အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း (၃၃)
ညနေစောင်းမှသာ လင်းယန်သည် အိမ်သို့ ပြန်လည်ရောက်ရှိလေသည်။
ရန်အာဟူနှင့် ချောင်ရှီးဖုန်းတို့မှာ ပင်ပန်းနွမ်းနယ်လှသဖြင့် အသက်ကို အမောတကြီး ရှူနေကြရသော်လည်း
လင်းယန်မှာမူ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်အနည်းငယ်မျှတောင်မရှိဘဲ ငါးများအပြည့်ထည့်ထားသော ပုံးကြီးကို တစ်ဖက်က ဆွဲကိုင်၍ ကျန်တစ်ဖက်ကမူ အလွန်ပင်ပန်းနေရှာသည့် ဟွမ်မောင် အား ပွေ့ချီထားလေသည်။
အိမ်သို့ ပြန်ရောက်သည်နှင့် လင်းယန်သည် ချက်ပြုတ်ရန် ပြင်ဆင်တော့သည်။
ရှေးဦးစွာ ငါးများကို ခုတ်ထုစ်ဆေးကြောသည်။ ငါးအရေအတွက်မှာ အလွန်များပြားလှသဖြင့် အပန်းဖြေစခန်းမှ လူအားလုံးစား၍ ကုန်နိုင်ဖွယ်မရှိရာ လင်းယန်သည် ရန်အာဟူအား ငါးဟင်းအချို့ကို ရန်အာဟူ၏မိသားစုထံသို့ သွားရောက်ပေးကမ်းရန် ခိုင်းစေလေသည်။
လင်းရန်၏ ခိုင်းစေချက်ကြောင့် ရန်အာဟူသည် အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးသွားရကာ ဆိုလိုက်၏။
“သူဌေးက ကျွန်တော့်မိသားစုကိုတောင် ဒီလောက်အလေးထားလိမ့်မယ်လို့ မထင်ထားမိဘူးဗျာ၊ ကျေးဇူးပါပဲဗျာ”
ရန်အာဟူသည် မျက်ဝန်းထောင့်ရှိ မကျသေးသော မျက်ရည်များကို သုတ်ဖယ်ကာ ပြောလိုက်လေသည်။
လင်းယန်မှာမူ ရန်အာဟူ၏တင်ပါးကို တစ်ချက်ကန်လိုက်ရင်း ပြောလိုက်သည်။
“မြန်မြန်သွားစမ်းပါ၊ နောက်ကျရင် မင်းအတွက် ညစာ ချန်ထားမှာ မဟုတ်ဘူးနော်”
ရန်အာဟူသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ပြေးထွက်သွားသည်။
အကယ်၍ တစ်စုံတစ်ယောက်က သူ့အတွက် ညစာ မချန်ထားဟု နောက်ပြောင်ပြောဆိုလျှင်ပင် သူသည် အလွန်ဝမ်းနည်းသွားတတ်သူ ဖြစ်၏။
လင်းယန်၏ အိမ်တွင် ခေတ္တမျှ နေထိုင်ခဲ့ပြီးနောက် သူ၏ အကြိုက်မှာ အလွန်ပင်ပြောင်းလဲသွားခဲ့ရာ လွန်ခဲ့သော နှစ်ရက်ခန့်က သူ၏ မိဘအိမ်သို့ ပြန်၍ ထမင်းစားသည့်အခါ မည်သည့်အရာကိုမျှ ခံတွင်းမတွေ့ဘဲ ဖြစ်နေခဲ့ရသည်။
ညစာကို ကျားသစ်ကလေးနှစ်ကောင်နှင့် ဟန်ဟော့ အပါအဝင် လူတိုင်းက မြိန်ယှက်စွာ စားသုံးကြလေသည်။
အိပ်ရာမဝင်မီ လင်းယန်သည် နောက်ဖေးခြံဝင်းအတွင်းရှိ ချစ်စရာတိရစ္ဆာန်လေးများကို အစာတစ်နပ် ထပ်မံကျွေးမွေးပြန်သည်။
ထိုအကောင်လေးများကို ဝဝလင်လင် ကျွေးမွေးထားမှသာလျှင် ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်မည် မဟုတ်ပါလား။
လင်းယန်သည် ထိုကဲ့သို့ ကြံစည်နေသည်ကို အကောင်လေးသစ်များမှာ လုံးဝမသိကြဘဲ ဝက်စာခွက်အတွင်းရှိ အရသာရှိလှသော အစာများကို မြိန်ရှက်စွာ စားသောက်နေကြလေသည်။
သို့သော် လင်းယန်သည် အစာများကို အလွန်အကျွံ ပြုလုပ်မိသွားခဲ့သည်။
ဝက်စာခွက်ကို အပြည့်ဖြည့်ပြီးသည့်တိုင်အောင် အစာပုံးငယ်တစ်ပုံး ကျန်ရှိနေသေးသဖြင့် လင်းယန်က ထိုအစာများကို ခြံဝင်းအတွင်း၌သာ ဒီအတိုင်း ပစ်ချထားလိုက်လေသည်။
နက်ဖြန်နံနက် အိပ်ရာထမှသာ ထိုအရာများကို ရှင်းလင်းမည်ဟု စိတ်ကူးမိ၏။
တစ်နေ့လုံး ငါးဖမ်းရင်းပင်ပန်းခဲ့သဖြင့် မိသားစုဝင်အားလုံးပင် အိပ်ရာသို့ စောစီးစွာ ဝင်ခဲ့ကြလေသည်။
ချောင်ရှီးဖုန်းမှာမူ သူတည်းဖြတ်ထားသော ဗီဒီယိုကို အွန်လိုင်းပေါ်သို့ တင်ပြီးမှသာ ကျေနပ်အားရစွာဖြင့် မျက်စိမှိတ် အနားယူတော့သည်။
ထိုဗီဒီယိုသည် တင်လိုက်သည်နှင့် တပြိုင်နက် လူမှုကွန်ရက်ပေါ်တွင် ပြင်းထန်သော ဆွေးနွေးမှုများကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
လင်းယန်ကို မသိရှိကြသေးသည့် အင်တာနက်အသုံးပြုသူ အများအပြားက ထိုဗီဒီယို၏ မျက်နှာဖုံးတွင် ကျားသစ်ကလေးနှစ်ကောင်နှင့် ဟန်ဟော့ကို မြင်တွေ့ရသဖြင့် သိပ္ပံပညာပေး ဗီဒီယိုတစ်ခုဟု ထင်မှတ်ကာ ဝင်ရောက်ကြည့်ရှုကြသည်။
သို့သော် လူတိုင်းကိုအံ့ဩသွားစေသည့်အရာမှာကား ဗီဒီယိုကို ဖွင့်လိုက်သည်နှင့် မြင်ရသည့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ကျားအမကြီးကိုပင် ဖြစ်သည်။
ဗီဒီယိုအတွင်း၌ ကျားအမကြီးသည် တစ်စုံတစ်ခုသော နှိပ်စက်မှုကို ခံစားနေရသကဲ့သို့ အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေလေသည်။
ချောင်ရှီးဖုန်းသည် ဒဏ်ရာကိုပါ အနီးကပ် မှတ်တမ်းတင်ထားခဲ့၏။
ထို့နောက်တွင် လင်းယန်သည် ချုံနွယ်ပိတ်ပေါင်းများကြားတွင် လှုပ်ရှားသွားလာနေသည့် မြင်ကွင်းကို တွေ့ရကာ ထိုမြင်ကွင်းမှာ ခေတ္တမျှသာ ဖြစ်သော်လည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
ချောင်ရှီးဖုန်း၏ စာသားဖြင့် ရှင်းလင်းချက်များကြောင့် ဖြစ်ပျက်ခဲ့သမျှကို လူတိုင်း ချက်ချင်းပင် နားလည်သဘောပေါက်သွားကြလေသည်။
သုံးမိနစ်ခန့် ကြာမြင့်သော ထိုဗီဒီယိုတွင် ကျားသစ်ကလေးနှစ်ကောင်၏ လင်းယန်အပေါ် မှီခိုတွယ်တာမှုနှင့် ကျားအမကြီး၏ လင်းယန်အပေါ် ထားရှိသော ယုံကြည်မှုတို့ ပါဝင်လေသည်။
ထို့ပြင် ရှောင်ကျွီဟွား ၏ မြင်ကွင်းအချို့ကိုလည်း ထည့်သွင်းထားသေး၏။
ဗီဒီယို၏ အဆုံးသတ်တွင်မူ သွေးကဲ့သို့ နီရဲသော စာလုံးကြီးများဖြင့် ဤသို့ ရေးသားထားလေသည်။
“တရားမဝင် တောလိုက်မုဆိုးများသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်”
