← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁)

လင်းယန်သည် သူ၏ အရှေ့မြောက်တိုင်းရင်းကျား သုံးကောင်ကို ကြည့်ရှုရင်း ကောင်းကင်ပြင်ကြီးကိုသာ ငေးမောနေမိလေသည်။

တစ်ခဏမျှသာ ကျားပေါက်လေး နှစ်ကောင်ကို ထိန်းကျောင်းပေးရန် သဘောတူခဲ့သော်လည်း ယခုမူ ကျားမကြီးကိုပါ သူ၏ နေအိမ်သို့ ပို့ဆောင်လိုက်ကြ၏။

ကံကောင်းထောက်မစွာပင် ဒါရိုက်တာလီသည် မကြာမီ လာရောက်ခေါ်ဆောင်မည်ဟု သူ့အား ကတိပေးထားခဲ့သည်။

ဒါရိုက်တာလီသည် အဆိပ်ပြင်းလှသော ရှောင်ကျွီဟွားကို အခြားတစ်ယောက်နှင့် ထည့်ပေးလိုက်ချင်သော်လည်း ရှောင်ကျွီဟွားသည် လင်းယန်အနားမှ မခွာလိုပေ။

ထို့ကြောင့် သစ်တောဦးစီးဌာနသည် ထိုကျိုးရှန်းမြွေဟောက်ကိုပါ လင်းယန်နှင့်အတူ ခေတ္တထားရှိရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သို့သော် ကျားပေါက်လေးများကဲ့သို့ လွတ်လပ်စွာ လွှတ်ထား၍မရဘဲ သင့်တော်သော အကာအရံ့များထဲတွင် ထားရလေသည်။

“မင်းတို့နှစ်ကောင်ကတော့ ဗိုက်တွေ ဖောင်းနေအောင် စားထားကြတာပဲ”

လင်းယန်က သက်ပြင်းသံသဲ့သဲ့နှင့် ပြောလိုက်၏။

ထိုကျားပေါက်လေး နှစ်ကောင်သည် သူတို့သားအမိ သုံးဦးကို အစွန့်ပစ်ခံရမည် စိုးရိမ်နေသကဲ့သို့ လင်းယန်ကို ချွဲချွဲနွဲ့နွဲ့ တိုးဝှေ့နေကြသည်။

လင်းယန်သည် သူကိုယ်တိုင် ပြုလုပ်ထားသော အသားခြောက်အချို့ကို ထုတ်ယူကာ အမွှေးဝါ ရှေ့တွင် ဝေ့ယမ်းပြကာ မေးလိုက်၏။

“စားမလား”

အမွှေးဝါသည် လျှာလေးသပ်ကာ တောင့်တသော မျက်ဝန်းများဖြင့် ကြည့်နေ၏။

လင်းယန်က ပြုံးလျက် အသားခြောက်ကို အပြင်သို့ လွှင့်ပစ်လိုက်ရာ အမွှေးဝါသည် လျှပ်တစ်ပြက်အတွင်း သွားရောက်ကောက်ယူလေသည်။

အမွှေးဖြူသည် သူ၏ ညီဖြစ်သူထက် ပိုမိုတည်ငြိမ်ကာ လင်းယန်၏ ဘေးတွင် အေးအေးလူလူ လဲလျောင်းနေ၏။

ခဏအကြာတွင် အမွှေးဝါသည် အသားခြောက်ကို ပါးစပ်ဖြင့် ကိုက်ချီကာ ပြန်လည်ရောက်ရှိလာပြီး အမွှေးဖြူရှေ့တွင် ကြွားဝါသကဲ့သို့ ဝေ့ယမ်းပြနေလေသည်။

“မင်းအတွက်လည်း ပါပါတယ်”

လင်းယန်သည် အိတ်ကပ်ထဲမှ အသားခြောက်တစ်ဖန်ထုတ်၍ အမွှေးဖြူထံသို့ ပစ်ပေးလိုက်သည်။

ထိုလုပ်ရပ်ကို မြင်သောအခါ အမွှေးဝါသည် များစွာ မကျေမနပ် ဖြစ်သွားကာ အသံပြုလေသည်။

“ဝူး... ဝူး”

“သူကျတော့ ဘာလို့ သွားကောက်စရာမလိုတာလဲ၊ ဒီတိုင်း လဲနေရုံနဲ့ ရမယ်မှန်း သိရင် ငါလည်း ဒီလောက် ပင်ပင်ပန်းပန်း သွားမကောက်တော့ပါဘူး”

အမွှေးဝါ၏ အသံပြုသံမှာ ထို့သို့ ဆိုလိုဟန် ရှိ၏။

အမွှေးဝါသည် အစားစားပြီးနောက် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ သူ၏ မကျေနပ်မှုကို ဖော်ပြနေလေသည်။

ဤသည်မှာ ကျားတစ်ကောင်ကို အနိုင်ကျင့်ခြင်း မဟုတ်ပါလော။

“ဂျီမကျနေနဲ့တော့၊ ဒီနေ့ တောထဲမှာ ငါးသွားဖမ်းကြမလား”

ကျားမကြီး သူ၏ အိမ်သို့ ရောက်ရှိလာသည်မှာ သုံးရက်မြောက် ရှိ၏။ လွန်ခဲ့သော နှစ်ရက်လုံး ကျားမကြီးကို ပြုစုနေရသဖြင့် ကျားပေါက်လေးများကို အပြင်သို့ မခေါ်ဆောင်နိုင်ခဲ့ပေ။

ထိုကလေးငယ် နှစ်ကောင်သည် အလွန်ပင် ပျင်းရိနေကြပေလိမ့်မည်။

ကံကောင်းသည်မှာ ကျားမကြီး၏ ဒဏ်ရာများမှာ များစွာ သက်သာနေပြီ ဖြစ်သဖြင့် အနားယူရန်သာ လိုတော့သည်။

ငါးဖမ်းမည့်အကြောင်း ကြားသည်နှင့် အမွှေးဝါ၏ မျက်လုံးများမှာ အရောင်တောက်သွားလေသည်။

“ငါးဖမ်းမယ် ဟုတ်လား၊ ရေထဲမှာ ကစားရတော့မယ်ပေါ့”

အမွှေးဖြူသည် အမွှေးဝါကဲ့သို့ စိတ်မလှုပ်ရှားသော်လည်း ကိုယ်ကိုမတ်လိုက်ကာ သွားရန်အဆင်သင့်ပြင်နေလေ၏။

