← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅)

လင်းယန်သည် တောဝက်ဘုရင်အား မယုံကြည်နိုင်သလို စိုက်ကြည့်နေမိ၏။

“မင်းမှာ ဒီလိုအရည်အချင်းမျိုး ရှိတာလား”

တောဝက်ဘုရင်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝက်သံပေးလေသည်။

၎င်းသည် လူသားများ မည်သည့်အကြောင်းကို ပြောဆိုနေကြသည်ကို ကောင်းစွာနားမလည်သော်လည်း ဤစာကြောင်းတစ်ကြောင်းကိုမူ သဘောပေါက်နေ၏။

ယခုအခါတွင် ၎င်းသည် အလုပ်တစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဟူသော အချက်ပင် ဖြစ်သည်။ ဤလူသားများသည် ၎င်းအား ခက်ခက်ထန်ထန် ဆက်ဆံကြတော့မည်မဟုတ်ပေ။

“ထူးဆန်းလှချည်လား၊ ဒီကောင်က အဲဒီဝရမ်းပြေးတွေကိုပဲ လိုက်ဖမ်းပြီး ရွာသားတွေကိုတော့ တစ်ယောက်မှ ရန်မပြုဘူး”

“တကယ့်ကို သိက္ခာရှိတဲ့ ဝက်ကြီးပဲ”

ရွာလူကြီးက သက်ပြင်းချကာ ဆိုလေသည်။

လင်းယန်သည် ချက်ချင်းပင် ထူးခြားချက်ကို သတိပြုမိသွား၏။ ဝရမ်းပြေး၏လက်ထဲရှိ ပုံးမှာ သူ၏ဝက်များကို အစာကျွေးရာတွင် သုံးသည့် ဝက်စာပုံး ဖြစ်နေသည် မဟုတ်ပါလော။

တောဝက်ဘုရင်သည် အစာကို မက်မော၍ လိုက်ခြင်းမှာ ထင်ရှားလှသော်လည်း ရွာသားများ၏ အမြင်တွင်မူ ဝရမ်းပြေးများကို ဖမ်းဆီးရန် သီးသန့်လေ့ကျင့်ထားသော ဝက်တစ်ကောင်အဖြစ် ထင်မှတ်သွားကြတော့သည်။

တောဝက်များနှင့် ပတ်သက်၍ စာတမ်းများစွာ ရေးသားခဲ့ဖူးသည့် ချောင်ရှီးဖုန်းမှာလည်း မယုံကြည်နိုင်အောင် ဖြစ်နေရ၏။

တောဝက်များမှာ ထိုမျှအထိ အသိဉာဏ် မြင့်မားနိုင်ပါသလော။

ဤသည်မှာ လူသားတစ်ယောက်နှင့် မည်သို့ ကွာခြားတော့မည်နည်း။

လူသားများသည် မျောက်မှ ဆင်းသက်လာသောကြောင့် သူသည် လူသားများ၏ အသိဉာဏ်ကို ယှဉ်နိုင်သည်မှာ မျောက်များသာ ရှိသည်ဟု အမြဲတွေးထင်ခဲ့ဖူးသည်။

ထိုသို့ တွေးတောရင်း သူသည် တောဝက်ဘုရင်၏ ဓာတ်ပုံများကို အဆက်မပြတ် ရိုက်ကူးနေတော့သည်။

သူသည် တင်ဆက်မည့် အကြောင်းအရာအသစ်အတွက် အကြံကောင်းကို ရရှိသွားပြီ ဖြစ်သည်။

“ဒီကို လာခဲ့”

လင်းယန်သည် တောဝက်ဘုရင်ကို လက်လှမ်း၍ ခေါ်လိုက်၏။

တောဝက်ဘုရင်ကမူ မလာချင်ပေ။ ၎င်းသည် ဗိုက်ဆာနေဆဲ ဖြစ်သည်။ လူသားများသည် သူရဲကောင်းများကို ဤသို့ပင် ဆက်ဆံကြသလောဟု တွေးနေဟန် တူသည်။

တောဝက်ဘုရင် ထွက်ခွာသွားသည်နှင့် သစ်ပင်ပေါ်ရှိ ဝရမ်းပြေး သုံးဦးမှာလည်း အောက်သို့ ဆင်းလာနိုင်ကြတော့သည်။ မြေပြင်သို့ ရောက်သည်နှင့် ရဲတပ်ဖွဲ့က ၎င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားလေသည်။

“ဒါဆိုရင် ကျွန်တော်တို့ ဒီဝရမ်းပြေး သုံးယောက်ကို အရင်ခေါ်သွားပါမယ်၊ ကျန်တဲ့ကိစ္စတွေကိုတော့ ခင်ဗျားတို့ပဲ စီစဉ်လိုက်ကြပါတော့

သစ်တောဦးစီးဌာနမှ ရှောင်ဝမ်က ခေါင်းညိတ်ပြ၏။

သူတို့၏ နောက်ထပ် စိန်ခေါ်မှုမှာ တောဝက်ဘုရင်ကို မည်သို့ စီမံရမည်ဟူသော အချက်ပင် ဖြစ်သည်။

“ဒီတောဝက်ဘုရင်က သာမန်တောဝက်တွေနဲ့ သိသိသာသာ ကွဲပြားနေတယ်”

ရှောင်ဝမ်က သက်ပြင်းချကာ ဆို၏။

အမှန်အတိုင်း ပြောရလျှင် သူသည် ဤမျှအထိ ဉာဏ်ရှိသော ဝက်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ဝရမ်းပြေးများကို ဖမ်းရုံသာမက တောနက်ထဲမှ ရှီးဆွေရွာသို့ လမ်းကြောင်းမှန်အောင် ပြန်လာတတ်သည်မှာ အံ့ဩဖွယ်ပင် ဖြစ်သည်။

“ကျွန်တော် အခု စိုးရိမ်တာက ဒီကောင်ကို ဘေးမဲ့တောထဲ ပြန်ပို့ရင်တောင် လမ်းကြောင်းရှာပြီး ပြန်ရောက်လာဦးမှာပဲ”

ရွာလူကြီးကလည်း ခေါင်းညိတ်၍ ထောက်ခံလေသည်။

“ဒါက တကယ့်ကို ခက်ခဲတဲ့ ပြဿနာပဲ”

ရုတ်တရက် အကြံတစ်ခု ရသွားဟန်ဖြင့် ရှောင်ဝမ်သည် ဘေးနားရှိ လင်းယန်ကို ကြည့်ကာ မေးလိုက်၏။

“ဒါမှမဟုတ် လင်းယန်...မင်း ဒီတောဝက်ဘုရင်ကို မွေးစားဖို့ ဆန္ဒရှိလား”

လင်းယန်၏စိတ်ထဲတွင် မေးခွန်းများစွာဖြင့် ပြည့်နှက်သွားပြီး မိမိကိုယ်ကိုယ် လက်ညိုးထိုးကာ အံ ဩတကြီး မေးလိုက်သည်။

“ခင်ဗျားက ဒီတောဝက်ကို ကျွန်တော့်အိမ်မှာ ထားစေချင်တာလား”

“မဖြစ်နိုင်တာ”

သူသည် ချက်ချင်းပင် ငြင်းပယ်လိုက်၏။

အကယ်၍ တောဝက်တစ်ကောင်သာ အိမ်ဝင်းထဲတွင် ရှိနေပါက သူ၏ စိုက်ပျိုးမွေးမြူရေးခြံမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပေလိမ့်မည်။

အရှေ့မြောက်ကျားများကို မွေးစားထားပြီးပြီ၊ ယခု တောဝက်တစ်ကောင်ကိုပါ ထပ်မံမွေးမြူရမည်ဆိုပါက သူ၏အိမ်မှာ တိရစ္ဆာန်ရုံအလားဖြစ်သွားပေတော့မည်။

ယခုပင်လျှင် သူသည် နံနက်မိုးလင်း နိုးလာတိုင်း မိမိအိမ်မှာ တိရစ္ဆာန်ရုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားနေရသည်။

