အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉)
သစ်တောဦးစီးဌာနမှ ဝန်ထမ်းငယ် ရှောင်ဝမ်သည် အလုပ်အားလပ်ချိန်တိုင်း လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုရသည်ကို အနှစ်သက်ဆုံး ဖြစ်၏။
လင်းယန်သည် တောနက်ထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွား၍ အဆိပ်ပြင်းမြွေ၏ တိုက်ခိုက်မှုအား ခံနေရသည်ကို မြင်လိုက်ရသောအခါ သူသည် တုန်လှုပ် ခြောက်ချားသွား၍ ဒုတိယညွှန်ကြားရေးမှူးလီထံသို့ ချက်ချင်း အစီရင်ခံတော့သည်။
“ဘာပြောတယ်... ရှောင်လင်းအန္တရာယ်ဖြစ်နေတယ် ဟုတ်လား”
ရှောင်ဝမ်သည် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းအား ညွှန်ကြားရေးမှူးလီကို ပြသလိုက်ကာ စိုးရိမ်တကြီး ဆိုသည်။
“ညွှန်ကြားရေးမှူး ကြည့်လိုက်ပါဦး၊ ဒါက ကျိုးရှန်မြွေဟောက်ဗျ၊ အခု ရဟတ်ယာဉ်နဲ့ သွားကယ်ရင်တောင် အချိန်မီပါတော့မလား မသိဘူး”
ရှောင်ဝမ်၏ စိတ်ထဲတွင် လင်းယန် ဒဏ်ရာရသွားပြီဟု သူ အသေအချာ ယုံကြည်နေမိ၏။
အကြောင်းအရင်းမှာ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းသည် ဘယ်ညာ ယိမ်းခါနေသဖြင့် အခြေအနေအရပ်ရပ်ကို ရှင်းလင်းစွာ မမြင်ရတော့သောကြောင့် ဖြစ်သည်။ ညွှန်ကြားရေးမှူးလီသည် ဖုန်းအား အမြန်ထုတ်၍ လင်းယန်ထံ ဆက်သွယ်ရန် ကြိုးစားစဥ် တစ်ဖက်လူသည် သူ့ထံသို့ စောစောစီးစီး စာပို့ထားခဲ့သည်ကို ယခုမှသာ သတိပြုမိတော့သည်။ သူသည် အလုပ်ရှုပ်နေသဖြင့် ထိုစာအား မမြင်မိခဲ့ခြင်း ဖြစ်၏။
ဖုန်းထဲမှ သတင်းစကားအား ဖတ်ရှုပြီးနောက် ညွှန်ကြားရေးမှူးလီ၏ မျက်နှာမှာ ပို၍ မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားရသည်။ သူ၏ စီရင်စုနယ်မြေအတွင်း၌ ယခုကဲ့သို့ ယုတ်မာလှသော တရားမဝင် အမဲလိုက်ဂိုဏ်း၏ လုပ်ရပ်များ ပေါ်ပေါက်နေခြင်းမှာ အလွန် ကြီးလေးသော ကိစ္စရပ် ဖြစ်၏။
အကယ်၍ ထိုကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်လျှင် သူ အလုပ်ထုတ်ခံရကိန်းရှိသည်။ လွန်ခဲ့သောတစ်ခေါက်တွင် တွေ့ခဲ့ရသည့် အရှေ့မြောက်ကျားကြီးသည်လည်း ဒဏ်ရာရရှိထားသည်ဖြစ်ရာ ညွှန်ကြားရေးမှူးလီသည် အခြေအနေ မဟန်တော့ကြောင်း ခံစားမိကာ မျက်ခုံးလှုပ်နေသည်။
