အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈)
လင်းယန်သည် ခွေးလေးအား ခေါ်ဆောင်၍ ပတ်ဝန်းကျင်တစ်ဝိုက်သို့ လှည့်လည်ကြည့်ရှုခဲ့သော်လည်း တစ်စုံတစ်ရာမျှ ထူးထူးခြားခြား မတွေ့ရှိခဲ့ရချေ။ ထိုအမဲလိုက်သမား အုပ်စုသည် အလွန် ပါးနပ်ပုံရသည်။ သူတို့လိုချင်သည်မှာလည်း အရှေ့မြောက်ကျားကြီး မဟုတ်ဘဲ အခြားသော တောရိုင်းတိရစ္ဆာန်များ ဖြစ်ဟန်တူသည်။
အကြောင်းအရင်းမှာ အရှေ့မြောက်ကျားကဲ့သို့ သတ္တဝါမျိုးကို ရင်ဆိုင်ရန် အလွန် ခဲယဉ်းလှသောကြောင့် ဖြစ်၏။အကယ်၍ သစ်တောဦးစီးဌာနမှ သိရှိသွားမည်ဆိုလျှင် သူတို့အတွက် လွတ်မြောက်ရန် လွယ်ကူမည် မဟုတ်ချေ။ သို့သော် သူတို့ဘက်မှ စတင်လှုပ်ရှားလာပြီ ဖြစ်၍ ထိုလုပ်ရပ်များအား အမြစ်ပြတ်အောင် ချေမှုန်းပစ်ရမည် ဖြစ်၏။
လင်းယန်၏ မျက်ဝန်းအစုံတွင် ပြတ်သားသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
သူသည် ငယ်စဉ်ကတည်းမှ အဘိုးဖြစ်သူနှင့်အတူ ထိုတောင်ခြေတွင် ကြီးပြင်းလာခဲ့သူ ဖြစ်၏။ အဘိုးသည် ထိုတောင်တန်းများအား မှီခိုအားထား၍ သူ့ကို ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ထိုတောင်တန်းများဆီသို့ ပြန်လည်ရောက်ရှိလာရခြင်း၏ အဓိက ရည်မှန်းချက်သည်လည်း ထိုသဘာဝပတ်ဝန်းကျင်အား ကာကွယ်စောင့်ရှောက်ရန်အတွက် ဖြစ်၏။
ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များနှင့်ဆက်နွှယ်သော မည်သည့်တရားမဝင် လုပ်ရပ်ကိုမဆို သူ လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။ ယခုအချိန်အထိ တိရစ္ဆာန်ငယ်လေးများ မည်မျှအထိ ဒုက္ခရောက်ခဲ့ရပြီနည်းဟု တွေးတောမိကာ လင်းယန်သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ထိုစဉ် ခွေးလေးသည် ရုတ်တရက် ကျယ်လောင်စွာ ဟောင်လိုက်သဖြင့် လင်းယန် ထိတ်လန့်သွားရ၏။
“ဘာလို့ ဒီလောက် အော်နေရတာလဲ၊ တစ်ခုခု တွေ့ပြန်ပြီလား”
ခွေးလေးသည် လမ်းပြသည့် အမူအရာဖြင့် ရှေ့မှ ဦးဆောင်၍ ပြေးထွက်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်လည်း မှတ်ချက်များမှာ ဝေဝေဆာဆာ ရှိနေ၏။
“Host တကယ်ပဲ အမဲလိုက်သမားတွေရဲ့ ခြေရာကို တွေ့သွားတာလား”
“ဒီခွေးရဲ့ နှာခေါင်းကတော့ တကယ်ကို အစူးရှဆုံးပဲ”
“ဒါက ဟတ်စကီစစ်စစ်ပဲလေ၊ ဘယ်မှာ နှာခေါင်းမရှိဘဲ နေပါ့မလဲ”
“အပေါ်ကလူက ပရိသတ်အတုပဲ ဖြစ်ရမယ်၊ Host မွေးထားတာက ဝံပုလွေစစ်စစ်လေ၊ ဘယ်က ဟတ်စကီလဲ”
