အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း (၃၇)
ရန်အာဟူသည် ခဏမျှ စဉ်းစားဆင်ခြင်ပြီးနောက် ရေရွတ်လိုက်လေသည်။
“ဒါဟာ ဘုရားသခင်ပေးတဲ့ လက်ဆောင်များလားဗျာ၊ ငါတို့တစ်တွေ အခုတလော အလုပ်တွေ အရမ်းကြိုးစားနေကြလို့ ဘုရားသခင်က သနားသွားတာလား မသိဘူး”
လင်းယန်သည် သူလုပ်လက်စ အလုပ်ကို ရပ်လိုက်သည်။
“အရင်ဆုံး လာပြီး မနက်စာ စားဦးလေ၊ စားသောက်ပြီးမှ အလုပ်ပြန်လုပ်ကြတာပေါ့”
လင်းယန်သည် ထိုသို့ ဆိုလိုသည့် အကြည့်မျိုးဖြင့် သူ့အား ကြည့်လိုက်၏။
ထိုသစ်သီးများ၏ အရင်းအမြစ်နှင့် ပတ်သက်၍ အင်တာနက် အသုံးပြုသူများအကြားတွင် ဆွေးနွေးငြင်းခုံမှုများစွာ ဖြစ်ပေါ်နေလေသည်။
“ဘယ်သူကများ ဒီသစ်သီးတွေကို အထူးတလည် လာပို့ပေးထားခဲ့တာလဲ”
“ရွာထဲက လူတစ်ယောက်ယောက်များ ဖြစ်နေမလား”
“ဒါပေမဲ့ ရွာသားတွေအနေနဲ့ ဒီလိုမျိုး လျှို့လျှို့ဝှက်ဝှက် လုပ်စရာ အကြောင်းမှ မရှိတာ”
“ဟေ့လူတွေ... ဒီတောသီးတွေအကြောင်း ဆွေးနွေးနေတာ ရပ်လိုက်ကြစမ်းပါ၊ ရှန်ချန် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ကို သွားဖတ်ကြည့်ကြဦး”
“ငါလည်း အဲဒါကို ကြည့်ကြည့်ဦးမယ်”
“တကယ့်ကို မယုံနိုင်စရာပဲ”
ယခုလေးတင် ချုံကင်း ပြည်သူ့ရဲတပ်ဖွဲ့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှ ကျေးဇူးတင်လွှာတစ်ရပ်ကို ထုတ်ပြန်ခဲ့လေသည်။
ထိုထုတ်ပြန်ချက်၏ အဓိက အကြောင်းအရာမှာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင် တောရိုင်းတိရစ္ဆာန် အမဲလိုက်သမား သုံးဦးအား ဖမ်းဆီးရာတွင် ကူညီပေးခဲ့သည့် တောဝက်ဘုရင် ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားခြင်း ဖြစ်၏။
အတိတ်ကာလကမူ ထိုကဲ့သို့သော ကြေညာချက်များသည် လူပုဂ္ဂိုလ်တစ်ဦးဦးအား ကျေးဇူးတင်ရန်သာ ဖြစ်သော်လည်း
ယခုမူ တောဝက်တစ်ကောင်အား ကျေးဇူးတင်ရန် အထူးကြေညာချက် ထုတ်ပြန်ခြင်းမှာ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်လေသည်။
ထို့ကြောင့်ပင် အဆိုပါ ကြေညာချက်အောက်ရှိ မှတ်ချက်ကဏ္ဍတွင် ထူးဆန်းအံ့သြဖွယ်ရာ စကားလုံးများဖြင့် ပြည့်နှက်နေတော့သည်။
“ဒုတိယအစ်ကိုကြီးကတော့ အကြီးအကျယ် စွမ်းဆောင်နိုင်ခဲ့ပြီပဲ”
“ဒီအကောင့်ကို Gen Z လေးတွေ စီမံနေတာဆိုတာ ငါသိသားပဲ၊ ဒါက ဘာကြီးလဲဗျာ… ရယ်ရလွန်းလို့”
“တောဝက်တစ်ကောင်ကို ဒီလောက်တောင် ဂုဏ်သိက္ခာရှိရှိ ကျေးဇူးတင်စရာ လိုလို့လား”
“ပထမတော့ အပျော်အပျက် လုပ်ထားတာလို့ ထင်နေတာ၊ သေချာကြည့်လိုက်တော့မှ တရားဝင် အကောင့် ဖြစ်နေတာပဲ”
“ဟုတ်ပ၊ အကောင့်များ အဟက်ခံလိုက်ရသလားတောင် ထင်မိတယ်”
“ဒါဆိုရင် ဒုတိယအစ်ကိုကြီးက အခုဆို ဂုဏ်ထူးဆောင် ဝန်ထမ်းကြီး ဖြစ်သွားပြီပေါ့လေ”
အဓိက သတင်းဌာနကြီးများကလည်း ထိုကြေညာချက်ကို ဆင့်ကဲ ဖော်ပြကြလေသည်။
ရန်အာဟူသည် ဖက်ထုပ် စားရင်း အင်တာနက်ပေါ်မှ မှတ်ချက်များကို ဖတ်ရှုနေ၏။
“သူဌေး... ကြည့်ပါဦး၊ တရားဝင် ကြေညာချက် ထွက်လာပြီဗျ၊ ကျွန်တော်တို့ရဲ့ တောဝက်ဘုရင်ကတော့ အခုဆို နာမည်ကြီးသွားပြီ၊ ကျားပေါက်လေး နှစ်ကောင်ထက်တောင် ပိုပြီး လူကြိုက်များနေသေးတယ်”
လင်းယန်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် အလေးအနက် စဉ်းစားကာ ခေါင်းညိတ်ပြလေသည်။
“ဒီကောင့်ကို ငါတို့အိမ်မှာ အလကားတော့ အစာကျွေးထားလို့ မဖြစ်ဘူး”
နောက်ဖေးရှိ ဝက်ခြံထဲတွင် ထည့်ထားသော တောဝက်ဘုရင်မှာမူ အထူးပင် လိမ္မာယဉ်ကျေးနေ၏။
သူသည် ဗိုက်ပြည့်အောင် စားသောက်ပြီးသည်နှင့် အိပ်စက်လေသည်။
တစ်ခါတစ်ရံတွင်မူ ဝက်ကလေးများကို စနောက်တတ်သေး၏။
ဝက်ကလေးများမှာမူ တောဝက်ဘုရင်၏ အရှိန်အဝါကို ကြောက်ရွံ့သဖြင့် အော်ပင် မအော်ရဲကြပေ။
သို့သော် ထိုကောင်မှာ အလွန်အမင်း အစားကြီးလေသည်။သူ၏ ကိုယ်လုံးကိုယ်ထည် ကြီးမားလှသဖြင့် ဤသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။
