အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း (၃၉)
ရွာအတွင်း၌ စာပို့လုပ်ငန်း ဖွင့်လှစ်ထားသူမှာ ရှုလီ ဖြစ်သဖြင့် ရွာသားများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာသည်ကို မြင်သောအခါ သူမသည်ပင် ဦးဆောင်၍ ခရီးဦးကြိုပြုလေသည်။
“ဒေါ်ဒေါ်ကျန်း၊ ဒီမှာ ထိုင်ပါရှင့်၊ မျက်စိ သိပ်မကောင်းဘူး မဟုတ်လား၊ ရှေ့ဆုံးမှာ ထိုင်မှ ပိုပြီး ကောင်းကောင်း မြင်ရမှာ၊ ဒေါ်ဒေါ်ဝမ်... ဒီနေ့ မြေးလေးကို ခေါ်လာတာလား၊ ကလေးလေးက အရမ်း ချစ်ဖို့ကောင်းတာပဲ၊ ဒါနဲ့ ဦးလေးယန်၊ ဦးလေးရဲ့ ပါဆယ်ထုပ် ရောက်နေတာ ရက်အတော်ကြာပြီနော်၊ ဘာလို့ လာမယူသေးတာလဲ”
ရှုလီသည် ရွာသားများကြားတွင် ဟိုမှသည်သို့ သွားလာလှုပ်ရှားနေကာ ရွာသားအားလုံးကလည်း သူမကို ပြုံးရွှင်စွာ နှုတ်ဆက်ကြ၏။
သူမသည် ဤရွာတွင် အလွန်ပင် ရေပန်းစားကြောင်း ထင်ရှားလှပေသည်။
အမှန်စင်စစ် ရှီးရွှေကျေးရွာသည် အလှမ်းဝေးသော ဒေသတွင် တည်ရှိသဖြင့် ရှုလီသာ စာပို့စခန်း မဖွင့်လှစ်ခဲ့ပါက ချောစာပို့သမားများ လာရောက်ရန် ခဲယဉ်းလှ၏။ ရွာသားများသည် ပစ္စည်းဝယ်ယူလိုလျှင် မြို့သို့ သွားရောက်ရခြင်း သို့မဟုတ် ဈေးနေ့ကို စောင့်ဆိုင်းရခြင်းတို့ဖြင့်သာ အချိန်ကုန်ကြရသည်။
သို့သော်လည်း အပြင်ဈေးဆိုင်များတွင် ရောင်းချသော ပစ္စည်းများမှာ အွန်လိုင်းမှ ပစ္စည်းများကဲ့သို့ ဈေးနှုန်း သက်သာခြင်း မရှိပေ။
ရှုလီသည် စာပို့စခန်း ဖွင့်လှစ်ပြီးနောက် အွန်လိုင်းမှ ပစ္စည်းဝယ်ယူနည်းကို ရွာသားများအား တစ်ဆင့်ချင်း သင်ကြားပေးခဲ့သည်။ စမတ်ဖုန်း မကိုင်နိုင်သော သက်ကြီးရွယ်အိုများနှင့် တွေ့ဆုံသောအခါတွင်လည်း ၎င်းတို့ အလိုရှိရာကို ရှုလီသည် ဝယ်ယူပေးတတ်၏။
ထို့ကြောင့်ပင် သူမ၌ အားပေးဝန်းရံသူ အမြောက်အမြား ရှိနေခြင်း ဖြစ်လေသည်။
သူမ ရှာဖွေရရှိသော ငွေကြေးမှာ ဝမ်တာ့လီနှင့် လင်းယန်တို့ထက် များစွာ နည်းပါးသော်လည်း ဝန်းရံသူဦးရေမှာမူ နည်းလှသည်မဟုတ်ပေ။
အထူးသဖြင့် သက်ကြီးပိုင်းအရွယ် ဝန်းရံသူများ၏ အားပေးမှုမှာ အလွန်ပင် အားကောင်းလှသည်။
ယနေ့တွင်လည်း ရှုလီကို အားပေးသူ အများအပြား ရောက်ရှိနေကြ၏။
“သမီးလေး လီလီကတော့ အမြဲတမ်း ကြင်နာတတ်တာပဲ”
“ငါ့လို လမ်းကြုံကြည့်တဲ့သူတောင် မြင်ရတာ စိတ်ချမ်းသာတယ်၊ အထူးသဖြင့် လူကြီးတွေကို စကားပြောရင် သိပ်ယဉ်ကျေးတာပဲ”
“ဟူး... လူငယ်တွေအားလုံးသာ သူ့လို စိတ်ရှည်ကြရင် သိပ်ကောင်းမှာပဲ၊ ငါ အလုပ်စဝင်ကတည်းက ငါ့မိဘတွေဟာ တောမှာ တစ်ယောက်တည်း နေခဲ့ရတာ၊ တစ်ခါတလေ ဆေးရုံသွားရင်တောင် လက်မှတ်ဖြတ်စက်ကို ဘယ်လိုသုံးရမှန်း မသိကြဘူး၊ အမှန်အတိုင်း ပြောရရင် ဒီလို အီလက်ထရောနစ်ခေတ်ကြီးက လူကြီးတွေအတွက်တော့ သိပ်ပြီး အဆင်မပြေလှဘူး”
ရှုလီသည် သူမ၏ နှုတ်ခမ်းအစုံကို ပြုံးယောင်သန်းအောင် ဖြည်းညင်းစွာ ဖန်တီးလိုက်လေသည်။ ဤသည်မှာ သူမ စနစ်တကျ ပြင်ဆင်ဖန်တီးထားသော ပုံရိပ်တစ်ခုပင် ဖြစ်၏။
ဤအချိန်တွင် မှတ်ချက်များကို ကြည့်စရာမလိုဘဲ မိမိကိုယ်ကို မည်သို့ ချီးမွမ်းနေကြမည်ကို သူမ ကောင်းစွာ သိရှိနေသည်။
“ဒါ ဘာကြီးလဲ”
ရှုလီသည် ကြည်နူးမှုတွင် နစ်မြောနေစဉ် ဦးခေါင်းပေါ်သို့ အရာဝတ္ထုတစ်ခု ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ လက်လှမ်း၍ စမ်းကြည့်လိုက်ရာ ရေရွတ်လိုက်၏။
“ဘာလို့ ဒီလောက် အေးစက်နေရတာလဲ”
နောက်တစ်စက္ကန့်တွင် မြွေခေါင်းတစ်ခုမှာ သူမ၏ မျက်လုံးရှေ့မှောက်သို့ ပေါ်ထွက်လာသဖြင့် ရှုလီသည် ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
“အား”
မြွေတစ်ကောင် မည်သို့ ရောက်ရှိနေပါသနည်း။
သူမ၏ ဘဝတွင် အကြောက်ဆုံးအရာမှာ မြွေပင် ဖြစ်သည်။
ဤမျှ ကြီးမားသော မြွေကြီး ရုတ်တရက် ပေါ်လာခြင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုမြွေမှာ အဆိပ်ပြင်းပုံ ပေါက်နေသောကြောင့် ဖြစ်သည်။
ရွာသားများသည် ဤဒေသတွင် တစ်သက်လုံး နေထိုင်လာခဲ့ကြသော်လည်း ဤကဲ့သို့သော မြွေမျိုးကို တစ်ခါမျှ မမြင်ဖူးကြချေ။
