အခန်း ၂၈၅၂
Vol. 226 Ch. 2852
အခန်း(၂၈၅၂)
ယင်းအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သန်မာထွားကျိုင်းသောလူငယ်နှင့် အခြားသူများ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
“ဒါ တလော့အင်မော်တယ်ရဲ့အရှိန်အဝါပဲ”
သူတို့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တလော့အင်မော်တယ်တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူတို့ မည်သို့မျှ မထင်မှတ်ထားခဲ့ကြပေ။
“အရှင် အသက်ချမ်းသာပေးပါ.. ကျွန်တော်က ရှောင်လုံအင်မော်တယ်မြို့တော်ရဲ့ ကူမိသားစုက ကူခွေပါ.. ကျွန်တော့်ရဲ့ ဆရာက ကူမိသားစုရဲ့ တလော့အဆင့် ဘိုးဘေးပါ.. ကူမိသားစုရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော့်ကို အသက် ချမ်းသာပေးဖို့ တောင်းဆိုပါတယ်”
သန်မာထွားကျိုင်းသော လူငယ်က အလျင်အမြန်ပင် အသနားခံ တောင်းပန်လိုက်သည်။
ကူမိသားစုသည် ရှောင်လုံအင်မော်တယ်မြို့ရှိ တလော့အဆင့်အင်အားစု တစ်စု ဖြစ်သည်။
တလော့အင်မော်တယ်များ ပင်လျှင် ကူမိသားစုကို မျက်နှာသာပေးကြရ၏။
ဤကဲ့သို့သော အခြေအနေတွင် သန်မာထွားကျိုင်းသော လူငယ်သည် ကူမိသားစု၏ နာမည်ကို အကာအကွယ် အဖြစ် ထုတ်သုံးရန်မှ တစ်ပါး အခြားမရှိတော့ပေ။
“ကူမိသားစုက ဖြစ်တော့ရော ဘာဖြစ်လဲ.. မင်းက ငါ့အပေါ် မကောင်းကြံဝံ့မှတော့ ထိုက်တန်တဲ့ ပေးဆပ်မှု အတွက် ပြင်ဆင်ထားရမှာပေါ့”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ဓားအလင်းတန်း တစ်ခုသည် သန်မာထွားကျိုင်းသော လူငယ်အုပ်စုကို လွှမ်းခြုံသွားခဲ့သည်။
သူက အားစိုက်ထုတ်စရာပင် မလိုလိုက်ဘဲ လူငယ်များကို ရှင်းလင်းလိုက်ပြီးနောက်တွင် လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်ကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ဖြိုခွဲလိုက်သည်။
ဟင်းလင်းပြင်အစီအရင်က ချက်ချင်းဆိုသလို ကွဲကြေသွားပြီးနောက်တွင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး၏ ပုံရိပ်သည် ကျန်းချန်၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုအဘိုးအိုက တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး အစီအရင်ကို ထိန်းချုပ်နေခြင်း ဖြစ်သည်။
ကျန်းချန်ကို ရုတ်တရက် မြင်လိုက်ရလျှင် သူ၏ မျက်နှာတစ်ခုလုံးတွင် အံ့အားသင့်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့၏။
သို့သော်လည်း အဘိုးအို စကားမပြောရသေးမီမှာပင် ကျန်းချန်က ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ အဘိုးအိုအား တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအိုသည် အစီအရင် ပညာရပ်တွင် ကျွမ်းကျင်သော်လည်း ကျင့်ကြံခြင်း အဆင့်ကမူ ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်တွင်သာ ရှိသေးသည်။