ရန်အာဟူသည် ဝေခွဲမရသည့် မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
“သူဌေး... အဲဒါက ဘာကို ဆိုလိုတာလဲ”
“ငါတို့အကောင့်မှာ အခုဆိုရင် အားပေးသူတွေ အများကြီး ရှိနေပြီလေ၊ ဒီတောဝက်ဘုရင်ကို သုံးပြီး ကြော်ငြာတွေ လက်ခံလို့ ရမလားဆိုတာ ကြည့်ရမယ်”
မည်သို့ပင်ဖြစ်စေ ငွေကြေးရရှိနေသရွေ့ ၎င်းကို စီးပွားရေးဝင်ငွေဟု သတ်မှတ်နိုင်သဖြင့် ကြော်ငြာလက်ခံခြင်းကို အဘယ်ကြောင့် ငြင်းပယ်ရမည်နည်း။
မူလကမူ သူသည် ဤဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။
အကောင့်ကို အောင်မြင်အောင် တည်ဆောက်ပြီးနောက်တွင် ထုတ်ကုန်များကိုသာ ရောင်းချရမည်မဟုတ်ကြောင်း သူ သဘောပေါက်လာခဲ့ခြင်း ဖြစ်၏။
အကယ်၍ အမာခံပရိသတ် အလုံအလောက်ရှိပါက ကြော်ငြာလက်ခံခြင်းသည် ပစ္စည်းရောင်းရသည်ထက်ပင် ပိုမို အကျိုးအမြတ် ရှိနိုင်လေသည်။
ဘေးတွင် ရပ်နေသော ချောင်ရှီဖုန်းသည်လည်း ဝင်ရောက်ပြောဆိုလေသည်။
“ကြော်ငြာတွေ လက်ခံလို့ ရတာပေါ့၊ ဒါက အပိုဝင်ငွေတစ်ခု ဖြစ်လာမှာပါ”
ရန်အာဟူ၏ မျက်လုံးများသည် အရောင်တောက်သွားကာ စူးစမ်းလိုက်၏။
“ကြော်ငြာလက်ခံရင် တကယ်ပဲ ပိုက်ဆံရတာလား၊ အစ်ကိုချောင်... အစ်ကိုက ကြော်ငြာတစ်ခုကို ဘယ်လောက် ယူလဲ”
ချောင်ရှီဖုန်းသည် အလွန် ချမ်းသာကြွယ်ဝသူဟု မထင်ရဘဲ ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသည်ကို သူ သတိပြုမိသည်။
သို့သော် အခြားတစ်ဖက်တွင်မူ သူ့၌ အင်တာနက် တစ်ခွင်လုံးတွင် အားပေးသူ ခြောက်သန်းခန့် ရှိနေလေသည်။
ချောင်ရှီဖုန်းသည် ခေတ္တမျှ စဥ်းစားပြီးနောက် လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို ထောင်ပြလိုက်ကာ အေးဆေးစွာဆို၏။
“ဒီလောက်လောက်တော့ ရှိတယ်”
ရန်အာဟူသည် မျက်လုံးများ ပြူးကျယ်သွားကာ ဆို၏။
“ကြော်ငြာတစ်ခုကို ယွမ်နှစ်သောင်းလား၊ ဒါဆိုရင် တော်တော်လေး တွက်ခြေကိုက်တာပဲ၊ ဒါပေမဲ့ ကျွန်တော်တို့က အစ်ကို့လောက် ပရိသတ် မများသေးတော့ နှစ်သောင်းလောက်တော့ ရမှာ မဟုတ်ဘူး ထင်တယ်”
ချောင်ရှီဖုန်းက ခေါင်းခါလိုက်ကာ ပြန်ပြောလိုက်သည်။
“နှစ်သောင်း မဟုတ်ဘူး၊ ကြော်ငြာတစ်ခုကို နှစ်သိန်း”
“ဗျာ”
ရန်အာဟူသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၍ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ ဖုန်းမျက်နှာပြင်ပေါ်ရှိ မှတ်ချက်များကို ကြည့်နေရသည်မှာ စာသားများကို ဖတ်နေရခြင်း မဟုတ်ဘဲ တောက်ပနေသည့် ငွေပုံကြီးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရ၏။
ချောင်ရှီဖုန်းက ဘေးမှနေ၍ ရှင်းပြလေသည်
“ငါက ကြော်ငြာလက်ခံရတာကို သိပ်မကြိုက်ဘူး၊ ငါ့ဝင်ငွေက များသောအားဖြင့် တစ်ပတ်တာအတွင်း လုပ်တဲ့ အပိုင်းပိုင်း အလုပ်တွေကနေ ရတာ၊ ငါ့အကောင့်အများစုက သိပ္ပံဆိုင်ရာ ဗီဒီယိုတွေဖြစ်လို့ ကြော်ငြာလက်ခံရင်တောင် ကြော်ငြာထဲက ပစ္စည်းကိုဝယ်ယူသူ နည်းတယ်လေ၊ ပြီးတော့ ထုတ်ကုန်တွေကို ရွေးချယ်ရတာက ငါလို ဖြစ်သလိုနေတတ်တဲ့သူတစ်ယောက်အတွက်တော့ အဆင်ပြေမနေဘူး”
“မင်းတို့ရဲ့ ဖျော်ဖြေရေးဘက်ကို ဦးတည်တဲ့ ဗီဒီယိုတွေကတော့ ကြော်ငြာလက်ခံမယ်ဆိုရင် အရောင်းအဝယ် ဖြစ်နိုင်ခြေ ပိုများမှာပါ”
ထိုစကား ကြားသောအခါ ရန်အာဟူသည် အတိုင်းမသိ စိတ်လှုပ်ရှားသွားကာ ဟစ်အော်လေသည်။
“မိသားစုဝင်တို့... ကြားကြတယ် မဟုတ်လား၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူတွေထဲမှာ လုပ်ငန်းရှင်တွေ ပါခဲ့ရင် ကျွန်တော့်ကို ချက်ချင်း ဆက်သွယ်လိုက်ပါတော့၊ ဒီအကောင့်ရဲ့ ပထမဆုံး ကြော်ငြာအတွက် အထူးလျှော့စျေးနဲ့ လုပ်ပေးပါ့မယ်”
တိုက်ရိုက်ထုတ်လွှင့်မှု၏ ချတ်ဒ် ထဲတွင် ရယ်မောသံများ ဆူညံသွားတော့သည်။
“ဆိုရှယ်မီဒီယာ လုပ်တာ ဒီလောက် ဝင်ငွေကောင်းမှန်း အခုမှ သိတာလား”