ရှောင်ဝမ်သည် အလျင်အမြန် ချော့မော့ပြောဆို၏။

“ရှောင်လင်း... ချက်ချင်းကြီး မငြင်းပါနဲ့ဦး”

“ခင်ဗျားကို အလကား ခိုင်းမှာ မဟုတ်ပါဘူး”

လင်းယန်ကမူ တစ်ဖက်လူသည် အရှေ့မြောက်ကျားများကို မွေးစားခိုင်းစဉ်ကကဲ့သို့ ဆင်ခြေမျိုး ပေးဦးမည်ဟု ထင်မှတ်နေသည်။

“မရပါဘူး၊ ခင်ဗျားတို့ အစာဖိုးပေးရင်တောင် ကျနော် မမွေးဘူး၊ ကျွန်တော့်အိမ်မှာ ဝက်တွေ အများကြီး ရှိပြီးသား၊ တောဝက်ကို ထပ်မမွေးနိုင်ဘူး၊ ဒါ့အပြင် ဒီတောဝက်က ကျွန်တော့်ဝက်တွေကို တစ်ခုခု လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ”

“တောဝက်ကြောင့် ဖြစ်လာမယ့် ဘယ်လို ဆုံးရှုံးမှုကိုမဆို ကျွန်တော်တို့ တာဝန်ယူပါ့မယ်”

ရှောင်ဝမ်က အလေးအနက် ဆိုလေသည်။

“ပြီးတော့ ဒါက သာမန်တောဝက်ဘုရင် မဟုတ်ဘူး၊ သူက နိုင်ငံတော်ရဲ့ ဝရမ်းပြေး သုံးယောက်ကို ဖမ်းပေးခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ သူရဲကောင်းပဲ၊ ဒါကြောင့် သူက ကြီးမားတဲ့ ဆုလာဘ်ကို ရမှာ သေချာတယ်၊ ခင်ဗျားသာ လက်ခံမွေးစားမယ်ဆိုရင် အဲဒီဆုကြေးငွေတွေက တိရစ္ဆာန်ထိန်းသိမ်းသူဆီကိုပဲ ရောက်မှာပါ”

လင်းယန်သည်မေးလိုက်၏။

“ဆုကြေးငွေလား၊ ခန့်မှန်းခြေ ဘယ်လောက်လဲ”

ရှောင်ဝမ်က ခဏမျှ စဉ်းစားကာ ဖြေကြားလိုက်၏။

“ကျွန်တော် မှတ်မိသလောက်ဆိုရင် ဝရမ်းပြေး တစ်ယောက်ကို တစ်သိန်းနှုန်းနဲ့ တခြား ဆုလာဘ်တွေလည်း ရှိဦးမှာပဲ”

“ကောင်းပါပြီ၊ ဒါဆို ကျွန်တော် မွေးစားဖို့ သဘောတူတယ်”

လင်းယန်သည် ချက်ချင်းပင် လေသံပြောင်သွားတော့သည်။

ထိုသည်မှာ စုစုပေါင်း ငွေကျပ် သုံးသိန်းမျှ ဖြစ်နေသည် မဟုတ်ပါလော။

ငွေကြေးနှင့် ပတ်သတ်လာလျှင် ငြင်းဆန်လိုသူ တစ်ဦးမျှ မရှိပေ။

သူသည် ယခုမှ လုပ်ငန်းစတင်သည့် အဆင့်တွင်သာ ရှိသေးသဖြင့် ဤငွေကြေးမှာ သူ၏ လုပ်ငန်းအောင်မြင်မှု အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

အရောင်းစာရင်းများကို ထည့်မတွက်လျှင်ပင် သုံးသိန်းဆိုသည်မှာ နည်းသော ပမာဏ မဟုတ်ပေ။

ထိုစကားကို ကြားသောအခါတွင် အခြားရွာသားများမှာ လုံးဝ မနာလိုမဖြစ်ကြပေ။

၎င်းတို့တွင် ဤတောဝက်ဘုရင်ကို မွေးစားရန် သတ္တိမရှိကြခြင်းကြောင့် ဖြစ်၏။

မိမိတို့၏ အသက်ကို မငဲ့ကွက်လျှင်ပင် မိသားစုဝင်များ၏ ဘေးကင်းလုံခြုံရေးကို စိုးရိမ်ရပေသည်။

အကယ်၍ တောဝက်ဘုရင်သည် သန်းခေါင်ယံအချိန်တွင် ရုတ်တရက် သောင်းကျန်းလာပါက ၎င်းတို့အနေဖြင့် မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ပေ။

လင်းယန်၏ အိမ်တွင် တိရစ္ဆာန်များကို လွတ်လပ်စွာ သွားလာခွင့်ပြုထားသည်ကိုလည်း သူတို့ ကန့်ကွက်ရန် မရှိကြပေ။

အကြောင်းမှာ လင်းယန်သည် တောဝက်တစ်ကောင်တည်းကို မွေးမြူနေခြင်း မဟုတ်ဘဲ အရှေ့မြောက်ကျား ကိုပါ မွေးမြူထားနိုင်သောကြောင့် ဖြစ်၏။

ထို့အပြင် လင်းယန်သည် တောဝက်ဘုရင်ကို လက်တစ်ချက်တည်းဖြင့် နှိမ်နင်းခဲ့သည့် သတင်းမှာလည်း ရွာထဲတွင် ပျံ့နှံ့နေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့မှာ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိကြတော့ပေ။

ရွာလူကြီးက သမ်းလိုက်ပြီး ဆိုသည်။

“ဒီညတော့ ဒီလောက်နဲ့ပဲ ရပ်ကြရအောင်၊ အားလုံးလည်း ပြန်ပြီး အိပ်ကြတော့”

လင်းယန်သည် တောဝက်ဘုရင်ကို နောက်ဖေးဝင်းထဲသို့ ခေါ်ဆောင်လာသည့်တိုင်အောင် ရန်အာဟူမှာ မူ လင်းယန်၏ ဆုံးဖြတ်ချက်ကို မယုံနိုင်သေးပေ။

“အတည်ကြီးလား ဆရာ၊ ကျွန်တော်တို့ တကယ်ပဲ ဒီနံစော်နေတဲ့ တောဝက်ဘုရင်ကြီးကို မွေးကြမှာလား”

တောဝက်ဘုရင်မှာမူ ဝက်ခြံထဲသို့ ပျော်ရွှင်စွာ တိုးဝင်သွားပြီး ဝက်စာခွက်ထဲတွင် ကျန်ရှိနေသော အစာများကို စားသောက်နေတော့သည်။

ဝက်ကလေးများမှာမူ ၎င်းအား ကြောက်ရွံ့လွန်းသဖြင့် ထောင့်တစ်နေရာတွင် ကပ်ကာ မလှုပ်ရဲဘဲ ရှိနေကြ၏။

တောဝက်ဘုရင်၏ ဗိုလ်ကျစိုးမိုးနေသော ပုံစံကို ကြည့်ပြီး ဤသည်မှာ ကောင်းသောလက္ခဏာ မဟုတ်ကြောင်း ရန်အာဟူခံစားနေရသည်။

“ဆက်ပြီးတော့ပဲ မွေးထားလိုက်ပါ၊ ယွမ်သုံးသိန်း ရမှာကို ဘာလို့ လက်မခံရမှာလဲ”

“အလွန်ဆုံးရှိရင် နောက်တစ်ခါ ဝက်စာ ပိုချက်ပေးလိုက်ရုံပေါ့”

လင်းယန်သည် နောက်ဖေးတံခါးကို ပိတ်လိုက်၏။

“မင်း ဒီနောက်ဖေးဝင်းထဲမှာပဲ ငြိမ်ငြိမ်နေ၊ ငါ့ဝက်တွေကိုတော့ ရန်မမူနဲ့”

လင်းယန်သည် ပြင်းထန်စွာ သတိပေးလိုက်သည်။

“မဟုတ်ရင်တော့ မင်းကို အစာကျွေးမှာ မဟုတ်ဘူး”