ချောင်ရှီးဖုန်း၏ ထူးခြားလှသော တည်းဖြတ်မှုပုံစံကြောင့် ကြည့်ရှုသူတိုင်းမှာ စိတ်လှုပ်ရှားရသကဲ့သို့ ထိုတရားမဝင် မုဆိုးများကိုလည်း နာကျည်းမုန်းတီးလာကြတော့သည်။
“တောက်… ဒီမုဆိုးတွေက မြွေတွေကိုတောင် မချန်ကြဘူးလား”
“သူတို့က အရှေ့မြောက်ကျားတွေကိုတောင် ရန်ပြုရဲနေမှတော့ တခြားဘာကိုမှလည်း ချန်ထားမှာမဟုတ်တော့ဘူး”
“အဲဒီကောင်တွေကို ဖမ်းမိပြီလား”
“ဒါက နိုင်ငံတော်က ကာကွယ်ထားတဲ့ တိရစ္ဆာန်တွေကို ဖမ်းတာပဲ၊ ရဲအရာရှိတွေက သူတို့ကို အရေးယူပေးနိုင်မလား”
“ကျားအမကြီးရဲ့ နာကျင်နေတဲ့ အမူအရာကို မြင်ရတာ ငါ့ရင်ထဲမှာ တကယ်ကို မခံစားနိုင်ဘူး”
“လင်းယန် လိုက်ဖ်လွှင့်နေတုန်းက ငါတစ်လျှောက်လုံး ကြည့်နေတာ၊ ဗီဒီယိုထဲမှာ မြင်ရတာထက် အခြေအနေက ပိုပြီး စိုးရိမ်စရာကောင်းခဲ့တယ်လို့ပဲ ပြောနိုင်တယ်”
“လင်းယန်က တရားမဝင် မုဆိုးတွေရဲ့ သဲလွန်စကို ရှာဖို့ တစ်ယောက်တည်း ထွက်သွားတာကို တွေ့ရတုန်းက ငါတကယ်ကို ထိတ်လန့်သွားတာ”
ဗီဒီယို တင်ပြီး ဆယ်မိနစ်အတွင်းမှာပင် ပြန်လည်မျှဝေသူ ငါးသိန်းကျော်နှင့် ကြည့်ရှုသူ သုံးသန်းကျော်အထိ ရှိသွားလေသည်။
အကယ်၍ ချောင်ရှီးဖုန်းသာ ထိုအချက်အလက်များကို မြင်တွေ့ရလျှင် ဧကန်မလွဲ အံ့အားသင့်သွားပေလိမ့်မည်။
သူသည် အင်တာနက်ပေါ်တွင် ဖော်လိုဝါ ခြောက်သန်းခန့်ရှိသော ဘလော့ဂါတစ်ဦး ဖြစ်သော်လည်း ဗီဒီယိုတစ်ခုကို တင်ပြီး ဆယ်မိနစ်အတွင်း ဤမျှ မြင့်မားသော ကိန်းဂဏန်းများ ရရှိရန်မှာ အလွန်ပင် ခဲယဉ်းလှပေသည်။
ယခုအချိန်တွင် အင်တာနက်စာမျက်နှာများ၌ လင်းယန်နှင့် တိရစ္ဆာန်ကာကွယ်ရေး ဥပဒေများအကြောင်း ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေတော့သည်။
လင်းယန်သည် ထိုဗီဒီယိုကြောင့် ပရိသတ်အသစ် အများအပြားကို ရရှိခဲ့လေသည်။
ထူးခြားသည်မှာ သူသည် လူငယ်လေးများကြားတွင်လည်း ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။
သူသည် ကလေးငယ်များစွာ၏ အားကျအတုယူဖွယ် အိုင်ဒေါလ် တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံရလေသည်။
အခြားသော အောင်မြင်ကျော်ကြားသူများနှင့်မတူသည်မှာ လင်းယန်၏ ဗီဒီယိုများကို ကြည့်ရှုသော မိဘအများစုသည်လည်း မိမိတို့၏ သားသမီးများကို ထိုဗီဒီယိုများကို ကြည့်ရှုခြင်းမှ တားမြစ်ခြင်းမရှိသလို လင်းယန်ကို အလေးထား အားပေးလာကြခြင်းပင် ဖြစ်သည်။
အပြုသဘောဆောင်သော စွမ်းအင်နှင့် တက်ကြွမှုများ ပြည့်နှက်နေသည့် လိုက်ဖ်လွှင့်သူတစ်ဦးကို မည်သည့်မိဘက မနှစ်သက်ဘဲ ရှိပါအံ့နည်း။
ထို့ကြောင့်ပင် ကလေးငယ်များကြားတွင် လင်းယန်၏ လိုက်ဖ်ဗီဒီယိုများကို မကြည့်ဖူးသူမှာ ခေတ်နောက်ကျသူအဖြစ် သတ်မှတ်ခြင်း ခံရသည့်အထိ ဖြစ်လာလေသည်။
တစ်ဖက်တွင်မူ ညနက်ပိုင်း အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
တစ်ရွာလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက် ရှိကာ ရွာသားအားလုံးနီးပါးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေကြပြီ ဖြစ်သည်။
လင်းယန်၏ မိသားစုလည်း ထိုနည်းတူပင် ဖြစ်၏။
ထိုစဉ် တောင်ပေါ်မှ ဆင်းလာသော လမ်းကလေးပေါ်တွင် သံသယဖြစ်ဖွယ် လူရိပ်သုံးခု ပေါ်လာလေသည်။
“အစ်ကို... ငါတို့ ဒီလိုမျိုး ဗြောင်ကြီး ထွက်လာတာ တကယ်ပဲ အဆင်ပြေပါ့မလား၊ ဟိုအရေးယူမယ့်သူတွေ သိသွားရင် ငါတို့ဘဝတွေတော့ သွားပြီပဲ”
ထိုသို့ ပြောဆိုလိုက်သူမှာ ပုပုဝဝ လူတစ်ဦး ဖြစ်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင်ပေါ်ရှိ အဆိပ်ရှိသော ပိုးမွှားများ ကိုက်ခဲမှုကြောင့် ဖြစ်ပေါ်လာသည့် အဖုအပိမ့်များဖြင့် ပြည့်နှက်နေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ရွံရှာဖွယ် ကောင်းလှပေသည်။
‘လူကောင်ကြီး’ဟုအမည်ပြောင်ပေးထားသော အရပ်ရှည်ရှည် လူသည် ချောင်းရေဖြင့် မျက်နှာသစ်လိုက်သော်လည်း သူ၏ မျက်နှာပေါ်ရှိ ခြင်ကိုက်နာများမှာ ပျောက်ကွယ်မသွားဘဲ ပို၍ပင် နာကျင်ယားယံမှုကို ဖြစ်စေလေသည်။
“တခြားဘာလုပ်နိုင်ဦးမှာလဲ၊ ငါတို့က ဒီတောင်တန်းကြီး ၁၀၀,၀၀၀ ကို ကျော်ဖြတ်နိုင်မယ်လို့ တကယ်ပဲ မျှော်လင့်နေတာလား”
“ငါတို့သုံးယောက် ဒီတောင်တွေထဲမှာ နေခဲ့ရတဲ့ ရက်တွေအတွင်း အတော်လေး ဒုက္ခရောက်ခဲ့ပြီ၊ အလုပ်ရှင်ခိုင်းတဲ့ ကျိုးရှန်းမြွေဟောက်တွေကိုလည်း လုံလောက်အောင် မဖမ်းမိသေးဘူး၊ အခုတော့ မြန်မြန် ထွက်သွားကြစို့”
“ငါကတော့ နိုင်ငံခြားကို မပြေးခင် နောက်ဆုံးတစ်ခေါက် အကြီးအကျယ် လုပ်စားသွားမလို့ ကြံစည်ထားတာ၊ ဒီတစ်ခါ ဒီလောက် ကံဆိုးလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ”
‘မျောက်ပိန်’ ဆိုသည့်လူကမူ မည်သည့်စကားမျှ မဆိုဘဲ သူတို့နောက်မှ လိုက်ပါလာလေသည်။
ဤလူသုံးဦးမှာ တရုတ်နိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော တရားမဝင် တောလိုက်မုဆိုး သုံးဦး ဖြစ်ကြလေသည်။
၎င်းတို့သည် ဝရမ်းထုတ်ခံထားရသူများ ဖြစ်ကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းဆီးရန် အဓိက ပစ်မှတ်ထားခြင်း ခံရသူများလည်း ဖြစ်သည်။