“ကလေးလေး ပျော်နေတာကို ကြည့်ပါဦး၊ အရူးလေးကျနေတာပဲ”
“ဒါပေမဲ့ အရှိကို အရှိအတိုင်း ပြောရရင် ဆိုရှယ်မီဒီယာ ဘလော့ဂါ လုပ်တာက တကယ်ပဲ ဝင်ငွေကောင်းပုံရတယ်၊ အရင်က ဘလော့ဂါတစ်ယောက်ဟာ ဗီဒီယို တစ်ခုတည်းနဲ့တင် သုံးသန်းလောက်အထိ ရတယ်လို့ ကြားဖူးတယ်”
“ဗီဒီယို ရိုက်တာက ပိုက်ဆံမရဘူးဆိုရင် လူတွေ ဒီလောက်တောင် အလုအယက် လုပ်ကြပါ့မလား”
“ဝိုး... သူတို့တွေ ပြောနေတာ သိန်းသောင်းချီနေတာပဲ၊ ငါ့မှာတော့ ယွမ်တစ်ရာတောင် မရှိသလို ခံစားရတယ်”
“ကျားပေါက်လေးတွေကို သုံးပြီး ကြော်ညာ ပေးလို့ရနိုင်မလား၊ ဒါဆိုရင်တော့ ငါ သေချာပေါက် အားပေးမှာပဲ”
“ဟန်ဟော့က ပထမဆုံး ကြော်ငြာကို ရိုက်ရမှာ”
“ကျွန်တော်တို့က တရားဝင် ခွေးစာ ထုတ်လုပ်တဲ့ ကုမ္ပဏီပါ၊ တိုက်ရိုက်ထုတ်လွှင့်သူရေ... ကျွန်တော်တို့ကို တစ်ချက်လောက် ကြည့်ပေးပါဦး”
အမှတ်တံဆိပ်တစ်ခုသည် သူမအား ဤမျှ မြန်မြန်ဆန်ဆန် ဆက်သွယ်လာသည်ကို ရန်အာဟူ အံ့သြသွားမိသည်။
ထိုအမှတ်တံဆိပ်မှာ ခွေးစာ ထုတ်လုပ်သည့် လုပ်ငန်း ဖြစ်နေ၏။
တစ်ဖက်မှ တောင်းဆိုချက်ကို မြင်လိုက်ရသောအခါ ရန်အာဟူ၏ မျက်နှာထားမှာ ထူးဆန်းသွားလေသည်။
ဖက်ထုပ်တစ်ပန်းကန်လုံးကို စားပြီးသွားသောအခါ လင်းယန်က မေးလိုက်၏။
“ဘာဖြစ်လို့ အဲဒီလို မျက်နှာပေး ဖြစ်နေတာလဲ”
“သူဌေး... ကျွန်တော့်မှာ သတင်းကောင်း ရှိတယ်၊ ကြားချင်လား”
“အင်း... ပြောပါဦး”
လင်းယန်သည် သူ၏ ဘေးတွင် ချွဲနွဲ့နေသည့် အမွှေးဝါကို ပွေ့ချီလိုက်ပြီး ပြောလိုက်လေသည်။
“ဘာဖြစ်လို့ မင်းအမေဆီ မသွားဘဲ ဒီမှာ ဘာလုပ်နေတာလဲ၊ ခဏနေရင် ငါ ကျွေးပါ့မယ်၊ မလောပါနဲ့ဦး”
“သတင်းကောင်းကတော့ ကုမ္ပဏီတစ်ခုက ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းလာကြတာတယ်၊ ခွေးစာ ထုတ်တဲ့ ကုမ္ပဏီဗျ”
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဆက်လက် ရှိနေသေးသဖြင့် ရန်အာဟူသည် တစ်ဖက်မှ ကမ်းလှမ်းသော စျေးနှုန်းကို တိုက်ရိုက် မပြောဘဲ ချန်လှပ်ထားခဲ့၏။
လင်းယန်သည် အနည်းငယ် အံ့အားသင့်သွားကာ ဆိုသည်။
“ဒီလောက်တောင် မြန်လား၊ ခွေးစာ ကြော်ငြာဆိုရင်လည်း ကောင်းတာပဲ မဟုတ်လား၊ ငါတို့ အိမ်မှာလည်း ဟတ်စကီတစ်ကောင် ရှိနေတာပဲ”
နာမည်အခေါ်ခံလိုက်ရသည့် ဟန်ဟော့သည် ခြံထောင့်တွင် လဲလျောင်းနေရာမှ အမြီးကို ခါယမ်းပြလေသည်။
ထိုကောင်သည် အခုတလော ပို၍ ပျင်းရိလာပြီး လှုပ်ရှားရမည်ကိုပင် မလိုလားတော့ပေ။
ရန်အာဟူသည် တွေဝေသွားဟန်ဖြင့် ဆိုလိုက်၏။
“တစ်ဖက်က တောဝက်ဘုရင်ကိုပဲ ဒီကြော်ငြာမှာ ပါဝင်စေချင်နေတာဗျ”
ဘေးတွင် ဖက်ထုပ် စားနေသည့် ချောင်ရှီဖုန်းမှာ ထိုစကားကို ကြားသောအခါ ဆွံ့အသွား၍ မေးမိတော့သည်။
“တောဝက်တစ်ကောင်က ခွေးစာကြော်ငြာမှာ ဘယ်လိုလုပ်ပြီး ပါလို့ ရမှာလဲ”
ရန်အာဟူသည် ခေါင်းညိတ် ထောက်ခံကာဆို၏။
“ကျွန်တော်လည်း အဲဒီလိုပဲ တွေးမိတာ၊ ဒါပေမဲ့ သူတို့က အတင်းတောင်းဆိုနေကြတာဗျ”
လင်းယန်မှာလည်း ငြင်းမရအဆုံး လက်ခံလိုက်ရတော့သည်။
“ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ပိုက်ဆံရမှာကို ငြင်းတဲ့သူဟာ အရူးပဲ ဖြစ်မှာပေါ့၊ သူတို့က တောဝက်ဘုရင်ကို အဲဒီလောက်တောင် သဘောကျနေမှတော့ တောဝက်ဘုရင်ကပဲ ဒီကြော်ငြာကို လက်ခံလိုက်တော့မယ်၊ မင်းပဲ ဗီဒီယိုနဲ့ ပရိုမိုးရှင်းကိစ္စတွေကို စီစဉ်လိုက်ပါ၊ အိမ်က တိရစ္ဆာန်တွေကို အစာကျွေးပြီးရင်တော့ လယ်ထဲသွားပြီး ပေါင်းလိုက်ကြတာပေါ့”
လင်းယန်သည် ကောင်းကင်ကြီးကို မော့ကြည့်ကာ သက်ပြင်းချချင်စိတ် ပေါ်ပေါက်လာ၏။ အဘယ်ကြောင့် လုပ်စရာ အလုပ်များ ဤမျှ များပြားနေရသနည်း။
အင်တာနက် အသုံးပြုသူများကလည်း ထိုအမှတ်တံဆိပ်ကို အလွန် ထူးဆန်းသည်ဟု ထင်မြင်ကြလေသည်။
ထိုတောဝက်တွင် ဆွဲဆောင်မှုရှိသော အရာ ဘာပါနေသနည်း။