ထိုကလေးငယ် နှစ်ကောင်၏ စိတ်ထဲတွင် ကစားလိုစိတ်များ ပြည့်နှက်နေသည်မှာ ထင်ရှားလှပေသည်။

အမှန်တကယ် သူတို့သည် ကလေးငယ်များသာ ရှိကြသေးသည် မဟုတ်ပါလော။

သခွားသီး စားနေသော ရန်အာဟူသည် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။

“ဘာလို့ အပြင်မှာ ငါးသွားဖမ်းမှာလဲ၊ ငါတို့ ကန်ထဲမှာလည်း ငါးတွေ ရှိတာပဲကို”

လင်းယန်က မျက်စောင်းထိုးလျက် ပြန်ပြောလိုက်၏။

“အဲဒီငါးတွေကို ငါက အသေအချာ မွေးထားတာ၊ ဒီကောင်လေး နှစ်ကောင် အဖျက်ဆီး မခံနိုင်ဘူး၊ ပြီးတော့ ကန်ကကြီးတယ် ဆိုပေမဲ့ အပြင်က သဘာဝအတိုင်းတော့ ဘယ်ပျော်ဖို့ ကောင်းမလဲ”

လင်းယန်သည် ငယ်စဉ်က သူ၏ အဘိုးနှင့်အတူ စမ်းချောင်းလေးထဲတွင် ငါးနှင့် ပုစွန်များ ဖမ်းခဲ့သည်ကို ပြန်လည် အမှတ်ရနေမိသည်။

ကံကောင်းပါက ကျောက်တုံးကြားများတွင် ပုဇွန်ထုပ်များကိုပင် တွေ့နိုင်ပေသည်။ ကျေးလက်ဒေသတွင် ပုဇွန်ထုပ်တွေ့ရန်မှာ မလွယ်ကူလှပေ။

ထိုအချိန်များကို ပြန်တွေးတောမိသော လင်းယန်၏ စိတ်နှလုံးသည် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်သွားလေသည်။

ရန်အာဟူသည် အားပါးတရ ဆိုလိုက်သည်။

“ငါလည်း လိုက်မယ်ဟေ့၊ အိမ်မှာလည်း ဘာမှ လုပ်စရာ မရှိတာနဲ့ အတော်ပဲ၊ ဟန်ဟော့ကို အိမ်စောင့်ခိုင်းခဲ့မယ်”

ဟန်ဟော့သည် လိုက်ချင်သဖြင့် သူ၏သခင်ကို အမြီးနန့်လျက် ချွဲနွဲ့ပြနေ၏။

လိုက်ရန် မလိုကြောင်း ကြားသောအခါ ဟန်ဟော့သည် များစွာ မကျေမနပ် ဖြစ်သွားကာ ဟောင်လေသည်။

“ဝေါ့ ဝေါ့ ဝေါ့”

“မလိုက်ရဘူး ဆိုတာ ဘာသဘောလဲ၊ ခွေးတွေမှာကော အခွင့်အရေး မရှိတော့ဘူးလား”

ဟန်ဟော့ သည် ထိုသို့ ပြောနေ ဟန်ဖြင့်ဟောင်လေသည်။

“ကယ်ကြပါဦး၊ ဘုရားရေ... ငါ့ကို လိုက်မကိုက်ပါနဲ့တော့”

ရန်အာဟူသည် သခွားသီးကို ကိုင်လျက် ခွေးနောက်မှ လိုက်ဆွဲသဖြင့် ခြံထဲတွင် ပတ်ပြေးနေရရှာသည်။

တစ်ခဏအတွင်း ငိုရခက် ရယ်ရခက် ဖြစ်ကာ ပြောလိုက်၏။

“ဝါး... မင်းခွေးက တော်တော် လည်တာပဲ၊ ဒါကိုတောင် နားလည်တယ်လား”

လင်းယန်က ရယ်မောလျက် ဆိုလိုက်၏။

“ဟန်ဟော့က သာမန်ခွေး မဟုတ်ဘူးဟ၊ ကဲကဲ... တော်ပြီ၊ သူ့ကို လိုက်မကိုက်နဲ့တော့၊ လိုက်ချင်ရင်လည်း အားလုံး အတူတူ သွားကြတာပေါ့၊ အိမ်မှာ ကျားမကြီး ရှိနေတာပဲ”

အကယ်၍ ကျားမကြီးသာ မရှိပါက လင်းယန်သည် ဟန်ဟော့ကို အိမ်စောင့်ခိုင်းမည် ဖြစ်သော်လည်း ယခုမှာမူ မလိုအပ်တော့ပေ။

ရွာတစ်ရွာလုံးက သူ၏ အိမ်တွင် အရှေ့မြောက်ကျားကြီး ရှိနေသည်ကို သိထားကြရာ မည်သူကမျှ အိမ်နားသို့ ကပ်ရဲမည် မဟုတ်ပေ။

ထိုစကားကို ကြားသည်နှင့် ဟန်ဟော့သည် ချက်ချင်းပင် မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးရွှင်သွားလေသည်။

စောစောက ဒေါသတကြီး လိုက်ဆွဲနေသော ပုံစံနှင့် လုံးဝ မတူတော့ပေ။ အခြားတစ်ဖက်တွင်မူ ရန်အာဟူသည် အလွန်အမင်း ထိတ်လန့်သွားကာ ဒူးကို လက်ဖြင့်ထောက်လျက် အသက်ကို ပြင်းပြင်းရှူကာဆိုလိုက်၏။

“ဘုရားရေ... ငါတော့ သေတော့မှာပဲ၊ ဟေ့... ခွေးကြီး၊ ငါတို့ ငြိမ်းချမ်းရေးယူရအောင်၊ မင်း ငါ့ကို အမြဲ လိုက်မကိုက်နဲ့လေ၊ ငါ့ဖင်ကလည်း အရိုးပဲ ရှိတာပါ”

ဟန်ဟော့ကမူ သူ့ကို အရေးမစိုက်ပေ။ သူသည် ရန်ငြိုးထားတတ်သူ ဖြစ်ရာ ဤလူသားကသာ စတင်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူထားပုံ ရ၏။ ထို့ကြောင့် ဤလူမှာ လူကောင်းမဟုတ်ဟု ဆုံးဖြတ်ထားဟန် ရှိသည်။