မိမိတို့ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ပြည်ပသို့ ထွက်ပြေးရန် ဖြစ်ကြောင်း ၎င်းတို့ ကောင်းစွာ သိရှိထားကြသည်။
သို့သော် ၎င်းတို့သည် အလွယ်တကူ လက်မလျှော့နိုင်ကြသေးဘဲ ခိုးကြောင်ခိုးဝှက် ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်၏။
ထို့ကြောင့်ပင် အလုပ်ရှင်တစ်ဦးက ကျိုးရှန်းမြွေဟောက် အုပ်စုလိုက်ကို အလိုရှိနေသဖြင့် မထွက်ခွာမီ နောက်ဆုံးအကြိမ် အမြတ်အစွန်းကြီးကြီးမားမား ရရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ အစီအစဉ်မှာ ကျိုးရှန်းမြွေဟောက်များကို ဖမ်းဆီးပြီးနောက် ထိုတောင်တန်းများကို ဖြတ်ကျော်ကာ နယ်စပ်သို့ ထွက်ခွာရန် ဖြစ်သည်။
ထိုငွေကို ရရှိပြီးပါက ၎င်းတို့သည် ပြည်ပသို့သွား၍ စည်းစိမ်ခံနိုင်ကြပြီ မဟုတ်ပါလား။
၎င်းတို့အနေဖြင့် တရုတ်နိုင်ငံတွင် ဝရမ်းထုတ်ခံထားရသည်ကို ဂရုစိုက်ခြင်း မရှိကြပေ။
သို့သော် ၎င်းတို့သည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့ကြသည်။
ထိုတောင်တန်းများထဲတွင် တစ်ပတ်ခန့် ပုန်းအောင်းနေခဲ့သော်လည်း တိရစ္ဆာန်များကို လုံလောက်အောင် မဖမ်းနိုင်ခဲ့သည့်အပြင် လူရုပ်ပင် မပေါက်တော့ဘဲ သရဲတစ္ဆေ ကဲ့သို့ ဖြစ်လာခဲ့ရကာ ရဲအရာရှိများ၏ လှုပ်ရှားမှုများကိုပါ သတိထားမိလာခဲ့ကြသည်။
ထို့ကြောင့် အခြားရွေးချယ်စရာ မရှိတော့သဖြင့် လူကောင်ကြီးက သူ၏ ညီအစ်ကိုနှစ်ဦးကို ဦးဆောင်ကာ တောင်ပေါ်မှ ခိုးကြောင်ခိုးဝှက် ဆင်းလာခဲ့ခြင်း ဖြစ်လေသည်။
အကယ်၍ တောင်ပေါ်တွင် ဆက်နေပါက နယ်စပ်ကို မရောက်မီမှာပင် သေဆုံးသွားနိုင်သည်ကို ၎င်းတို့ သိရှိသွားကြပြီ ဖြစ်သည်။
လူကောင်ကြီးက တစ်ခုခုကို အနံ့ရသည်ထင်သည်။
“ဖတ်ဒေါ့ ... မင်း တစ်ခုခု အနံ့ရလား”
ပုပုဖိုဖို လူဖြစ်သော ဖတ်ဒေါ့သည် လေကို ရှူရှိုက်ကြည့်ပြီးနောက် ဆိုသည်။
“အစားအသောက် အနံ့ပဲ”
မျောက်ပိန်ကလည်း အနံ့ကို ခံကြည့်ကာ ပြောလိုက်သည်။
“အစ်ကို... အနံ့က ရှေ့က အိမ်ကလာတာ ထင်တယ်”
လူကောင်ကြီးသည် မျက်မှောင်ကြုတ်လိုက်ရင်း ဆို၏။
“ထွက်ပြေးဖို့ ခွန်အားရှိအောင် ငါတို့ ဝဝလင်လင် စားထားဖို့ လိုတယ်၊ ဒီနေရာက တော်တော် ဝေးလံခေါင်သီတာပဲ၊ ဟိုရဲတွေ ဒီကို ချက်ချင်း ရောက်မလာနိုင်လောက်ပါဘူး”
“အရင်ဆုံး ခိုးဝင်ပြီးတော့ ကောင်းကောင်းတစ်နပ်လောက် စားကြမယ်၊ ပြီးမှ တခြားနည်းလမ်းကို စဉ်းစားတာပေါ့”
ဖတ်ဒေါ့သည် အလွန်ဆာလောင်နေသောကြောင့် ထိုမွှေးပျံ့သော အနံ့ကြောင့် သွားရည်များပင် ကျလာကာ ဆိုလေသည်။
“အစ်ကို ပြောတာကို ကျွန်တော် ဘာမှ ကန့်ကွက်စရာ မရှိပါဘူး”
မျောက်ပိန်ကမူ ခေတ္တမျှ ဝေခွဲမရဖြစ်သွားကာ ဆို၏။
“အဲဒီအိမ်က လူတွေ သိသွားပြီး ရဲတိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ အခုက ငါတို့အတွက် အရေးအကြီးဆုံး အချိန်ပဲ၊ ရဲဖမ်းတာကို လုံးဝ ခံလို့မဖြစ်ဘူး”
သူတို့သည် သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို ပြည်ပသို့ လွှဲပြောင်းထားပြီး ဖြစ်ရာ ပြည်ပသို့ လွတ်မြောက်သွားပြီးနောက် စည်းစိမ်ခံရန် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အကယ်၍ ယခုအချိန်တွင် အဖမ်းခံရပါက အားလုံးမှာ သုည ဖြစ်သွားပေလိမ့်မည်။
လူကောင်ကြီးသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များဖြင့် ပြောလိုက်၏။
“မင်းက ဘာကို ကြောက်နေတာလဲ၊ ငါတို့သုံးယောက်လုံးက အာဂ ပုဂ္ဂိုလ်တွေပဲ၊ အရှေ့မြောက်ကျားတောင် ငါတို့ကို မယှဉ်နိုင်ပါဘူး”
မျောက်ပိန်က သူ၏စကားကို ဖြတ်ပြောလိုက်သည်
“အစ်ကို... ငါတို့ သေနတ်ထဲမှာ ကျည်ဆန်တွေ ကုန်နေပြီလေ”
လူကောင်ကြီးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ကာဆို၏။
“ဒါဆိုရင် ဘေးကင်းအောင်လို့ နောက်ဖေးတံခါးကနေပဲ ခိုးဝင်ကြစို့၊ ဒီမိသားစုကို အနှောင့်အယှက် မဖြစ်အောင် ကြိုးစားကြည့်မယ်၊ ငါတို့ရဲ့ ရည်ရွယ်ချက်က စားစရာ ရှာဖို့ပဲ၊ လူသတ်ဖို့ ဒါမှမဟုတ် မီးရှို့ဖို့ မဟုတ်ဘူး၊ ဘာလို့ အသံအကျယ်ကြီး လုပ်နေမှာလဲ၊ ဒီရွာသားတွေကတော့ ငါတို့ကို သတိထားမိမှာ မဟုတ်ပါဘူး”
ဖတ်ဒေါ့နှင့် မျောက်ပိန်တို့သည်လည်း လူကောင်ကြီး၏ စကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်ကြလေသည်။
ထို့ကြောင့် သူတို့ သုံးဦးသည် လင်းယန်၏ အိမ်နောက်ဖေး နံရံဆီသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်သွားကြတော့သည်။
ထိုနံရံမှာ ၎င်းတို့အတွက် ဘာမှမဟုတ်ပေ။ ကျော်တက်ရန် အလွန်ပင် လွယ်ကူလှပေသည်။
“အနံ့က တကယ်ကို မွှေးတာပဲ”
ဖတ်ဒေါ့သည် ထိုမွှေးပျံ့သောအနံ့ ထွက်ပေါ်ရာ နေရာကို အရင်ဆုံး ရှာဖွေတွေ့ရှိသွားသည်။
ထိုအနံ့မှာ မြေပြင်ပေါ်ရှိ ပုံးတစ်ပုံးအတွင်းမှ အစားအစာများဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဒါ ဘာပါလိမ့်”
လရောင်အောက်တွင် လူကောင်ကြီးသည် အချိန်အတော်ကြာ စိုက်ကြည့်နေသော်လည်း ပုံးထဲတွင် ဘာရှိသည်ကို အဖြေမရှာနိုင်ဘဲ ဖြစ်နေ၏။ သို့သော် ထိုမွှေးပျံ့သော အနံ့မှာမူ လိမ်ညာနေခြင်း မဟုတ်ပေ။
ဖတ်ဒေါ့မှာမူ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ဆို၏။