“ဒါ ဘာမြွေလဲ၊ ကြီးလိုက်တာ၊ မြန်မြန်... အဝေးကို ပြေးကြ”
“အဘွား... ကြည့်ပါဦး၊ ဒီမြွေရဲ့ အစွယ်တွေက ကြောက်စရာကြီး”
“ဘုရား ဘုရား... မြန်မြန် နောက်ဆုတ်ကြစို့”
ရှုလီမှာမူ အဆိပ်ပြင်းမြွေ၏ လေရှူသံကိုပင် ခံစားနေရသည်။
သူမသည် လုံးဝ မလှုပ်ရဲတော့ဘဲ တစ်ကိုယ်လုံး တောင့်တင်းနေ၏။
အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် အဆိပ်မြွေသည် ရန်မူကာ ကိုက်ခဲတော့မည်ကို စိုးရိမ်နေမိသည်။
ထိုအခြင်းအရာကို မြင်သောအခါ လင်းယန်သည် အပြေးအလွှား ရှေ့သို့ တက်လာကာဆိုကာ မြွေကြီးကို ဆွဲယူလိုက်လေသည်။
“ရှောင်ကျွီဟွား၊ မင်း ဘာလို့ ဧည့်သည်ရဲ့ ခေါင်းပေါ် ရောက်နေတာလဲ၊ အခုချက်ချင်း ဆင်းခဲ့စမ်း”
သူ၏ လုပ်ရပ်မှာ အတော်ပင် ကြမ်းတမ်းလှ၏။
အဓိကအချက်မှာ အရွယ်ရောက်ပြီးသား ယောင်္ကျားတစ်ယောက်၏လက်ထက်ပင် ရှည်လျားသော ထိုမြွေကြီးမှာ လင်းယန်၏ လက်ထဲတွင် အနည်းငယ်မျှ ရုန်းကန်ခြင်း မရှိပေ။
၎င်း၏ လိမ္မာယဉ်ကျေးသော ပုံစံကြောင့် အဆိပ်မြွေ မဟုတ်ဘဲ ရေမြွေတစ်ကောင်သာ ဖြစ်သည်ဟု အများက ထင်မှတ်ရလေသည်။
ရှောင်ကျွီဟွားသည် မကျေမနပ်ဖြစ်ကာ လင်းယန်၏ လက်မောင်းတွင် ပတ်ခွေလျက် တစီစီ အသံပေးနေ၏။
လင်းယန်သည် မြွေ၏ ဦးခေါင်းကို ပုတ်၍ ဆုံးမလေသည်။
“ဒီလိုမျိုး နှုတ်ဆက်ရင် ဧည့်သည်တွေ လန့်ကုန်မှာပေါ့၊ နောက်တစ်ခါဆိုရင် ပိုပြီး ယဉ်ယဉ်ကျေးကျေး လုပ်စမ်းပါ”
ရှုလီမှာမူ ထိတ်လန့်နေဆဲဖြစ်ကာ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ လင်းယန်၏ အိမ်တွင် ဤမျှ ကြီးမားသော မြွေကြီး ရှိနေရခြင်းမှာ အဘယ်ကြောင့်နည်း။
ရှောင်ကျွီဟွားသည် ကိုယ်ကို မတ်လိုက်ပြီး ရှုလီကို စိုက်ကြည့်လေသည်။
‘ဘယ်လောက်တောင် ကြောက်တတ်တဲ့ လူသားလဲ၊ နောက်ပြောင်တာလေးကို ဒီလောက်အထိ ထိတ်လန့်နေတာ ရယ်စရာကောင်းလိုက်တာ’
မြွေကြီးက တွေးနေသယောင် ရှိ၏။
“မင်းကို လန့်သွားစေတာ တောင်းပန်ပါတယ်… သူက ရန်မူချင်လို့ မဟုတ်ပါဘူး၊ မင်းက လှလို့ နှုတ်ဆက်ချင်တာနေမှာပါ”
လင်းယန်က ဆိုလေသည်။
ရှုလီမှာမူ ပြန်ပြောစရာ စကားပင်မရှိတော့ချေ။ ဤသို့သော ချီးမွမ်းစကားအတွက် သူမ ကျေးဇူးတင်ရမည်လော။
မြွေတစ်ကောင်က မိန်းကလေးတစ်ယောက်၏အလှကို မည်သို့ သိနိုင်ပါမည်နည်း။
လင်းယန်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူမ ထင်မြင်နေမိသည်။
မိမိတို့ ထိတ်လန့်တုန်လှုပ်သည်ကို မြင်ချင်သဖြင့် ဤကဲ့သို့သော အဆိပ်မြွေကြီးကို အိမ်တွင် မွေးထားခြင်း ဖြစ်ရမည်။
ထိုသို့တွေးတောရင်း ရှုလီသည် အံကြိတ်ကာ အားတင်းကာ ပြုံးလိုက်၏။
“ရပါတယ်”
အွန်လိုင်း အသုံးပြုသူများမှာမူ ဤမြင်ကွင်းကို ကြည့်၍ အလွန် သဘောကျနေကြသည်။
“ဟားဟားဟား၊ ရှောင်ကျွီဟွားကို အပြင်မှာ မမြင်ရတာ ကြာပြီ”
“ဒီကောင် မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုမှာ သစ်ပင်ပေါ် တွဲလောင်းခိုပြီး အိပ်နေတာ မဟုတ်လား”
“ဘယ်သူမဆို ဒီလို မြွေကြီးကို ရုတ်တရက် မြင်ရင် ထိတ်လန့်မှာပဲလေ၊ လင်းယန်က ဒီထက်ပိုပြီး သတိထားသင့်တာပေါ့”
“ငါ မှတ်မိသလောက်ဆိုရင် ဒါက ကျိုးရှန်းမြွေဟောက် မဟုတ်လား၊ နိုင်ငံတော်က ကာကွယ်ထားတဲ့ သတ္တဝါပဲ၊ သစ်တောဌာနက သူ့ကို အိမ်မှာ ဒီအတိုင်း မွေးခွင့်ပြုထားတာလား”
“အဲဒါက ဘာကို ဆိုလိုတာလဲ၊ ဒီမြွေကို လင်းယန်က တရားမဝင် အမဲလိုက်သမားတွေလက်က ကယ်တင်ထားတာလေ၊ သူသာ မရှိရင် ဒီမြွေ အသက်ရှင်ပါဦးမလား၊ ပြီးတော့ ဒါကို တိုက်ရိုက်ထုတ်လွှင့်တုန်းက လင်းယန်က မြွေကို လွှတ်ပေးခဲ့သေးတယ်၊ မြွေကမှ မသွားဘဲ နေခဲ့တာ”
အဆိပ်ပြင်းလှသော မြွေဟောက်ကြီးကို ရှောင်ကျွီဟွား ဟု အမည်ပေးထားခြင်းမှာ အမှန်တကယ်ပင် သင့်လျော်ပါ၏လော။
လူတိုင်းက မိမိလက်ထဲရှိ ရှောင်ကျွီဟွားကို သတိကြီးစွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ လင်းယန်သည် စိတ်ရှည်စွာ ရှင်းပြလေသည်။
“အားလုံး မကြောက်ကြပါနဲ့၊ ရှောင်ကျွီဟွားက ကျိုးရှန်းမြွေဟောက် ဖြစ်ပေမဲ့ သိပ်လိမ္မာပါတယ်၊ ဘယ်တော့မှလည်း မကိုက်ပါဘူး”