“ဒုတိယအစ်ကိုကြီးအကြောင်း အဲဒီလို မပြောပါနဲ့၊ သူက အခုဆိုရင် အမျိုးသားအဆင့် သူရဲကောင်းကြီး ဖြစ်နေပြီ”
“တကယ် ရယ်ရတယ်! ခွေးစာကြော်ငြာအတွက် တောဝက်တစ်ကောင်ကို ငှားဖို့ သူတို့ ဘာတွေ တွေးနေကြတာလဲ”
“ဒါက အလုပ်သင် အသစ်လေးရဲ့ လက်ချက်များလား၊ တကယ့်ကို ထူးခြားတဲ့ အိုင်ဒီယာပဲ”
“ဒီလို လုပ်လို့ မင်းရဲ့ သူဌေးက လစာဖြတ်မှာကို မကြောက်ဘူးလား”
“အဲဒါ ဘယ်ခွေးစာ အမှတ်တံဆိပ်လဲဆိုတာ မပြောနဲ့ဦး၊ ငါ့တော့စိတ်ဝင်စားသွားပြီ”
အစာကျွေးချိန်တွင် တောဝက်ဘုရင်သည် စိတ်အားအထက်သန်ဆုံး ဖြစ်လေသည်။ သူသည် အခြား ဝက်ကလေး သုံးကောင်ကို ခြံထောင့်သို့ ရောက်သွားအောင် တွန်းထုတ်လိုက်၏။
သူသည် ဝက်စာ တစ်ပုံးလုံးကို တစ်ကောင်တည်း သိမ်းပိုက်လိုက်လေသည်။ ကျေးဇူးတင်စရာ ကောင်းသည်မှာ သူ၏ ကောင်းသော နေ့ရက်များ ရောက်ရှိလာခြင်း ဖြစ်၏။
လင်းယန်သည် ထိုအဖြစ်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ကာ ဆိုလိုက်သည်။
“မင်းက ဝက်စာတွေ အကုန်စားပစ်ရင် ငါ့ဝက်တွေ ဘာစားရတော့မလဲ”
တောဝက်ဘုရင် မရောက်လာမီက ဝက်စာ တစ်ပုံးသည် ဝက်ကလေးများအတွက် လုံလောက်ခဲ့သော်လည်း ယခုမူ အခြေအနေများ ဆိုးရွားသွားခဲ့လေပြီ။
ဤအငမ်းမရ စားတတ်သည့် ကောင်သည် အခြားဝက်များ အသက်ရှင်သန်ရန် အခွင့်အရေးပင် မပေးတော့ပေ။
“ဟတ်... ဟတ်”
တောဝက်ဘုရင်သည် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ အစာခွက်အတွင်းရှိ အစာများကို ပြောင်စင်သွားအောင် စားပစ်လိုက်လေသည်။
အစာစားပြီးနောက် သူသည် ကျေနပ်အားရသည့် အမူအရာဖြင့် လင်းယန်ကို ကြည့်နေ၏။
သူသည် ဗိုက်မဝသေးသည့်ပုံ ပေါ်နေသည်။ လင်းယန်မှာ စကားပင် မဆိုနိုင်တော့ဘဲ နောက်ထပ် ဝက်စာတစ်ပုံးကို ထပ်မံ ချက်ပြုတ်ပေးရတော့သည်။
“ဒီတစ်ခါတော့ မင်း စားခွင့်မရှိဘူး”
လင်းယန်သည် တောဝက်ဘုရင်ကို စိုက်ကြည့်ရင်း မလှုပ်မယှက် ရပ်နေသဖြင့် ဝက်ကလေး သုံးကောင်မှာ နောက်ဆုံးတွင် အစာကို အဝစားခွင့် ရရှိသွားကြလေသည်။
တောဝက်ဘုရင်မှာမူ အားငယ်စိတ်ပျက်သွားဟန် ရှိ၏။
ဤလူသားသည် ဘာတွေ လုပ်နေသနည်း။ ဤသည်မှာ မျှတသော လုပ်ရပ် ဖြစ်ပါသလား။ သူသည် ဗိုက်ပင် မဝသေးသည်ကို ဘာကြောင့်အစာမကျွေးရသနည်း။
ဝက်ကလေး သုံးကောင် ဗိုက်ပြည့်သွားမှသာ လင်းယန်သည် သက်ပြင်းချနိုင်တော့သည်။
“မင်းသာ နောက်တစ်ခါ အစာတွေကို လုစားဦးမယ်ဆိုရင် တောင်ပေါ်ကို ပြန်လွှတ်ပစ်မယ်”
ဤစကားသည် တောဝက်ဘုရင်အတွက် အထူးပင် ခြိမ်းခြောက်မှု ဖြစ်သွားလေသည်။
သူသည် တစ်ခါတစ်ရံ ဗိုက်ပြည့်ပြီး တစ်ခါတစ်ရံ ငတ်မွတ်နေရသည့် တောင်ပေါ်က ဘဝမျိုးသို့ အမှန်တကယ် မပြန်လိုတော့ပေ။
ဝက်များကို အစာကျွေးပြီးနောက် လင်းယန်သည် ကြက်များနှင့် ငန်းများကို ဆက်လက် အစာကျွေး၏။
သူ၏ ခြံထဲတွင် ဘဲများကိုမူ မမွေးထားပေ။
အဓိက ပြဿနာမှာ သူ၏ နောက်ဖေးခြံသည် အလွန်အမင်း မကျယ်ဝန်းလှဘဲ တိရစ္ဆာန်များစွာ ရှိနေသဖြင့် အနံ့အသက်မှာ အတော်ပင် ပြင်းထန်နေခြင်း ဖြစ်လေသည်။
ကံကောင်းသည်မှာ သူသည် နေ့စဉ် သန့်ရှင်းရေး ပြုလုပ်ပေးနေခြင်း ဖြစ်၏။
နွားကလေး သုံးကောင်လည်း အနံ့အသက် ပြင်းလှသဖြင့် လင်းယန်သည် အိမ်နောက်ဘက်သို့ မောင်းထုတ်ထားလေသည်။
ထိုကောင်များကို နောက်ဖေးခြံထဲသို့ပင် ဝင်ခွင့်မပြုပေ။
ထို့အစား အိမ်နောက်ဖက်ရှိ အသုံးမပြုတော့သော နွားတင်းကုပ်တွင်သာ ထားရှိ၏။ ချောင်ရှီဖုန်းက နွားကျောင်းသည့် အလုပ်ကို ကူညီလုပ်ဆောင်ပေးရန် ကမ်းလှမ်းလေသည်။
လင်းယန်သည် ရန်အာဟူထံသို့ ဝါးခမောက် တစ်လုံး ပစ်ပေးလိုက်ကာ ဆိုလိုက်၏။
“သွားကြစို့၊ လယ်ထဲမှာ အလုပ်သွားလုပ်ရအောင်”
သူတို့နှစ်ဦး လယ်ကွင်းသို့ မရောက်မီမှာပင် ကျေးရွာသူကြီးသည် သူတို့ထံသို့ အပြေးအလွှား ရောက်ရှိလာလေသည်။
“လင်းယန်... မင်း ဘယ်သွားမလို့လဲ”
“ပေါက်တူးကြီး ထမ်းလို့၊ လယ်ထဲ သွားမလို့လား”