“နှမြောစရာကြီးဗျာ၊ ဒီလောက် အရသာရှိတဲ့ အစားအသောက်တွေကို ဒီအတိုင်း ထားထားတာလား သူတို့ မကုန်နိုင်မှတော့ ငါ ဖတ်ဒေါ့ကပဲ သူတို့အတွက် ရှင်းပေးလိုက်ပါ့မယ်”
ဖတ်ဒေါ့သည် ထိုပုံးကို မလိုက်ကာ အမြန်ပင် နှစ်လုပ်ခန့် စားလိုက်လေသည်။
မျောက်ပိန်က သူ့ကို တွန်းထုတ်လိုက်ရင်း ပြောလိုက်သည်။
“တော်ပြီ တော်ပြီ၊ မင်း တစ်ယောက်တည်း အကုန်မစားနဲ့ဦးလေ၊ ငါတို့အတွက်လည်း အနည်းငယ် ချန်ထားပါဦး၊ ငါနဲ့ အစ်ကိုလည်း မစားရသေးဘူး”
၎င်းတို့သည် ယခင်က အရသာရှိသော အစားအစာ အများအပြားကို စားခဲ့ဖူးသော်လည်း ရှေ့မှ ပုံးအတွင်းရှိ အစားအစာလောက် မည်သည့်အရာကမျှ အရသာမရှိခဲ့ဖူးပေ။
ဖတ်ဒေါ့သည် အလွန်အကျွံ မလုပ်သင့်ကြောင်း သိရှိသဖြင့် သူ၏ ပါးစပ်ကို သုတ်လိုက်ကာ အရသာကို မြည်းစမ်းရင်း ဆို၏။
“အထဲမှာ ငါးတွေ ပါနေသလိုပဲ၊ ပုစွန်အရသာတောင် ရလိုက်သေးတယ်၊ ဒါ ပင်လယ်စာ ဆန်ပြုတ်များလား”
“အစ်ကိုလည်း မြည်းကြည့်ပါဦး”
လူကောင်ကြီးသည် ဝေခွဲမနေဘဲ တစ်ငုံကြီး သောက်လိုက်ကာ နှုတ်ခမ်းကို သပ်ရင်း အရသာခံကြည့်လေသည်။
“ဒါက ပင်လယ်စာ ဆန်ပြုတ်နဲ့ တော်တော်တူတာပဲ၊ ဒါပေမဲ့ ဒါက မီးအေးအေးနဲ့ ချက်ထားတဲ့ ပင်လယ်စာ ဆန်ပြုတ် ဖြစ်ရမယ်”
“ဒီတောရွာသားက တော်တော်လေး ချက်တတ်ပြုတ်တတ်တာပဲ”
မျောက်ပိန်သည်လည်း တစ်ငုံသောက်ပြီးနောက် အလွန်ပင် ချီးကျူးလိုက်လေသည်။
“ငါတို့ သုံးယောက်လုံး ဒီရက်ပိုင်း တောင်ပေါ်မှာ တောသီးတွေပဲ ရှာစားနေခဲ့ရတာ။ ဒီလောက် ပူပူနွေးနွေး အစာကို မစားရတာ ကြာလှပြီ”
“တကယ်ကို အရသာရှိတာပဲ”
၎င်းတို့ သုံးဦးသည် တစ်လှည့်စီ စားသောက်ကြရာ ခေတ္တအတွင်းမှာပင် ပုံးအတွင်းရှိ အစာအများစုမှာ ကုန်စင်လုနီးပါး ဖြစ်သွားလေသည်။
“အနံ့က တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ၊ ငါသာ နေ့တိုင်း ဒီလိုမျိုး အရသာရှိတာကို စားရရင် သိပ်ကောင်းမှာပဲ”
“ဟတ်... ဟတ်”
မလှမ်းမကမ်းမှ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ၎င်းတို့ သုံးဦးစလုံး ထိတ်လန့်သွားကြလေသည်။
ထိုအသံကို သိချင်စိတ်ဖြင့် ဖတ်ဒေါ့က အနီးကပ် သွားကြည့်လိုက်ရာ ထိုအသံမှာ ဝက်များဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း တွေ့ရှိသွားသည်။
“မကြောက်ပါနဲ့ အစ်ကို၊ ဒီအိမ်မှာ ဝက်မွေးထားတာပဲ”
“တိရစ္ဆာန်တွေက ဘာလို့ အော်နေကြတာလဲ”
ဖတ်ဒေါ့က တိုးတိုးလေး ရေရွတ်လိုက်၏။
သူသည် လှည့်ထွက်သွားရန် ပြင်ဆင်နေစဉ် သူ၏ အကြည့်သည် ဝက်စာခွက်အတွင်းရှိ မတော်တဆ ကျရောက်သွားလေသည်။
“နေဦး”
ဒီဝက်စာခွက်ထဲက အရာတွေက သူတို့သောက်နေတဲ့ ပင်လယ်စာ ဆန်ပြုတ်နဲ့ ဘာလို့ ဒီလောက်တောင် တူနေရတာလဲ။
“အစ်ကို... မြန်မြန်လာပါဦး!”
“ဒါ ငါတို့ စားနေတဲ့ ပင်လယ်စာ ဆန်ပြုတ် မဟုတ်ဘူးလား”
လူကောင်ကြီးသည် အနီးကပ် ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“ဒါ ဘာလဲ၊ ငါတို့ ဝက်စာတွေကို စားနေမိတာလို့ မင်း ထင်နေတာလား”
ထိုစကားကို ကြားလိုက်ရသည်နှင့် လူကောင်ကြီးသည် ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ဝက်စာခွက်အတွင်း ကျန်ရှိနေသော အရာများမှာ သူတို့ ယခုလေးတင် သောက်ခဲ့သော ပင်လယ်စာ ဆန်ပြုတ်များပင် ဖြစ်နေသောကြောင့်တည်း။
မဟုတ်ပါသေးချေ။ ထိုအရာကို ပင်လယ်စာ ဆန်ပြုတ်ဟု ခေါ်ဆိုရန် မသင့်တော်တော့ပေ။ တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းတို့သည် ဝက်စာများကို မတော်တဆ စားသုံးမိခဲ့ကြခြင်းပင် မဟုတ်ပါလား။
လူသုံးဦးစလုံး၏ မျက်နှာမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်သွားကြတော့သည်။ မည်မျှပင် ဆင်းရဲဒုက္ခရောက်နေပါစေ ၎င်းတို့အနေဖြင့် ဝက်များနှင့် အစာလုစားသည့် အဆင့်အထိတော့ နိမ့်ကျသွားလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြပေ။
အခန်း (၃၄)
ဝက်စားပုံးကို ကိုင်ဆောင်ထားသော လူကောင်ကြီးသည် ထိုပုံးကို ချထားရမည်လော၊ ဆက်၍ ကိုင်ထားရမည်လောဟူသည်ကို မဝေခွဲနိုင်ဘဲ တုံ့ဆိုင်းလျက် ရှိနေ၏။
ဖက်ဒေါ့ကမူ သူ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ ကျေနပ်အားရနေသည့် အရိပ်အယောင်များဖြင့် ပြောဆိုလေသည်။
“တကယ်တော့ အဲဒါက ဝက်စာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ငါ့အတွက်တော့ အရသာရှိတာပဲ၊ ငါတို့ ထွက်ပြေးကြရဦးမှာ မဟုတ်လား၊ အဲဒါကို တစ်ခါတည်း ယူသွားရအောင်လေ၊ ငါတော့ ဟိုအရသာမရှိဘဲ ဖန်ခါးနေတဲ့ တောသီးတွေကို ထပ်မစားချင်တော့ဘူး”
မျောက်ပိန်မှာမူ တုန်လှုပ်ချောက်ချားသွား၏။ ဝက်များပင်လျှင် ပင်လယ်စာဆန်ပြုတ်ကို သောက်သုံးနေရချိန်တွင် ၎င်းတို့မှာမူ အိမ်ပြင်ပ၌ အိပ်စက်ကာ အစားဆင်းရဲနေရသည် မဟုတ်ပါလော။
“တောက်... ဒီရက်ပိုင်းမှာ ငါတို့သုံးယောက်ထက် ပိုပြီး ဒုက္ခရောက်နေတဲ့သူ ရှိဦးမလား”
၎င်းတို့သည် ယခုအခါတွင် ငွေကြေးချမ်းသာသော်လည်း သုံးစွဲခွင့်မရှိသော လူသားများအဖြစ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဒါမှမဟုတ် တစ်နည်းအားဖြင့် ဆိုရသော် ၎င်းတို့သည် ငွေသုံးစွဲရန် ကြောက်ရွံ့နေကြခြင်းပင် ဖြစ်၏။