လင်းယန်သည် အချက်ပေးနာရီ မြည်လာသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု ကို ဖွင့်လိုက်လေသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း သူ၏ လူကြိုက်များမှုသည် အဆမတန် မြင့်တက်လာခဲ့ရာ ထုတ်လုပ်ရေးအဖွဲ့၏ မျှော်မှန်းချက်ထက်ပင် ကျော်လွန်သွားကာ အခြားသော ပြိုင်ပွဲဝင် လေးဦးပေါင်း၏ လူကြည့်နှုန်းသည်ပင် သူ့ကို မမီပေ။

ထုတ်လုပ်ရေးအဖွဲ့သည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ လင်းယန်သည် ထုတ်လွှင့်မှု စတင်သည်နှင့် ပရိသတ်များစွာ ဝင်ရောက်လာကြသည်။

“ဒီနေ့ ဘာပြမှာလဲ အစ်ကိုကြီး၊ ဝက်စာဖျော်တာကိုပဲ ထပ်ပြဦးမှာလား”

“နည်းနည်းတော့ ငြီးငွေ့လာပြီ၊ တခြား အစီအစဉ်လေး ပြောင်းလို့ မရဘူးလား”

“လျှောက်မပြောနဲ့၊ ငါကတော့ ဒါကို ကြည့်ရတာ ကြိုက်တယ်၊ သူပြတဲ့အတိုင်း ငါ့ကလေးကို အာဟာရကျွေးတာ အခုဆို နှစ်ပေါင် သုံးပေါင်လောက် တက်လာပြီ”

လင်းယန်သည် ထိုစကားများကို ကြားသောအခါ ရယ်မောလျက် ကင်မရာကို သူ့ဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်သည်။

“ဒီနေ့တော့ ဉာဏ်စမ်းလေး တစ်ခု ရှိမယ်၊ ကျွန်တော်တို့ ဒီနေ့ ဘာလုပ်မလဲဆိုတာ ခန့်မှန်းကြည့်ကြပါ၊ အပြင်မှာ သွားလုပ်မယ့် အလုပ်မျိုးပေါ့၊ မှန်အောင် ခန့်မှန်းနိုင်တဲ့သူကို ဝိုင် ဆယ်ပိဿာ လက်ဆောင်ပေးမယ်”

တိုက်ရိုက်ထုတ်လွှင့်မှု၏ စာတိုများတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

လူတိုင်းသည် မျောက်များပင် ကြိုက်နှစ်သက်သော ထိုဝိုင်ကို မြည်းစမ်းလိုကြသော်လည်း ရောင်းကုန်နေသည်မှာ ကြာပြီ ဖြစ်သည်။

ဝိုင်က မထွက်သေးသော်လည်း ကြိုတင်မှာယူမှုများမှာ တော်တော်များနေပြီ ဖြစ်၏။

“တောင်ပေါ်မှာ ငှက်သွားဖမ်းမှာလား”

“မိုးရွာထားတော့ မှိုသွားရှာမှာ နေမှာပါ”

“မဟုတ်ဘူး၊ သစ်သီးခြံ သွားမှာလား”

“ငါးဖမ်းတာ ဖြစ်ရမယ်၊ ကျွန်တော် အကြိုက်ဆုံးပဲ”

ပရိသတ်များ၏ ထင်မြင်ချက်များ အမျိုးမျိုး ထွက်ပေါ်လာရာ လင်းယန်က ပြုံးလျက် ကြေညာလိုက်လေသည်။

“ဂုဏ်ယူပါတယ် ‘AAA အဆောက်အဦပစ္စည်း လက်ကားရောင်းဝယ်ရေး’ က အစ်ကိုဝမ်၊ ကျွန်တော်တို့ တကယ်ပဲ ငါးသွားဖမ်းမှာပါ”

အစ်ကိုဝမ်မှာ အံ့အားသင့်သွားကာ ရေးသားလာ၏။

“ဝါး... ငါ မှန်သွားတာလား၊ အပျော်ပြောလိုက်တာကို၊ လိပ်စာ ပို့လိုက်ပါပြီ၊ ဝိုင်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါ ငါ့ဘဝမှာ ပထမဆုံး ဆုရဖူးတာပဲ၊ ဝမ်းသာလွန်းလို့ ငိုချင်လာပြီ”

အခြားသူများကမူ မနာလို ဖြစ်နေကြလေသည်။ လင်းယန်သည် လိပ်စာ ရရှိကြောင်းနှင့် ပြန်ရောက်လျှင် ချက်ချင်း ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ပြောကြားရင်း အခြားသူများကိုလည်း နောက်တစ်ကြိမ် အခွင့်အရေး ပေးဦးမည်ဟု နှစ်သိမ့်လိုက်သည်။

“အမွှေးဝါနဲ့ အမွှေးဖြူကိုရော လက်ဆောင် ပေးလို့ မရဘူးလား”

“အပေါ်က လူကတော့ တော်တော် အတင့်ရဲတာပဲ၊ အစ်ကိုကြီး... ကျွန်တော့်ကို ကြည့်ပါဦး၊ အကို့ခြံမှာ ရက်နည်းနည်းလောက် လာနေချင်ရုံပါ”

“ဒါနဲ့... ဒီနေ့ ဘလော့ဂါ ချောင်ရှီးဖုန်းကို မတွေ့ပါလား”

ပရိသတ်များက ချောင်ရှီးဖုန်းအကြောင်း မေးမြန်းသောအခါ လင်းယန် ပြန်ပြောလိုက်သည်။

“အစ်ကိုချောင်က မနေ့ညက ဗီဒီယိုတွေ တည်းဖြတ်နေတာနဲ့ မိုးလင်းသွားပုံ ရတယ်၊ အခုထိ မနိုးသေးဘူး”

ယန်အာဟူသည် သွားရောက်နှိုးရန် အသိပေးလိုက်ရာ ချောင်ရှီးဖုန်းသည် ငါးဖမ်းသွားမည်ဟူသော စကားကို ကြားသည်နှင့် ချက်ချင်းပင် ထထိုင်လေသည်။

“စောစော နှိုးသင့်တာပေါ့၊ ဒီလို အပျော်ခရီးမျိုးကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မလဲ”

ချောင်ရှီးဖုန်းသည် လင်းယန်ခြံထဲသို့ရောက်သည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း လင်းယန်နှင့် ညီအစ်ကိုအရင်းတမျှ ရင်းနှီးနေပြီဖြစ်၏။