“မူး... မူး”

တောဝက်ဘုရင်သည် လင်းယန်၏ စကားကို နားလည်ဟန်ဖြင့် အသံပြုလိုက်၏။

ဤလူသားသည် အလွန်ခက်ထန်လှပေသည်။

သို့သော်လည်း ထိုသည်မှာ အရေးမကြီးပေ။

အဓိကမှာ ၎င်း၏ ရည်မှန်းချက် အောင်မြင်သွားသည်။

ဤနေရာတွင် နေထိုင်ရသရွေ့ ၎င်းသည် နေ့စဉ် အရသာရှိသော အစာများကို စားသောက်နိုင်မည် ဖြစ်သည်။

ထိုအချက်ကို တွေးမိရုံဖြင့်ပင် တောဝက်ကြီးမှာ ပျော်ရွှင်နေတော့သည်။

ချောင်ရှီးဖုန်းသည် သူ၏ဖုန်းထဲရှိ ဓာတ်ပုံအားလုံးကို စနစ်တကျ စီစဉ်နေ၏။

ရန်အာဟူသည် ထိုသည်ကို မြင်သောအခါ ချက်ချင်းပင် အနားသို့ ရောက်သွားလေသည်။

“အစ်ကိုချောင်... အစ်ကိုဗီဒီယို တည်းဖြတ်တာ တော်တော်ကျွမ်းတာပဲ၊ ကျွန်တော့်ကိုလည်း သင်ပေးပါဦးလား”

ချောင်ရှီးဖုန်း သည် လိုလိုလားလား သဘောတူလိုက်၏။

“ရတာပေါ့၊ ဒါက သိပ်မခက်တဲ့ပါဘူး”

ရန်အာဟူသည် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ဘေးနားရှိ လင်းယန်ကို ကြည့်ကာ ဆိုလေသည်။

“သူ‌ဌေး၊ ကျွန်တော် သတိထားမိတာက သူ‌ဌေးရဲ့ အကောင့်ကို သူ‌ဌေး သိပ်ပြီးဂရုတစိုက် မလုပ်ဖြစ်ဘူးထင်တယ်”

“ကြည့်ပါဦး၊ ဒီအကြောင်းအရာချင်း အတူတူကို အစ်ကိုချောင် ပြန်တင်တဲ့အခါတိုင်း Like နဲ့ Share တွေက သူ‌ဌေးထက် ဆယ်ဆလောက် ပိုများနေတယ်။”

“သူ‌ဌေးက အွန်လိုင်းပေါ်ကနေ အလုပ်လုပ်နေတာ မဟုတ်ဘူးလား၊ ဘာလို့ အကောင့်ကို သေချာ မစီမံတာလဲ

လင်းယန်က အားအင်ကုန်ခမ်းနေဟန်ဖြင့် ဆိုကာ ရှက်ကိုးရှက်ကန်းရယ်မောလိုက်၏။

“ငါက နေ့တိုင်း လယ်တောထဲမှာ အလုပ်များနေတာလေ၊ ဒီညတော့ သေချာလေ့လာမလို့ပဲ၊ ဒါပေမဲ့”

လင်းယန်စကားမဆုံး‌‌သေးခင်ပင် ရန်အာဟူသည် ချက်ချင်းပင် နားလည်သွားက ဆိုလေသည်။

“ညဘက်တွေမှာ Live တွေ လျှော့ကြည့်ဦး၊ မဟုတ်ရင် ပစ္စည်းတွေကို ဘယ်လို ရောင်းမလဲ”

လင်းယန်သည် ရန်အာဟူကို အပေါ်အောက် အကဲခတ်ကြည့်ကာ မေးလိုက်၏။

“မင်း အစ်ကိုချောင်ဆီက ဗီဒီယိုတည်းဖြတ်နည်း သင်ချင်တယ် ဆိုတာ ဟုတ်လား”

ရန်အာဟူသည် ပြန်ဖြေသည်။

“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”

“ဒါဆိုရင် ငါ့ရဲ့ အကောင့်ကို မင်းပဲ တာဝန်ယူလိုက်မလား”

“စိတ်မပူပါနဲ့၊ မင်းကို အလကား ခိုင်းမှာ မဟုတ်ဘူး၊ ငါ လစာတိုးပေးမယ်”

ရန်အာဟူသည် မိမိကိုယ်ကိုယ် လက်ညိုးထိုးကာ မေးလိုက်၏။

“ကျွန်တော် ဟုတ်လား၊ သူဌေး နောက်နေတာမလား၊ ကျွန်တော်လို အတွေ့အကြုံမရှိတဲ့လူတစ်ယောက်ကို ဆရာ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကို စီမံခိုင်းမလို့လား”

“သူဌေးရဲ့ အညံ့ဆုံးအကောင့်တောင် Follower တစ်သန်း ရှိတာနော်၊ လူသစ်လက်ထဲ ထည့်လိုက်ဖို့က သိပ်ပြီး စိတ်စောလွန်းရာ မရောက်ဘူးလား”

လင်းယန်သည် ဆက်တိုက် သမ်းဝေနေပြီး သူ၏ပုခုံးကို ပုတ်ကာ ဆိုလိုက်၏။

“ရပါတယ်၊ ငါ မင်းကို ယုံတယ်၊ မင်းက ငယ်ငယ်ကတည်းက ဘာကိုမဆို မြန်မြန်ဆန်ဆန် သင်ယူနိုင်တဲ့သူပဲ၊ အစ်ကိုချောင်ရဲ့ သင်ကြားမှုနဲ့ဆိုရင် ဒါက မင်းအတွက် ခက်ခဲမှာ မဟုတ်ပါဘူး”

“လစာအနေနဲ့ကတော့ ကြည့်ရှုသူ အရေအတွက် တစ်သိန်းပြည့်တိုင်း ငါ မင်းကို ယွမ်တစ်ရာ ပေးမယ်”

လင်းယန်သည် နေ့စဉ် Live လွှင့်နေသူသော်လည်း ဗီဒီယိုတစ်ခုလျှင် အနည်းဆုံး ကြည့်ရှုသူ သုံးသိန်းမှ လေးသိန်းအထိသာ ရှိနေတတ်သည်။ထိုပမာဏသည် အခြားသော နာမည်ကြီးstreamer များ၏ပျမ်းမျှ ကြည့်ရှုသူပမာဏနှင့် ယှဥ်လျှင် နည်းနေသေးပေသည်။

ထို့ကြောင့် ရန်အာဟူအနေဖြင့် ဗီဒီယိုတစ်ခုလျှင် အနည်းဆုံး ယွမ်၄၀၀ ခန့် ရရှိနိုင်မည် ဖြစ်ရာ ၎င်းအတွက် လုံးဝ နစ်နာမှု မရှိပေ။

“သူဌေးက တကယ့်ကို လူကောင်းပဲ၊ ကျွန်တော်သာ မိန်းကလေးဖြစ်ရင် သူဌေးကို အတည်ကြီး လက်ထပ်မိမှာ”

လင်းယန်မှာ ပြန်ပြောစရာ စကားပင်ပျောက်သွားတော့သည်။

သူသည် Live လွှင့်သည့် ဖုန်းကိုထုတ်ယူပြီး ရန်အာဟူထံ ပစ်ပေးလိုက်ကာဆိုလေသည်။

“သွား လေ့လာတော့၊ ငါတော့ အိပ်တော့မယ်”

သန်းခေါင်ယံအချိန်တွင် ဤသို့ ဆူညံနေခြင်းမှာ တကယ့်ကို အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေ၏။

သို့သော်လည်း ရန်အာဟူနှင့် ချောင်ရှီးဖုန်းတို့မှာမူ ထိုအချိန်တွင် လုံးဝ အိပ်မပျော်နိုင်ကြတော့ပေ။