‘ငါသာ လမ်းပေါ်ထွက်လိုက်လို့ တစ်ယောက်ယောက်က ငါ့ကို အလိုရှိနေတဲ့ ရာဇဝတ်ကောင်ဆိုတာ သိသွားရင်တော့ အားလုံး ပြီးသွားပြီ’ဟု သူတို့ တွေးတောနေမိကြသည်။
ထိုအကြောင်းကြောင့်ပင် သူတို့သည် ပိုင်ဆိုင်သည့် ပစ္စည်းများကို ပြည်ပသို့ လွှဲပြောင်းထားကြခြင်း ဖြစ်လေသည်။
“ထားလိုက်ပါတော့၊ ငါ ဒါကို တစ်ခါတည်း ယူသွားမယ်”
“ငါတို့ ထွက်ပြေးဖို့ အစီအစဉ်အသစ် ဆွဲရမယ်၊ တောင်တွေကို ကျော်ဖြတ်ပြီး နယ်စပ်ကို ဖြတ်ကျော်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူးထင်တယ်”
လူကောင်ကြီးက ဆို၏။
“ငါတို့ နိုင်ငံခြားကို အောက်လမ်းကသွားရင်ကော”
အသေအချာ စဉ်းစားပြီးနောက်တွင် လူကောင်ကြီးသည် ဤနည်းလမ်းသည်သာ အန္တရာယ်အကင်းဆုံးဖြစ်သည်ဟု ခံစားမိလေသည်။
၎င်းတို့သည် မည်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်ကိုမျှ အသုံးပြုနိုင်ခြင်း မရှိကြပေ။
ထို့ကြောင့် ဤကဲ့သို့ တိတ်တဆိတ် ခိုးထွက်ရမည့် နည်းလမ်းကိုသာ ရွေးချယ်ကြရတော့သည်။
မျောက်ပိန်သည် ခေါင်းညိတ်ကာ ပြန်ပြောလေသည်။
“ကောင်းပြီ အစ်ကိုကြီး၊ ကျွန်တော်တို့ အစ်ကိုကြီး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်”
“ငါတို့ ဒီတောင်ကို ကျော်ပြီး အနောက်ဘက်ပင်လယ်ကို ရောက်အောင်သွားမယ်၊ အဲဒီကျရင်တော့ တစ်ဖက်ကမ်းကို ခိုးကူးဖို့ နည်းလမ်းရှာလို့ ရပြီ”
ထိုလူသုံးယောက်သည် နောက်ဖေးဝင်းအတွင်း၌ စုရုံးကာ ၎င်းတို့၏ အစီအစဉ်ကို တိုင်ပင်နေကြ၏။
၎င်းတို့ထံသို့ အန္တရာယ်များ ချဉ်းကပ်လာနေသည်ကိုမူ လုံးဝ သတိမထားမိကြချေ။
ထိုအချိန်တွင် သစ်တောဦးစီးဌာနက တောနက်ထဲသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဟု ထင်မှတ်ထားရသော တောဝက်ဘုရင်သည် လင်းယန်၏ အိမ်အနီးသို့ ပြန်လည်ရောက်ရှိလာလေသည်။
တောဝက်ဘုရင်သည် နှာခေါင်းကို ရှုံ့ကာ အနံ့ခံလိုက်ရာ ရင်းနှီးနေသော အနံ့တစ်ခုကို ရရှိလိုက်၏။
ဤနေရာသည် အမှန်တကယ်ပင် ထိုအနံ့လာရာနေရာဖြစ်သည်မှာ သေချာလှပေသည်။
“ဟင်းချက် အလွန်ကောင်းသည့် ထိုလူသားသည် ငါ့ကို ဘာကြောင့် လက်မခံရသနည်း”
တောဝက်ကြီးသည် တွေးနေမိ၏။
ဤရက်ပိုင်းအတွင်း ၎င်းမှာ ဝလင်စွာ စားသောက်ရခြင်း မရှိခဲ့ချေ။ ၎င်းသည် လောကီစည်းစိမ်ကို သိနားလည်သော ဝက်တစ်ကောင်ဖြစ်ရာ တောင်ပေါ်မှ တောသီးတောနှံများကို မည်သို့လျှင် စားသုံးချင်ပါတော့မည်နည်း။
သစ်တောဦးစီးဌာန၏ စောင့်ကြည့်မှုများ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းသည် ဝေ့ဝိုက်လှည့်ပတ်ကာ ဤနေရာသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဇွဲနပဲကြီးစွာ ကြိုးစားမှုသည် အရာထင်ခဲ့ပြီးနေရာမှန်ကို ရောက်လာခဲ့ပြီဖြစ်သည်။
“ငါတော့ မောလို့ သေတော့မှာပဲ”
ဤနှစ်ရက်အတွင်း ကောင်းကောင်းမွန်မွန် မစားရသဖြင့် ၎င်း၏ ကိုယ်အလေးချိန်မှာ သိသိသာသာ လျော့ကျသွားသကဲ့သို့ ခံစားနေရသည်။
တောဝက်ဘုရင်သည် တံခါးကို တိုက်ဖျက်ရန် ပြင်လိုက်စဉ်မှာပင် ဟင်းချက်တတ်သော ထိုလူသားကို သတိရသွား၏။
ထိုလူသားသည် အရာရာကို ရင်ဆိုင်နိုင်စွမ်းရှိသူ ဖြစ်သည်။ ငါသာ သူ၏ တံခါးကို ဖျက်ဆီးလိုက်လျှင် ငါ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးတော့မည် မဟုတ်ပေ။
ဤသို့ တွေးမိလိုက်သဖြင့် တောဝက်ဘုရင်သည် အနည်းငယ် ဂဏှာမငြိမ်ဖြစ်ကာ နောက်ခြေထောက်များဖြင့် မြေကြီးကို ယက်နေမိလေသည်။
တံခါးကို မဖျက်ဘဲ အထဲသို့ မည်သို့ ဝင်ရပါမည်နည်း။
ထိုစဉ်မှာပင် အခွင့်အရေးကြီးက ရောက်ရှိလာတော့သည်။ အကြောင်းမှာ နောက်ဖေးတံခါး ပွင့်သွားခြင်းကြောင့် တောဝက်ဘုရင်၏ မျက်လုံးများ ဝင်းလက်သွားကာ မွှေးကြိုင်သော အနံ့တစ်ခုကိုလည်း ရရှိလိုက်လေသည်။
“ရှူး... ရှူး”
“အစ်ကိုကြီး... ထူးဆန်းတဲ့ အသံတွေ ကြားလိုက်မိလား”
မျောက်ပိန် သည် လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ကာ လူကောင်ကြီးကို ဆွဲလိုက်၏။
လူကောင်ကြီးသည် ခေါင်းခါလျက် ဆိုသည်။
“ငါတို့ နောက်က ဝက်တွေ အော်နေတာ ဖြစ်မှာပါ၊ မြန်မြန်သွားရအောင်၊ မိုးလင်းရင် ရွာသားတွေ အားလုံး နိုးကုန်တော့မယ်”
၎င်းသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် မှောင်မိုက်သော ညဉ့်နက်အတွင်း၌ နီရဲနေသော မျက်လုံးတစ်စုံကို မြင်တွေ့လိုက်ရ၏။
သူသည် အလွန်အမင်း ထိတ်လန့်သွားကာ နောက်သို့ ခုန်ဆုတ်လိုက်ရာ ဖက်ဒေါ့ကသာ နောက်မှ လှမ်းမဖမ်းထားပါက မြေကြီးပေါ်သို့ လဲကျသွားပေလိမ့်မည်။
“ဟာ... သွားပြီ၊ ဒါ ဘာကြီးလဲ”
မျောက်ပိန် သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ကြောက်လန့်တကြား နောက်သို့ ဆုတ်ကာ တုန်တုန်ယင်ယင် ပြောလိုက်လေသည်။
“အ-အစ်ကိုကြီး၊ ဒါ တောဝက်ကြီး တစ်ကောင်နဲ့ တူတယ်”
တောဝက်ဘုရင်သည် ၎င်းတို့အား မထီမဲ့မြင် ပြုံးကြည့်လိုက်၏။
ကြောက်တတ်သော ဤလူသားများအနေဖြင့် ၎င်းကို မြင်တွေ့လျှင် ဤကဲ့သို့ တုံ့ပြန်မှုမျိုး ရှိသင့်သည် မဟုတ်ပါလော။
၎င်းသည် လူကောင်ကြီး ကိုင်ဆောင်ထားသော ပုံးငယ်လေးဆီသို့ ချက်ချင်းပင် အာရုံရောက်သွားလေသည်။
ထိုအထဲတွင် အရသာရှိသော အရာတစ်ခုခု ရှိနေရမည်ဟု တောဝက်ဘုရင်သည် ယူဆလိုက်၏။ ၎င်းသည် မဆိုင်းမတွပင် လူကောင်ကြီးထံသို့ ဦးတည်ကာ ပြေးဝင်လေတော့သည်။