ထို့ကြောင့် ကျန်းချန်၏ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်အောက်တွင် အဘိုးအိုသည် နေရာမှာပင် အသားစများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ အင်မော်တယ်ဝိညာဥ် ပင်လျှင် အမှုန့်အဖြစ် ချေမှုန်းခံလိုက်ရသည်။
ကျန်းချန်၏ လက်ရှိအင်အားဖြင့် ဆိုလျှင် ရွှေအင်မော်တယ်ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ရန်မှာ ကြက်တစ်ကောင်ကို သတ်ဖြတ်ရသကဲ့သို့ပင် လွယ်ကူနေခဲ့သည်။
ဝတ်ရုံရှည်ဝတ် အဘိုးအိုကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ပတ်ဝန်းကျင်မှ အံ့ဩထိတ်လန့်နေသော အကြည့်များကို လျစ်လျူရှုကာ ကောင်းကင်ပေါ်သို့ တိုက်ရိုက်ဆိုသလို ပျံတက်သွားခဲ့ပြီး ရှောင်လုံအင်မော်တယ်မြို့တော်ကနေ ထွက်ခွာသွားခဲ့သည်။
ရှောင်လုံအင်မော်တယ်မြို့တော်ရှိ ကူမိသားစုသည် မြို့တော်၏ အင်အားကြီးမားသော တလော့အဆင့် အင်အားစုနှစ်စု အနက်မှ တစ်စု ဖြစ်သည်။
ယခုအခါ ကျန်းချန်တွင် ဧကရာဇ်ရှချင်း သန့်စင်ပေးထားသည့် အင်မော်တယ်ဘုရင် ရုပ်အလောင်း ရှိနေသဖြင့် တလော့အင်မော်တယ်များကို မကြောက်ရွံ့သော်လည်း မလိုလားအပ်သော ပြဿနာများကို မရှာချင်ခဲ့ပေ။
သို့သော်လည်း ကျန်းချန်က ရှောင်လုံအင်မော်တယ်မြို့တော်မှ ထွက်ခွာတော့မည့် အချိန်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်း တစ်ခုသည် ရှောင်လုံအင်မော်တယ်မြို့ တစ်မြို့လုံး ပေါ်သို့ ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။
“ဝုန်း..”
မရေမတွက်နိုင်သော လူများကို တုန်လှုပ်သွားစေသည့် တလော့အရှိန်အဝါ တစ်ခုသည် ရှောင်လုံအင်မော်တယ် တစ်မြို့လုံးသို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
နောက်ထပ်တစ်ခဏတွင် ရှောင်လုံအင်မော်တယ် မြို့တော်၏ အထက် ကောင်းကင်ယံ၌ ရုတ်တရက် စုစည်းလာသော ပုံရိပ်တစ်ခုကို ကျန်းချန် မြင်တွေ့လိုက်ရ၏။
ထိုပုံရိပ် ပေါ်လာသည့် အခိုက်အတန့်တွင် ရှောင်လုံအင်မော်တယ်မြို့တော် တစ်မြို့လုံး၏ အရာအားလုံးသည် ရုတ်တရက် ရပ်တန့်သွားပုံရပြီး လူတိုင်း၏ ပုံရိပ်သည် အချိန်ကာလ အေးခဲသွားသကဲ့သို့ တောင့်တင်းသွားခဲ့ကြသည်။
ထိုအချိန်မှာပင် ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော ကြုံးဝါးသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
“ကောင်လေး မင်းတော်တော် သတ္တိကောင်းတာပဲ.. ရှောင်လုံအင်မော်တယ်မြို့ထဲမှာ ငါ့ရဲ့တပည့်ကို သတ်ရဲတဲ့အပြင် ထွက်ပြေးဖို့ပါ ကြိုးစားချင်နေသေးတယ်.. မင်းက ငါ့ကိုဂရုစိုက်စရာမလိုဘူးလို့ မှတ်နေတာလား”
ယင်းအခိုက်အတန့်တွင် ရှောင်လုံအင်မော်တယ်မြို့တော် တစ်မြို့လုံးရှိ လူတိုင်းနီးပါး ထိတ်လန့် တုန်လှုပ်သွားကြသည်။
“ဒါက တလော့အဆင့် အင်မော်တယ်တစ်ပါး ဖြစ်တဲ့ ကူမိသားစုရဲ့ ဘိုးဘေးပဲ.. ဒီကောင်လေးက တော်တော်သတ္တိကောင်းတာပဲ.. ကူမိသားစုဘိုးဘေးရဲ့ တပည့်ကိုတောင် သတ်ရဲတယ်.. အခု ကူမိသားစုရဲ့ဘိုးဘေး ရောက်လာပြီဆိုတော့ ဒီကောင်လေးရဲ့ ကံကြမ္မာက မတွေးဝံ့စရာပဲ”
“..........”