ထိုသူနှစ်ဦးသည် ယနေ့ ရိုက်ကူးထားသော မှတ်တမ်းများကို မည်သို့ တည်းဖြတ်ရမည်ကို ရှေ့ဝင်းထဲ၌ပင် တိုင်ပင်နေကြတော့သည်။

ရန်အာဟူသည် သူ၏ လက်ပ်တော့ပ်ကို ထုတ်လိုက်၏။

“ကံကောင်းလို့ ငါ အစောကြီးကတည်းက စီစီတီဗီ တပ်ထားခဲ့တာ”

စီစီတီဗီ မှတ်တမ်းကို ကြည့်ရင်း ဝရမ်းပြေး သုံးဦးမှာ အိမ်ထဲသို့ ခိုးဝင်လာပြီး ဝက်စာများကို အငမ်းမရ စားသောက်နေကြသည်ကို မြင်သောအခါ ထိုသူနှစ်ဦးမှာ အံ့အားသင့်သွားကြပြီးနောက် မအောင့်နိုင်ဘဲ ပေါက်ကွဲထွက်မတတ် ရယ်မောမိကြတော့သည်။

“ဒီအခန်းကိုတော့ ဗီဒီယိုထဲမှာ ထည့်ကိုထည့်ရမယ်”

ရန်အာဟူသည် ရယ်မောရင်း ဆို၏။

ရန်အာဟူသည် ယခု အဖြစ်အပျက်ကိုကြည့်ရင်း သူကိုယ်တိုင်လည်း တစ်ခါက ဝက်စာကို အားရပါးရစားခဲ့ဖူးသည်ကို သတိရလာသော်လည်း ဝရမ်းပြေး သုံးဦးအား လှောင်ပြောင်ခြင်းရပ်မသွားပေ။

ထိုသူနှစ်ဦးသည် နံနက်မိုးလင်းသည်အထိ အလုပ်လုပ်ခဲ့ကြပြီးမှ အိပ်စက်ရန် ပြင်ဆင်ကြတော့သည်။

ရန်အာဟူသည် သူ ပထမဆုံး တည်းဖြတ်ထားသော ဗီဒီယိုကို ပြန်လည်ကြည့်ရှု၏။

သူသည် တစ်ခါမျှ မခံစားဖူးသော အောင်မြင်မှု အာရုံကို ခံစားနေရသည်။

ဤဗီဒီယို၏ ကြည့်ရှုသူ အရေအတွက်မှာ အားလုံး၏ မျှော်မှန်းချက်ကို ကျော်လွန်သွားလိမ့်မည်ဟု သူ ခံစားနေရ၏။

အကြောင်းရင်းကို မမေးပါနှင့်၊ မိမိကိုယ်ကိုယ် ယုံကြည်မှုကြောင့်သာ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

နံနက်စောစောအချိန်တွင် ရုံးဝန်ထမ်း အများအပြားသည် ကုမ္ပဏီသို့ အမြန်ဆုံး ရောက်ရှိရန်အတွက် စောစီးစွာ ထ၍ ပြင်ဆင်နေကြပြီ ဖြစ်သည်။

ထိုဝန်ထမ်းများသည် မြေအောက်ရထား သို့မဟုတ် ဘတ်စ်ကားများပေါ်တွင် လိုက်ပါရင်း ဗီဒီယို အပ် များကို ဖွင့်ကာ ဗီဒီယိုများ ကြည့်ရှုလေ့ ရှိကြ၏။

ဝူကျန့်သည် လင်းယန်၏ လိုက်ဖ် လွှင့်မှုများကို ကြည့်ရှုရသည်ကို နှစ်သက်သော ရုံးဝန်ထမ်းဟောင်းတစ်ဦး ဖြစ်သည်။

ထို့ကြောင့် လင်းယန်၏အကောင့်မှ ဗီဒီယိုအသစ်တင်သည်နှင့် ချက်ချင်းပင် အသိပေးချက် သည် သူ့ဆီသို့ရောက်လာသည်။

သူသည် မြေအောက်ရထားပေါ်သို့ အလုအယက်တက်ပြီး ကုမ္ပဏီသို့ သွားနေချိန် ဖြစ်သည်။

“ဝိုး... မနက်စောစောကြီး ဗီဒီယို တင်တယ်ဆိုတော့ တကယ့်ကို ကြိုးစားတာပဲ”

ဝူကျန့်သည် ဗီဒီယိုကို နှိပ်လိုက်ရင်း တွေးနေမိသည်။

“ကျားပေါက်လေးတွေနဲ့ ဆော့နေတာ ဖြစ်မှာပါ”

သူသည် လင်းယန် ကျားပေါက်နှစ်ကောင်နှင့် ဆော့ကစားနေသည့် ဗီဒီယိုများကို အလွန်နှစ်သက်သူ ဖြစ်၏။

သို့သော်လည်း ဗီဒီယို၏ အစတွင်ပင် မျက်နှာတစ်ခုလုံး ဖူးရောင်နေသော လူသုံးဦး တံတိုင်းပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသဖြင့် သူ ဇဝေဇဝါ ဖြစ်သွားရသည်။

ဤသည်မှာ ဗီဒီယိုတင်သူ၏ နောက်ဖေးဝင်း မဟုတ်ပါလော။ ဗီဒီယိုတင်သူ ဓားပြတိုက်ခံရခြင်းလား။

သူ ဆက်ကြည့်လေလေ သူ၏ ထင်မြင်ချက်မှာ မှန်ကန်သည်ဟု ပို၍ ယုံကြည်လာလေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုသံသယဖြစ်ဖွယ် လူသုံးဦးသည် ဝက်စာခွက်ရှေ့ရှိ ပုံးထဲမှ အစာများကို စားနေကြသောကြောင့် ဖြစ်၏။

သူသည် ထိုပုံးအား မှတ်မိနေသည်။

ထိုပုံးမှာ ဗီဒီယိုတင်သူသည် သူ၏ဝက်များအား အစာကျွေးရာတွင် သုံးသည့် ပုံးပင် ဖြစ်သည်။

ဤသူခိုး သုံးယောက်သည် သန်းခေါင်ယံအချိန်တွင် ဝက်စာ ခိုးစားရန်အတွက် သူတစ်ပါးအိမ်ထဲသို့ ခိုးဝင်ခဲ့ကြခြင်းလော။ ဗီဒီယိုတင်သူ၏ ဝက်စာမှာ ကြည့်ရသည်မှာ အလွန်အရသာရှိလှသည်ကို သူ ဝန်ခံသော်လည်း လူများကို ရူးသွပ်သွားစေလောက်သည်အထိတော့ မဖြစ်နိုင်ဟု သူ ထင်သည်။

ထိုလူသုံးဦးသည် မိမိတို့ စားနေသည်မှာ ဝက်စာဖြစ်ကြောင်း သိသွားသောအခါ စိတ်ဓာတ်ကျဆင်းသွားသော ပုံစံကို မြင်လိုက်ရချိန်တွင်မှ ထိုသူတို့မှာ မိမိတို့ စားနေသည်မှာ ဝက်စာဖြစ်ကြောင်း မသိဘဲ စားခဲ့ကြခြင်းဖြစ်ကြောင်း ဝူကျန့် သဘောပေါက်သွားတော့သည်။

ဗီဒီယိုထဲတွင် ထည့်သွင်းထားသော အံ့အားသင့်ဖွယ် အီမိုဂျီ များနှင့် ထူးဆန်းသော အသံဖိုင်များကြောင့် ဝူကျန့်မှာ မြေအောက်ရထားပေါ်တွင် မအောင့်နိုင်ဘဲ အကျယ်ကြီး ရယ်မောမိလေသည်။

ဘေးနားရှိ လူများက သူ့ကို ထူးဆန်းသလို ကြည့်နေကြသဖြင့် သူသည် ချောင်းဟန့်ကာ ဆက်ကြည့်နေမိသည်။