လူကောင်ကြီးသည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် အတင်းအဓမ္မ ထွက်ပြေးရတော့၏။
“ပြေးကြလေ၊ မင်းတို့နှစ်ယောက် ဘာရပ်ကြည့်နေတာလဲ၊ တောဝက် တိုက်တာကို ခံချင်လို့လား”
၎င်းတို့ သုံးဦးစလုံးသည် ပျာပျာသလဲဖြင့် ထွက်ပြေးကြသော်လည်း တောဝက်ဘုရင်ကမူ မဆုတ်မနစ် လိုက်လံတိုက်ခိုက်လေသည်။
“အစ်ကိုကြီး... အဲဒါကြီးက ဘာလို့ ငါတို့ကို အတင်းလိုက်နေတာလဲ”
ဖက်ဒေါ့မှာ စိတ်ပျက်အားငယ်ကာ အစားအသောက်များကို အဝစားထားပြီးဖြစ်ရာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် အလျဉ်းဆန္ဒမရှိပေ။
လူကောင်ကြီးက သွားကို ကြိတ်ကာ ပြန်ပြောလေသည်။
“ငါက ဘယ်လိုလုပ် သိမှာလဲ၊ ဒီတောဝက်က ဘယ်ကနေ ရုတ်တရက် ရောက်လာတာလဲ မသိဘူး”
ထိုတောဝက်ကြီး၏ ချွန်ထက်လှသော အစွယ်များသည် မြင်ရသူအပေါင်းကို တုန်လှုပ်ချောက်ချားစေ၏။
၎င်းတို့သည်သာ ဤတောဝက်၏ တိုက်ခိုက်မှုကို ခံရပါက ပြည်ပသို့ ထွက်ပြေးရန် မလိုတော့ဘဲ ဤနေရာ၌ပင် မြေမြှုပ်ခံရပေလိမ့်မည်။
အနှေးကွေးဆုံးဖြစ်သော မျောက်ပိန်မှာမူ အောဟစ်နေတော့သည်။
“ကယ်ကြပါဦး၊ ကယ်ကြပါဦး”
“တောဝက်ကြီးရယ်... ကျွန်တော်တို့ကို လွှတ်ပေးပါဗျာ၊ ကျွန်တော်တို့ ဘာမှားလုပ်မိလို့လဲ”
တောဝက်ဘုရင်မှာမူ ဆာလောင်လွန်းသဖြင့် ရူးသွပ်မတတ် ဖြစ်နေရာ ထိုလူသုံးယောက်၏ အော်ဟစ်သံများကို လုံးဝ ဂရုမစိုက်ပေ။
မျောက်ပိန် သည် လမ်းပေါ်ရှိ ကျောက်ခဲတစ်ခုကို ခလုတ်တိုက်ကာ မြေပေါ်သို့ လဲကျသွားလေသည်။
သူသည် ဤနေရာ၌ပင် သေရတော့မည်ဟု ထင်မှတ်နေစဉ်မှာပင် တောဝက်ဘုရင်သည် သူ့ကို ကျော်ဖြတ်ကာ ရှေ့ဆုံးမှ ပြေးနေသော လူကောင်ကြီးထံသို့သာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။
လူကောင်ကြီးသည် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကာ ပို၍ပင် မြန်အောင် ပြေးလေတော့သည်။
“မင်းက ငါ့ကိုပဲ ဘာလို့ လိုက်နေရတာလဲ”
မျောက်ပိန် သည် မြေကြီးပေါ်မှ ထရပ်ကာ တွေးတောနေမိ၏။
“ဟင်... ငါ့ကို မလိုက်ဘူးလား၊ ငါက ပိန်လွန်းလို့ စားလို့မကောင်းဘူး ထင်နေတာလား”
ဖက်ဒေါ့သည် သူ၏ ပုခုံးကို ပုတ်ကာ သတိပေးလေသည်။
“ဒါတွေ လျှောက်တွေးမနေနဲ့တော့၊ အစ်ကိုကြီးကို ဘယ်လိုကယ်ရမလဲ မြန်မြန်စဉ်းစားဦး”
လူကောင်ကြီးမှာ တောဝက်ဘုရင်၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရသဖြင့် ကြောက်လန့်တကြား အော်ဟစ်နေရ၏။
ထိုချွန်ထက်သော အစွယ်များသည် သူ၏ တင်ပါးကို တစ်ခါတစ်ရံ ဝေ့ယမ်းထိပါးသွားတတ်လေသည်။
နောက်ဆုံးတွင် အခြားနည်းလမ်း မရှိတော့သဖြင့် ၎င်းသည် သစ်ပင်တစ်ပင်ပေါ်သို့ အတင်းတက်သွားရတော့သည်။
သို့သော်လည်း တောဝက်ဘုရင်သည် ထိုနေရာမှ ထွက်ခွာသွားခြင်း မရှိပေ။
၎င်းသည် နီရဲသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။
၎င်းတို့ သုံးဦး၏ ဆူညံသံများသည် တစ်ရွာလုံးကို နိုးကြားသွားစေရန် လုံလောက်လှပေသည်။
မကြာမီမှာပင် ရွာရှိ အိမ်တိုင်း၌ မီးများ လင်းထိန်လာတော့သည်။
“အပြင်မှာ တစ်ခုခု ဖြစ်နေသလားလို့ ငါထင်တယ်”
“ငါလည်း ကြားတယ်၊ တစ်ယောက်ယောက် ကယ်ပါဦးလို့ အော်နေသလိုပဲ”
“ဘာဖြစ်တာလဲ သွားကြည့်ကြရအောင်”
“ရွာသူကြီး နိုးပြီလား သွားကြည့်စမ်း”
ရွာသူကြီးသည်လည်း အိပ်ရာမှ ထလာလေသည်။ အအိပ်ဆတ်သူဖြစ်သောကြောင့် ယခုကဲ့သို့ ဆူညံနေပါက မည်သို့မျှ အိပ်ပျော်နိုင်ပါမည်နည်း။
သူကြီးသည် အပေါ်အင်္ကျီကို ဝတ်ဆင်ကာ လက်နှိပ်ဓာတ်မီးကို ကိုင်လျက် အပြင်သို့ ထွက်လာခဲ့သည်။
အခြားရွာသားများလည်း နိုးနေကြပြီဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရ၏။
“သူကြီး... အဲဒီအသံကို သူကြီးလည်း ကြားတယ် မဟုတ်လား”
ရွာသူကြီးက ခေါင်းညိတ်ကာ မေးမြန်းလေသည်။
“ဘယ်သူ့ကလေးက အဲဒီလို အော်နေတာလဲ”
ဤညဉ့်နက်သန်းခေါင်ယံတွင် အဘယ်ကြောင့် မအိပ်ဘဲ နေကြသနည်း။
“သူကြီး... အဲဒါ ငါတို့ရွာက လူတွေ မဟုတ်ဘူး ထင်တယ်”
“ငါနဲ့အတူ လိုက်ခဲ့ကြ၊ သွားကြည့်ရအောင်”
သူကြီးသည် သန်သန်မာမာ လူငယ်တစ်စုကို ဦးဆောင်ကာ ဆူညံသံထွက်ပေါ်ရာဆီသို့ လျှောက်လှမ်းခဲ့သည်။
အနီးကပ် ကြည့်ရှုလိုက်သောအခါတွင် မျောက်ပိန် နှင့် ဖက်ဒေါ့တို့မှာ တောဝက်ဘုရင်၏ လိုက်လံခြင်းကို ခံနေရသည်ကို တွေ့ရှိလိုက်ရ၏။
တောဝက်ဘုရင်သည် မူလက လူကောင်ကြီးကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သော်လည်း ထိုသူနှစ်ဦးမှာ သစ္စာရှိလှသဖြင့် ၎င်းတို့၏ အစ်ကိုကြီးကို ကယ်တင်ရန် နည်းလမ်းရှာနေကြသောကြောင့် တောဝက်ဘုရင်မှာ အမှန်တကယ်ပင် ဒေါသထွက်သွားရခြင်း ဖြစ်၏။
၎င်းသည် သူတို့ကို နေရာအနှံ့ လိုက်လံတိုက်ခိုက်တော့သည်။
သစ်ပင်ပေါ်သို့ ရောက်နေသော လူကောင်ကြီးမှာမူ အောက်သို့ ဆင်းရန် လုံးဝ မဝံ့ရဲတော့ချေ။ သူသည် အောက်သို့ ဆင်းရန် ဟန်ပြင်လိုက်တိုင်း တောဝက်ဘုရင်မှာ ချက်ချင်းပင် ပြန်လည်ရောက်ရှိလာတတ်သောကြောင့် ဖြစ်သည်။
သူ့ကိုမှ ဘာကြောင့် ပစ်မှတ်ထားနေရသလဲဆိုသည်ကို သူ အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေရ၏။