ကျိုးရှန်းမြွေဟောက် ဟု ကြားလိုက်သည်နှင့် တစ်ပြိုက်နက် ရွာသားများသာမက အွန်လိုင်း အသုံးပြုသူများပါ ကြက်သေသေသွားကြသည်။
ရွာသားများသည် ဘာမျှ ပြန်မပြောဘဲ မိမိတို့ ထိုင်နေသော ထိုင်ခုံများကို လင်းယန်နှင့် အဆိပ်မြွေကြီးရှိရာမှ ဝေးရာသို့ တိတ်တဆိတ် ရွှေ့လိုက်ကြ၏။
“လီတင်း၊ ငါ့ကို လာကူပါဦး၊ ငါ့ခြေထောက်တွေ ကြွက်တက်ပြီး မလှုပ်နိုင်တော့ဘူး”
ရှုလီသည် ငိုချင်သလို ဖြစ်နေ၏။ သူမသည် ဤကဲ့သို့သော အကောင်မျိုးကို အမှန်တကယ်ပင် ကြောက်ရွံ့လှသည်။
အထူးသဖြင့် ဤမျှ ကြီးမားသော အကောင်ကြီးမျိုးကို ဖြစ်၏။
တရားခံဖြစ်သော ရှောင်ကျွီဟွားမှာမူ ရှုလီအနားရှိ လီတင်းကို မြင်သောအခါ ကိုယ်ကို လိမ်ယှက်၍ အနားသို့ တိုးကပ်ရန် ကြိုးစားနေပြန်သည်။
လင်းယန်က မြွေကြီးကို တင်းကျပ်စွာ ကိုင်ထားကာဆို၏။
“ကဲ... ကဲ... သူတို့ ဘယ်လောက် ကြောက်နေလဲ မင်းမမြင်ဘူးလား၊ ငြိမ်ငြိမ်နေစမ်းပါ”
ဤသည်ကို ရှောင်ကျွီဟွားသည် မကျေနပ်ပေ။
၎င်းသည် ထိုလူသားနှစ်ဦးထံမှ ထွက်ပေါ်လာသော ရနံ့ကို နှစ်သက်သဖြင့် အနားသို့ သွားလိုခြင်း ဖြစ်လေသည်။
ဒါရိုက်တာ စုန်သည် သတ္တိမွေး၍ ပြောလေသည်။
“လင်းယန်၊ ဒီမြွေကို ခဏလောက် ပိတ်ထားလို့ ရမလား၊ လူတိုင်း ကြောက်နေကြပုံပဲ၊ မကြာခင် မီးရှူးမီးပန်း အစီအစဉ်က စတော့မှာဆိုတော့ သူသာ လျှောက်သွားနေရင် မလိုလားအပ်တဲ့ ထိတ်လန့်မှုတွေ ဖြစ်ကုန်လိမ့်မယ်”
လင်းယန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ရှောင်ကျွီဟွားအား အိမ်ထဲသို့ ပစ်ထည့်ကာ သေတ္တာတစ်လုံး ရှာ၍ ပိတ်လှောင်လိုက်တော့သည်။
ရှောင်ကျွီဟွား၏ ဒေါသမီးတောက်နေသော အကြည့်များကိုမူ ဂရုမစိုက်တော့ပေ။
“စီ... စီ”
မုန်းစရာကောင်းလိုက်တာ၊ မင်း ငါ့ကို ဒီလိုမျိုး ဘယ်လိုလုပ် ဆက်ဆံနိုင်ရတာလဲ။
မြွေတွေမှာလည်း မြွေအခွင့်အရေး မရှိဘူးလား။
အွန်လိုင်း အသုံးပြုသူများမှာမူ ရယ်မော၍ မဆုံးနိုင်ကြချေ။
“ပြောရဦးမယ်၊ ဖန်သားပြင်ကနေ ကြည့်နေရတာမို့လား မသိဘူး၊ ဒီလို မြွေမျိုးတွေကို သိပ်မကြောက်တော့သလိုပဲ”
“ငါလည်း မြွေတွေ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက် ကြီးတာမျိုးတော့ တစ်ခါမှ မမွေးဖူးဘူး”
“ဘုရားရေ... အစ်ကိုလင်းကတော့ တကယ့်ကို အံ့သြဖို့ကောင်းတယ်၊ ဒီနေ့ကစပြီး ခင်ဗျားကို ကိုးကွယ်တော့မယ်၊ ဒီလောက် အဆိပ်ပြင်းတဲ့ မြွေကြီးက သူ့လက်ထဲမှာ ကစားစရာ မြွေရုပ်လေးလိုပဲ”
ရှောင်ကျွီဟွား မှာမူ ဆန့်ကျင်ကန့်ကွက်နေဆဲ ဖြစ်၏။
“ကန့်ကွက်လည်း အပိုပဲ၊ ဒီအိမ်ရဲ့ သခင်က ဘယ်သူလဲဆိုတာ ရှင်းနေတာပဲ မဟုတ်လား”
“လိမ္မာရင် သေတ္တာထဲ အထည့်ခံရမှာ မဟုတ်ဘူး”
မြွေကြီးကို ပိတ်လှောင်လိုက်သည်ကို မြင်ရမှ ရှုလီနှင့် လီတင်းတို့ သက်ပြင်းချနိုင်ကြလေသည်။
ထို့အတူ ရွာသားများလည်း စိတ်အေးသွားကြ၏။
ရွာလူကြီးက လင်းယန်ကို စိုးရိမ်တကြီး အကြံပြုလေသည်။
“မောင်လင်းယန်၊ ဒီမြွေကို လျှောက်မသွားခိုင်းတာ အကောင်းဆုံးပဲ၊ သူသာ လွတ်သွားရင် ရွာအတွက် ဘေးဒုက္ခဖြစ်နိုင်တယ်၊ မင်းလက်ထဲမှာ ဘယ်လောက်ပဲ လိမ္မာနေပါစေ၊ တခြားသူကို မကိုက်ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ၊ တကယ်လို့ အကိုက်ခံရရင် အသက်ပါ ဆုံးရှုံးနိုင်တယ်”
ကံကောင်းထောက်မစွာဖြင့် လင်းယန်၏ အိမ်မှာ ရွာ၏ အစွန်ဆုံးတွင် ရှိနေကာ ရှေ့နောက်ဝဲယာတွင် အခြားအိမ်များ မရှိပေ။
လင်းယန်က ခေါင်းညိတ်၍ ပြန်ပြောလေသည်။
“ကျွန်တော် သတိထားပါ့မယ်၊ ရှောင်ကျွီဟွားကို သစ်တောဌာနက လာခေါ်မလားဆိုတာ တစ်ချက် ပြန်ဆက်သွယ်ကြည့်ပါ့မယ်”
“သူဌေးရေ... သူဌေး”
ရန်အာဟူ၏ အော်ဟစ်သံသည် မလှမ်းမကမ်းမှ ထွက်ပေါ်လာကာ ၎င်း၏ နောက်တွင် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ငန်းအုပ်ကြီး ပါလာလေသည်။
“ဟေး... တစ်ခုခု လုပ်ကြပါဦး၊ ဒီကောင်တွေ ငါ့နောက်ကို ဘာလို့ လိုက်နေကြတာလဲ”
ရန်အာဟူသည် ငန်းများ၏ ခွပ်ခြင်းကို အကြိမ်ကြိမ် ခံနေရသဖြင့် ရှောင်တိမ်းနေရသော်လည်း မလွတ်ပေ။ ဤသည်ကို မြင်သောအခါ လင်းယန်သည်မေးလိုက်၏။