သူသည် သဘာဝစမ်းရေဖြင့် မျက်နှာသစ်ရင်း အရင်က မတွေးဝံ့ခဲ့သော အေးချမ်းသည့် ဘဝကို ခံစားနေရသည်။ သူသည် အောင်မြင်သော ဘလော့ဂါတစ်ဦး ဖြစ်သော်လည်း အလုပ်ဖိအားများကြားတွင် နေထိုင်ခဲ့ရသူ ဖြစ်၏။

ယခုမူ အိပ်ရာစောစောဝင်၊ စောစောထပြီး ကျန်းမာသော ဘဝကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

ချောင်ရှီးဖုန်းသည် ကင်မရာရှေ့သို့ လာရောက်ကာ ပရိသတ်များကို နှုတ်ဆက်လေသည်။

ပရိသတ်များက သူ ဝလာကြောင်း ပြောကြသောအခါ သူသည် သူ၏ ဝိုင်းစပြုလာသော ဝမ်းဗိုက်ကို ပြန်လည်စမ်းကြည့်မိ၏။

လင်းယန်၏ အိမ်မှ အစားအစာများမှာ အလွန်ပင် ကောင်းမွန်လှသည် မဟုတ်ပါလော။

မနေ့က စားခဲ့သော တောကြက်ကင်နှင့် ဝက်ခြေထောက် စွပ်ပြုတ်၊ တစ်နေ့က စားခဲ့သော လိပ်သားဟင်းများမှာ မေ့နိုင်စရာ မရှိပေ။

“ကျွန်တော် မဝပါဘူး”

လင်းယန်က မျက်နှာသေနှင့် ပြောလိုက်သော်လည်း ပရိသတ်များကမူ မယုံကြည်ကြပေ။ လင်းယန်သည် ရေပုံးကို ကိုင်လျက် ဆိုလိုက်သည်။

“သွားကြစို့၊ ဒီနေ့ ဖမ်းမိတဲ့ ငါးတွေကို အပိုဟင်းအဖြစ် သုံးကြတာပေါ့”

အပျော်ဆုံးသူများမှာ အမွှေးဝါ၊ အမွှေးဖြူနှင့် ဟန်ဟော့တို့ပင် ဖြစ်၏။

ဟန်ဟော့သည် ကျားပေါက်လေးများ၏ ရှေ့မှ ရင်ကိုကော့ကာ ခေါင်းဆောင်ကြီးအလား လျှောက်လှမ်းနေလေသည်။

ကျားပေါက်လေးများကလည်း အရှုံးမပေးဘဲ တစ်ကောင်နှင့်တစ်ကောင် လိုက်တမ်းပြေးတမ်း ကစားနေကြသဖြင့် လင်းယန်မှာ ဟန့်တားနေရလေသည်။

“ဖြည်းဖြည်း သွားကြစမ်းပါ၊ လမ်းရော သိကြလို့လား”

သူတို့သည် တစ်မီတာခွဲခန့်သာ ကျယ်သော စမ်းချောင်းလေးသို့ ရောက်ရှိလာကြ၏။ ရေသည် လူကြီးတစ်ယောက်၏ ဒူးဆစ်ခန့်သာ ရှိသည်။ ရန်အာဟူသည် ယခုနှစ်တွင် ကလေးများကို မတွေ့ရကြောင်း ပြောသောအခါ ကျောင်းဖွင့်ရန် ရက်အနည်းငယ်သာ လိုတော့သဖြင့် နွေရာသီ ကျောင်းပိတ်ရက် အိမ်စာများ လုပ်နေကြရခြင်း ဖြစ်ကြောင်း လင်းယန်က ရိပ်မိလိုက်လေသည်။

လင်းယန်သည် ရေပုံးကို ချလိုက်ရာ ကျားပေါက်လေး နှစ်ကောင်သည် ရေထဲသို့ စိတ်အားထက်သန်စွာ ခုန်ဆင်းသွားကြသည်။ ဟန်ဟော့မှာမူ ရေထဲသို့ တစ်ခါမျှ မဆင်းဖူးသဖြင့် ကမ်းစပ်တွင်သာ တုံ့ဆိုင်းနေ၏။

“ခွေးကြီး... မင်း ရေထဲ ဆင်းရမှာ ကြောက်နေတာလား”

ရန်အာဟူသည် ရယ်မောလျက် မေးလိုက်စဉ်မှာပင် တုံ့ဆိုင်းနေသော ဟန်ဟော့သည် နောက်မှ တွန်းချခြင်းကို ခံလိုက်ရလေတော့သည်။

အခန်း (၃၂)

ဟန်ဟော့သည် ရေထဲသို့ ချက်ချင်းပင် ခုန်ဆင်းကာ ဆူညံစွာ အော်ဟစ်၍ ရေများကို ကြောက်ကြောက်လန့်လန့် ယက်ထုတ်လေတော့သည်။

ထိုခွေးမှာ အချိန်မရွေး ရေနစ်တော့မည့်အလား ပုံပေါက်နေ၏။

ရန်အာဟူသည် ကမ်းစပ်တွင် ရပ်လျက် အားရပါးရ ရယ်မောနေကာ လှောင်ပြောင်လိုက်လေသည်။

“ဟေ့ ဟန်ဟော့... နင်က ဘာလို့ ရေကို ဒီလောက် ကြောက်နေရတာလဲ၊ ခြံထဲမှာ ငါ့နောက်ကို တကောက်ကောက် လိုက်ဟောင်နေတုန်းကတော့ တော်တော် သတ္တိကောင်းနေတာ မဟုတ်လား”

လင်းယန်သည် ထိုမြင်ကွင်းကို ကြည့်၍ မရယ်ဘဲ မနေနိုင်တော့ပေ။

ဟန်ဟော့သည် ရန်အာဟူ၏ လှောင်ပြောင်မှုကြောင့် စိတ်ဆိုးနေရာမှ ၎င်း၏သခင်ဖြစ်သူကပါ ရယ်မောနေသည်ကို မြင်သောအခါ အလွန်ပင် ဝမ်းနည်းအားငယ်သွားလေသည်။

သို့သော်လည်း ထိုခွေးသည် ခွေးကူးကူးနည်းကို လျင်မြန်စွာ တတ်မြောက်သွားပြီး ရေထဲတွင် ကျွမ်းကျင်စွာပင် ကူးခတ်နေတော့၏။

“ဒီအာဟူကတော့ တကယ့်ကိုဆိုးတာပဲ”