“နောက်ကျနေပြီဆိုရင်တောင် ငါတို့ သွားရမယ်၊ ဆရာဝန်တစ်ယောက်ကိုပါ ခေါ်ခဲ့ကြ၊ ရှောင်လင်းကို ဘာဒဏ်ရာမှ အဖြစ်မခံနိုင်ဘူး”
ရှောင်ဝမ်က ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်၍ ထိုကိစ္စအား စီစဉ်ရန် ပြင်ဆင်နေစဉ် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ မြင်ကွင်းမှာ ပြန်လည် တည်ငြိမ်သွားသည်ကို သတိပြုမိလိုက်၏။ ရှောင်ဝမ်သည် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေဆဲဖြစ်၍ ညွှန်ကြားရေးမှူးလီသည် စိတ်မရှည်တော့ဘဲ ငေါက်ငမ်းလိုက်လေသည်။
“ဘာလို့ ဒီအတိုင်း ရပ်နေတာလဲ၊ မင်းနှောင့်နှေးနေတဲ့ စက္ကန့်တိုင်းက ရှောင်လင်းအတွက် အသက်တမျှ အရေးကြီးတယ်ကွ”
ရှောင်ဝမ်သည်ကြောင်တောင်တောင်ဖြင့် ဆို၏။
“ညွှန်ကြားရေးမှူး... အခုလောလောဆယ် ဆရာဝန် ခေါ်ဖို့ မလိုတော့ဘူး ထင်တယ်ဗျ”
“မင်း ဘာကို ဆိုလိုတာလဲ”
ညွှန်ကြားရေးမှူးလီသည် မျက်မှောင်ကြုတ်လျက် မေးလိုက်ရာ ရှောင်ဝမ်က သူ၏ဖုန်းကို ကမ်းပေးလိုက်သည်။
အစပိုင်းတွင် လူတိုင်းသည် ကျိုးရှန်မြွေဟောက်သည် လင်းယန်အား တိုက်ခိုက်တော့မည် ထင်မှတ်ခဲ့ကြ၍ ဖုန်းတုန်ခါသွားခြင်းသည်လည်း သူ တိုက်ခိုက်ခံရသဖြင့် ဖုန်းအား မြဲမြံအောင် မကိုင်နိုင်တော့ခြင်းကြောင့်ဟု ယူဆခဲ့ကြ၏။
သို့သော် လူတိုင်း မမျှော်လင့်ထားသည့် အရာမှာ လင်းယန်သည် အစအနမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်း ဖြစ်သည်။
ထိုမျှမက နှစ်မီတာခန့် ရှည်လျားသော မြွေဟောက်ကြီးမှာ လင်းယန်၏ လက်မောင်းပေါ်တွင် ခွေ၍ လျှာနှစ်ခွအား တလုလု လုပ်နေသည်ကို တွေ့လိုက်ရသည်။
“အားလုံး စိတ်မပူကြပါနဲ့၊ သူ ခုနက ကျွန်တော့်ကို တိုက်ခိုက်ဖို့ ကြိုးစားတာ မဟုတ်ပါဘူး၊ ဒီထောင်ချောက်တွေကို ဖျက်ဆီးပေးလိုက်လို့ သူ ကျွန်တော့်ကို ကျေးဇူးတင်နေတာ ဖြစ်ပါလိမ့်မယ်”
လင်းယန်သည် အသာအယာ ပြုံးလိုက်၍ သူ၏ဖုန်းအား ပြန်လည် နေရာချကာ မြွေဟောက်၏ ဦးခေါင်းကို လက်ဖြင့် အသာအယာ ပွတ်သပ်ပေးလိုက်၏။ ထိုမြင်ကွင်းသည် ကြည့်ရှုသူတိုင်းအား ကြက်သီးမွေးညင်း ထသွားစေတော့သည်။
“ဒီ Host က တကယ်ကြီး ပြောနေတာလား”
“ဒါ တကယ်ပဲ ကျိုးရှန်မြွေဟောက်လားဗျာ၊ ဘာလို့ အိမ်မွေးမြွေလေးလို ဖြစ်နေရတာလဲ”
“ဘယ်လို လူကများ နှစ်မီတာရှည်တဲ့ မြွေကြီးကို အိမ်မွေးတိရစ္ဆာန် လုပ်မလဲ၊ ပြီးတော့ ဒါက အဆိပ်ပြင်းမြွေလေ၊ သူ့ရဲ့ အဆိပ်စွယ်တွေကို မတွေ့ဘူးလား”