ဆက်ကြည့်လေလေ သူ၏ မျက်နှာမှာ ပို၍ ထူးဆန်းလာလေ ဖြစ်၏။

ဤရုပ်ဆိုးသော လူသုံးဦးမှာ တကယ်တမ်းတွင် ဝရမ်းပြေးများ ဖြစ်နေကြသည် မဟုတ်ပါလော။

ထို့အပြင် ယခင်က ပေါ်လာခဲ့သော တောဝက်ဘုရင်မှာလည်း သူရဲကောင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ရန်အာဟူ၏ ဟာသမြောက်သော တည်းဖြတ်မှုကြောင့် ဗီဒီယိုတင်ပြီးနှစ်နာရီအတွင်းမှာပင် ဤဗီဒီယိုသည် လင်းယန်၏ ကြည့်ရှုသူ အများဆုံး ဗီဒီယို ဖြစ်လာခဲ့တော့သည်။

ကြည့်ရှုသူ အရေအတွက်မှာ သုံးသန်းခွဲမျှ ရှိနေပြီ ဖြစ်သည်။

ပြန်လည်မျှဝေသူ အရေအတွက်မှာလည်း နှစ်သန်းအထိ ရှိခဲ့၏။

ဤဗီဒီယိုကို ကြည့်ဖူးသူတိုင်း မရယ်ဘဲ မနေနိုင်ကြပေ။

“ရယ်ရလို့ သေတော့မယ်၊ သူတစ်ပါးအိမ်ထဲ ခိုးဝင်တာက တစ်ကြောင်း၊ ဝက်စာကိုမှ ခိုးစားမိတာက တစ်ကြောင်း၊ ဒီဝရမ်းပြေး သုံးယောက်ကတော့ တကယ့်ကို အူကြောင်ကြောင်နိုင်လွန်းတယ်”

“ဒါက တစ်နည်းအားဖြင့် ဗီဒီယိုတင်သူရဲ့ ဝက်စာက တကယ်ကို အရသာရှိတယ်ဆိုတာကို သက်သေပြလိုက်တာပဲ မဟုတ်လား၊ ဝရမ်းပြေးတွေတောင် ကြိုက်နေကြတာ”

“အစာခိုးစားတဲ့ အခန်းကတော့ ရယ်ရတာ အူတွေတောင်နာတယ်၊ ဝက်စာခိုးစားတဲ့ အခန်းဆို ပိုဆိုး”

“ထွက်ပြေးဖို့ ပြင်ပေမဲ့ တောဝက်ဘုရင်က လိုက်ဖမ်းတာကတော့ ပြောမနေနဲ့တော့၊ တွေးရင်းကို ရယ်နေရတာ၊ မသိရင် ဇာတ်တိုက်ထားသလိုပဲ”

“ဒီတောဝက်က တော်တော်ဟုတ်တာပဲ၊ အဲဒီ သုံးယောက်ကိုပဲ မနားတမ်း လိုက်ဖမ်းနေတာ”

“ဟိုလူကြီး ကိုင်ထားတဲ့ ဝက်စာပုံးကြောင့်များလား”

“ဒီဗီဒီယိုကတော့ တကယ့်ကို ရယ်ရတယ်”

“နေပါဦး... ငါ ဒီအကောင့်ကို ဘယ်တုန်းက Follow လုပ်ထားမိတာလဲ”

ဤစကားကြောင့် အင်တာနက် အသုံးပြုသူ အများအပြား ဇဝေဇဝါ ဖြစ်သွားကြ၏။

သူတို့သည် လင်းယန်အကောင့်ကို Followလုပ်ရန်အတွက် Follow ခလုပ်ကိုနှိပ်ရန်ပြင်လိုက်မှသာ မိမိတို့ Follow လုပ်ပြီးသား ဖြစ်နေကြောင်း သိကြရသည်။

ယခင်က ဗီဒီယိုများကို ပြန်ကြည့်မှသာ ဤဗီဒီယိုမှာ သူတို့ အကြိုက်ဆုံး Live လွှင့်သူတစ်ဦးက တင်ထားခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။

“ဒီဗီဒီယိုရဲ့ အရေးအသား ပုံစံက မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲသွားတာပဲ”

“ဒါက ရှောင်လင်းရဲ့ ဗီဒီယိုလို့ ပြောချင်တာလား”

“အမလေး၊ ဒါ ဆရာကြီးတစ်ယောက်ယောက်က လမ်းညွှန်ပေးလိုက်တာလား”

“မဟုတ်ဘူး၊ အဓိကကတော့ သူ့ရဲ့ ဗီဒီယိုတင်တဲ့ အရှိန်ပဲ၊ ဒီကောင်လေး နောက်ဆုံးတော့ ဗီဒီယိုတွေ ပုံမှန်တင်ဖို့ ဆုံးဖြတ်လိုက်ပြီ ထင်တယ်”

“မင်း နောက်ဆုံးတော့ မင်းရဲ့ အကောင့် Password ကို မှတ်မိသွားပြီပေါ့လေ”

“ငါ အကြိုက်ဆုံး Blogger နောက်ဆုံးတော့ ဗီဒီယိုအသစ်တင်ပြီဟေ့”

အင်တာနက် အသုံးပြုသူများသည် ဗီဒီယိုနှင့် ပတ်သက်၍ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသဖြင့် ဤဗီဒီယိုမှာ ပို၍ပင် နာမည်ကြီးလာတော့သည်။

လင်းယန်၏ အကောင့်မှာ ဤဗီဒီယိုကြောင့် Follower သုံးသောင်းခန့် ထပ်တိုးလာခဲ့၏။

ဤသုံးသောင်းကျော်သော ပရိသတ်များကို အထင်မသေးသင့်ပေ။

၎င်းတို့မှာ ဝယ်ယူထားသူများ မဟုတ်ဘဲ အမှန်တကယ် စိတ်ဝင်စား၍ လာရောက်ကြသူများ ဖြစ်သည်။

အိပ်ပျော်နေဆဲ ဖြစ်သော လင်းယန်မှာမူ ဤအဖြစ်အပျက်အားလုံးကို လုံးဝ သိရှိခြင်း မရှိသေးဘဲ ရှိနေလေတော့သည်။

အခန်း (၃၆)

ရန်အာဟူသည် တစ်ဝက်တစ်ပျက် အိပ်မောကျနေစဉ် ဘေးနားရှိ လက်ကိုင်ဖုန်းမှာ မနားတမ်း မြည်နေသည်ကို ခံစားနေရ၏။

သူသည် နှုတ်ခမ်းကို တသသ လုပ်ရင်း ဟိုဘက်သို့ စောင်းကာ ဆက်လက် အိပ်စက်ရန် ပြင်လိုက်သော်လည်း

ထိုဖုန်းမှာမူ ရပ်တန့်သွားခြင်း မရှိပေ။

“မြည်တာ ရပ်ကိုမရပ်နိုင်တော့ဘူးကွာ”

ရန်အာဟူသည် ဒေါသတကြီးဖြင့် ရုတ်တရက် ထထိုင်လိုက်ကာ ရေရွတ်လိုက်လေသည်။

“ဘယ်သူများ ဒီစာတွေကို တရပ်စပ် ပို့နေတာလဲ”

“သင်၏ ဗီဒီယိုအား လိုက်ခ် ၂.၃၆၈၄ သန်း ရရှိထားပါသည်”

“အသုံးပြုသူ စစ်ရှောင်လီက သင်၏ ဗီဒီယိုတွင် မှတ်ချက်ပြုခဲ့ပါသည်”

“Everyday Happy က သင်၏ ဗီဒီယိုအား မှတ်ချက်ပေး၍ ပြန်လည်မျှဝေခဲ့ပါသည်”

“ရူ၏ ညီမငယ်က သင်၏ ဗီဒီယိုအား သိမ်းဆည်းလိုက်ပါသည်”

ရန်အာဟူသည် မျက်တောင်တဖြတ်ဖြတ် ခတ်လျက် ဝေဝေဝါးဝါးဖြင့် မိမိပါးကို မိမိ ပြန်လည် ရိုက်နှက်ကြည့်မိ၏။