ရွာသူကြီးသည် ဝေခွဲမရသည့် မျက်နှာဖြင့် ပြန်ပြော၏။
“မဟုတ်သေးပါဘူး၊ ငါမှတ်မိသလောက်တော့ မင်းတို့မိသားစု ဒီနှစ် လယ်မစိုက်ဘူး မဟုတ်လား”
လင်းယန်က ပြုံးလျက် ခေါင်းညိတ်ပြကာ ပြန်ပြော၏။
“စိုက်ပျိုးဖို့ အခု ပြင်ဆင်နေတာလေ”
“အချိန်လွန်နေပြီနော်၊ မင်း ရေကြီးစပါး စိုက်ရင်တောင် အချိန်နှောင်းနေပြီ”
လင်းယန်က အေးဆေးစွာပင် ပြန်လည်ဖြေကြားလိုက်သည်။
“အချိန်ရှိပါသေးတယ်”
သူသည် ပျိုးပင်များကို ပြုစုပျိုးထောင်ရန် နတ်ရေစင် ကို အသုံးပြုရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။
သူသည် ဤနည်းလမ်းကို မစမ်းသပ်ရသေးပေ။ မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရပေမည်။
“ရွာသူကြီး... ဒီလောက် ပူအိုက်နေတဲ့ နေ့မှာ ဘယ်ကို သွားမလို့လဲ”
လင်းယန်သည် စကားလမ်းကြောင်းကို ပါးပါးနပ်နပ် လွှဲပြောင်းလိုက်၏။
ထိုအခါမှ ရွာသူကြီးသည် အရေးကြီးသည့် ကိစ္စကို သတိရသွားကာ ဆို၏။
“ငါ မင်းကို လာရှာတာ၊ မင်းတို့ရဲ့ အစီအစဉ်ရိုက်ကူးရေးအဖွဲ့က မီးရှူးမီးပန်း ပြပွဲတစ်ခု လုပ်မလို့ဆို”
“ရွာက နေရာပေးဖို့ ပြောတယ်၊ ဒါပေမဲ့ ရွာက ကွင်းပြင်က သိပ်မကျယ်ဘူးလေ၊ မင်းတို့ ရွာမှာ ကွင်းပြင် သိပ်မရှိတာ မင်းလည်း သိသားပဲ၊ အဲဒီတော့ မီးရှူးမီးပန်းပြပွဲကို မင်းတို့အိမ်မှာပဲ လုပ်ရင် ဘယ်လိုလဲ”
လင်းယန်သည် ရွာသူကြီးကို စိုက်ကြည့်လိုက်၏။
ရွာသူကြီးမှာမူ ထိုအကြည့်ကြောင့် အနေရခက်သွားပြီး ခေါင်းကို ကုတ်ကာ အပြစ်ရှိသကဲ့သို့ ငုံ့သွားလေသည်။
“အဲဒါက ရိုက်ကူးရေးအဖွဲ့က ကျွန်တော့်ခြံထဲမှာ လုပ်ချင်တယ်လို့ ပြောတာ မဟုတ်လား”
ရွာသူကြီးသည် ချောင်းတစ်ချက် ဟန့်လိုက်ကာ ဆို၏။
“သူတို့ ဆိုလိုတာကလည်း အဲဒါပါပဲ”
မူလကမူ ရွာသူကြီးသည် စပါးလှန်းသည့် ကွင်းပြင်ကို ရိုက်ကူးရေးအဖွဲ့အား ခေတ္တ ပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ တစ်ညတည်းသာ ဖြစ်ပြီး ရွာသားများသည်လည်း ညဘက်တွင် စပါးလှန်းစရာ မလိုပေ။
သို့သော် ရိုက်ကူးရေးအဖွဲ့ကမူ လင်းယန်၏ နေရာတွင်သာ လုပ်ဆောင်လိုကြောင်း အကြံပြုခဲ့ကြသည်။
အမှန်တကယ် ရိုက်ကူးရေးအဖွဲ့သည် လင်းယန်နှင့် တိုက်ရိုက် ဆွေးနွေးနိုင်သော်လည်း သူတို့ ကိုယ်တိုင်ပြောပါက အငြင်းခံရမည်ကို သိသဖြင့် ရွာသူကြီးမှတစ်ဆင့် ဆောင်ရွက်ခိုင်းခြင်း ဖြစ်လေသည်။
မှန်ပါသည်၊ ရွာသူကြီးသည်လည်း အကျိုးခံစားခွင့် အချို့ ရရှိခဲ့၏။
သူတို့သည် လာမည့်နှစ်တွင် ကျေးရွာ၌ လမ်းများ ဖောက်လုပ်ပေးမည်ဟု ကတိပေးခဲ့ကြသည်။
“ရပါတယ်၊ ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး”
ရွာသူကြီးသည် အကြာကြီး နားချရလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း အခြားတစ်ဖက်မှ ချက်ချင်း သဘောတူလိုက်သဖြင့် အံ့သြသွားရ၏။
“အင်”
လင်းယန်သည် မိန်းမောသွားပြီး ဘာပြောရမည်မှန်းပင် မသိတော့ပေ။
လင်းယန်က ပြုံးလိုက်ကာ ဆိုလေသည်။
“ရွာသူကြီးက ကျွန်တော့်ဦးလေး အရွယ် လူကြီးတစ်ယောက်ပဲလေ၊ အခုလို လာပြောမှတော့ ကျွန်တော် သေချာပေါက် မျက်နှာပေးရမှာပေါ့၊ သူတို့ကို ပြန်ပြောလိုက်ပါ၊ ကျွန်တော် သဘောတူပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ခြံထဲ ဝင်တဲ့အခါ တိရစ္ဆာန်တွေကို မလန့်အောင်တော့ ဂရုစိုက်ခိုင်းပါ”
အကယ်၍ ရွာသူကြီးသာ သတိမပေးပါက ယနေ့ညသည် မီးရှူးမီးပန်းပြပွဲ ပြုလုပ်မည့်နေ့ ဖြစ်သည်ကို သူ မေ့လျော့နေတော့မည် ဖြစ်၏။
“ကောင်းပြီ၊ ပြဿနာ မရှိစေရဘူး”
ရွာသူကြီးသည် သူ၏ ဝါကျင့်ကျင့် သွားများကို ပေါ်အောင် ဖြီးပြလိုက်လေသည်။
အရာရာတိုင်းမှာ သူ မျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့နေတော့သည်။
အခန်း (၃၈)
လင်းယန်နှင့်အတူ လယ်ကွင်းထဲတွင် တစ်နေကုန် အလုပ်လုပ်ပြီးနောက် ရန်အာဟူသည် ကိုယ်လက်ညောင်းညာကိုက်ခဲနေလေသည်။