“မင်း သူတို့ကို ဘာသွားလုပ်လို့လဲ၊ မင်းတို့ကလည်း ငြိမ်ငြိမ်မနေကြဘူးလား”
လင်းယန်၏ အိမ်နောက်ဖေးရှိ ဘဲငန်းများမှာ လွှတ်ထားသော အကောင်များ ဖြစ်သည်။
ဝက်အနည်းငယ်မှလွဲ၍ ကြက်နှင့် ငန်းများကို လှောင်အိမ်ထဲတွင် ပိတ်ထား၍ မရပေ။
ငန်းအုပ်သည် လင်းယန်ကို မြင်သောအခါမှ ရပ်တန့်သွားကြလေသည်။
“မင်းတို့ တကယ်ပဲ ငန်းသားဟင်း အလုပ်ခံချင်နေတာလား”
ငန်းကြီးသည် လင်းယန်ကို အားငယ်သော အမူအရာဖြင့် ကြည့်ကာ အသံပေးလေသည်။
“ကွပ်... ကွပ်... ကွပ်”
တစ်စုံတစ်ခုကို တိုင်တန်းနေသည့်အလားပင်။
လင်းယန်၏ အကြည့်က ရန်အာဟူထံသို့ ရောက်သွားကာမေး၏။
“မင်း ဘာလုပ်လိုက်တာလဲ”
သူသည် ငန်းများကို ဆုံးမပြီးသားဖြစ်၍ အကြောင်းမဲ့ ပြဿနာ ရှာလိမ့်မည် မဟုတ်ပေ။
ရန်အာဟူသည် အပြစ်ရှိသလို မျက်နှာဖြင့် ဆိုလေသည်။
“ငါ... ငါ ဘာမှ မလုပ်ပါဘူး၊ သူတို့ အလုပ်လုပ်နေလားလို့ သွားကြည့်တာပါ”
လင်းယန်က မျက်ခုံးပင့်လျက် ပြန်မေး၏၊
“ဘာအလုပ်လဲ၊ သူတို့မှာ လုပ်စရာ အလုပ်ရှိလို့လား”
ရန်အာဟူသည် ချောင်းတစ်ချက်ဟန့်၍ ဖြေလေသည်။
“ဒီနေ့ သူတို့ ဥ မဥကြသေးလို့ အသိုက်ထဲ သွားကြည့်တာပါ”
ထိုစကားကို ကြားသောအခါ ရွာသားများအားလုံး ရန်အာဟူအား စကားမပြောနိုင်လောက်အောင် ကြည့်နေကြတော့သည်။
ငန်းသည် သူ့နောက်ကို လိုက်ခွပ်ခြင်းမှာ မဆန်းတော့ပေ။
ငန်းရှေ့တင် အသိုက်ကို လာနှိုက်နေမှတော့ အဘယ်ကြောင့် မခွပ်ဘဲနေပါမည်နည်း။
အွန်လိုင်း အသုံးပြုသူများမှာမူ ရန်အာဟူ၏ ဦးခေါင်းပေါ်တွင် ငန်းမွှေးများ ကပ်နေသည်ကို မြင်ကာ ရယ်မောနေကြ၏။
“အစ်ကိုရာ... ခင်ဗျားကလည်း သိပ်အလျင်လိုတာပဲ၊ ဥနှိုက်ချင်ရင်တောင် သူတို့ မရှိတဲ့အချိန် စောင့်ရမှာပေါ့”
“ရယ်ရတယ်၊ ဒီကောင်လေး ဥခိုးတာ ဒါ ပထမဆုံးအကြိမ် ထင်တယ်”
“ဒါကတော့ ဗြောင်ကျလွန်းတာပေါ့”
“ငန်းရဲ့ တိုက်ခိုက်နိုင်စွမ်းကိုတော့ ငါ အသိအမှတ်ပြုတယ်”
လင်းယန်သည် ရေရွတ်လိုက်၏။
“ခံရတာ တန်ပါတယ်”
ရွာသားများလည်း လိုက်ရယ်ကြသဖြင့် ရှောင်ကျွီဟွားကြောင့် ဖြစ်ပေါ်ခဲ့သော တင်းမာမှုများမှာ ရန်အာဟူကြောင့် ပျောက်ကွယ်သွားရလေသည်။
ဒါရိုက်တာ စုန်သည် ဤအခွင့်အရေးကို ယူ၍ မီးရှူးမီးပန်း အစီအစဉ် စတင်ကြောင်း ကြေညာလိုက်၏။
“ပထမဦးဆုံးအနေနဲ့ အလုပ်များတဲ့ကြားက ဒီညရဲ့ မီးရှူးမီးပန်းပြပွဲကို တက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ပြိုင်ပွဲဝင် တစ်ဦးချင်းစီက ကောင်းမွန်တဲ့ ဖျော်ဖြေမှုတွေ ပြင်ဆင်ထားကြပါတယ်၊ ဖျော်ဖြေမှုတွေ အားလုံးကို ကြည့်ရှုပြီးရင် မိမိတို့ အကြိုက်ဆုံး အစီအစဉ်ကို မဲပေးနိုင်ပါတယ်၊ ဒီမဲပေးမှုဟာ ပြိုင်ပွဲဝင်တွေရဲ့ နောက်ဆုံး အကဲဖြတ်မှုအပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်၊ ရွာသားတွေအတွက်လည်း လက်ဆောင်တွေ ပြင်ဆင်ထားပါတယ်”
ဒါရိုက်တာ စုန်သည် ဤအချက်ကို ယခုမှ ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။
လင်းယန်မှလွဲ၍ ကျန်ပြိုင်ပွဲဝင် လေးဦးမှာမူ ဤကိစ္စကို ရိပ်မိပြီးသား ဖြစ်၏။
အစီအစဉ်အဖွဲ့အနေဖြင့် အကြောင်းမဲ့ ဤပွဲကို ကျင်းပခြင်း မဟုတ်ဘဲ ထောင်ချောက်တစ်ခုခု ရှိမည်ဟု ထင်ထားကြသည်။
ကံကောင်းသည်မှာ ၎င်းတို့ အသင့်ပြင်ထားခဲ့ကြခြင်းပင်။
ရန်အာဟူသည် လင်းယန်၏ လက်မောင်းကို တို့၍ မေးလေသည်။
“ဆရာကြီး၊ ဆရာကြီးက ဘာဖျော်ဖြေမှု ပြင်ထားလဲ၊ ဆရာကြီး လေ့ကျင့်တာ တစ်ခါမှ မမြင်ဖူးဘူးနော်၊ သိပ်လျှို့ဝှက်တာပဲ၊ ညဘက် အခန်းထဲမှာ တစ်ယောက်တည်း ခိုးပြီး လေ့ကျင့်နေတာလား”
ချောင်ရှီးဖုန်းကလည်း လင်းယန်ကို စိတ်ဝင်တစား ကြည့်နေ၏။ လင်းယန်သည် အေးဆေးစွာပင် ပြန်ပြောလေသည်။
“ငါ ဘာမှ မပြင်ထားဘူး”
ရန်အာဟူသည် မျက်လုံးပြူးသွားကာ မေး၏။
“ဘာမှ မပြင်ထားဘူး ဟုတ်လား၊ ဆရာကြီး... ဆရာကြီးက ရမှတ်တွေကို ဂရုမစိုက်ဘူးလား”
သူသည် လင်းယန်ကို တိတ်တဆိတ် လက်မထောင်ပြလိုက်ပြီး ချီးကျူးလိုက်သည်။