ရှောင်လုံအင်မော်တယ်မြို့တော် အတွင်းရှိ မရေမတွက်နိုင်သောလူများသည် ကျန်းချန်ကို ကရုဏာသက်သော အကြည့်များဖြင့် မကြည့်ဘဲ မနေနိုင်ကြပေ။
တလော့အင်မော်တယ် တစ်ပါး ဆိုသည်မှာ လွယ်လွယ်နှင့်စော်ကား၍ မရပေ။
ထိုကောင်လေးဘက်မှ တလော့အင်မော်တယ်တစ်ပါး ရောက်မလာသရွေ့ ယနေ့တွင် ထိုကောင်လေးကို မည်သူမျှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။
“တလော့အဆင့်က တကယ်ကို ကြောက်စရာပဲ.. ဒီလူရောက်လာတာ အရမ်းကို မြန်လွန်းတယ်”
ကောင်းကင်ယံရှိ တလော့ဓမ္မခန္ဓာကိုယ်ကို ကြည့်ကာ ကျန်းချန်၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာ လုံးဝရှိမနေဘဲ ကူမိသားစုဘိုးဘေး၏ တလော့ဓမ္မခန္ဓာကိုယ်ကို တည်ငြိမ်စွာသာ ကြည့်နေခဲ့သည်။
သူ၏ စကားသံက ရှောင်လုံအင်မော်တယ်မြို့တော်၏ ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
“အဘိုးကြီး.. မင်းရဲ့ တလော့ဓမ္မခန္ဓာကိုယ်လောက်နဲ့တော့ ငါ့ကို ဘာမှ တတ်နိုင်မှာမဟုတ်ဘူး.. ငါ့ကို တားချင်တယ်ဆိုရင် မင်းကိုယ်တိုင် လာခဲ့လိုက်ပါ”
ကျန်းချန်၏ စကားကိုကြားလျှင် ရှောင်လုံအင်မော်တယ်မြို့ရှိ လူအများအပြားသည် အသက်ရှူမှားမတတ် အံ့အားသင့်သွားခဲ့ကြသည်။
သူတို့ရှေ့ရှိ အမည်မသိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကူမိသားစု ဘိုးဘေး၏ တလော့ဓမ္မခန္ဓာကိုယ်ကိုပင် ဂရုမစိုက်ခဲ့ပေ။
ဤသည်မှာ မည်မျှ ရူးသွပ်ဖွယ် ကောင်းလိုက်ပါသနည်း။
ဝိရောဓိနယ်မြေ အတွင်းရှိ ထိပ်တန်းအင်အားစုများမှ ပါရမီရှင်များပင်လျှင် တလော့အင်မော်တယ် တစ်ပါး၏ ရှေ့တွင် ဤမျှအထိ မောက်မာရဲခြင်း ရှိမည်မဟုတ်ပေ။
“ဟမ့်.. မင်းက သေခါနီးတောင်မှ စကားကြီးစကားကျယ် ပြောရဲသေးတယ်”
ကူမိသားစုဘိုးဘေးက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
“မင်းက ဘယ်လောက်ပဲ ထူးချွန်တဲ့ပါရမီရှင်ဖြစ်နေပါစေ.. ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံမှုလောက်နဲ့တော့ ငါ့ရှေ့မှာ လာပြီးမောက်မာဖို့ အရည်အချင်း မရှိသေးဘူး”
ထို့နောက်တွင် ကူမိသားစုဘိုးဘေးက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပေတစ်ရာခန့်ရှိသော ကြီးမားသည့် လက်ဝါးကြီးသည် ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် အဆုံးမဲ့ ဖိအားများသည် အရပ်မျက်နှာ အသီးသီးကနေ ကျန်းချန် ထံသို့ တိုးဝင်လာခဲ့ပြီး ကျန်းချန်ကို အသက်ရှူရ ခက်ခဲစေခဲ့သည်။
ကူမိသားစုဘိုးဘေး၏ စစ်မှန်သော တလော့ဓမ္မခန္ဓာကိုယ်သည် ယောင်ရွဲ့၏ မပြည့်စုံသော တလော့ဓမ္မခန္ဓာကိုယ်ထက် သိသိသာသာပင် ပိုမို၍ အားကောင်းနေခဲ့သည်။
ကျန်းချန်သည် သူ၏ လက်ရှိအင်အားဖြင့် ယောင်ရွဲ့၏ မပြည့်စုံသော တလော့ဓမ္မခန္ဓာကိုယ်ကိုပင် မခုခံနိုင်သည် ဖြစ်ရာ ကူမိသားစုဘိုးဘေး၏ စစ်မှန်သော တလော့ဓမ္မခန္ဓာကိုယ်ကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းက သူ့ ရှေ့ရှိ ဟင်းလင်းပြင်တွင် ပေါ်လာခဲ့သည်။