“ဟန်ဟော့က မင်းကို ပြန်ပြီး လက်စားချေမှာ မကြောက်ဘူးလား”

“အခုတော့ ရယ်ထားကြပေါ့၊ နောက်မှ ငိုရလိမ့်မယ်”

“တကယ်တော့ မြင်ရတာ တော်တော်လေး ရယ်ရတယ်နော်”

လူတိုင်း အာရုံများနေစဉ် အမွှေးဝါသည် ရေထဲသို့ ငုပ်ဆင်းသွားကာ စက္ကန့်အနည်းငယ်အကြာတွင် ပြန်လည် ပေါ်ထွက်လာလေသည်။

လူတိုင်း လှမ်းကြည့်လိုက်သောအခါ အမွှေးဝါသည် လက်ဝါးခန့်ရှိသော ငါးတစ်ကောင်ကို ပါးစပ်ဖြင့် ကိုက်ချီလာသည်ကို မြင်ကြကာ ၎င်းသည် လင်းယန်ထံသို့ ချီးကျူးခံလိုသည့်ဟန်ဖြင့် ပြေးလာလေသည်။

“ဟော... ဖမ်းတာ မြန်လှချည်လားကွ၊ တော်တယ် တော်တယ်၊ ဒီညတော့ မင်းကို အစာ ပိုကျွေးရမယ်”

လင်းယန်သည် တဖျတ်ဖျတ် လူးလွန့်နေသော ငါးကို ပုံးထဲသို့ ထည့်လိုက်ကာ အိမ်သို့ ရောက်သည့်တိုင် အသက်ရှင်နေစေရန် ရေအနည်းငယ် ဖြည့်လိုက်လေသည်။ ထိုမြင်ကွင်းက ဟန်ဟော့ကို ပို၍ ဒေါသထွက်စေ၏။

‘ငါးဖမ်းတာက ဘာများ ထူးခြားလို့လဲ၊ ငါ့လို ဟက်စကီးက ငါးဖမ်းတဲ့နေရာမှာ ဆရာကြီးပဲ’

ဟန်ဟော့သည် တွေးနေဟန် တူသော်လည်း မိမိကိုယ်တိုင် ရေကူးတတ်ကာစ ရှိသေးသည်ကို မေ့လျော့နေပုံရသည်။

၎င်းသည် ဟွမ်မောင်းကဲ့သို့ ရေထဲသို့ တစ်ကိုယ်လုံး ငုပ်ဆင်း၍ ငါးဖမ်းလိုသော်လည်း လက်တွေ့တွင်မူ အချိန်တော်တော်ကြာသည်အထိ ငါးတစ်ကောင်မျှ မရရှိခဲ့ပေ။

လင်းရန်သည် ထိုလူပြက်သုံးကောင်ကို ဂရုမစိုက်တော့ဘဲ ၎င်းတို့ဘာသာ ကစားနေရန် လွှတ်ထားလိုက်၏။

၎င်းတို့ကို ရေချိုးပေးနေသည်ဟုသာ သဘောထားလိုက်တော့သည်။

လင်းရန်သည် ဖုန်းကို နေရာချပြီးနောက် ၎င်း၏ အပေါ်အင်္ကျီကို ချွတ်လိုက်ကာ ပြောလိုက်သည်။

“ဒီနေ့တော့ မြစ်ထဲမှာ ငါးဘယ်လိုဖမ်းရမလဲဆိုတာကို ခင်ဗျားတို့ကို ပြပေးမယ်”

သူသည် အင်္ကျီကို ချွတ်လိုက်သည့် ခဏ၌ ကြည့်ရှုသူများမှာ သူပြောသမျှကို ဘာမျှ မကြားရတော့ဘဲ လင်းယန်တောင့်တင်းလှပသော ဝမ်းဗိုက်ကြွက်သားများကိုသာ အာရုံရောက်သွားကြတော့၏။

အထူးသဖြင့် အမျိုးသမီး ပရိသတ်များမှာ ရင်ခုန်သံမြန်ကာ အော်ဟစ်အားပေးကြလေသည်။

“အား... ရှင့်မှာ ဒီလို ကြွက်သားတွေရှိတာ ဘာလို့ ကြိုမပြောတာလဲ၊ ဒီလို ရုပ်ရည်မျိုးနဲ့ဆိုရင်တောက် အောင်မြင်နေပြီပဲဟာကို ဘာလို့ ပစ္စည်းတွေ ရောင်းနေဦးမှာလဲ”

“ငါသာ ဆုကြေးငွေ ပေးလို့ရရင် ရှင့်ကို ပထမနေရာ ရောက်အောင် လုပ်ပေးမိမှာ”

“အစ်ကို... ဒီလောက် ခန္ဓာကိုယ် တောင့်တင်းတာကို ဘာလို့ စောစောက မပြောတာလဲ၊ စိတ်မပူနဲ့၊ ကျွန်မ ဒီအတိုင်းပဲ ကြည့်နေမှာ မဟုတ်ဘူး၊ လူတွေအများကြီးကို လာကြည့်ဖို့ ခေါ်ပေးမယ်”

အမျိုးသား ပရိသတ်များမှာလည်း ငြိမ်သက်မနေနိုင်ကြတော့ပေ။

“မင်း လေ့ကျင့်ခန်း လုပ်တာလည်း မမြင်မိပါဘူး၊ ဘယ်လိုလုပ်ပြီး ဒီလို ကြွက်သားတွေ ရလာတာလဲ”

“မိန်းကလေး တော်တော်များများက ဒီလို ခန္ဓာကိုယ်မျိုးကို သဘောကျကြတာပဲ၊ ငါလည်း ဖုန်တက်နေတဲ့ ဂျင်ကတ်ကို ပြန်ထုတ်ရတော့မယ် ထင်တယ်”

“ဟေ့လူ... ခင်ဗျားရဲ့ ခန္ဓာကိုယ်က အမျိုးသမီးတွေတင် မဟုတ်ဘူး၊ ယောကျ်ားချင်းတောင် အားကျစရာပဲ”

အမျိုးသား ပရိသတ်များသည် အိမ်ထဲမှာပင် ဂိမ်းကစားရင်း ထွက်လာသည့် မိမိတို့၏ ဘီယာဗိုက်များကို ပြန်ကြည့်ကာ လူအချင်းချင်း ကွာခြားပုံကို အံ့ဩနေကြတော့သည်။