“ဆရာကြီးကတော့ ဆရာကြီးပဲ၊ စိတ်ဓာတ်က တည်ငြိမ်လိုက်တာ”
လင်းယန်သည် သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“ငါ ဂရုမစိုက်ဘူးလို့ ဘယ်သူပြောလဲ၊ ငါ့မှာ ဘာပါရမီမှ မရှိလို့ ဘာလုပ်ပြရမှန်း မသိတာပါ”
ရန်အာဟူနှင့် ချောင်ရှီးဖုန်းတို့မှာ မျက်နှာတည်ကြီးနှင့် ရေရွတ်လိုက်ကြတော့လေသည်။
“ဒီလောက်တောင် ပွင့်လင်းရသလားဗျာ”
အခန်း (၄၀)
လင်းယန်၏ ပွင့်လင်းလွန်းသော စကားများကြောင့် အွန်လိုင်းအသုံးပြုသူများမှာ ရယ်ရခက်၊ ငိုရခက်ဖြစ်ကာ ဆွံ့အသွားကြလေသည်။
“ညီလေးရာ... မင်းတော့ တော်တော် ပွင့်လင်းတာပဲ”
“တခြားမတတ်နိုင်ရင်တောင် သီချင်းတစ်ပုဒ်လောက်တော့ ဆိုသင့်တာပေါ့၊ မင်းကို မဲပေးခွင့်မရှိတာ တကယ်နှမြောဖို့ကောင်းတယ်၊ မဟုတ်ရင်တော့ ငါတို့ မင်းကိုပဲ မဲပေးမှာ သေချာတယ်”
“ဘာပဲဖြစ်ဖြစ် လင်းယန်က တခြားအပိုင်းတွေမှာလည်း အများကြီး သာနေတာပဲလေ၊ ဒီတစ်ပွဲ ရှုံးသွားလည်း ပြဿနာမရှိဘူး မဟုတ်ဘူးလား”
“ကျန်လေးယောက်လုံးကတော့ အနိုင်ရဖို့ ယုံကြည်ချက်အပြည့်နဲ့ပဲ၊ ဒီကလေးကတော့ ဘာလုပ်ရမှန်းတောင် မသိသေးဘူးဆိုတော့ မျှော်လင့်ချက် မရှိတော့တာ အမှန်ပဲ”
ဤပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ဝမ်တာ့လီနှင့် အခြားပြိုင်ပွဲဝင်သုံးဦးတို့သည် နေ့စဉ်နှင့်အမျှ အိမ်၌ တိတ်တဆိတ် လေ့ကျင့်ခဲ့ကြ၏။
သူတို့၏ ရည်မှန်းချက်မှာ လင်းရန်ကို ကျော်ဖြတ်နိုင်ရန်ပင် ဖြစ်သည်။
ယခုအခါ လင်းရန်က မည်သို့ ဖျော်ဖြေရမှန်း မသိသေးကြောင်း ပြောဆိုလိုက်သည်ကို ကြားရသောအခါ သူတို့၏ စိတ်ထဲ၌ အထင်အမြင်သေးမှုများ ဖြစ်ပေါ်လာကြလေသည်။
“ဒါပဲလား၊ ဒီလိုနဲ့များ ငါတို့ကို ယှဉ်ချင်နေသေးတာလား”
ရှုလီတစ်ယောက်သာ မျက်ဝန်းများ လှုပ်ခတ်သွား၏။ လင်းရန်၏ နူးညံ့သော အားပေးစကားများကို ပြန်လည်အမှတ်ရမိသောကြောင့် သူမက အားနာနာဖြင့် သတိပေးလိုက်သည်။
“သီချင်းဆိုလို့ ရတာပဲ၊ ဒါက အလွယ်ဆုံးပဲလေ”
သီချင်းဆိုရာတွင် ကီးကြောင်သည်ဆိုလျှင်ပင် ဘာအရည်အချင်းမှ မပြနိုင်သည်ထက်စာလျှင် တော်သေးသည်ဟု သူမက တွေးမိသည်။
မဟုတ်ပါက အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
လီတင်သည် ရှုလီ၏ အင်္ကျီကို ဆွဲကာ မနှစ်သက်သော အမူအရာဖြင့် ကြည့်၍ တိုးတိုးလေးပြောလိုက်၏။
“နင်က ဘာလို့ သူ့ကို ဂရုစိုက်နေတာလဲ”
ရှုလီသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တိတ်ဆိတ်စွာသာ နေလိုက်တော့သည်။
လင်းယန်သည် သူတို့ထင်သကဲ့သို့ မကောင်းသော စိတ်ထားရှိသူမဟုတ်ကြောင်း သူမ အခုမှ သဘောပေါက်မိသည်။
လင်းယန်သည် ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
ဒါရိုက်တာစုန်သည် ကြိုတင်ပြင်ဆင်ထားသော ဝါးခြမ်းစိပ်ကလေးများကို ထုတ်ယူလိုက်ကာဆိုလေသည်။
“ဖျော်ဖြေရမယ့် အစီအစဉ်ကို မဲနှိုက်ပြီး ဆုံးဖြတ်ကြမယ်”
မဲနှိုက်ပြီးသောအခါ ဝမ်တာ့လီသည် ဒုတိယ၊ လီတင်းသည် ပထမ၊ ရှုလီသည် တတိယနှင့် ဝူအန်းသည် စတုတ္ထ ရရှိကြသည်။
ကံကောင်းသည်ဟုပင်ဆိုရမည်၊ လင်းယန်သည် နောက်ဆုံးမှ ဖျော်ဖြေရမည့်သူ ဖြစ်လာခဲ့၏။
ဒါရိုက်တာစုန်သည် ဤအချိန်အတွင်း အမိအရ ပြင်ဆင်ထားရန် သူ့ကို တိုးတိုးလေး ပြောကြားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူကြိုက်များမှုကို မြှင့်တင်ရန် အခွင့်ကောင်းတစ်ခု ဖြစ်သောကြောင့်ပင်။
လင်းယန်သည် သဘောပေါက်သည့်ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်ကာ မနီးမဝေးတွင် ရှိနေသော အမွေးဖြူကို လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်သည်။
မီးရှူးမီးပန်းပွဲတော် ဖြစ်သောကြောင့် လူများကို မလန့်စေရန် ခွေးများကို ထောင့်တစ်နေရာတွင်သာ နေခိုင်းကာ လျှောက်မသွားရန် သေချာစွာ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
အမွေးဖြူသည် သခင်ဖြစ်သူ ခေါ်နေသည်ကို မြင်လျှင်မြင်ချင်း ချက်ချင်းပင် ထလာတော့သည်။ ၎င်း၏ ညီလေးဖြစ်သူကမူ ပို၍ပင် မြန်သေး၏။