ဖြစ်နိုင်ပါ့မလား၊ သူ အကြည့်မှားနေသည်လော။

အဘယ်ကြောင့် ဤမျှများပြားသော နှစ်သက်မှုများကို ရရှိနေရပါသနည်း။

နာကျင်မှုကို ခံစားလိုက်ရသဖြင့် အိပ်မက်မဟုတ်ကြောင်း သူ သိလိုက်ရလေသည်။

သူ ကျော်ကြားသွားပြီလော။

ထိုသံသယစိတ်များဖြင့် ရန်အာဟူသည် ဗီဒီယိုအပလီကေးရှင်းကို ဖွင့်ကြည့်လိုက်၏။

များပြားလှစွာသော မှတ်ချက်များနှင့် နှစ်သက်မှုများကြောင့် သူသည် အံ့အားသင့်ကာ မှင်သက်သွားရလေသည်။

နာရီဝက်ခန့် မှတ်ချက်များကို လိုက်လံ ဖတ်ရှုပြီးနောက်တွင် သူ မနေ့က တည်းဖြတ်ခဲ့သော ဗီဒီယိုမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိသွားကြောင်း သိလိုက်ရတော့သည်။

ထိုအောင်မြင်မှု အရှိန်အဝါသည် ယခင်က မကြုံဖူးလောက်အောင် မြင့်မားနေကာ

လင်းယန် ပေးထားသော အလုပ်အကောင့်တွင်လည်း ဖော်လိုဝါ များစွာ တိုးပွားလာခဲ့၏။

“သူဌေးရေ”

ရန်အာဟူသည် စိတ်လှုပ်ရှားလွန်းသဖြင့် ဖိနပ်ပင် မစီးနိုင်တော့ဘဲ လင်းယန်၏ အိမ်ထဲသို့ ပြေးဝင်သွားလေသည်။

“သူဌေး... ထပါဦး၊ ဘယ်အချိန်ရှိနေပြီလဲ၊ အိပ်နေတုန်းပဲလား”

“ကျွန်တော်တို့ နာမည်ကြီးသွားပြီ သိရဲ့လား၊ ကျွန်တော်တို့ အခု အင်တာနက်ပေါ်က ကျော်ကြားသူတွေ ဖြစ်သွားပြီဗျ”

ရန်အာဟူသည် ဖုန်းမျက်နှာပြင်ကို လင်းယန်၏ ရှေ့သို့ ထိုးပြလိုက်၏။

လင်းယန်သည် မျက်လုံးများကို ပွတ်သပ်ကာ တဟားဟား သမ်းဝေရင်း ပြောလေသည်။

“ကိုးနာရီပဲ ရှိသေးတာလား၊ ငါ အိပ်တာ လေးနာရီပဲ ရှိသေးတယ်၊ ဘာတွေ ဒီလောက် ဆူညံနေတာလဲ၊ အင်တာနက် ကျော်ကြားသူ ဖြစ်သွားတော့ရော ဘာဖြစ်လဲ၊ ဘာကိစ္စ အရေးတကြီး ရှိလို့လဲ”

လင်းယန်၏ မျက်ဝန်းများတွင် အပြစ်တင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

“ဘာကို အရေးမကြီးတာလဲ သူဌေးရာ၊ ဒီကိန်းဂဏန်းတွေကို ကြည့်ပါဦး၊ ကျွန်တော်တို့ အကောင့်မှာ အခု Follower ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ သေချာ ကြည့်စမ်းပါဦး”

လင်းယန်သည် မျက်လုံးများကို မှေးကြည့်ရင်း

“ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း...၊ သုံးသန်းကျော်တောင်လား”

လင်းယန်သည် ဇဝေဇဝါ ဖြစ်နေသည့်ပုံစံဖြင့် မသေချာသလို ကြည့်နေ၏။ ရန်အာဟူသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလျက် မိမိပေါင်ကို မိမိ ရိုက်ကာ ဆိုလေသည်။

“ဟုတ်တယ်ဗျ၊ အခု ကျွန်တော်တို့မှာ Follower သုံးသန်းကျော် ရှိသွားပြီ၊ ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် နာမည်ကျော်ကလေးတွေ ဖြစ်သွားပြီလို့ ပြောလို့ရတယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့် လင်းယန်၏ အိပ်ချင်စိတ်များအားလုံး လွင့်ပြယ်သွားတော့၏။

သူသည် သေချာစွာ ထပ်မံ စစ်ဆေးကြည့်ရာ မနေ့က ဗီဒီယိုကြောင့် အကောင့်တွင် နှစ်သက်မှုနှင့် မျှဝေမှု သန်းပေါင်းများစွာ တိုးပွားလာသည်မှာ အမှန်ပင် ဖြစ်နေတော့သည်။

သူသည် ရန်အာဟူ၏ ပခုံးကို ပုတ်ကာ ကျေနပ်သည့်အမူအရာဖြင့် ချီးမွမ်းလိုက်၏။

“မင်း တော်သားပဲကွ၊ တစ်ညတည်းနဲ့ ဒီအကောင့်ကို ဒီလောက် ကောင်းအောင် လုပ်နိုင်တယ်ပေါ့”

“ကောင်းပြီ၊ ဒီည တိုက်ရိုက်ထုတ်လွှင့်မှု မှာ ဘာရောင်းကြမလဲဆိုတာ စဉ်းစားကြတာပေါ့၊ ငါ အဲ့ဒီ ဆုကြေးငွေ သန်း ၃၀ ရတဲ့အခါ မင်းကိုလည်း အကျိုးအမြတ် ခွဲပေးမယ်”

ရန်အာဟူသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ပြောလေသည်။

“ဆရာကြီးကတော့ သဘောထားကြီးလိုက်တာ၊ ဒါပေမဲ့ ဒါက ကျွန်တော့်တစ်ယောက်တည်းရဲ့ အောင်မြင်မှု မဟုတ်ပါဘူး၊ အစ်ကိုချောင်သာ မကူညီရင် ကျွန်တော် တစ်ယောက်တည်းနဲ့ ဒီလောက် ကောင်းတဲ့ ဗီဒီယိုမျိုး ဖြစ်လာအောင် တည်းဖြတ်နိုင်မှာ မဟုတ်ဘူး”

လင်းယန်သည် ခေါင်းညိတ်လိုက်၏။ သူသည် ဗီဒီယိုအား ကြည့်ရှုပြီးနောက် ရိုက်ကွင်းရှုထောင့်များ၊ အထူးပြုလုပ်ချက်များနှင့် နောက်ခံစကားပြောများမှာ အဆင့်မြင့် ပညာရှင်တစ်ဦး တည်းဖြတ်ထားသကဲ့သို့ အလွန်ပင် အစပ်အဟပ်တည့်နေကြောင်း တွေ့ရှိရလေသည်။

“အစ်ကိုချောင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီနေ့တော့ ဟင်းကောင်းကောင်း တစ်နပ်လောက် ကျွေးရမယ်”

လင်းယန်သည် လက်ခုပ်တီးကာ ကုတင်ပေါ်မှ ဆင်းလိုက်၏။

“ငါတို့ရဲ့ နေ့စဉ် အလုပ်တွေကို စလုပ်ရအောင်”

သူသည် ကိုယ်လက်အကြောဆန့်ရင်း ဆိုလေသည်။

“ဒီနေ့တော့ မင်း ငါ့ဘေးမှာနေပြီး လက်ထောက်အဖြစ် လုပ်ပေးရမယ်၊ ဝိုင်တွေက နောက်အပတ်ဆို အဆင်သင့် ဖြစ်ပြီ၊ စာရင်းမှာပါတဲ့ လိပ်စာတွေအတိုင်း ဝိုင်တွေကို ပို့ဆောင်ပေးဖို့ မင်း တာဝန်ယူရမယ်”

“ဟုတ်ကဲ့ပါ သူဌေး၊ စိတ်ချပါ၊ ဒါနဲ့ ဒီနေ့ ဘာလုပ်ကြမလဲ၊ ဘာမှ လုပ်စရာ မရှိသလိုပဲ”