လင်းရန်က ပြုံးလျက် ပြောလိုက်၏။

“ခင်ဗျားတို့အားလုံး ကျွန်တော်နဲ့အတူ လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုရင် နောင်မှာ လေ့ကျင့်ခန်း လုပ်တာကို တိုက်ရိုက်ထုတ်လွှင့် ပေးပါ့မယ်၊ ဒါပေမဲ့ အချိန်ကတော့ တော်တော် စောလိမ့်မယ်၊ ကျွန်တော်က မနက် ၅ နာရီခွဲဆို လေ့ကျင့်ခန်း လုပ်ဖို့ ထလေ့ရှိတယ်”

ထိုစကားကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း စိတ်လှုပ်ရှားသူများရှိသလို စိုးရိမ်သူများလည်း ရှိလာသည်။

“၅ နာရီခွဲက အဆင်ပြေပါတယ်၊ ကျွန်တော်က အဲဒီအချိန်အထိ မအိပ်ရသေးဘူး၊ အဲဒီအချိန်ကျရင် အတူတူ လေ့ကျင့်ခန်း လုပ်ကြတာပေါ့”

“နင်က အအိပ်ပျက်ပြီး သေသွားမှာ မကြောက်ဘူးလား”

“ကျွန်တော်ကတော့ အဲဒီအချိန်မှာ အိပ်ကောင်းတုန်းပဲ၊ ရုံးသမားတွေက မနက် ၈ နာရီမှ ထကြတာလေ”

“အစ်ကိုက တကယ့်ကို တက်ကြွတာပဲ၊ ၅ နာရီခွဲထတာတောင် ဒီလောက် အင်အားပြည့်ဝနေတာ အံ့ဩစရာပဲ”

လင်းရန်သည် ရေထဲသို့မဆင်းမီ ခန္ဓာကိုယ် အကြောလျော့ရင်း ပြောလိုက်သည်။

“လေ့ကျင့်ခန်း လုပ်တာက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တကယ် ပြောင်းလဲစေနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်၊ အခု ခင်ဗျားတို့ စိတ်မကြည်မလင် ဖြစ်နေတယ်ဆိုရင် လေ့ကျင့်ခန်း များများလုပ်ဖို့ အကြံပေးချင်ပါတယ်”

ကြည့်ရှုသူများက သူ့ကို စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ချီးကျူးကြလေသည်။

အကြောလျှော့ပြီးနောက် လင်းယန်သည် ရေထဲသို့ ဆင်းခဲ့၏။

နွေရာသီ၏ မြစ်ရေသည် နေရောင်ခြည်ကြောင့် နွေးထွေးမှု အနည်းငယ် ရှိနေကာ အေးလွန်းခြင်း၊ ပူလွန်းခြင်း မရှိဘဲ အလွန်ပင် နေလို့ကောင်းလှသည်။

“ခင်ဗျားတို့ နှစ်ယောက်လည်း ဆင်းလာခဲ့ကြလေ”

လင်းရန်က သခွားသီး စားနေသော ရန်အာဟူ နှင့် ကမ်းစပ်တွင် ဝေခွဲမရ ရပ်နေသော ချောင်ရှီးဖုန်းကို လှမ်းခေါ်လိုက်သည်။

ရန်အာဟူသည် သွားဖြဲပြလျက် ပြောလိုက်လေသည်။

“လာပြီ... လာပြီ၊

ငယ်ငယ်တုန်းကတော့ ငါတို့ အတူတူ ငါးဖမ်းခဲ့ကြတာပေါ့၊ အခုတော့ အဲဒီအချိန်ကနေ ဆယ်စုနှစ်တစ်ခုတောင် ကျော်သွားပြီပဲ၊ ဒီအရွယ်အထိ မင်းတို့နဲ့ အတူတူ မြစ်ထဲမှာ ငါးပြန်ဖမ်းရမယ်လို့ မထင်ထားမိဘူး”

လင်းယန်သည်လည်း အတိတ်ကို သတိရသွားမိသော်လည်း ကြည့်ရှုသူများထဲတွင် လူမမယ် ကလေးငယ်များ ပါဝင်နေသည်ကို သတိပြုမိသွားကာ သူ့၏ လေသံကို ချက်ချင်း ပြောင်းလဲလိုက်ကာ သတိပေးလိုက်၏။

“ကလေးငယ်တွေ အနေနဲ့ ရေထဲဆင်းမယ်ဆိုရင် မိဘတွေ အဖော်ပါရပါမယ်၊ တောထဲက မြစ်ချောင်းတွေမှာ မဆော့ဘဲ လုံခြုံစိတ်ချရတဲ့ ရေကူးကန်တွေမှာပဲ ဆော့တာ အကောင်းဆုံးပါ”

ထိုသို့ ပြောပြီးနောက် သူ၏ ခြေထောက်နားတွင် တစ်ခုခု လာထိသည်ကို ခံစားလိုက်ရသည်။

ငုံ့ကြည့်လိုက်သောအခါ ဝက်တစ်ကောင် မြေကြီးကို တူးဆွနေသကဲ့သို့ အစာရှာနေသော ငါးကြင်းငယ်တစ်ကောင်ကို မြင်လိုက်ရ၏။

ထိုငါးလေး၏ အပြုအမူမှာ အလွန်ပင် ရယ်စရာကောင်းလှသည်။

လင်းယန်သည် ချောင်ရှီးဖုန်းထံမှ ဖုန်းကို တောင်းယူကာ ထိုမြင်ကွင်းကို ကြည့်ရှုသူများ မြင်တွေ့နိုင်ရန် ဂရုတစိုက် ရိုက်ကူးပြလိုက်လေသည်။

“ဒါကတော့ ငါးကြင်းလေး အစာစားနေတာပါ”

ကြည့်ရှုသူများမှာလည်း ထိုမြင်ကွင်းကို မြင်သောအခါ အလွန် အံ့အားသင့်သွားကြသည်။

“ဟော... ငါးကြင်းလေးတွေက ဒီလိုပဲ အစာစားတာလား”

“သူက ဘာတွေကို စားနေတာလဲ”

“ငါးကြင်းတွေက အစုံစားသတ္တဝါတွေပါ၊ အစေ့အဆန်တွေနဲ့ ပိုးမွှားဥတွေကို စားတတ်ကြတယ်”

“အစ်ကို... ဘာကို စောင့်နေတာလဲ၊ အဲဒီငါးကို မြန်မြန်ဖမ်းလိုက်တော့၊ ဒီညတော့ ငါးစွပ်ပြုတ် သောက်ရပြီ”