လင်းယန်၏ ရင်ခွင်ထဲသို့ လျှပ်တပြက်အတွင်း တိုးဝင်လာပြီး အမွေးပွပွ ခန္ဓာကိုယ်လေးဖြင့် ပွတ်သီးပွတ်သပ် လုပ်နေလေသည်။
လင်းယန်သည် မတတ်သာသလိုပြောလိုက်၏။
“မင်းကတော့လေ... အမြဲတမ်း ချွဲဖို့ပဲ သိတယ်”
အမွေးဖြူကမူ တစ်ကိုယ်လုံးကို ဆန့်ထုတ်ကာ သမ်းဝေလိုက်ပြီး အစ်ကိုဖြစ်သူ၏ အာရုံစိုက်မှုကို ရရန် ကြိုးစားနေသော ညီငယ်၏ အမူအရာကို ဂရုမစိုက်သည့်ပုံစံဖြင့် ကြည့်နေလေသည်။
‘ငါတို့က တောဘုရင်တွေပဲ၊ ကြောင်ကလေးတွေလိုမျိုး လူးလှိမ့်နေတာကို ရပ်လို့မရဘူးလား’
၎င်းသည် ကြီးပြင်းလာလျှင် မိခင်ဖြစ်သူကဲ့သို့ ခန့်ညားထည်ဝါရမည်ဟု စိတ်ကူးထား၏။
ထို့ကြောင့် အမွေးဝါကို ညီအစ်ကို မတော်ချင်လောက်အောင်ပင် ရှက်ရွံ့နေမိသည်။ အမွေးဝါကမူ အစ်ကိုဖြစ်သူ၏ အထင်အမြင်သေးမှုကို မသိရှာဘဲ လင်းရန်ကိုသာ ချွဲနွဲ့ကာ သူ့အား ပွတ်သပ်ပေးရန် တောင်းဆိုနေလေသည်။
လင်းယန်သည် ၎င်း၏ ဗိုက်ကလေးကို ပွတ်ပေးရင်း ဆိုလိုက်၏။
“ကောင်းပြီ၊ ကောင်းပြီ... မင်းတို့ ညီအစ်ကို နှစ်ယောက်ကို ငါ အလုပ်တစ်ခု ပေးမယ်”
ပထမဆုံး မဲပေါက်သော လီတင်းသည် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
“မင်္ဂလာညချမ်းပါ ရွာသူရွာသားအပေါင်းတို့၊ ကျွန်မ နာမည် လီတင်းပါ”
“ကျွန်မ ရှီးရွှေရွာကို ရောက်နေတာ တစ်လကျော်သွားပြီဆိုတော့ ရွာသားတော်တော်များများလည်း ကျွန်မရဲ့ ဆံပင်ညှပ်ဆိုင်ကို ရောက်ဖူးကြမယ် ထင်ပါတယ်”
“ကျွန်မဆိုင်ကို အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”
လီတင်းသည် စကားပြောအပြီးတွင် အားလုံးကို ဦးညွှတ်နှုတ်ဆက်လိုက်၏။
ရှီးရွှေရွာသည် သေးငယ်သော်လည်း ရွာတွင် နေထိုင်သူအများစုမှာ လူလတ်ပိုင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသာ ဖြစ်ကြသည်။
ပုံမှန်အားဖြင့် ဆံပင်ညှပ်လိုလျှင် မြို့သို့ သွားရသောကြောင့် ကားမရှိသူများအတွက် အလွန်ပင် ခဲယဉ်းလှသည်။
ထို့ပြင် ရှီးရွှေရွာသည် ဝေးလံသော်လည်း တောထဲတွင် ယခုထက် ပို၍ ဝေးလံသော ရွာငယ်လေးများ ရှိသေးသည်။
ယခုကဲ့သို့ ရှီးရွှေရွာတွင် ဆံပင်ညှပ်ဆိုင် ဖွင့်လှစ်လိုက်ခြင်းကြောင့် ထိုရွာများမှ လူများသည် မြို့ပေါ်သို့ ရောက်ရန် တောင်တက်တောင်ဆင်း တစ်ဝက်ခန့် လမ်းလျှောက်စရာ မလိုတော့ဘဲ ရှီးရွှေရွာ၌ပင် အဆင်ပြေသွားကြသည်။
အရေးကြီးဆုံးအချက်မှာ အသက် ၆၅ နှစ်အထက် ပုဂ္ဂိုလ်များကို အခမဲ့ ဆံပင်ညှပ်ပေးမည်ဟု လီတင့်က ကြော်ငြာထားခြင်းပင်။
ထိုအချက်ဖြင့်ပင် သူမသည် ပရိသတ် အများအပြားကို ရရှိခဲ့လေသည်။
အားလုံးက ထောပနာပြုကာ လက်ခုပ်တီးကြသည်။
လီတင်းသည် ပြုံးလိုက်ကာ ဆို၏။
“ဒီနေ့တော့ ကျွန်မက ‘နေမင်းဆီသို့’ ဆိုတဲ့ တော်လှန်ရေး သီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေတင်ဆက်သွားမှာပါ”
ရွာသားများအနေဖြင့် ခေတ်ပေါ်သီချင်းများကို နားယဉ်မည်မဟုတ်သောကြောင့် လီတင်းသည် ဤသီချင်းကို သေချာစွာ ရွေးချယ်ထားခြင်း ဖြစ်သည်။
တော်လှန်ရေး သီချင်းများသည် ၎င်းတို့ဘာသာ ခံစားချက်ပြည့်ဝပြီးသား ဖြစ်သဖြင့် အဆိုအနည်းငယ် ညံ့ဖျင်းလျှင်ပင် အရေးမကြီးပေ။
လီတင်း၏ အသံထွက်ပေါ်လာသောအခါ ရွာသားများမှာ စိတ်ဝင်တစား နားထောင်ကြပြီး သူမ၏ သီဆိုမှုတွင် စီးမျောသွားကြလေသည်။
သီချင်းဆုံးသွားသည်အထိ ရွာသားအများအပြားမှာ ငေးမောနေကြဆဲ ဖြစ်ပြီး ခေတ္တကြာမှသာ ဟိန်းထွက်လာသော လက်ခုပ်သံများ ထွက်ပေါ်လာတော့သည်။
“ဒီလောက်ခံစားချက်ပြည့်ပြည့်နဲ့ ဆိုထားတဲ့ တော်လှန်ရေး သီချင်းမျိုး မကြားရတာ ကြာပြီ”
“အွန်လိုင်းပေါ်က ခေတ်ပေါ်သီချင်းတွေကိုပဲ နားယဉ်နေခဲ့ရာကနေ အခုလို ခံစားချက်အပြည့်နဲ့ သီချင်းမျိုး ကြားရတာ တကယ်ပဲ ရင်ထဲ ထိတယ်”
“လူကြီးတွေ ဘာလို့ ဒီလိုသီချင်းတွေကို ကြိုက်သလဲဆိုတာ အခုမှပဲ နားလည်တော့တယ်”
“လီတင်းက သီချင်းဆိုပြတာဆိုတော့ လင်းရန်ကလည်း သူ့ကို လိုက်တုပြီး သီချင်းပဲ ဆိုမှာလား”
“သူသာ တကယ် သီချင်းဆိုရင်တော့ အရှက်ကွဲမှာပဲ၊ လီတင်းက တကယ် ကြိုးစားထားတာလေ၊ သူက ဒီအတိုင်း စိတ်ကူးပေါက်ရာ ဆိုရုံနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”