“စခရင်ကနေ ကြည့်နေရတာတောင် ငါ ကြောက်လို့ သေတော့မယ်”
“မြွေတွေမှာလည်း လူလိုပဲ ဉာဏ်ရည်ရှိတာလား”
မြွေဟောက်သည် လင်းယန်၏ လက်မောင်းပေါ်တွင် သိမ်မွေ့စွာ ခွေနေ၍ အဆက်မပြတ် အသံပြုနေသည်။ လင်းယန်သည် သူ၏ အော်မြည်သံများမှတစ်ဆင့် ဆိုလိုရင်းအား နားလည်လိုက်၏။
“မင်းရဲ့ အမျိုးတွေကို အမဲလိုက်သမားတွေ ဖမ်းသွားတယ်လို့ ပြောတာလား”
မြွေဟောက်၏ မျက်နှာပေးမှာ ဖော်ပြမတတ်သော ဝမ်းနည်းရိပ်များ သန်းနေသည်။ သူသည် ဦးခေါင်းကို နှိမ့်ချထားသဖြင့် လူတိုင်းသည် သူ၏ အန္တရာယ်ရှိမှုကို ခေတ္တမျှ မေ့လျော့နေကြ၏။
“ဒီယုတ်မာတဲ့ အမဲလိုက်သမားတွေ၊ သူတို့ကို ဖမ်းပြီး ဥပဒေအရ အပြစ်ပေးနိုင်အောင် လုပ်ရမယ်၊ ကောင်းပြီ ဒီကိစ္စကို ငါ ဖြေရှင်းပေးမယ်၊ မင်း အခု ပြန်တော့”
လင်းယန်သည် လက်သီးအား တင်းတင်းဆုပ်လိုက်ကာ မြွေကို လက်ဗလာဖြင့် ကိုင်၍ သစ်ပင်ပေါ်သို့ ပြန်တင်ပေးရန် ကြိုးစားလေသည်။ သို့သော် မြွေဟောက်သည် လင်းယန်၏ လက်မောင်းကို တင်းကျပ်စွာ ပတ်ထား၍ လုံးဝ မခွာလိုဟန် ပြနေ၏။
“မင်း မပြန်ချင်ဘူးလား၊ စိတ်မပူပါနဲ့၊ ဒီနားက မြွေထောင်ချောက်တွေကို ငါ အကုန်ဖျက်ဆီးလိုက်ပြီ၊ မကြာခင်မှာ သစ်တောဦးစီးဌာနက ကျွမ်းကျင်သူတွေ ရောက်လာပြီး ဒီနေရာကို ထိန်းသိမ်းစောင့်ရှောက်တော့မှာဆိုတော့ နောက်ဆိုရင် အန္တရာယ် မရှိတော့ပါဘူး”
လင်းယန်သည် မည်မျှ အာမခံစေဦးတော့ မြွေဟောက်မှာ လုံးဝ မခွာလိုဘဲ လင်းယန်နောက်သို့ လိုက်ပါလိုဟန်ဖြင့် လျှာနှစ်ခွအား ထုတ်ပြနေသည်။ လင်းယန်သည်လည်း မတတ်သာတော့ချေ။ သူသည် လယ်တောအိမ်အား ဖွင့်လှစ်ခဲ့သည်မှာ စီးပွားရေး လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်၏။
ယခုတွင် အကြောင်းမဲ့သက်သက် အရှေ့မြောက်ကျားပေါက်လေး နှစ်ကောင်အား စောင့်ရှောက်နေရသည်မှာ တစ်ကြောင်း၊ နောက်ထပ် မြွေတစ်ကောင် ထပ်တိုးလာလျှင် မည်သည့် ဧည့်သည်မှ လာရဲတော့မည် မဟုတ်ပေ။ သို့သော် ထိုမြွေသည် လုံးဝ မခွာလိုသဖြင့် ခေတ္တမျှ တွေးတောပြီးနောက် လင်းယန်သည် သူ့အား ယာယီမွေးမြူရန် ဆုံးဖြတ်လိုက်သည်။