ခွေးလေးသည် ဆိုဒါဗူးခွံ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ လင်းယန်မှာ သဲလွန်စတစ်ခုကို အချိန်တိုအတွင်း ရရှိခဲ့လေသည်။ ထိုဆိုဒါဗူးအသစ်မှာ ဆိုဒါနံ့များ မပြယ်သေးဘဲ အမဲလိုက်သမား အုပ်စုမှ ချန်ထားခဲ့ခြင်း ဖြစ်ဟန်တူသည်။ အနီးနားရှိ ရွာသားများသည် မျိုးဆက်နှင့်ချီ၍ နေထိုင်လာကြသူများ ဖြစ်သဖြင့် ထိုတောင်ထဲတွင် တောရိုင်းတိရစ္ဆာန်များ ရှိသည်ကို အခြားသူများထက် ပို၍ သိရှိကြ၏။ ထို့ကြောင့် သူတို့သည် ထိုမျှ နက်ရှိုင်းသော တောထဲသို့ ရောက်ရှိလာရန် မဖြစ်နိုင်ပေ။ ထို့ပြင် ရွာသားများသည် တောင်ပေါ်ပတ်ဝန်းကျင်ကို အခြားသူများထက် ပို၍ မြတ်နိုးတန်ဖိုးထားကြ၍ ထိုကဲ့သို့ အမှိုက်များအား ပစ်ထားခဲ့လိမ့်မည် မဟုတ်ချေ။
“ကြည့်ရတာ သူတို့ ဒီကနေ ထွက်သွားကြပြီ ထင်တယ်”
သို့သော် လင်းယန်သည် ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်ရှုလိုက်သောအခါ မသင်္ကာဖွယ်ရာ နေရာတစ်ခုကို ထပ်မံတွေ့ရှိလိုက်ပြန်၏။
ခပ်လှမ်းလှမ်းနေရာတွင် ဆိုဒါဗူးခွံများစွာ ရှိနေသေးသည်။ ထိုသည်မှာ တစ်စုံတစ်ယောက်မှ တမင်သက်သက် လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်းကို လင်းယန်သည် ချက်ချင်း အထူးသတိပြုမိလိုက်သည်။
သူသည် အခြားသော ဆိုဒါဗူးခွံများရှိရာသို့ ဂရုတစိုက် ချဉ်းကပ်သွားချိန်တွင် ထိုဗူးခွံများမှာ မြေပြင်ပေါ်သို့ ဒီအတိုင်း အကြောင်းမဲ့ ပစ်ချထားခဲ့ခြင်း မဟုတ်ကြောင်း သိလိုက်ရ၏။ ဆိုဒါဗူးခွံ တစ်ခုချင်းစီကို ထောင်ချောက်များအဖြစ် ပြုလုပ်ထားခြင်း ဖြစ်သည်။
“ဒီအမဲလိုက်တဲ့သူတွေက မြွေတွေကိုတောင် ချန်မထားကြဘူးလား”
ထိုထောင်ချောက်မှာ မြွေများကို ဖမ်းယူရန်အတွက် ဖြစ်သည်မှာ အသေအချာ ဖြစ်၏။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသူများထဲတွင်လည်း ထိုကဲ့သို့သော ရိုးရှင်းသည့် မြွေဖမ်းထောင်ချောက်ကို သိရှိသူများ ရှိနေသည်။
“ငါ အရင်က နိုင်ငံခြားက တောတွင်းရှင်သန်ရေး အစီအစဉ်တွေမှာ ကြည့်ဖူးတယ်၊ ဒါက မြွေဖမ်းတဲ့အရာ မဟုတ်လား”
“စားဖို့ဖမ်းတာများလား”
“အသားစားဖို့ပဲ မဟုတ်ပါဘူး၊ အဆိပ်ပြင်းတဲ့ မြွေအချို့က တန်ဖိုး တော်တော်ကြီးတယ်လေ”
“ဒါပေမဲ့ ဆိုဒါဗူးခွံလေးနဲ့ မြွေကို ဘယ်လိုဖမ်းမှာလဲ”
လင်းယန်သည် မျက်မှောင်ကြုတ်ကာ လူတိုင်းအား ရှင်းပြလေသည်။