“လင်းရန်ရေ... ဒီပြိုင်ပွဲကို လက်လျှော့လိုက်တာ ပိုကောင်းမယ် ထင်တယ်၊ မင်း ဘာပဲ ဖျော်ဖြေဖျော်ဖြေ ပထမရဖို့ကတော့ ခဲယဉ်းပါတယ်”
“ငါက လင်းရဲ့ အမာခံ ပရိသတ်ပဲ၊ သူ နိုင်မှာ သေချာတယ်၊ မုန်းတဲ့သူတွေ ငြိမ်ငြိမ်နေကြစမ်း”
ရန်အာဟူသည် အားရပါးရ စာရိုက်နေလေသည်။
၎င်းကို မြင်သောအခါ မေးခွန်းထုတ်စရာ ဖြစ်လာ၍ လင်းယန်က မေးလိုက်၏။
“မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ၊ ဘာလို့ ဒီလောက် စိတ်ပါလက်ပါ ဖြစ်နေရတာလဲ၊ မင်း ဖုန်းကို ဒီလောက်ထိ စွဲစွဲလန်းလန်း သုံးတာ ငါ တစ်ခါမှ မမြင်ဖူးဘူး”
ရန်အာဟူသည် ဖုန်းကို အမြန်သိမ်းလိုက်ပြီး ပြောလိုက်သည်။
“ပရိသတ်တစ်ယောက်ပါ၊ သူ့ရဲ့ မက်ဆေ့ခ်ျကို ပြန်နေတာ”
လင်းယန်သည်လည်း မသင်္ကာစိတ် မရှိဘဲ ဖျော်ဖြေပွဲကိုသာ ဆက်လက်ကြည့်ရှုနေလေသည်။
ချောင်ရှီးဖုန်းက သက်ပြင်းချကာ အကြံပေး၏။
“သီချင်းဆိုဖို့ကတော့ မဖြစ်နိုင်တော့ဘူး၊ မင်း နောက်မှ ကပြမလား”
လင်းယန်၏ မျက်တောင်များ လှုပ်ခတ်သွားကာ ပြန်မေးလိုက်သည်။
“အစ်ကိုချောင်... ကျွန်တော် ကတတ်တယ်လို့ ထင်လို့လား”
ချောင်ရှီးဖုန်းသည် ရိုးရိုးသားသားပင် ခေါင်းခါပြလေသည်။
“ဂုဏ်ယူပါတယ်၊ အစ်ကို ခန့်မှန်းတာ မှန်သွားပြီ၊ ကျွန်တော် မကတတ်ပါဘူး”
လီတင်း၏ သီဆိုမှုမှာ အလွန်ပင် ကောင်းမွန်လှသည်။
ရှုလီပင် အံ့သြသွားကာ မေးလိုက်၏။
“တင့်တင့်... နင်က သီချင်းဆိုဖို့ ပြင်ထားတာလား”
လင်းယန်ကို သီချင်းဆိုရန် သူမ အကြံပေးစဉ်က လီတင်း ဘာကြောင့် မဝံ့မရဲ ဖြစ်နေသည်ကို သူမ အခုမှ သဘောပေါက်သွားသည်။
သူတို့ လေးဦးမှာ ခင်မင်ကြသော်လည်း ပြိုင်ပွဲဝင်များ ဖြစ်ကြသည့်အလျောက် တစ်ဦးနှင့်တစ်ဦး မိမိတို့၏ ဖျော်ဖြေမှုကို လျှို့ဝှက်ထားခဲ့ကြခြင်း ဖြစ်သည်။
“အင်း... သီချင်းဆိုတာက ငါ့ရဲ့ အားသာချက်တစ်ခုပဲလေ”
လီတင်းသည် ပြောရင်း ဝမ်တာ့လီဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အစ်ကိုဝမ်... အစ်ကို့အလှည့် ရောက်တော့မယ်၊ အစ်ကိုက ဘာဖျော်ဖြေမှာလဲ”
ဝမ်တာ့လီသည် နှိမ့်ချစွာ ဆိုသည်။
“ငါကတော့ လက်ရေးလှ ရေးတာကလွဲရင် တခြား ထူးထူးခြားခြား မရှိပါဘူး၊ မူလတန်းတုန်းက သင်ခဲ့ရတဲ့ ပညာလေးကို အခု ဆရာကြီးတွေရှေ့မှာ ထုတ်ပြရမှာ အရှက်တော့ နည်းနည်း ရှိသား”
“အစ်ကိုဝမ်ကတော့ အမြဲတမ်း နှိမ့်ချတတ်တာပဲ”
လီတင်းသည် ဆိုကာ စိတ်ဝင်တစား စောင့်ကြည့်နေလေသည်။
ဝမ်တာ့လီသည် သူ၏ လက်ရေးလှပညာကို လူတိုင်းအား ပြသလိုက်ရာ ခန့်ညားထည်ဝါသော စာလုံးလေးလုံး ပေါ်ထွက်လာလေသည်။
“သူတော်ကောင်းသည် စိတ်ထားကြီးမြတ်၍ ပွင့်လင်းမြင်သာမှု ရှိသည်”
ထို့နောက် ရှုလီ၏ အကနှင့် ဝူအန်း၏ သီဆိုဖျော်ဖြေမှု တို့ဖြင့် ဆက်လက်တင်ဆက်ခဲ့သည်။
၎င်းတို့မှာ ပုံမှန်အဆင့်မျှသာ ဖြစ်သော်လည်း ကြည့်ပျော်ရှုပျော်တော့ ရှိပေသည်။
ဒါရိုက်တာစုန်သည် စိုးရိမ်သော မျက်နှာထားဖြင့် လင်းယန်ကို ကြည့်ကာ မေး၏။
“မင်း ဘာဖျော်ဖြေမယ်ဆိုတာ စဉ်းစားလို့ ရပြီလား”
လူငါးယောက်ထဲတွင် လင်းယန်ကို သူက အမျှော်လင့်ဆုံး ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည်ကို သိရသောအခါ အံ့အားသင့်မိသည်။
လင်းယန်သည် ခေါင်းညိတ်ပြကာ စင်အလယ်သို့ လျှောက်သွားလေသည်။
ထိုအချိန်တွင် ရွာသားများမှာ ငိုက်မြည်းနေကြပြီ ဖြစ်သည်။
ဖျော်ဖြေရေး နည်းပါးသော တောင်ပေါ်ရွာလေးများတွင် လယ်ထဲ၌ တစ်နေကုန် အလုပ်လုပ်ပြီးလျှင် စောစောအိပ်လေ့ရှိကြ၏။
လူအများအပြားမှာ ဟောက်ပင် ဟောက်နေကြပြီ ဖြစ်သဖြင့် နောက်ဆုံးမှ ဖျော်ဖြေရသော လင်းယန်အတွက် များစွာ နစ်နာလှသည်။
လင်းယန်သည် ငိုက်မြည်းနေသော လူအုပ်ကြီးကို ကြည့်ကာ လက်ခုပ်တီးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
“ရင်ဘတ်ပေါ် ကျောက်တုံးတင်ပြီး ထုတာကို အားလုံး မြင်ဖူးကြလား”
ရွာသားများသည် အတင်းပင် စိတ်ကိုတင်းကာ ပြာပြာသလဲမေးကြတော့သည်။