“မင်းတို့က ဘယ်ရွာကလဲ၊ မင်းတို့ကို ငါတစ်ခါမှ မမြင်ဖူးပါလား”
ရွာသူကြီးသည် ထိုသူစိမ်းသုံးဦးကို စိုက်ကြည့်နေရင်း စိတ်ထဲ၌ မသင်္ကာမှုများ ဖြစ်ပေါ်လာလေသည်။
၎င်းတို့ သုံးဦးမှာ ဒဏ်ရာများ ရရှိထားပြီး မျက်နှာများမှာလည်း ဖူးရောင်နေသော်လည်း မျက်နှာပေါက်ကိုမူ ခွဲခြား၍ ရနိုင်သေး၏။
၎င်းတို့သည် ဤရွာမှ လူများ မဟုတ်သည်မှာကား သေချာလှပေသည်။
လူကောင်ကြီးသည် စကားများကို ထစ်ထစ်ငေါ့ငေါ့ ပြောဆိုနေပြီး လက်နှိပ်ဓာတ်မီး မျက်နှာကိုလည်း လက်ဖြင့် ကာနေ၏။
လူများက သူ့ကို မှတ်မိသွားမည်ကို စိုးရိမ်နေသည့်ပုံ ပေါ်နေသည်။
သို့သော် ထိုသို့သောအမူအရာက ရွာသူကြီးအား ပို၍ပင် သံသယပွားစေလေတော့သည်။
“ဒီကိစ္စတွေကို ခဏထားပြီး ကျွန်တော်တို့ကို အရင်ကယ်ပါဦး၊ ဒီတောဝက်ကြီးကို မောင်းမထုတ်ရင် ကျနော်တို့သေတော့မယ်”
မျောက်ပိန် ၏ အသံမှာ အော်ဟစ်လွန်းသဖြင့် အသံပင်ဝင်နေပြီ ဖြစ်သည်။
သူ၏ စိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများက ဖုံးလွှမ်းနေ၏။
ရွာသူကြီးက အကဲခတ်ကြည့်ရှုပြီး တွေးတောနေမိ၏။
“ဒီတောဝက်ကို ဘာလို့ ဒီလောက်ရင်းရင်းနှီးနှီး သိနေတယ်လို့ ခံစားနေရတာပါလဲ”
ဤတောဝက်သည် လွန်ခဲ့သော ရက်အနည်းငယ်က လင်းယန်၏ အိမ်တွင် ပေါ်လာခဲ့သော တောဝက်ကြီး မဟုတ်ပါလော။
သစ်တောဦးစီးဌာနက ဤတောဝက်ဘုရင်ကို တောနက်ထဲသို့ ပြန်လွှတ်လိုက်ပြီဖြစ်ရာ ၎င်းသည် ဤရွာသို့ မည်သို့ ပြန်လည်ရောက်ရှိလာပါသနည်း။
ဤတောဝက်ဘုရင်သည် ဤရွာ၏ ဂေဟစနစ်ကို အမှန်တကယ်ပင် နှစ်သက်နေလေသလော။
“သူကြီး... ဒီလူသုံးယောက်ကို ကျွန်တော် မြင်ဖူးသလိုပဲ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ ခံစားရတယ်”
“ငါ မှတ်မိပြီ၊ သူတို့က တီဗွီထဲမှာ ပါနေတဲ့ တရားမဝင် အမဲလိုက်သမား သုံးယောက် မဟုတ်လား”
“ရဲအရာရှိတွေက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ဒီကိစ္စကို သေချာပြောသွားတာ၊ ငါတို့ရွာကို ရောက်လာလိမ့်မယ်လို့ ထင်ကို မထင်ထားဘူး”
ရွာသားများက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ၏။
ရွာသူကြီးသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားကာ ရေရွတ်လိုက်လေသည်။
“ဘာ... ဒီလူသုံးယောက်က အလိုရှိနေတဲ့ ရာဇဝတ်ကောင်တွေလား”
“ရဲကို မြန်မြန်ဖုန်းဆက်ကြ၊ ဒီလူသုံးယောက်ကို လုံးဝ အလွတ်မပေးနိုင်ဘူး”
ရွာသားများသည် ချက်ချင်းပင် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားကြ၏။
ထိုလူသုံးဦးမှာ ထွက်ပြေးရန် ကြိုးစားကြသော်လည်း တောဝက်ဘုရင်ကမူ လုံးဝ ခွင့်မပြုပေ။
ထိုအချိန်တွင် ၎င်းတို့ သုံးဦးစလုံးမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြတော့သည်။ နောက်ဆုံးတွင် မျောက်ပိန် နှင့် ဖက်ဒေါ့တို့သည်လည်း သစ်ပင်ပေါ်သို့ အတင်းတက်သွားကြရ၏။
တောဝက်ဘုရင်သည် အခြားရွာသားများကိုမူ တိုက်ခိုက်ခြင်း မပြုဘဲ သစ်ပင်အောက်၌သာ စောင့်ဆိုင်းနေလေသည်။
ရွာသားတစ်ဦးက သူ၏ ဆံပင်များကို ကုတ်လျက် ရိုးသားသော ပုံစံဖြင့် ဆို၏။
“ဒီမြင်ကွင်းက လူတိုင်းနဲ့ ရင်းနှီးနေသလိုပဲနော်”
“ဟုတ်တယ်၊ ဒီမြင်ကွင်းကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ”
“ထူးဆန်းလိုက်တာ၊ တောဝက်ဘုရင်က တကယ်ပဲ ဉာဏ်ရည်တွေ တိုးတက်လာတာလား၊ သူက ဒီရာဇဝတ်ကောင်တွေကိုပဲ တိုက်ခိုက်ပြီး ငါတို့ကိုကျတော့ မလိုက်ဘူး”
“မင်းပြောမှပဲ သတိထားမိတော့တယ်၊ တကယ်ပဲ”
ရုတ်တရက်ပင် လူတိုင်း၏ တောဝက်ဘုရင်အပေါ် ထားရှိသော အမြင်များမှာ ပြောင်းလဲသွားတော့သည်။
ခဏအကြာတွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြ၏။သစ်တောဦးစီးဌာနမှ လူများလည်း ၎င်းတို့နှင့်အတူ လိုက်ပါလာကြသည်။
ရှောင်ဝမ်သည် ရှီးရွှေကျေးရွာသို့ ဤမျှ မကြာခဏ ရောက်လာရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ယခုတစ်ကြိမ်တွင်လည်း တောဝက်ဘုရင်၏ ကိစ္စကို ဖြေရှင်းရန် ရောက်ရှိလာခြင်း ဖြစ်သည်။
တောဝက်ဘုရင်သည် တောနက်ထဲသို့ လွှတ်လိုက်သော်လည်း မည်သို့သော နည်းလမ်းဖြင့် ရှီးရွှေကျေးရွာသို့ ပြန်လည်ရောက်ရှိလာသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်၏။
ခရိုင်ရဲစခန်းမှ ကပ္ပတိန်လျူသည် ရွာသူကြီးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
“အလိုရှိနေတဲ့ ရာဇဝတ်ကောင်တွေက ဟိုသစ်ပင်ပေါ်မှာဗျ”
ရွာသူကြီးက ညွှန်ပြလေသည်။
ကပ္ပတိန်လျူသည် လည်ပင်းကို ဆန့်ကာ ကြည့်လိုက်၏။
အလိုရှိနေသော ရာဇဝတ်ကောင် သုံးဦးသည် သစ်ပင်ပင်စည်ကို တင်းကျပ်စွာ ဖက်ထားကြပြီး ကပ္ပတိန်ကို မြင်လိုက်ရသောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ၎င်းတို့၏ မျက်လုံးများမှာ ဝင်းလက်သွားကြလေသည်။
“ကျွန်တော်တို့ အဖမ်းခံပါ့မယ်၊ ဒါပေမဲ့ ဒီတောဝက်ကြီးကို အရင်ဆုံး မောင်းထုတ်ပေးကြပါဦး”
ကပ္ပတိန်လျူမှာ ပြောစရာ စကားပင် မရှိတော့ဘဲ မေးမြန်းလိုက်၏။
“မင်းတို့ သူရဲ့ သားပေါက်တွေကို ခိုးလာတာမလား၊ မဟုတ်ရင် အဲဒါကြီးက ဘာလို့ မင်းတို့သုံးယောက်နောက်ကိုပဲ တကောက်ကောက် လိုက်နေရတာလဲ”
လူကောင်ကြီးက ချက်ချင်းပင် ကောင်းကင်ကို တိုင်တည်ကာ ကျိန်ဆိုလေတော့သည်။