“သူဌေး... ကျွန်တော့်ကို တစ်ရက်လောက် ခွင့်ပေးလို့ မရဘူးလားဗျာ”
“ဒီနေ့တော့ ကျွန်တော့်ခါး ကျိုးတော့မယ် ထင်တယ်”
ရန်အာဟူသည် သည်းမခံနိုင်လောက်အောင် နာကျင်နေရှာ၏။
၎င်း၏ ဘဝတစ်လျှောက်တွင် ယခုကဲ့သို့ မည်သည့်အခါမျှ မပင်ပန်းခဲ့ဖူးချေ။
ကံကောင်းထောက်မစွာဖြင့် လယ်ကွင်းအတွင်း၌ ပေါင်းမြက်များ အလွန်အမင်းမထူထပ်သေးသည့်အတွက် ထိုသူနှစ်ဦးသည် တစ်ရက်အတွင်း ပေါင်းရှင်းခြင်း အလုပ်ကို အပြီးသတ်နိုင်ခဲ့ကြသည်။
လင်းယန်အတွက်မူ အခက်ခဲဆုံး အပိုင်းမှာ စပါးပင်စိုက်ခြင်းပင် ဖြစ်လေသည်။
“အလုပ်များတဲ့ စိုက်ပျိုးရေးရာသီမှာ အနားယူခွင့် မရှိဘူးဆိုတာ မင်းမကြားဖူးဘူးလား၊ ဒါ့အပြင် ငါက လယ်ဧက ဆယ်ဧကလောက်ကို စိုက်ပျိုးဖို့ စီစဉ်ထားတာ၊ မင်းက အနားယူနေမယ်ဆိုရင် ငါတစ်ယောက်တည်း ဘယ်လိုလုပ်ပြီး စိုက်နိုင်မှာလဲ”
ရန်အာဟူသည် မျက်မှောင်ကြုတ်လိုက်ပြီး ဆိုလေသည်။
“မြေထွန်တာက လွယ်ပါတယ်၊ ဒါကိုတော့ ကျွန်တော့် တာဝန်သာ ထားလိုက်ပါ”
လင်းယန်သည် မယုံကြည်နိုင်ဟန်ဖြင့် လက်ညှိုးထိုး၍ မေးမြန်းလိုက်၏။
“မင်းတစ်ယောက်တည်း ဟုတ်လား၊ မင်း တစ်ခုခု ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်”
ရန်အာဟူသည် မကျေမနပ်ဖြင့် ပြန်ဖြေလိုက်သည်။
“သူဌေးကလည်း ကျွန်တော့်ကို ဘယ်လိုများ ထင်နေတာလဲဗျ၊ ကျွန်တော်တို့ ရွာထဲကို စက်ယန္တရားတွေ သယ်ဖို့က ခက်ခဲတယ်လေ၊ နှစ်တိုင်း စိုက်ပျိုးချိန်ရောက်ရင် လူတွေက ကျွန်တော်တို့အိမ်မှာရှိတဲ့ နွားလားဥဿဘကြီးတွေကို လာငှားကြတာ၊ ကျွန်တော့် မိဘတွေက ဘာအလုပ်လုပ်လဲဆိုတာ သူဌေး မမေ့နဲ့လေ၊ မနက်ဖြန်ကျရင် ဒီကိစ္စကို ကျွန်တော့် မိဘတွေနဲ့ ပြောလိုက်မယ်၊ သူတို့က ကျွန်တော်တို့အတွက် လယ်ယာမြေကိစ္စကို အကုန်စီစဉ်ပေးပါလိမ့်မယ်”
ထိုအခါမှသာ ရန်အာဟူ၏ မိသားစုသည် နွားမွေးမြူရေး လုပ်ကိုင်ကြောင်းကို လင်းယန် သတိရသွားတော့သည်။
နွားလားဥဿဘ ခုနစ်ကောင်၊ ရှစ်ကောင်ခန့်ဖြင့် လယ်ထွန်ရလျှင် မြန်မြန်ဆန်ဆန်ပြီးနိုင်သည်။
ရန်အာဟူသည် ထိုတာဝန်ကို ယူမည်ဟု ဆိုလာသောကြောင့် လင်းယန်သည်လည်း အားနာခြင်း မရှိတော့ဘဲ လက်ခံလိုက်လေသည်။
ထို့နောက်တွင် သူသည် ပျိုးပင်များပျိုးမည့် ကိစ္စကို စတင် စဉ်းစားလေတော့သည်။
သူတို့ကျေးရွာတွင် စိုက်ပျိုးစရာ မြေနေရာကျယ်ကျယ်ဝန်းဝန်းရှိသော်လည်း ပျိုးပင်များ၏ ရှင်သန်နှုန်းမှာ နည်းပါးသည်။
ထို့ကြောင့် တောင်သူအများစုမှာ ပျိုးပင်များကို ကိုယ်တိုင်မပျိုးဘဲ အဆင်သင့်ပျိုးပြီးသား ပျိုးပင်များကိုသာ ဝယ်ယူကြသည်။
အချို့မှာမူ တိုက်ရိုက်အစေ့ချ စိုက်ပျိုးကြသော်လည်း ရှင်သန်နှုန်းမှာ ပိုမိုနည်းပါးသည်။
လင်းယန်သည် ပြင်ပမှ ပျိုးပင်များ ဝယ်ယူရန် တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ဖူးချေ။
အကြောင်းရင်းမှာ ပြင်ပတွင် ပျိုးပင် ဝယ်ယူရခြင်းမှာ အလွန် အကုန်အကျ များသောကြောင့် ဖြစ်သည်။
“ဘာကြောင့် ကိုယ်တိုင် အရင် မပျိုးထောင်ကြည့်ရမှာလဲ”
လင်းယန် တွေးတောနေမိ၏။
၎င်းတွင် နတ်ရေစင် ရှိနေသဖြင့် ပျိုးပင်များ၏ ရှင်သန်နှုန်းမှာ ပုံမှန်ထက် များစွာ မြင့်မားနိုင်မည်ဟု ယုံကြည်နေသည်။
ရှင်သန်နှုန်း ၄၀ ရာခိုင်နှုန်းခန့် ရှိလျှင်ပင် အလွန် ကောင်းမွန်ပြီဟု သူက ယူဆထားလေသည်။
“မြေထွန်တာ ပြီးသွားရင်တော့ ငါတို့ မြို့ထဲသွားပြီး မျိုးစေ့တွေ ဝယ်ကြမယ်”
ထိုသူနှစ်ဦး တိုင်ပင်နေကြစဉ်အတွင်း အစီအစဉ် ရိုက်ကူးရေးအဖွဲ့နှင့်အတူ အခြား ပြိုင်ပွဲဝင် လေးဦးတို့သည် လင်းယန်၏ နေအိမ်သို့ ရောက်ရှိလာကြသည်။
၎င်းတို့သည် ယနေ့ညတွင် ပြုလုပ်မည့် မီးရှူးမီးပန်း ပြပွဲကို အွန်လိုင်းပေါ်တွင် ကြော်ငြာထားသည်မှာ ကြာနေပြီ ဖြစ်သဖြင့် ကြည့်ရှုသူ အမြောက်အမြားသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