“အဲဒါကို မင်းက ဖျော်ဖြေမှာလား၊ လင်းယန်... အဲဒါက နောက်စရာ မဟုတ်ဘူးနော်၊ မင်း ဘယ်တုန်းက အဲဒါကို သင်ထားတာလဲ”
လင်းယန်သည် ပြုံး၍ဆိုလိုက်သည်။
“ကျွန်တော်က အဲဒါကို ဖျော်ဖြေမှာ မဟုတ်ပါဘူး”
ထို့နောက်ရွာသားများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။
အွန်လိုင်း ပရိသတ်များကမူ လင်းယန် ဘာလုပ်မည်ကို ရင်ခုန်စွာ စောင့်ကြည့်နေကြ၏။
“ဟား... လူတွေကို လှည့်စားလိုက်တာပဲ”
“ရင်ဘတ်ပေါ် ကျောက်တုံးတင်ထုမယ်ဆိုတဲ့ စကားကြားတော့ လူတွေအားလုံး နိုးသွားကြပြီ”
“သီချင်းပဲ ထပ်ဆိုဦးမှာလား၊ ဒါဆိုရင်တော့ တကယ် ရိုးသွားပြီ”
“ငါ ငါးဒေါ်လာ လောင်းတယ်၊ လီတင်းက မဲအများဆုံး ရမှာပဲ”
“မြန်မြန်လုပ်ပါ၊ ကြည့်ရင်းနဲ့တောင် အိပ်ငိုက်လာပြီ”
လင်းယန်သည် လေချွန်လိုက်သည်နှင့် အမွေးဖြူနှင့် အမွေးဝါတို့သည် ထောင့်တစ်နေရာမှ လျှပ်တပြက် ပေါ်လာကြသည်။
လင်းယန်သည် စားပွဲပေါ်မှ ပန်းသီးတစ်လုံးကို ယူကာ လေထဲသို့ မြှောက်လိုက်ရာ အမွေးဝါက ချက်ချင်းပင် ခုန်ကာ ပန်းသီးကို ဖမ်းယူလိုက်သည်။
ရွာသားများမှာ အံ့သြတုန်လှုပ်စွာဖြင့် အသက်ရှူပင် မှားသွားကြ၏။
“ဒါ... ကျားပေါက်လေးတွေလား”
“တော်တော်လေး ဖိုင့်နေတာပဲ၊ ရွာသူကြီးအိမ်က ကြောင်ကြီးနဲ့တောင် တူသေးတယ်”
“ဒီကျားက တော်တော်လေး သွက်လက်တာပဲ”
“အမေ... ဒါ ကျားနှစ်ကောင်လား၊ ဖိုးဖိုး... ကျွန်တော်တို့ဆီမှာ ကျားတွေ မွေးလို့ရတာလား”
လင်းယန်သည် အမွေးဝါလေး၏ ပါးစပ်ထဲမှ ပန်းသီးကို ယူလိုက်ပြီး အားလုံးရှေ့တွင် ပြသကာ နှစ်မီတာခန့် ရှည်သော တုတ်ချောင်းတစ်ခုတွင် ချိတ်ဆွဲလိုက်သည်။ ထိုအခါ ပန်းသီးသည် မြေပြင်မှ နှစ်မီတာခန့် မြင့်သော နေရာတွင် ရှိနေလေသည်။
“ဒီကောင်လေး နှစ်ကောင် ပန်းသီးကို မိအောင် ခုန်ဖမ်းနိုင်မယ်လို့ ထင်ကြလား၊ မှန်အောင် ခန့်မှန်းနိုင်တဲ့သူက ကျားကြီးနဲ့အတူ ဓာတ်ပုံရိုက်ခွင့် ရမယ်နော်”
ဤမျှ မြင့်မားသော အမြင့်သည် ငယ်ရွယ်သေးသော ကျားပေါက်လေးများအတွက် စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်။
လင်းရန်၏ စကားကြောင့် ဝန်းကျင်တစ်ခုလုံး ပြန်လည် သက်ဝင်လှုပ်ရှားလာတော့သည်။
“ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကျားက အဲဒီလောက် မြင့်အောင် ဘယ်လို ခုန်နိုင်မှာလဲ”
“မဟုတ်တာ၊ တီဗီထဲမှာ ကျားတွေ အမြင့်ကြီး ခုန်နိုင်တာ ငါ မြင်ဖူးပါတယ်”
“အဲဒါတွေက အတုတွေပါကွာ”
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များကလည်း ဝိုင်းဝန်း ဆွေးနွေးလာကြသည်။
“ဒါက တိရစ္ဆာန်တွေရဲ့ ဖျော်ဖြေပွဲပေါ့လေ”
“ဒီအမြင့်က ကျားပေါက်လေးတွေအတွက် ပြဿနာ မရှိနိုင်ဘူး မဟုတ်လား”
လင်းယန်သည် ပန်းသီးကို အမွေးဖြူနှင့် အမွေးဝါလေး၏ ရှေ့တွင် ဟိုဘက်ဒီဘက် ယမ်းပြလိုက်ကာ ဆိုလိုက်၏။
“ပန်းသီးကို ရအောင် ယူနိုင်တဲ့သူကို မနက်ဖြန် ငါးကျွေးမယ်”
ထိုစကားကို ကြားသည်နှင့် အမွေးဝါလေးမှာ ပို၍ စိတ်လှုပ်ရှားသွားပြီး ပတ်ပတ်လည် ခုန်ပေါက်နေတော့သည်။
အဖြူလေး၏ တုံ့ပြန်မှုမှာ ညီဖြစ်သူလောက် မသိသာသော်လည်း ၎င်းလည်း စိတ်ဝင်စားနေသည်မှာ အမှန်ပင်ဖြစ်သည်။
၎င်းတို့အတွက် ထိုငါးမှာ သာမန်ငါး မဟုတ်ပေ။ မွေးဖွားလာကတည်းက စားခဲ့ရသမျှတွင် အကောင်းဆုံး ငါးဖြစ်သောကြောင့်ပင်ဖြစ်သည်။
သို့သော်လည်း ဤအမြင့်မှာ ကျားပေါက်နှစ်ကောင်အတွက် ခက်ခဲလွန်းနေသည်။ မည်မျှပင် ခုန်ပေါက်သော်လည်း အပေါ်မှ ပန်းသီးကို မမီနိုင်ကြချေ။
အမွေးဝါမှာ ဒေါသထွက်လာပြီး ဟိန်းဟောက်ကာ သောင်းကျန်းလာလေသည်။ ရွာသားများမှာ ကြောက်လန့်သွားကြ၏။
“ကျားပေါက်တွေ စိတ်ရိုင်းဝင်လာတာလား”
“အကောင်က မကြီးပေမဲ့ ကျားဆိုတော့လည်း ကြောက်စရာပဲ”
“ဟုတ်တယ်၊ တို့ရွာမှာ ကျားဘယ်တုန်းက ရှိဖူးလို့လဲ၊ အခုတော့ သုံးကောင်တောင်”
“သိပ်တော့ မစိုးရိမ်ရပါဘူး၊ လင်းယန် ရှိနေတာပဲ”
လင်းယန်သည် အမြင့်ကို အနည်းငယ် လျှော့ပေးရန် စဉ်းစားနေစဉ်မှာပင် အရိပ်တစ်ခု လျှပ်တပြက် ဖြတ်သန်းသွားပြီး အပေါ်မှ ပန်းသီးကို ဆွတ်ခူးသွားလေတော့သည်။