“ကျွန်တော် ကျိန်ရဲပါတယ်၊ ဒီတောဝက်ကြီးကို တစ်ခါမှ မမြင်ဖူးပါဘူး၊ သူ့သားပေါက်တွေကို ခိုးဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်”
မျောက်ပိန် ကလည်း ဝင်ပြော၏။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့က မြွေအနည်းငယ်ပဲ ဖမ်းချင်ခဲ့တာပါ၊ ဒါပေမဲ့ ဘာမှလည်း မဖမ်းရသေးခင်မှာပဲ ဒီတောဝက်ကြီးက လိုက်တိုက်တော့တာပဲ”
ဖက်ဒေါ့မှာမူ မျက်ရည်များကိုသာသုတ်ကာ တိတ်နေလေသည်။
ထိုလူသုံးယောက်မှာ အမှန်တကယ်ပင် သနားစဖွယ် ဖြစ်နေကြ၏။
ကပ္ပတိန်လျူက လက်ကို ဝေ့ယမ်းကာ ဆိုသည်။
“ကဲ... ကဲ... မင်းတို့ သုံးယောက်ကို နောက်ဆုံးတော့ ဖမ်းမိပြီပဲ၊ ငါနဲ့အတူ စခန်းကို လိုက်ခဲ့ကြတော့”
မျောက်ပိန် က အားနည်းသောအသံဖြင့် တောင်းဆိုလေသည်။
“ဒီတောဝက်ကြီးကို အရင် ထွက်သွားခိုင်းပေးလို့ ရမလားခင်ဗျာ”
ဤတောဝက်ဘုရင်ကို ရင်ဆိုင်နေရခြင်းနှင့်ယှဥ်လျှင် ထောင်ကျရခြင်းမှာ ပို၍ပင် ကောင်းသေးသည်။ အနည်းဆုံးတော့ အသက်ရှင်နေရမည် မဟုတ်ပါလော။
ကပ္ပတိန်လျူက ဘေးရှိ ရှောင်ဝမ်ကို ကြည့်ကာ လွှဲပြောင်းပေးလိုက်လေသည်။
“ဒီလိုကိစ္စမျိုးကတော့ မင်းတို့ သစ်တောဦးစီးဌာနရဲ့ အလုပ်ပဲ”
“ဆရာကြီး... ထပါဦး”
လင်းယန်သည် တစ်စုံတစ်ယောက်က သူ့ကို တွန်းနှိုးနေသဖြင့် တဝက်တပျက် နိုးလာ၏။
ဤညဉ့်သန်းခေါင်ယံတွင် ဘာကြောင့် မအိပ်ကြသနည်း။
“အပြင်မှာ တစ်ခုခု ဖြစ်နေပုံပဲ၊ ရွာထဲမှာ မီးတွေ အားလုံး လင်းနေတာ တွေ့တယ်”
“ခြံထဲက ဝက်တွေကလည်း မရပ်တမ်း အော်နေကြတာ၊ ဆရာကြီး ဘာမှ မကြားဘူးလား”
လင်းယန်သည် သူ၏ မျက်လုံးများကို အတင်း ဖွင့်လိုက်ရ၏။ သူသည် အမြဲတမ်း နှစ်ခြိုက်စွာ အိပ်ပျော်တတ်သူဖြစ်ရာ သာမန်ဆူညံသံများဖြင့် သူ့ကို နှိုးရန် ခက်ခဲလှပေသည်။
“ငါ ဘာမှ မကြားမိပါလား၊ ဘာဖြစ်လို့လဲ”
ထိုအချိန်တွင် ချောင်ရှီးဖုန်းသည်လည်း လင်းယန်၏ အခန်းတံခါးဝသို့ ရောက်ရှိလာလေသည်။
“မင်းလည်း နိုးလာတာလား”
“တစ်ယောက်ယောက် ကယ်ပါဦးလို့ အော်နေတာ ကြားလိုက်သလိုပဲ၊ အပြင်ထွက်ပြီး သွားကြည့်ကြမလား”
“သွားကြည့်ကြတာပေါ့၊ သူခိုးတွေ အိမ်ထဲဝင်လာတာတော့ မဟုတ်လောက်ပါဘူးနော်၊ သူခိုးဝင်ရင်တောင် ကိစ္စမရှိပါဘူး၊ ငါ ခြံနှစ်ခုလုံးမှာ လုံခြုံရေးကင်မရာတွေ တပ်ထားပြီးသားပဲ”
ရန်အာဟူသည် ဝက်များ ဘာကြောင့် အော်နေရသနည်းဆိုသည်ကို သိရှိနိုင်ရန် လင်းယန်ကို နောက်ဖေးဝင်းဆီသို့ တိုက်ရိုက် ဆွဲခေါ်သွားလေသည်။
ထိုအခါ နောက်ဖေးတံခါး ပွင့်နေပြီး ခြံထဲရှိ ပစ္စည်းများမှာလည်း ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ရန်အာဟူသည် အံ့အားသင့်သွားကာ ရေရွတ်မိလေသည်။
“သူတို့ တကယ်ကြီး ဝင်လာတာလား”
ကျားမကြီးနှင့် ကျားပေါက်လေး နှစ်ကောင်၊ ပြီးနောက် ဟန်ဟော့တို့မှာ ပုံမှန်အားဖြင့် ရှေ့ဝင်း၌သာ နေထိုင်ကြခြင်း ဖြစ်သည်။ နောက်ဖေးဝင်း၌မူ ဝက်အနည်းငယ်သာ ရှိလေသည်။
လင်းယန် မျက်နှာအမူအရာ ပြောင်းလဲသွား၏။ အပြင်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ၎င်းသည် ချက်ချင်းပင် အပြင်သို့ ထွက်ကာ ဆိုလေသည်။
“ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်”
၎င်းတို့ ရောက်ရှိသွားသောအခါတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရဲအရာရှိများကို တွေ့ရှိလိုက်ရ၏။ ရွာသားအများအပြားလည်း ထိုနေရာ၌ ရှိနေကြသည်။
လင်းယန်သည် အနည်းငယ် ဇဝေဇဝါဖြစ်ကာ မေးလိုက်လေသည်။
“သူကြီး... ဒီညဉ့်နက်ကြီးမှာ မအိပ်ဘဲ ဘာလုပ်နေကြတာလဲ”
“ကျွန်တော်တို့ရွာက ညဉ့်နက်သန်းခေါင် အစည်းအဝေးလုပ်တာကို မကြိုက်ဘူး မဟုတ်လား”
ရွာသူကြီးက သူ့ကို စိတ်ပျက်လက်ပျက် ကြည့်ကာ ပြန်မေး၏။
“အပြင်မှာ ဒီလောက် ဆူညံနေတာကို မင်း အခုမှ ကြားတာလား”
လင်းယန်က သူ၏ ခေါင်းကို အနည်းငယ် ကုတ်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
“ကျွန်တော်က အိပ်ပျော်သွားရင် ဘာမှသိတော့တာ မဟုတ်ဘူး၊ ဘာတွေဖြစ်နေတာလဲ”
ရွာသူကြီးက တောဝက်ဘုရင်ရှိရာသို့ မေးထိုးပြကာ ဆို၏။
“မင်းရဲ့ သူငယ်ချင်းဟောင်းကြီး ပြန်ရောက်နေပြီလေ”
လင်းယန်သည် ပြောစရာစကားမရှိသလိုပင်ဖြစ်သွား၏။
“မင်းက ဒီကို ဘာလာလုပ်တာလဲ”
တောဝက်ဘုရင်သည် လင်းယန်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားသွားသော်လည်း သူထံသို့ မချဉ်းကပ်ရဲချေ။
အကြောင်းမှာ ဤလူသားထံမှ ထွက်ပေါ်နေသော ခွန်အားမှာ ၎င်းအတွက် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
ရွာသူကြီးက လင်းယန်၏ ပုခုံးကို ပုတ်ကာ ပြောလေသည်။
“ဒီလို ဂုဏ်ထူးဆောင် သူရဲကောင်းတစ်ယောက်အပေါ်မှာ သိပ်ပြီး မပြင်းထန်ပါနဲ့ဦး”
လင်းယန်က နားမလည်နိုင်ဖြစ်ကာ မေးမြန်းလိုက်၏။
“ဗျာ၊ ဂုဏ်ထူးဆောင်တဲ့လားဗျ၊ ဘယ်လိုဖြစ်တာလဲဗျ”
ရွာသူကြီးက ရယ်မောလျက် ရှင်းပြလေတော့သည်။
“မင်းရဲ့ သူငယ်ချင်းဟောင်းကြီးက အခုဆိုရင် နိုင်ငံတော်ရဲ့ သူရဲကောင်း ဖြစ်နေပြီလေ၊ ထွက်ပြေးနေတဲ့ ဝရမ်းပြေးရာဇဝတ်ကောင် သုံးယောက်ကို သူက ဖမ်းပေးလိုက်တာ၊ သူတို့တွေက လွန်ခဲ့တဲ့ နှစ်ရက်လောက်က မင်းတို့ ရှာနေတဲ့ တရားမဝင် အမဲလိုက်သမားတွေပဲ”