“ဖုန်းကို လည်ပင်းမှာ ချိတ်ထားလို့ ရမလား၊ အစ်ကို ငါးဖမ်းတာကို အနီးကပ် ကြည့်ချင်လို့ပါ”

လင်းယန်သည် ခဏမျှ စဉ်းစား၍ပြောလိုက်၏။

“ဖုန်းကိုင်တဲ့ ကိရိယာတော့ ပါမလာဘူး၊ ဒါပေမဲ့ ပြဿနာ မရှိပါဘူး”

ထိုသို့ပြောကာ ဖုန်းကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် ငါးအနီးသို့ အသာအယာ ချဉ်းကပ်သွားလေသည်။

ထို့နောက် လျင်မြန်သော အရှိန်ဖြင့် ဖမ်းယူလိုက်ရာ ငါးလေးမှာ ထွက်ပြေးရန်ပင် အချိန်မရလိုက်ပေ။

“ဘာဖြစ်သွားတာလဲ၊ ငါတောင် သေချာ မမြင်လိုက်ရဘူး၊ ငါးက အဖမ်းခံလိုက်ရပြီ”

“မင်းတင် မဟုတ်ဘူး၊ ငါလည်း မမြင်လိုက်ရဘူး၊ အစ်ကို့ရဲ့ လက်လှုပ်ရှားမှုက တော်တော် မြန်တာပဲ”

“သူကတော့ တကယ့်ကို ပါရမီပါတဲ့ ငါးဖမ်းသမားပဲ”

လင်းယန်သည် ငါးကို ဝမ်းသာအားရ ပုံးထဲသို့ ထည့်လိုက်သည်။

ရန်အာဟူ မှာမူ မြစ်ထဲတွင် အကြာကြီး ရှာသော်လည်း ငါးတစ်ကောင်မျှ မရသေးပေ။

ရန်အာဟူသည် ခေါင်း ကုတ်လျက် မေးမြန်းလိုက်၏။

“ငါးဖမ်းတဲ့နေရာမှာ အဓိကအရေးအကြီးဆုံးက ဘာလဲ”

ချောင်ရှီးဖုန်းသည်လည်း ထပ်ဆင့်မေးမြန်းလေသည်။

“ဟုတ်တယ်... အဓိက အချက်က ဘာလဲ”

လင်းယန်သည် ခေတ္တမျှ စဉ်းစားပြီး ပြန်လည်ဖြေကြားလိုက်၏။

“အဓိက အချက်ကတော့ မြန်ရမယ်၊ တုံ့ဆိုင်းနေရင်တော့ မိမှာမဟုတ်ဘူး”

ရန်အာဟူ နှင့် ချောင်ရှီးဖုန်းတို့မှာ ငါးစ၍ဖမ်းရာ၌ အသားမကျသေးသော်လည်း မကြာမီပင် အသားကျ၍ ငါးတော်တော်များများကို ဖမ်းမိလာကြသည်။

လင်းရန်မှာမူ ငါးအမြောက်အမြား ရရှိထား၏။

ဟန်ဟော့မှာမူ ငါးဖမ်းခြင်းကို လက်လျှော့လိုက်ပြီး ရေထဲတွင်သာ လွတ်လပ်စွာ ပျော်ပါးနေတော့သည်။

၎င်းသည် တစ်ခါတစ်ရံတွင် လူများကို ရေနှင့် ပက်တတ်သဖြင့် လင်းယန်မှာမူ စိတ်တိုရသလို ရယ်လည်း ရယ်ချင်နေမိတော့၏။

လင်းယန်သည် မြစ်ထဲတွင် ကျောက်တုံးကြီး တစ်တုံးကို တွေ့ရှိသွားကာ ကြေညာလိုက်၏။

“ပရိသတ်တို့... ဉာဏ်စမ်းမေးခွန်းလေး တစ်ခု မေးမယ်၊ ဒီကျောက်တုံးအောက်မှာ ဂဏန်း ဘယ်နှကောင် ရှိမလဲဆိုတာ ခန့်မှန်းကြည့်ပါ၊ မှန်အောင် ဖြေနိုင်တဲ့သူကို ဝိုင် ငါးပိဿာ လက်ဆောင်ပေးမယ်”

ကြည့်ရှုသူများမှာလည်း စိတ်ဝင်တစားဖြင့် အမျိုးမျိုး ခန့်မှန်းကြတော့၏။

“ကျောက်တုံးက တော်တော်ကြီးတယ်၊ သုံးကောင်လောက်တော့ ရှိမှာပဲ”

“ကျွန်တော်က တောမှာ ကြီးတာ၊ ဂဏန်းဖမ်းတဲ့ အတွေ့အကြုံရှိတယ်၊ ခြောက်ကောင်လောက် ရှိမှာ သေချာတယ်”

“ဒါနဲ့ ဂဏန်းတွေက ဘာလို့ ကျောက်တုံးအောက်မှာ နေတာလဲ”

လင်းယန်သည် ကြည့်ရှုသူ အရေအတွက် တိုးတက်လာသည်ကို ကြည့်၍ ကျေနပ်စွာ ပြုံးလိုက်ကာ ဆိုလိုက်သည်။

“ကဲ... အဖြေကို ကြည့်ကြရအောင်”

ကျောက်တုံးကို လက်တစ်ဖက်ဖြင့် မလိုက်လေသည်။

ကျောက်တုံးအောက်တွင် အရွယ်တူ ဂဏန်းသုံးကောင် ပုန်းအောင်းနေသည်ကို တွေ့လိုက်ရ၏။

၎င်းတို့သည် အကာအကွယ် မရှိတော့သဖြင့် တွင်းထဲသို့ အတင်း ပြန်ဝင်ရန် ကြိုးစားကြသော်လည်း ကြည့်ရှုသူများကတော့ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

“သုံးကောင်ပဲလား... ငါ ခန့်မှန်းတာ နည်းနည်းလေး လွဲသွားတယ်”

“ဒီဂဏန်းလေးတွေက ချစ်စရာလေးပဲ၊ စားလို့ရော ကောင်းပါ့မလား”

လင်းယန်သည် ကျောက်တုံးကို ပြန်ချလိုက်ကာ ထိုဂဏန်းလေးများကို ဖမ်းဆီးခြင်း မပြုတော့ပေ။