အမဲလိုက်သမားများ ရုတ်တရက် ပြန်လာနိုင်သည်ကိုလည်း သူ ထည့်သွင်းစဉ်းစားလိုက်ခြင်း ဖြစ်သည်။ ထိုလူများတွင် အခြားသော နည်းလမ်းများ ရှိနေနိုင်သည် မဟုတ်လော။ ထို့ကြောင့် သူ့အား အရင်ခေါ်သွားပြီးမှ သစ်တောဦးစီးဌာနမှ လူများနှင့် စနစ်တကျ စီစဉ်ပေးခြင်းသည် ပို၍ သင့်လျော်ပေလိမ့်မည်။
“ဒါဆိုရင်လည်း လောလောဆယ် ငါနဲ့အတူ လိုက်ခဲ့ပေါ့၊ မင်းရဲ့ အဝါရောင် အစင်းအကျားတွေက ဂန္ဓမာပန်းနဲ့ တူတာပဲ၊ မင်းကို ရှောင်ကျွီဟွား(မင်းသားလေး) လို့ ခေါ်ရင် ဘယ်လိုလဲ”
လင်းယန်သည် တစ်ယောက်တည်း ရေရွတ်လိုက်သည်။ပရိသတ်များသည် ဆွံ့အသွားကြရ၏။
“ဒါနဲ့ပဲ... သူက မြွေဟောက်တစ်ကောင်ကို အကြောင်းမဲ့ မွေးလိုက်ပြန်ပြီပေါ့”
“ဒါက သာမန်မြွေမဟုတ်ဘူးနော်၊ တစ်ချက်ကိုက်တာနဲ့ အသက်ပျောက်နိုင်တဲ့ ကျိုးရှန်မြွေဟောက်ကြီး”
“Host ရဲ့ လယ်တောအိမ်က တဖြည်းဖြည်းနဲ့ တိရစ္ဆာန်ရုံနဲ့ တူလာပြီလို့ မထင်ဘူးလား”
“ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေဆိုရင်တော့ တစ်မျိုးပေါ့၊ အခုဟာက မြွေကြီးလေဗျာ”
“ကင်မရာကို အဲဒီမြွေဘက် မလှည့်ပါနဲ့တော့၊ ငါ တကယ် မကြည့်ရဲလို့ပါ”
“အဲဒီလောက်ကြီး ကြောက်ဖို့ကောင်းလို့လား၊ ငါကတော့ ချစ်ဖို့ကောင်းတယ်လို့ ထင်တယ်”
“အဆိပ်ပြင်းတဲ့ မြွေဟောက်ကို ရှောင်ကျွီဟွား တဲ့လား၊ Host ရေ... ခင်ဗျားကတော့ တကယ်ကို တစ်မူထူးခြားတာပဲ”
လင်းယန်သည် ပရိသတ်များ ပြောဆိုနေသည်ကို ဂရုမစိုက်စွာ ရှောင်ကျွီဟွားအား ကောက်ယူကာ သူ၏ လည်ပင်းတွင် ရစ်ပတ်ထားစေလိုက်၏။
“မင်း ငါ့လည်ပင်းမှာပဲ ငြိမ်ငြိမ်လေး နေဦး၊ တခြား အထောက်အထားတွေ ရှိမလား ထပ်ရှာကြည့်ရမယ်၊ ဘာမှ မရှိတော့ဘူးဆိုရင်တော့ ငါတို့ ပြန်ကြတာပေါ့”
ထိုမြင်ကွင်းကို ကြည့်ရင်း ပရိသတ်များသည် ထို Host ၏ သတ္တိကို ချီးကျူးမိတော့သည်။ ကြည့်ရှုသူ တစ်သိန်းနှစ်သောင်းခန့်သာ ရှိသော တိုက်ရိုက်ထုတ်လွှင့်မှုသည် ယခုအခါ ငါးသိန်းကျော်အထိ ထိုးတက်သွားလေပြီ။ အစီအစဉ်၏ တာဝန်ခံ ညွှန်ကြားရေးမှူးဆန်းသည် ထိုအချက်အလက်များအား မြင်သောအခါ ထိုင်ရာမှ မထနိုင်တော့ချေ။
“ကြည့်ရှုသူ ငါးသိန်း ဟုတ်လား၊ ကိန်းဂဏန်းတွေက တက်နေတုန်းပဲလား၊ ငါတို့ သူ့ရဲ့ Live ကို ကြော်ငြာပေးထားတာ မဟုတ်ဘူးနော်”
ဘေးမှ လက်ထောက်ဖြစ်သူသည် တင်ပြလေသည်။
“ညွှန်ကြားရေးမှူးဆန်း၊ လင်းယန်ရဲ့ Live က အစပိုင်းမှာ ဘာလှုပ်ရှားမှုမှ မရှိခဲ့ပေမဲ့ အခုမှ ရုတ်တရက်ကြီး နာမည်ကြီးလာတာပါ”