အင်မော်တယ်ဘုရင် ရုပ်အလောင်း ပေါ်လာသည်နှင့်အမျှ ကျန်းချန်၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါ ဖိအားများက ချက်ချင်းဆိုသလို လျော့နည်းသွားခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ကောင်းကင်ယံသို့ ပျံသန်းရန် ထိန်းချုပ်လိုက်ကာ လက်သီးချက် တစ်ချက် ထုတ်ဖော်စေခဲ့ပြီး ကူမိသားစု ဘိုးဘေး၏ ကြီးမားသော လက်ဝါးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ဟင်းလင်းပြင်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကူမိသားစုဘိုးဘေး၏ ကြီးမားသော လက်ဝါးကြီးသည် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ လက်သီးချက်အောက်တွင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။
“ဒါ.. ဒါက ဘယ်လို ရုပ်သေးမျိုးလဲဟ”
ကူမိသားစုဘိုးဘေးက ချက်ချင်းဆိုသလိုပင် အံ့ဩတုန်လှုပ်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ် အသုံးပြုလိုက်သော ရုပ်သေးသည် သူ၏ တလော့ဓမ္မခန္ဓာကိုယ်ကို ထိခိုက်စေနိုင်လောက်သည်အထိ ကြောက်မက်ဖွယ်စွမ်းအား ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ကူမိသားစုဘိုးဘေး အံ့ဩ ထိတ်လန့်နေစဥ်မှာပင် ကျန်းချန်သည် ကူမိသားစု ဘိုးဘေးကို အသက်ရှူရန်ပင် အခွင့်အရေး လုံးဝမပေးဘဲ အင်မော်တယ်ဘုရင် ရုပ်အလောင်းကို တိုက်ရိုက်ပင် ထိန်းချုပ်လိုက်ကာ တလော့ဓမ္မခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်သည်။
“ဝုန်း..”
ဟင်းလင်းပြင်က ကွဲအက်သွားခဲ့ပြီး ကမ္ဘာလောကကြီးပင် အရောင်အဆင်း ပြောင်းလဲသွားခဲ့သည်။
အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ လက်သီးချက်ကြောင့် ကောင်းကင်ယံ တစ်ခုလုံးပင် ပြိုလဲတော့မယောင် ထင်ရသည်။
ကူမိသားစုဘိုးဘေး၏ တလော့ဓမ္မခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ပင့်ကူအိမ်ကဲ့သို့ မြင်သာသော အက်ကြောင်းများက ခန္ဓာကိုယ် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ခဏအကြာတွင် ကူမိသားစုဘိုးဘေး၏ ပေတစ်သောင်းခန့် မြင့်သော တလော့ဓမ္မခန္ဓာကိုယ်သည် အဆုံးသတ်တွင် ခံနိုင်ရည် မရှိတော့ဘဲ ဟင်းလင်းပြင်ထဲတွင် ပြိုကွဲသွားခဲ့ကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ရှောင်လုံအင်မော်တယ်မြို့တော် တစ်မြို့လုံးရှိ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ဟင်းလင်းပြင်ထဲမှ မြင်ကွင်းကို မြင်တွေ့သူတိုင်းသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေခဲ့ပြီး မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
အခန်း(၂၈၅၂)ပြီး၏။