမယ်”

“ငါ မှတ်မိသေးတယ်၊ ငါ ငယ်ငယ်တုန်းကဆို တောဝက်အမဲလိုက်တာကို ခွင့်ပြုထားသေးတယ်”

“အပေါ်က လူကြီးကတော့ ပြောပုံအရ အသက် တော်တော်ကြီးနေပြီ ထင်တယ်”

လင်းယန်သည် မီးဖိုကို မီးမွှေးလိုက်ကာ ဆိုလေသည်။

“အားလုံး ခန့်မှန်းမိသွားကြပြီဆိုတော့လည်း ငါ လျှို့ဝှက်မထားတော့ပါဘူး၊ ဟုတ်ပါတယ်... အဲဒါ ဘလော့ဂါချောင်ပါပဲ၊ သူ့ကို ခဏနေရင် မြင်ရလိမ့်မယ်၊ အမွေးဖြူနဲ့ အမွေးဝါတို့က သူ့ကို တောင်ပေါ် လိုက်ပို့ပေးထားတယ်၊ အခုတော့ ဘလော့ဂါချောင်ကို ဧည့်ခံဖို့အတွက် အိမ်ချက် ဟင်းအချို့ ပြင်ဆင်လိုက်ဦးမယ်၊ ဒီလို အိမ်ချက်ဟင်းတွေမှာ အဓိကအကျဆုံးကတော့ မီးအရှိန် ပြင်းပြင်းနဲ့ ချက်ဖို့ပဲ”

ဒယ်အိုး ပူလာသောအခါ လင်းယန်သည် ဝက်ဆီ တစ်ဇွန်းကို ခပ်ထည့်လိုက်လေသည်။ ထို့နောက် ပြင်ဆင်ထားသော ဝက်သားခြောက်များအား ထည့်၍ လှော်လိုက်ကာ နတ်ရေစင် အနည်းငယ်ကို ဖြန်းလိုက်၏။

နှစ်မိနစ် သုံးမိနစ်ခန့် အတွင်းမှာ သင်းပျံ့လှသော ဟင်းနံ့မှာ ခြံဝန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ခြံဝန်းအတွင်း အလုပ်လုပ်နေကြသော လူငယ်များနှင့် ရန်အာဟူမှာ နှာခေါင်းအား တရှုံ့ရှုံ့ လုပ်နေကြရသည်။

“မွှေးလိုက်တာ”

အမွေးစိမ်းဟု ခေါ်သော လူငယ်လေးသည် လျာသပ်ပြီး မေးမြန်းလေသည်။

“ညီအစ်ကို လင်း ဘာတွေချက်နေတာလဲ၊ ငါတို့စားရမယ့် ဟင်းက ဒီလောက်အထိ ကောင်းမှာလား”

ရန်အာဟူသည် ဂုဏ်ယူသော အမူအရာဖြင့် ပြောဆိုလေသည်။

“မင်းတို့ကောင်တွေ ဒီနေ့ ကံကောင်းတာပဲ၊ ငါ့သူဌေးက ဟင်းချက်တဲ့နေရာမှာ ဆရာကြီးပဲ၊ မဟုတ်ရင် ဒီလို တောတွင်းအရပ်မှာ လယ်တောအိမ်ကို ဘယ်လို ဖွင့်နိုင်ပါ့မလဲ၊ သူ့ရဲ့ လက်ရာကို အားကိုးတာပေါ့”

ထိုစကားကို ကြားသောအခါ လူငယ်များမှာ စတင် မျှော်လင့်နေကြတော့၏။

“အာဟူ နောက်တစ်ခါ ဒီလိုအလုပ်မျိုး ရှိရင် ငါတို့ကို ထပ်ခေါ်ဦးနော်၊ ငါလည်း ပိုက်ဆံစုပြီး ငါ့ရဲ့တစ္ဆေမီး ဆိုင်ကယ်အတွက် ပိုကျယ်တဲ့ ဟွန်းတစ်ခု တပ်ချင်လို့”

ရန်အာဟူသည် စိတ်ပျက်လက်ပျက်ဖြင့် ဆိုလေသည်။

“မင်းရဲ့ ဟွန်းက မကျယ်သေးဘူးလား၊ ဒီထက် ကျယ်ရင်တော့ ရွာလူကြီး မင်းတို့အိမ်ကို လာတိုင်တော့မှာပဲ”

“ကောင်မလေးတွေနဲ့ တွဲဖို့ဆိုတာကလည်း ပိုက်ဆံကုန်တာပဲ မဟုတ်လား၊ ရွာမှာ

အင်တာနက်ဆိုင် အသစ်တစ်ဆိုင် ဖွင့်ထားတယ်၊ ငါတို့ သွားတိုင်း ပိုက်ဆံ စုထည့်နေရတာ၊ ဒီလိုအလုပ်မျိုး ခဏခဏ ရှိမယ်ဆိုရင်တော့”

အမွေးစိမ်းက ရယ်မောကာ ပြောလိုက်၏။

ရန်အာဟူသည်လည်း ထိုအရွယ်များကို ဖြတ်သန်းခဲ့သူဖြစ်၍ သူတို့၏ ရည်မှန်းချက်များအား နားလည်လှပေသည်။

“ကောင်းပြီ... ကောင်းပြီ၊ နောက်တစ်ခါ အလုပ်ရှိရင် ငါ မင်းတို့ကို ဆက်သွယ်ပေးမယ်”

မျောက်ကလေးများကဲ့သို့ ပိန်ပိန်ပါးပါး လူငယ်တစ်စုသည် ဟင်းနံ့အား မခုခံနိုင်တော့ဘဲ အလုပ်ပြီးသည်နှင့် မီးဖိုအနီးသို့ စုရုံးလာကြသည်။

“ကြက်သွန်မြိတ် ဝက်သားခြောက်ကြော်လား”

“မှို ကြက်သားချက်ထင်တယ်ကွ”

“ဝက်သားနီချက် နဲ့ ဘဲသားချက်ကို ဘီယာ လေးနဲ့ပဲ ကြိတ်လိုက်ချင်တာ”

“ဘယ်တော့ စားရမှာလဲဗျ၊ ဗိုက်ဆာလှပြီ”

ဟင်းများကို မြင်တွေ့ရသောအခါ သူတို့သည် သွားရည် ကျနေကြသည်။ လင်းယန်သည် ရယ်မောကာ ဆိုလိုက်၏။

“နောက်ထပ် ဟင်းနှစ်မျိုးဆိုရင် စားလို့ရပါပြီ”

ယနေ့တွင် လူငယ်များသာမက ဧည့်သည် ချောင်ရှီဖုန်းလည်း ရှိနေသဖြင့် ဟင်းတစ်ပွဲချင်းစီကို လင်းယန်သည် ပို၍ များများစားစား ပြင်ဆင်ထားသည်။ အစာမလောက်မည်ကို သူ စိုးရိမ်မိခြင်း ဖြစ်၏။ သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း ချောင်ရှီဖုန်းသည် ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပေ။

All Chapters