သို့သော် လင်းယန်၏ အောင်မြင်မှုသည် သူကိုယ်တိုင်၏ အရည်အချင်းကြောင့်သာ ဖြစ်ကြောင်း လက်ထောက်သည် စိတ်ထဲမှ အသိအမှတ်ပြုလေသည်။ ဥပမာအားဖြင့် မြွေဟောက်ကို လက်ဗလာဖြင့် ဖမ်းခြင်းမျိုးကို မည်သူ လုပ်ရဲပါမည်နည်း။ ထိုလူငယ်သည် သူ၏ အသက်ကို ရင်း၍ ငွေရှာနေခြင်း ဖြစ်ပေသည်။
“ဒီကိန်းဂဏန်းတွေ တက်နေတဲ့ အရှိန်က တကယ်ကို မြန်လွန်းတယ်”
ညွှန်ကြားရေးမှူးဆန်းသည် ထိုအစီအစဉ် စတင်ကတည်းမှ ယခုကဲ့သို့ အလားအလာရှိသော ပြိုင်ပွဲဝင်မျိုးအား တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ထိုင်ရာမှ ထရပ်လိုက်ကာ အားတက်သရော အမိန့်ပေးလေသည်။
“မကြာခင် ပြုလုပ်မယ့် မီးရှူးမီးပန်း ပြပွဲအတွက် ကြော်ငြာတွေကို အရှိန်မြှင့်လိုက်တော့၊ လင်းယန်ရဲ့ ပိုစတာကိုလည်း ပင်မစာမျက်နှာမှာ တင်ထားလိုက်၊ ငါတို့အတွက် ကံကောင်းခြင်းတွေ ရောက်လာပြီ၊ ဒီကိစ္စကို အကောင်းဆုံးဖြစ်အောင် လုပ်ကြ၊ အစီအစဉ် အဖွဲ့သားအားလုံးကို လစာတိုးပေးမယ်”
ထိုစကားကို ကြားသောအခါ လက်ထောက်၏ မျက်လုံးများသည် ဝင်းလက်သွားတော့သည်။ အလုပ်သမားတစ်ဦးအတွက် လစာတိုးခြင်းထက် ပိုမိုသော ဆွဲဆောင်မှုမှာ မရှိနိုင်တော့ချေ။ တစ်ဖက်တွင် လင်းယန်၏ မြွေဖမ်းဗီဒီယိုသည် အင်တာနက် တစ်ခွင်တွင် ဟိုးဟိုးကျော်သွားခဲ့ပြီ။ ပရိသတ်အသစ်များသည် သူမြွေဖမ်းပုံအား ကြည့်ရှုရန်အတွက် လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ဆက်တိုက် ဝင်ရောက်လာကြသည်။
“ဒါ မြွေဟောက်ကို လက်ဗလာနဲ့ ဖမ်းတဲ့ Host လား”
“ဟား... သူ့လည်ပင်းမှာ ရစ်ထားတာက ကျိုးရှန်မြွေဟောက် မဟုတ်လား”
“ကျိုးရှန်မြွေဟောက် မဟုတ်တော့ပါဘူး၊ သူ့နာမည်က ရှောင်ကျွီဟွားတဲ့”
“ဒါ ရုပ်ရှင်ရိုက်တဲ့ ပစ္စည်းတွေ ဖြစ်ရမယ်၊ ဒီကမ္ဘာမှာ အဆိပ်ပြင်းမြွေနဲ့ ဒီလောက် အနီးကပ်နေရဲတဲ့သူ ရှိပါ့မလား”
“အဲဒါ တကယ် အတုဆိုရင်လည်း အဆိပ်စွယ်တွေက တကယ်နဲ့ တူလွန်းနေတယ်နော်”
“ငါ့အထင်တော့ ဒါက ဟန်ပြတစ်ခု ဖြစ်ဖို့ များတယ်၊ လင်းယန်ရဲ့ အနောက်ကွယ်မှာ အရင်းရှင်တွေ ရှိနေတာကို မမေ့ကြနဲ့ဦး”
“အပေါ်ကလူက ငါတို့ကို လူအ အောက်မေ့နေတာလား အတုနဲ့အစစ်တောင် မခွဲခြားတတ်ဘူး ထင်နေလား”
“တိရစ္ဆာန်တွေထဲမှာ မြွေက အသိဉာဏ်အရှိဆုံးပဲ၊ ဒီလိုမျိုးကို အတုနဲ့ သရုပ်ဆောင်လို့ မရပါဘူး”