လင်းယန်သည် သူ့အား ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်ကာ ဆိုသည်။

“မင်းက လယ်ယာအလုပ် တစ်ခါမှ မလုပ်ဖူးတဲ့ပုံပဲ၊ ကျေးလက်မှာ လုပ်စရာတွေ အများကြီး ရှိတယ်၊ ဒီနေ့ လယ်ကွင်းထဲသွားပြီး ပေါင်းပင်တွေ နှုတ်ရမယ်၊ စပါးစိုက်ရမယ့် အချိန်လည်း နီးနေပြီ”

ရန်အာဟူသည် မျက်မှောင်ကြုတ်ကာ ခေါင်းကို ကုတ်လျက် ဇဝေဇဝါ ဖြစ်နေ၏။

“အခုမှ စပါးစိုက်မလို့လား သူဌေး၊ အခုက စက်တင်ဘာလ ရောက်တော့မယ်လေ၊ စပါးရိတ်သိမ်းချိန်က နီးနေပြီကို အခုမှ စိုက်ရင် နောက်မကျလွန်းဘူးလား”

ရန်အာဟူသည် လယ်ယာအလုပ်ကို တစ်ခါမျှ မလုပ်ဖူးပေ။ သူသည် မိသားစုတွင် တစ်ဦးတည်းသော သားဖြစ်ပြီး နွားအုပ်ကြီးများကိုသာ ထိန်းကျောင်းလာခဲ့သဖြင့် ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းနှင့် အလှမ်းဝေးခဲ့၏။

သို့သော် ကျေးလက်တွင် ကြီးပြင်းလာသူပီပီ စပါးကို နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ခွဲခြားစိုက်ပျိုးတတ်သည်ကိုမူ သူ သိရှိထားလေသည်။

ဆောင်းစပါး စိုက်မည်ဆိုလျှင်ပင် ဇွန်လကတည်းက စိုက်ပျိုးရမည် ဖြစ်ရာ ဩဂုတ်လကုန်အထိ အဘယ်ကြောင့် ကြန့်ကြာနေရပါသနည်း။

“ငါ ကျေးလက်ကို ပြန်လာတာ နောက်ကျသွားလို့ပေါ့”

လင်းယန်သည် ပခုံးတွန့်ပြလိုက်၏။

“ဒါပေမဲ့ စပါးတော့ စိုက်ရဦးမှာပဲ၊ အဘိုး ချန်ရစ်ခဲ့တဲ့ မြေတွေကို ဒီအတိုင်း အလဟဿ အဖြစ်မခံနိုင်ဘူး”

လင်းယန်သည် စကားပြောရင်း ထကာ မျက်နှာသစ် သန့်စင်လေသည်။

ရန်အာဟူသည် ဝေခွဲမရ ဖြစ်နေစဉ်မှာပင် နှိုးစက်မြည်လာသဖြင့် တိုက်ရိုက်ထုတ်လွှင့်ရန် အချိန်တန်ပြီဖြစ်ကြောင်း သတိရသွား၏။

ထို့ကြောင့် သူသည် အလျင်အမြန်ပင် ဖုန်းကိုဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်လေသည်။

“အားလုံးပဲ မင်္ဂလာနံနက်ခင်းပါဗျာ”

ယခုအခါ သူသည် ဤအကောင့်ကို စီမံခန့်ခွဲခြင်းအား အရေးကြီးဆုံး လုပ်ငန်းတစ်ခုအဖြစ် မှတ်ယူထားတော့သည်။

အကြည့်အရှု အကြိမ်ရေ တစ်သိန်းလျှင် ယွမ်တစ်ရာ ရရှိနိုင်သည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။

ယခု ဗီဒီယိုမှာ ကြည့်ရှုသူ လေးသန်းကျော် ရှိနေပြီဖြစ်ရာ ယွမ်လေးထောင်ကျော် ရရှိမည် ဖြစ်သည်။

ဗီဒီယိုတစ်ပုဒ်တည်းဖြင့် ရရှိသော ထိုငွေပမာဏမှာ သူ့ဖခင်၏ နွားနှစ်ကောင် တန်ဖိုးနှင့် အတူတူပင် ဖြစ်ရာ တွေးကြည့်ရုံဖြင့်ပင် သူသည် ကြည်နူးမိလေသည်။

“ဒီနေ့ စောစောစီးစီး ထုတ်လွှင့်နေပါလား”

“ဒီနေ့ရော ဘာတွေလုပ်ကြမလဲ၊ ဝက်စာချက်မလား၊ တောင်ပေါ်တက်မလား”

“ကျွန်တော် ထင်တာတော့ စပျစ်သီးခူးမယ် ထင်တယ်”

“မင်းက ပရိသတ်အတုပဲ၊ စပျစ်သီးတွေကို ဟိုလူမိုက်ကလေးတွေ ခူးသွားတာ ကြာလှပြီ”

အပြင်ဘက်မှ ဆူညံသံများကြောင့် ချောင်ရှီးဖုန်း နိုးလာလေသည်။

လင်းယန်သည် မနက်စာ ပြင်ဆင်နေ၏။

ယနေ့ မနက်စာမှာ ရေခဲသေတ္တာထဲရှိ မိမိဘာသာ လုပ်ထားသော ဖက်ထုပ် များကို ပြုတ်ရုံမျှဖြင့် ရိုးရှင်းလှပေသည်။

“မင်္ဂလာနံနက်ခင်းပါ အစ်ကိုချောင်”

ရန်အာဟူသည် မနက်စောစောစီးစီး ငွေပုံကြီးကို တွေ့လိုက်ရသဖြင့် စိတ်လက် ကြည်လင်နေကာ ခြံထဲရှိ ကြက်ကလေးများကိုပင် နှုတ်ဆက်ချင်စိတ် ပေါက်နေလေသည်။

“ဒီနေ့တော့ မင်း စိတ်အခြေအနေ ကောင်းနေပုံပဲ”

ချောင်ရှီးဖုန်းသည် ပြုံးလျက် မေး၏။

“မနေ့ညက ဗီဒီယိုတည်းဖြတ်နည်း သင်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို၊ အဲ့ဒီ ဗီဒီယိုကြောင့် လိုက်ကြည့်သူတွေ အများကြီး တက်လာပြီး သူဌေးလည်း ငွေတွေ အများကြီး ရတော့မယ်”

ရန်အာဟူသည် မပြုံးဘဲ မနေနိုင်ပေ။

ချောင်ရှီးဖုန်းသည် ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်မောလျက် ခြံဝင်းတံခါးကို ဖွင့်ကာ အဝေးမှ ရှုခင်းများကို ကြည့်ရန် ပြင်လိုက်၏။

“ဟင်”

“ဒါက ဘာပါလိမ့်”

ချောင်ရှီးဖုန်းသည် ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သစ်သီးဝလံအချို့ကို တွေ့လိုက်ရလေသည်။

ထိုအသီးအနှံများထဲတွင် သူ တစ်ခါမျှ မမြင်ဖူးသော အမျိုးအစားများစွာ ပါဝင်နေ၏။

ထိုအသံကို ကြားသည်နှင့် ရန်အာဟူသည် ဖုန်းကို ကိုင်လျက် ချက်ချင်း ပြေးလာလေသည်။

“ဘယ်သူက ဒီတောသီးတွေကို ဒီမှာ လာထားသွားတာလဲ”

ရန်အာဟူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။

“ကျွန်တော်တို့ အိပ်ပျော်နေတုန်း တစ်ယောက်ယောက်က လာချသွားတာလား မသိဘူး၊ ကြည့်ရတာတော့ အဲ့ဒီလိုပဲ၊ ဒါတွေက စားလို့ရရဲ့လား၊ ကျွန်တော်လည်း သေချာ မသိဘူး”

ရန်အာဟူသည် ခေါင်းကို ကုတ်လျက် လင်းယန်အား အကူအညီတောင်းသည့် အမူအရာဖြင့် မေးလိုက်လေသည်။