“ဆိုဒါဗူးခွံနဲ့ မြွေဖမ်းတာကို ဗူးအမျိုးအစား မြွေထောင်ချောက်လို့ ခေါ်ကြတယ်၊ ဒါက ရိုးရှင်းပေမဲ့ အထိရောက်ဆုံး မြွေဖမ်းကိရိယာ တစ်ခုပဲ၊ အရိုးရှင်းဆုံး ပြောရရင်တော့ ပြင်ဆင်ထားတဲ့ ဗူးတွေကို မြွေတွေ အသွားအလာများတဲ့ လမ်းကြောင်းတွေ ဒါမှမဟုတ် မြွေတွင်းတွေရဲ့ အနီးအနားမှာ ထားရတယ်၊ မြွေက တစ်ခါ ဝင်သွားပြီဆိုရင်တော့ ပြန်ထွက်ဖို့ ခက်ခဲသွားပြီ၊ လိုအပ်တဲ့ ပစ္စည်းတွေကလည်း ဆိုဒါဗူးခွံနဲ့ ဝါယာကြိုးလောက်ပဲဆိုတော့ တော်တော်လေး လွယ်ကူတာပေါ့”
သူသည် ထိုသို့ပြောလိုက်သောအခါ ကြည့်ရှုသူများသည် ရုတ်တရက် သဘောပေါက်သွားကြသည်။
“ငါလည်း တစ်နေ့ကျရင် စမ်းကြည့်ဦးမယ်”
“ဘာကို စမ်းမှာလဲ၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် မလုပ်စမ်းပါနဲ့”
“တကယ်ကို ထိမိလိုက်တာ၊ Host က ငါတို့ကို မြွေဖမ်းနည်းပါ သေချာသင်ပေးနေတယ်”
“မဟုတ်ဘူးလ၊ ဒီအတတ်ပညာက တကယ်တမ်းကျတော့ လက်တွေ့သုံးဖို့ အခွင့်အရေး သိပ်မရှိပါဘူးနော်”
“ဒါမျိုးကို လူသိများအောင် လုပ်ဖို့ မလိုပါဘူး၊ ငါဆိုရင် မြွေမြင်တာနဲ့ အော်ပြေးမှာပဲ”
လင်းယန်သည် ဆိုဒါဗူးခွံများအား စစ်ဆေးကြည့်ရာ ကံကောင်းထောက်မစွာဖြင့် မည်သည့်မြွေမျှ မိနေခြင်း မရှိသေးချေ။ ထိုအမဲလိုက်သမားများသည် ထိုလုပ်ရပ်ကို ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း မဟုတ်နိုင်ကြောင်း သူ ခံစားမိသည်။ ထိုကိစ္စကိုလည်း ညွှန်ကြားရေးမှူးလီထံသို့ အစီရင်ခံရလိမ့်မည်။
သူသည် တောတောင်၏ ဂေဟစနစ် ပျက်စီးဆုံးရှုံးမှုအား အဖြစ်မခံနိုင်ပေ။ မြင်တွေ့ခဲ့၍ ဖြစ်သဖြင့် ထိုအတိုင်း ပစ်ထားခဲ့ရန် အကြောင်းမရှိချေ။ လင်းယန်သည် ထိုဆိုဒါဗူးခွံများအားလုံး ဖျက်ဆီးပစ်လိုက်၍ အမှိုက်များအား တစ်ပါတည်း သိမ်းဆည်းလိုက်သည်။
သူ၏ အာရုံအားလုံးမှာ ထိုမြွေထောင်ချောက်များပေါ်၌သာ ရှိနေသဖြင့် သူ၏ ဦးခေါင်းအထက်ရှိ သစ်ကိုင်းပေါ်တွင် သတ္တဝါငယ်လေး တစ်ကောင် ရောက်ရှိနေသည်ကို လုံးဝ သတိမပြုမိခဲ့ချေ။
“ဟာ Host ရဲ့ ခေါင်းပေါ်မှာ ခုနက ဝှစ်ခနဲ ဖြတ်သွားတာ ဘာလဲ”
“ကံကောင်းလို့ ငါ ဗီဒီယို မှတ်တမ်းတင်ထားမိတယ်၊ ပြန်ကြည့်လိုက်တော့ မြွေတစ်ကောင် ဖြစ်နေသလိုပဲ”
“မဖြစ်နိုင်တာ၊ ငါ့ကို ကြောက်အောင် မပြောစမ်းပါနဲ့”