“ဒီ Anti-fan တွေက ဘယ်က ရောက်လာတာလဲ၊ မကြည့်ချင်ရင် ထွက်သွားကြပါ”
လင်းယန်သည် ရှောင်ကျွီဟွားအား ခေါ်ဆောင်ကာ ကျားမကြီး နားခိုနေသော နေရာသို့ ပြန်လာခဲ့သည်။ သူ ရောက်ရှိသွားချိန်တွင် ချောင်ရှီဖုန်းသည် ကျားမကြီးနှင့် အဝေးဆုံး တစ်နေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူသည် ပတ်ဝန်းကျင်ကို အထူးသတိထား၍ ကြည့်ရှုနေကာ စိုးရိမ်ထိတ်လန့်နေသော သူ၏ ပုံစံကြောင့် လင်းယန်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။
“အစ်ကိုချောင်... စိတ်မပူပါနဲ့၊ ကျားမကြီးက လူကို မတိုက်ခိုက်ပါဘူး”
ချောင်ရှီဖုန်းသည် အားနာစွာဖြင့် ပြုံးလိုက်၏။ လင်းယန် ထိုသို့ ပြောခဲ့သော်လည်း သူ၏ စိတ်ထဲမှ ကြောက်ရွံ့မှုကိုမူ ဖျောက်ဖျက်၍ မရနိုင်ချေ။ ထိုသည်မှာ တောရိုင်းအရှေ့မြောက်ကျားကြီး ဖြစ်၍ တိရစ္ဆာန်ရုံမှ ကျားမျိုး မဟုတ်ပေ။
အကယ်၍ သူသည် ရုတ်တရက် စိတ်ရိုင်းဝင်လာလျှင် သူ မည်သို့ သေဆုံးသွားမည်ကို သိနိုင်လိမ့်မည် မဟုတ်ချေ။ လင်းယန်၏ လည်ပင်းတွင် ရစ်ပတ်ထားသော အရာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ချောင်ရှီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။
“ကျိုးရှန်မြွေဟောက်ကြီးလား”
“ဒါ တောရိုင်းမြွေစစ်စစ် မဟုတ်လား”
“ဒီကောင်ကို မင်း ဘယ်က ရလာတာလဲ”
ချောင်ရှီဖုန်းသည် တိရစ္ဆာန်အမျိုးမျိုးအား လေ့လာရသည်ကို နှစ်သက်သော်လည်း မိမိကိုယ်ကိုယ် ဘေးကင်းရန်မှာ ပထမဦးစားပေး ဖြစ်၏။ သူသည် လင်းယန်ကဲ့သို့ အဆိပ်ပြင်းမြွေကြီးနှင့် ထိုမျှ အနီးကပ် မနေရဲပေ။
“အနီးနားမှာ အမဲလိုက်သမားတွေရဲ့ ခြေရာကို ရှာနေတုန်း သူတို့ ထားခဲ့တဲ့ ထောင်ချောက်တွေကို တွေ့တာနဲ့ ဖျက်ဆီးလိုက်တာ၊ အဲဒီမှာပဲ ဒီကောင်လေးက ကျွန်တော့်ဆီ ရောက်လာတာပါ”
လင်းယန်သည် အေးအေးဆေးဆေး ပြောဆိုနေသော်လည်း ချောင်ရှီဖုန်းမှာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
“ညီလေး လင်း... အဲဒီကောင်ကို မင်းလည်ပင်းပေါ်ကနေ အရင်ဖယ်လိုက်ပါဦး၊ သူ့ရဲ့ အဆိပ်က ပြန့်တာမြန်တယ်၊ တစ်ချက်အကိုက်ခံရတာနဲ့ ချက်ချင်း အသက်ဆုံးရှုံးနိုင်တယ်၊ အဝေးကိုပဲ ပို့လိုက်ပါ၊ ငါ ကြည့်နေရတာနဲ့တင် ကြောက်လှပြီ”