အစီအစဉ်၏ ဒါရိုက်တာဖြစ်သူ စုန်သည် ယခု မီးရှူးမီးပန်း ပြပွဲကို တာဝန်ခံ လုပ်ဆောင်သူ ဖြစ်၏။
သူသည် လင်းယန်ကို မြင်သည်နှင့် ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လေသည်။
“လင်းယန်၊ မင်းက အခု ငါတို့ အစီအစဉ်မှာ လူကြိုက်အများဆုံးပဲ၊ ငါတို့ စာရင်းဇယားတွေအရ မင်းရဲ့ လုပ်ငန်းက ရရှိတဲ့ ဝင်ငွေက တခြား ပြိုင်ပွဲဝင်တွေထက် အများကြီး သာနေတယ်၊ ဆက်ပြီး ကြိုးစားထားပါ”
လင်းယန်သည် ပြုံး၍သာ တုံ့ပြန်လိုက်၏။
အခြား ပြိုင်ပွဲဝင် လေးဦးမှာမူ မျက်နှာပျက်နေကြသည်။
ခြံဝင်းအတွင်း လဲလျောင်းနေသော တိရစ္ဆာန်များသည်လည်း လူစိမ်းအုပ်စုကို မြင်သည်နှင့် ထရပ်ကြကုန်သည်။
ကံကောင်းသည်မှာ ဤပြပွဲသည် ဖျော်ဖြေရေး သက်သက်သာ ဖြစ်သဖြင့် အခြား ပစ္စည်းကိရိယာများ ကိုပြင်ဆင်ရန် မလိုအပ်ခြင်းပင် ဖြစ်၏။
ဝန်ထမ်းများသည် အရှေ့မြောက်ပိုင်းကျား ကို မြင်သောအခါ မတော်တဆ ရန်စမိမည်ကို စိုးရိမ်သဖြင့် မည်သူမျှ ကျယ်လောင်စွာ အသံမထွက်ရဲကြချေ။ အကိုက်ခံရပါက မည်သူ့ကိုမျှ အပြစ်တင်၍ ရမည် မဟုတ်ပေ။
လင်းယန်၏ ခြံဝင်းသည် ကြည့်ရှုသူများအတွက် ပိုမို စိတ်ဝင်စားစရာ ကောင်းမည်ဟု ယူဆသောကြောင့် ဒါရိုက်တာ စုန်သည် ယခုနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ရှုလီ နှင့် လီတင်းတို့သည် လင်းယန်အပေါ် အမြင်မကြည်ကြသော်လည်း ယနေ့သည် တိုက်ရိုက် ထုတ်လွှင့်နေချိန် ဖြစ်သဖြင့် ၎င်းတို့၏ ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ဟန်ဆောင်ပန်ဆောင် ဖော်ဖော်ရွေရွေ နေကြရသည်။
ဝူအန်မှာမူ တောဝက်ဘုရင်၏ တိုက်ခိုက်ခြင်းကို ခံရ၍ ဆေးရုံတက်ခဲ့ရပြီးနောက်ပိုင်းတွင် အေးအေးဆေးဆေးပင် နေထိုင်လေတော့သည်။
သူသည် လင်းယန်ထက် ပို၍ လူကြိုက်များရန် မမျှော်လင့်တော့ဘဲ ဤအစီအစဉ် ပြီးဆုံးသည်အထိ ဘေးကင်းရန်သာ ဆုတောင်းနေတော့၏။
အစီအစဉ်၏ စည်းမျဉ်းအရ ရရှိသော အမြတ်ငွေများကို ပြိုင်ပွဲဝင်များက ပိုင်ဆိုင်ခွင့်ရှိသဖြင့် ပထမ မရလျှင်ပင် ငွေကြေးအချို့ ကျန်ရှိနေမည် ဖြစ်သည်။
ဝမ်တာ့လီသည် လင်းယန်အား အကွက်ဆင်ရန် ကြံစည်နေသော်လည်း အခွင့်အရေး မသာဘဲ ရှိနေလေသည်။
ထိုသူ လေးဦး၏ ဟန်ဆောင်အပြုံးများကို မြင်သောအခါ လင်းယန်သည်လည်း ဘာမျှ မပြောတော့ချေ။
“ကွား... ကွား... ကွား”
ဘယ်က ရောက်လာသည်မသိသော ငန်းဖြူကြီးများသည် ရောက်ရှိလာသော လူစိမ်းများကို စတင် တိုက်ခိုက်လေတော့သည်။
ဒါရိုက်တာ စုန်သည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်၏။
ပရိသတ်များသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်လာသည်နှင့် လူတိုင်း ငန်းဖြူကြီးများ၏ လိုက်လံထိုးဆိတ်ခြင်းကို ခံနေရသည်ကို တွေ့မြင်လိုက်ကြရလေသည်။
မြို့ပေါ်တွင် ကြီးပြင်းလာသော ရှုလီနှင့် လီတင်းတို့သည် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မကြုံဖူးသဖြင့် ငန်းဖြူကြီးများ လည်ပင်းရှည်ကြီးများဖြင့် လိုက်လာသည်ကို ကြည့်ကာ ကြောက်လန့်တကြား အော်ဟစ်နေကြတော့သည်။
“လင်းယန်၊ မင်းရဲ့ ငန်းဖြူတွေကို တစ်ခုခု လုပ်ပါဦး”
လီတင်းသည် ကြောက်ကြောက်လန့်လန့် အော်ဟစ်လိုက်၏။
လင်းယန်သည် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
“မင်းတို့တွေက ဘာလို့ နောက်ဖေးကနေ ရှေ့ဝင်းထဲ ရောက်လာကြတာလဲ၊ အခုချက်ချင်း အထဲကို ပြန်သွားကြစမ်း”
ငန်းဖြူကြီးများသည် ခေါင်းတငိုက်ငိုက်ဖြင့် နောက်ဖေးဝင်းထဲသို့ ချက်ချင်းပင် ပြန်ဝင်သွားကြလေသည်။
ကြည့်ရှုနေသူ ပရိသတ်များမှာလည်း ထိုမြင်ကွင်းကို ကြည့်၍ ရယ်မောနေကြ၏။
“ဒီငန်းဖြူတွေက တကယ့်ကို တက်ကြွတာပဲ”
“လင်းယန်အိမ်က တိရစ္ဆာန်တိုင်းက ထူးခြားချက် တစ်ခုစီ ရှိနေကြတာပဲ”
“ဒီလောက် အားရှိနေရင် အိုးကြီးနဲ့ ချက်စားပစ်ဖို့ ကောင်းတယ်”
စသည်ဖြင့် မှတ်ချက် အမျိုးမျိုး ပေးနေကြလေသည်။