“ကဲ ဘယ်သူတွေမှန်ကြလဲ၊ မှန်တယ့်သူ ကိုယ့်လိပ်စာကို ပို့ထားပေးကြပါ”

အင်တာနက်အသုံးပြုသူတစ်ယောက်သည် မေးလိုက်၏။

“ဂဏန်းတွေ ဘာကြောင့် ကျောက်တုံးအောက်မှာ ပုန်းနေတာလဲ… ကျေးလက်မှာ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော် ရှင်းပြပေးပါရစေ။”

ကျေးလက်ဒေသကို တစ်ခါမှမရောက်ဖူးသူတွေဟာ ပိုပြီးသိချင်စိတ်အားထက်သန်နေကြ၏။

သူတို့ ဟန်ဆောင်နေကြသည်မဟုတ်ပဲ အမှန်တကယ် မသိကြခြင်းဖြစ်သည်။

မြို့ပေါ်ကကလေးတွေအတွက် မြစ်ထဲမှာ ငါးဖမ်းတာ၊ ပုစွန်ဖမ်းတာတွေက ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလဲဆိုသည်မှာ ထင်ပေါ်နေသည်။

လင်းယန် သည် လည်ချောင်းတစ်ချက်ရှင်းလိုက်ကာ ရှင်းပြ၏။

“ဂဏန်းတွေ ကျောက်တုံးအောက်မှာ ပုန်းနေရတာက တခြားသတ္တဝါတွေရဲ့ အစာအဖြစ် အဖမ်းမခံရအောင် မိမိကိုယ်ကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်၊ ဒါပေမဲ့ ယေဘုယျအားဖြင့် ပြောရရင်တော့ သူတို့ရဲ့ နေထိုင်မှုပုံစံက နေ့ဘက်မှာ ကျောက်တုံးတွေကြားထဲမှာ ပုန်းအောင်းနေတတ်ပြီး ညဘက်ကျမှသာ အစာရှာထွက်လေ့ရှိကြတာပါ”

ထိုအချိန်တွင် အလယ်တန်း ကျောင်းတက်တော့မည့် ယန်ယန်ဆိုသော ကလေးငယ်တစ်ဦးသည် ၎င်း၏ အခန်းထဲတွင် လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစား ကြည့်ရှုနေ၏။

၎င်းသည် လုပ်လက်စ လေ့ကျင့်ခန်းများကိုပင် ဘေးချထားခဲ့သည်။

ယန်ယန်၏ မိခင်ဖြစ်သူ အခန်းထဲသို့ ဝင်လာသောအခါ ဖုန်းကိုကြည့်၍ ပြုံးနေသော သားဖြစ်သူကို မြင်ပြီး မျက်နှာ ပျက်သွားလေသည်။

“ယန်ယန်... နင် ဒီလို အကျိုးမရှိတဲ့ ဗီဒီယိုတွေကို ပြန်ကြည့်နေပြန်ပြီလား၊ မင်းကို ဘယ်နှခါ ပြောရမလဲ၊ ဒီလို ထုတ်လွှင့်သူတွေက ကလေးတွေကို ပိုက်ဆံဖြုန်းအောင်ပဲ လုပ်တတ်တာ”

ယန်ယန်၏ မိခင်သည် သားဖြစ်သူကို စိတ်ပျက်နေမိ၏။ ယန်ယန်သည် အဘက်ဘက်တွင် တော်ကာ ကျောင်းတွင်လည်း အမှတ်အများဆုံး ဖြစ်သော်လည်း ယခုနွေရာသီတွင် တိုက်ရိုက်ထုတ်လွှင့်မှုများကို အလွန်အမင်း စွဲလမ်းနေသဖြင့် စိုးရိမ်နေရခြင်း ဖြစ်သည်။

သူမက သားဖြစ်သူထံမှ ဖုန်းကို လုယူလိုက်စဉ် လင်းယန်က ဂဏန်းများအကြောင်း ရှင်းပြနေသည်ကို ကြားလိုက်ရလေသည်။

“အမေ... သားက ထူးဆန်းတာတွေ ကြည့်နေတာ မဟုတ်ပါဘူး၊ ဒီအစ်ကိုက သတ္တဝါလေးတွေ အကြောင်းဗဟုသုတတွေ အများကြီး သင်ပေးနေတာပါ”

ယန်ယန်၏ မိခင်သည် ဖုန်းကို ကြည့်လိုက်ရာ လင်းယန်၏ ရှင်းပြချက်များကို ကြားပြီးနောက် စိတ်အေးသွားလေသည်။

“ဒီအစ်ကိုက အမြဲတမ်း ဒီလို ဗဟုသုတတွေ ပြောပြတာလား၊ မင်းရော သူ့ကို လက်ဆောင်တွေ ပေးလိုက်သေးလား”

ယန်ယန်သည် ပြန်ပြောလေသည်။

“ဒီအစ်ကိုက လက်ဆောင်ပေးတာကို တားမြစ်ထားတယ် အမေ၊ လူတွေက ပေးချင်ကြပေမဲ့ သူက လက်မခံဘူး၊ တောရွာတွေက တကယ်ပဲ ပျော်ဖို့ကောင်းတာလား၊ နောက်နှစ်ကျရင် အဘွားတို့အိမ် သွားရအောင်နော်”

ယန်ယန်၏ မိခင်သည် အံ့ဩသွား၏။ လက်ဆောင်ကို ငြင်းပယ်သော ထုတ်လွှင့်သူကို သူမ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

ယခင်က သားဖြစ်သူသည် ကျေးလက်သို့ သွားရန် အမြဲ ငြင်းဆန်ခဲ့သော်လည်း ယခုအခါ လင်းယန်ကြောင့် စိတ်ဝင်စားမှု ရှိလာခြင်းကို သူမ သဘောကျသွားသည်။

“တကယ် သွားချင်တယ်ဆိုရင် အောက်တိုဘာ အားလပ်ရက်ကျရင် အမေ ခေါ်သွားမယ်လေ”

ယန်ယန်သည် ဝမ်းသာအားရ အော်ဟစ်လိုက်တော့၏။

ယန်ယန်၏ မိခင်သည် သားဖြစ်သူကို ဖုန်းပြန်ပေးပြီးနောက် မိမိ၏ အခန်းထဲသို့ ပြန်ဝင်ကာ လင်းယန်ကို Follow လုပ်လိုက်ပြီး ၎င်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဝီချက် တွင်ပါ မျှဝေပေးလိုက်လေတော့သည်။

All Chapters