“သူဌေး၊ ဒီတောသီးတွေကို သိလား”

“မသိတဲ့ အသီးတွေကို လျှောက်မစားနဲ့ဦး၊ အထူးသဖြင့် တောင်ပေါ်က တောသီးတွေ၊ မှားစားမိလို့ အဆိပ်မိရင် ဒုက္ခရောက်ကုန်မယ်”

ချောင်ရှီးဖုန်းသည် တည်တည်တံ့တံ့ ပြောဆို၏။

လင်းယန်သည် ပန်းကန်ထဲမှ နောက်ဆုံးဖက်ထုပ်ကို စားပြီးနောက် အနားသို့ ရောက်လာကာ ဆို၏။

“ဒါတွေက သာမန် တောသီးတွေပဲ မဟုတ်လား၊ ထူးဆန်းတာက ဘယ်သူကများ ဒီအသီးတွေကို တကူးတက လာထားပေးတာလဲ၊ ကျွဲဆူးသီး၊ အစေ့မဲ့ မက်မွန်သီး၊ တောမီးသွေးသီး၊ ဒါတွေက ငွေပေးဝယ်လို့တောင် မရတဲ့ အဖိုးတန်အသီးတွေပဲ”

လင်းယန်သည် သူ့အနားသို့ တိုးကပ်နေသောရန်အာဟူအား တွန်းဖယ်ကာ သူ၏ လက်တိုအင်္ကျီဖြင့် အသီးများကို အကုန်လုံး ထုပ်ယူပြီး ခြံထဲရှိ ကျောက်စားပွဲပေါ်သို့ တင်လိုက်လေသည်။

ရန်အာဟူသည် သံသယမကင်းသေးဘဲ ဆိုလေသည်။

“တကယ်ရော စားလို့ စိတ်ချရရဲ့လား၊ ကျွန်တော် ဘာလို့ ဒီတောသီးတွေကို တစ်ခါမှ မမြင်ဖူးတာလဲ”

လင်းယန်သည် သူ့အား မျက်စောင်းထိုးကာ ဆို၏။

“မင်းက သခင်လေးပဲဟာကို၊ ဒီလို တောထဲတောင်ထဲက အစားအစာတွေကို ဘယ်မြင်ဖူးပါ့မလဲ”

အင်တာနက် အသုံးပြုသူများမှာမူ ထိုစကားကြောင့် အားရပါးရ ရယ်မောကြတော့၏။

“ဟားဟားဟား... သခင်လေးရန်ကို ဂါရဝပြုပါတယ်ခင်ဗျာ”

“သခင်လေးရန်ရဲ့ မိသားစုက နွားအုပ်ကြီး ပိုင်တာဆိုတော့ ဒီလို ဒုက္ခတွေ ဘယ်ခံဖူးပါ့မလဲ”

“အထက်ကလူက တောသီး တစ်ခါမှ မစားဖူးဘူး ထင်တယ်၊ ကျွန်တော်ကတော့ တောသခွားသီးကို ငယ်ငယ်ကတည်းက အရမ်းကြိုက်တာ၊ ချိုချိုချဉ်ချဉ်လေးနဲ့လေ၊ ငယ်ငယ်က စားစရာ သိပ်မရှိတော့ အဘိုးအိမ်မှာ နေတုန်းက အဘိုး လယ်ထဲသွားရင် ခူးခူးလာပေးတတ်တယ်၊ အခု ပြန်တွေးကြည့်ရင် လွမ်းစရာကြီးဗျာ”

“ဟုတ်တယ် ဟုတ်တယ်၊ ကျွန်တော်လည်း ငယ်ငယ်က မြေပဲဖရဲသီး ကို မမှည့်သေးတဲ့ ဖရဲသီးလို့ ထင်ခဲ့တာ၊ အခုမှ တိုင်းရင်းဆေးပညာကို လေ့လာကြည့်တော့မှ အဲ့ဒါက သခွားမျိုးနွယ်ဝင် ဖြစ်ပြီး အရက်နာကျတာကို ပျောက်ကင်းစေတဲ့အပြင် ခန္ဓာကိုယ်ကိုလည်း ကျန်းမာကြံ့ခိုင်စေတယ်ဆိုတာ သိရတာ”

“ဒီတိုက်ရိုက်ထုတ်လွှင့်မှုကနေ ဗဟုသုတတွေ အများကြီး ရတယ်လို့ ငါ ပြောသားပဲ”

“ဒါနဲ့ ဒီအသီးတွေကို ဘယ်သူ လာထားသွားတာလဲ”

“မေးခွန်းကောင်းပဲ၊ ဒီအသီးတွေကို အစုံလိုက် ရှာဖွေပြီး ဒီကို လာချထားပေးဖို့ဆိုတာ မလွယ်ဘူးနော်”

“ဟုတ်တယ်၊ တောသခွားသီးက မြေကြီးထဲမှာ ပေါက်တာ၊ ဒါပေမဲ့ ငါးလက်မက်မွန်သီး (Five-Finger Peach) က မြေကြီးမှာ ပေါက်တာ မဟုတ်ဘူး”

“မင်းပြောတဲ့ မက်မွန်သီးကို မတွေ့မိပါဘူး၊ ဘယ်မှာလဲ”

“ဟို မြက်ပင်လိုမျိုး အရာကို ငါးလက်မက်မွန်သီးလို့ ခေါ်တာ၊ ဒါပေမဲ့ သူက တကယ်တော့ မက်မွန်သီး မဟုတ်ဘူး”

“ငါးလက်မက်မွန်သီးက ဆေးဖက်ဝင်တယ်လေ၊ ကျွန်တော်တို့ဆီမှာတော့ အဲ့ဒါကို ဟင်းချိုချက်သောက်ဖို့ တကူးတက ဝယ်ရတာ”

အင်တာနက် အသုံးပြုသူများမှာ ပုံထဲရှိ တောသီးအချို့ကို မှတ်မိကြပြီး ကျန်ရှိသော အသီးများအကြောင်းကိုမူ လင်းယန်က တစ်ခုချင်း ရှင်းပြလေသည်။

“ဒီ မီးအိမ်သီး ရဲ့ အရသာကတော့ ငယ်ငယ်ကအတိုင်းပဲ”

လင်းယန်သည် မဆိုင်းမတွပင် မီးအိမ်သီးအချို့ကို အခွံနွှာကာ စားကြည့်လိုက်၏။

ချိုချဉ်အရသာနှင့်အတူ ကိုက်လိုက်တိုင်း အရည်များ စိမ့်ထွက်လာလေသည်။

ချောင်ရှီးဖုန်းလည်း စိတ်ဝင်တစား ကြည့်နေသဖြင့် လင်းယန်သည် တစ်လုံး အခွံနွှာပေးလိုက်၏။

“ဒီအသီးလေးက တကယ် စားလို့ကောင်းတာပဲ၊ ကျွန်တော် တစ်ခါမှ မစားဖူးဘူး”

သူ့အတွက်မူ ဤသည်မှာ ဆန်းသစ်သော အတွေ့အကြုံသစ်တစ်ခု ဖြစ်နေတော့သည်။

ရန်အာဟူသည်လည်း တစ်ယောက်ယောက်က အကုန်စားပစ်မည်ကို စိုးရိမ်နေသကဲ့သို့ အလျင်အမြန်ပင် အသီးအချို့ကို ကောက်စားလိုက်လေသည်။ သူက ပါးစပ်ထဲ အသီးများ သွတ်သွင်းရင်း မေး၏။

“သူဌေး၊ ဒါတွေကို ဘယ်သူ လာပို့တာလဲဆိုတာ တကယ်ပဲ မသိဘူးလား”

“မသိဘူးလေ၊ ဘယ်သူပို့ပို့ပေါ့၊ အခုတော့ စားဖို့ပဲ အရေးကြီးတယ်”

လင်းယန်သည် အေးအေးလူလူပင် ပြန်လည် ဖြေကြားလိုက်လေတော့သည်။

All Chapters