ဒါရိုက်တာ စုန်သည် ကြည့်ရှုသူနှုန်း မြင့်တက်လာသည်ကို ကြည့်၍ အလွန် ဝမ်းမြောက်နေ၏။
သူသည် အခွင့်အရေးကို အသုံးချကာ စပွန်ဆာ ပေးထားသော ကုန်အမှတ်တံဆိပ်များကို ကြေညာလိုက်လေသည်။
“ယနေ့ညမှာ ပြုလုပ်မယ့် မီးရှူးမီးပန်း ပွဲတော်ကို ကြိုဆိုပါတယ်၊ အခု ကျွန်တော်တို့ လင်းယန်ရဲ့ အိမ်ကို ရောက်နေတာပါ၊ မီးရှူးမီးပန်းပွဲက အရမ်းကို ခမ်းနားမှာ ဖြစ်လို့ လက်မလွတ်စေနဲ့ဦးနော်၊ ပွဲမစခင်မှာ လင်းယန်က သူ့ရဲ့ အိမ်ကို လိုက်ပြပြီးတော့ တိရစ္ဆာန်အများကြီးကို ဘယ်လိုမျိုး သဟဇာတဖြစ်အောင် မွေးမြူထားလဲဆိုတာ ပြောပြပါလိမ့်မယ်”
ဒါရိုက်တာက ပြောရင်း ဝန်ထမ်းများအား ထောင့်နားရှိ ကျားကြီးအား အနီးကပ် ရိုက်ကူးရန် အချက်ပြလိုက်သည်။
“လင်းယန်... မင်းအိမ်မှာ အခု အိမ်မွေးတိရစ္ဆာန် ဘယ်နှစ်မျိုး ရှိနေပြီလဲ”
“အင်း... ကျွန်တော်လည်း သေသေချာချာတော့ မရေတွက်ကြည့်မိသေးဘူးဗျ”
ဒါရိုက်တာ စုန်သည် ပြုံးလျက် မေးမြန်းလိုက်သည်။
“ဒါဆိုရင် နောက်ဖေးဝင်းကနေ စပြီး လေ့လာကြည့်လို့ ရမလား”
လင်းယန်သည် ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။
“နောက်ဖေးဝင်းကတော့ ကြက်ဘဲတွေ မွေးထားလို့ နည်းနည်း ညစ်ပတ်နေနိုင်တယ်၊ ဒါပေမဲ့ အဲဒီမှာ ငါးကန်တစ်ခု ရှိတယ်၊ အားလုံးကို လိုက်ပြပေးပါ့မယ်”
ထို့နောက် ကင်မရာသည် နောက်ဖေးဝင်းသို့ လှည့်သွားလေသည်။
အခြား ပြိုင်ပွဲဝင် လေးဦးသည်လည်း အခွင့်အရေး မဆုံးရှုံးစေရန် လင်းယန်နောက်သို့ ခပ်မြန်မြန် လိုက်ပါသွားကြ၏။
၎င်းတို့သည် လင်းယန်နှင့် အတူရှိနေမှသာ လူကြိုက်များမှု ရရှိနိုင်မည်ကို သိရှိနေကြသောကြောင့် ဖြစ်သည်။
“ဒါကတော့ ကျွန်တော့်ရဲ့ ဝက်ကလေး သုံးကောင်ပါ၊ အခုဆိုရင် တော်တော်လေးကို ထွားကျိုင်းနေကြပြီ”
“ဒီကောင်လေးတွေကို သေသေချာချာ ကြည့်ထားကြပါဦး၊ နောက်ဆိုရင် မြင်ရဖို့ မလွယ်တော့ဘူး”
လင်းယန်က ထူးဆန်းသော အပြုံးဖြင့် ဆိုလေသည်။
ဒါရိုက်တာ စုန်မှာ အခြေအနေကို ချက်ချင်း သဘောမပေါက်သေးဘဲ မေးလိုက်၏။
“ဘာလို့ မမြင်ရတော့မှာလဲ၊ တခြားနေရာကို ပို့မလို့လား”
ပရိသတ်များမှာမူ မှတ်ချက်များဖြင့် ဆူညံသွားကြသည်။
“ဟားဟား... ဒါကတော့ ဝမ်းနည်းစရာကြီးပဲ”
“ဒီကောင်တွေ မြန်မြန်ကြီးလာတော့ အသားပေါ်ပြီး စားတော့မယ် ထင်တယ်”
“ဝက်ကလေးတွေက ချစ်စရာကောင်းတာကို ဘယ်လိုလုပ် စားရက်မှာလဲ”
စသည်ဖြင့် ရေးသားနေကြစဉ် ဒါရိုက်တာ စုန်သည်လည်း လင်းယန်၏ အဓိပ္ပာယ်ကို သဘောပေါက်သွားကာ အရွှန်းဖောက်လိုက်လေသည်။
“ဟားဟား... ဒါဆိုရင် ကျွန်တော့်အတွက်လည်း ဝက်ပေါင်တစ်လုံး ချန်ထားပေးဦးနော်”
ဒါရိုက်တာက ဆက်၍မေးမြန်း၏။
“ပရိသတ်တွေက တောဝက်ဘုရင်အကြောင်းကို အရမ်း စိတ်ဝင်စားနေကြတယ်၊ မင်းက အခု တောဝက်ဘုရင်ရဲ့ အုပ်ထိန်းသူ ဖြစ်နေပြီဆိုတော့ ဒီအပေါ်မှာ ဘယ်လို မြင်သလဲ”
“ကျေးဇူးတင်ရမှာပေါ့ဗျာ၊ သူ့ကြောင့်ပဲ ကျွန်တော် လုပ်ငန်းစကတည်းက ပထမဆုံး ကြော်ငြာကို ရခဲ့တာလေ၊ ခွေးစာ ကြော်ငြာ ဖြစ်နေရင်တောင်မှပေါ့”
လင်းယန်သည် ဖြေကြားလိုက်သည်။
စကားဝိုင်းအားလုံးသည် လင်းယန်ကိုသာ ဗဟိုပြုနေသဖြင့် ဝမ်တာ့လီစိတ်ထဲတွင် မနေမသာ ဖြစ်နေလေသည်။
“ဒါရိုက်တာ... သတ်မှတ်ချိန်ရောက်ဖို့ နီးလာပြီ၊ မီးရှူးမီးပန်းပွဲကို စလိုက်တော့မလား”
သူက လူအများ စိတ်ဝင်စားမှု ရရှိရန် ဖြတ်ပြောလိုက်၏။
ဝမ်တာ့လီသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပိုကြိုးစားခဲ့သဖြင့် လင်းယန်နှင့် ဝင်ငွေချင်း တူညီလုနီးပါး ရှိနေပြီဖြစ်သော်လည်း လင်းယန်သည် မည်သည့်အချိန်တွင်မဆို ၎င်းတို့ထက် သာလွန်သွားနိုင်သည်ကို သူ သိရှိနေလေသည်။
ဒါရိုက်တာ စုန်သည် နာရီကို ကြည့်လိုက်ကာ အမိန့်မေးလိုက်လေတော့်သည်။
“နောက်ထပ် မိနစ် နှစ်ဆယ်ပဲ လိုတော့တယ်၊ ရွာသားတွေ အကုန် ရောက်ပြီလားဆိုတာ သွားကြည့်ကြဦး”