လင်းယန်သည် မြေပြင်ပေါ်ရှိ ဆိုဒါဗူးခွံများကို ကောက်ယူရန် ကိုင်းညွတ်နေခဲ့ခြင်း ဖြစ်၍ အလုပ်ပြီးသွားချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်များကို ကြည့်ရှုလိုက်သည်။
မှတ်ချက်များထဲတွင် သူ့အား အပေါ်သို့ မော့ကြည့်ရန် အသည်းအသန် သတိပေးနေကြသည်ကို သူ တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် လင်းယန်သည် ဘာမှမသိဘဲ အပေါ်သို့ မော့ကြည့်လိုက်သည်။
ထိုအခါ လင်းယန်မှာ သေးငယ်သော မျက်ဝန်းအစုံနှင့် တည့်တည့် တိုးမိတော့သည်။ ဦးခေါင်းမှာ ဘဲဥပုံသဏ္ဌာန်ရှိ၍ လည်ပင်းတွင် အဖြူရောင် အမှတ်အသား ကျယ်ကျယ်ပါရှိကာ ကျောမှာ အဝါညိုရောင် ရှိသည်။ ထိုရင်းနှီးလှသော အသွင်အပြင်သည် ကျိုးရှန်မြွေဟောက် မဟုတ်ပါလော။
ယခုအချိန်တွင် ထိုမြွေဟောက်သည် သစ်ကိုင်းပေါ်တွင် ခွေလျက် လင်းယန်အား လျှာတလုလု လုပ်နေ၍ ပါးပြင်းထောင်ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်နေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေသော စိတ်နုသူအချို့သည် စတင်အော်ဟစ်နေကြပြီဖြစ်၏။
“ဒီမြွေက ဘာလို့ ဒီလောက်ကြီးနေရတာလဲ”
“ဘုရားရေ... Host တော့ ဒုက္ခရောက်တော့မှာပဲ”
“ဒါက ကျိုးရှန်မြွေဟောက်ပဲ၊ အရှည်က နှစ်မီတာကျော်လောက် ရှိမယ်ထင်တယ်၊
ဒီအမျိုးအစားထဲမှာတော့ တော်တော်ကြီးတဲ့ အကောင်ပဲ”
“အများကြီး မပြောနဲ့ဦး၊ အဆိပ်ရှိလားဆိုတာပဲ ပြောပါ”
“မြွေဟောက်လို့ ပြောထားတာပဲ၊ အဆိပ်မရှိဘဲ နေပါ့မလား၊ မင်း မူလတန်း မအောင်ခဲ့ဘူးလား”
“သတိပေးချက်ပါ၊ အကယ်လို့ ဒါက တကယ်ပဲ ကျိုးရှန်မြွေဟောက် ဆိုရင်တော့ ငါတို့နိုင်ငံမှာ အဆိပ်အပြင်းဆုံး မြွေစာရင်းဝင်ပဲ”
“ငါ အခုပဲ ရှာကြည့်လိုက်တာ၊ ဒီမြွေရဲ့ အဆိပ်က နိုင်ငံထဲမှာ ထိပ်ဆုံး သုံးမျိုးထဲမှာ ပါတယ်တဲ့၊ Host အတွက် နာရေးဝန်ဆောင်မှုတွေ ကြိုမှာထားပေးဖို့ လိုမလား”
“အခု ရဲတိုင်ရင်ရော အချိန်မီဦးမလား”
“Host တော့သွားပြီလို့ ဆိုလိုတာလား”
ထင်မှတ်မထားသော အခြေအနေတွင် ထိုမျှကြီးမားသော အဆိပ်ပြင်းမြွေနှင့် ရင်ဆိုင်လိုက်ရသဖြင့် လင်းယန်သည်လည်း အနည်းငယ် ထိတ်လန့်သွားရ၏။
“ငါ့လည်ပင်းက နည်းနည်း တောင့်နေလို့လေ၊ သူငယ်ချင်းရာ... ငါ နေရာလေးများ ခဏလောက် ပြောင်းလို့ရမလား”
လင်းယန်သည် တောင့်တင်းနေသော သူ၏လည်ပင်းအား လှုပ်ရှားလိုက်သည်။
“ရှူး... ရှူး”
ထိုမြွေသည် အသံပြုလိုက်ပြီးနော ချက်ချင်းပင် လင်းယန်ထံသို့ တိုက်ရိုက် ခုန်လိုက်တော့သည်။