အခန်း ၂၈၅၃
Vol. 226 Ch. 2853
အခန်း(၂၈၅၃)
“ကူမိသားစုဘိုးဘေးရဲ့ တလော့ဓမ္မခန္ဓာကိုယ်က လက်သီးတစ်ချက်တည်းနဲ့ အမှုန့်ဖြစ်သွားတာလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မရေမတွက်နိုင်သော လူများသည် သူတို့ရှေ့မှ မြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြသည်။
အချို့ဆိုလျှင် ကိုယ့်မျက်စိကိုယ်ပင် ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြ၏။
တလော့ဓမ္မခန္ဓာကိုယ်ကို လက်သီး တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ရန်မှာ စစ်မှန်သော တလော့အင်မော်တယ် သာလျှင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
သို့ဆိုလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ် နံဘေးတွင် ရုတ်တရက် ပေါ်ပေါက်လာသည့် လျှို့ဝှက်ဆန်းကြယ်သောလူသည် တလော့အင်မော်တယ် တစ်ပါး ဖြစ်နေပါသလော။
“အင်မော်တယ်ဘုရင်ရဲ့ ရုပ်အလောင်းလို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်တာပဲ”
ကူမိသားစုဘိုးဘေး၏ တလော့ဓမ္မခန္ဓာကိုယ်က လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲသွားသည်ကိုမြင်လျှင် ကျန်းချန် စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်တော့ပေ။
ဤအင်မော်တယ်ဘုရင် ရုပ်အလောင်း သူ့ဆီတွင် ရှိနေခြင်းသည် တလော့အင်မော်တယ်အဆင့် သစ္စာရှိ သက်တော်စောင့်တစ်ယောက် ရှိနေခြင်းနှင့် အတူတူပင် ဖြစ်သည်။
ကျန်းချန်က အင်မော်တယ်ဘုရင် ရုပ်အလောင်းကို သူ့နံဘေးသို့ ပြန်လာရန် ထိန်းချုပ်လိုက်ပြီးနောက်တွင် သူ၏အကြည့်သည် ရှောင်လုံအင်မော်တယ်မြို့၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ကျရောက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ အေးစက်စက် စကားသံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
“ဘိုးဘေးကူ.. ခင်ဗျားရဲ့ တလော့ဓမ္မ ခန္ဓာကိုယ်လောက်နဲ့ ကျုပ်ကို ဘာမှတတ်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် အစောကြီးကတည်းက ပြောပြီးသားပဲ.. ကိုယ်ပွားမဟုတ်တဲ့ ခင်ဗျားကိုယ်တိုင်ပဲ လာခဲ့လိုက်ပါ”
ဤတစ်ကြိမ်တွင် ရှောင်လုံအင်မော်တယ်မြို့တော် တစ်မြို့လုံး တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ကျန်းချန်၏ စိန်ခေါ်သံကို မည်သူကမျှ လှောင်ပြောင်မဝံ့ကြတော့ပေ။
ဤလူငယ်က တလော့အင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်သည့် စွမ်းရည် အမှန်တကယ် ရှိနေခဲ့သည် မဟုတ်ပါလော။
လူတိုင်း၏ အကြည့်က ကူမိသားစု ရှိရာ ဘက်သို့ ရောက်ရှိသွားခဲ့ကြသည်။
ဤကဲ့သို့ အခြေအနေမျိုးတွင် ကူမိသားစု ဘိုးဘေးသည် မည်ကဲ့သို့ ရွေးချယ်မှုမျိုး လုပ်ဆောင်မလဲ ဆိုသည်ကို သူတို့အားလုံး သိချင်နေခဲ့ကြ၏။
သို့သော် သူတို့တစ်ခဏမျှ စောင့်ကြည့်ခဲ့သော်လည်း ကူမိသားစုထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိသလို ကူမိသားစုဘိုးဘေး၏ စကားသံပင် ထွက်မလာခဲ့ပေ။
ကူမိသားစု ဘိုးဘေးသည် အစောပိုင်းက မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ပြီး သူ၏ မျက်နှာကို အလွယ်တကူ ပြသရန် မဝံ့ရဲတော့သည်မှာ ထင်ရှားနေခဲ့သည်။
ကျန်းချန်၏ နှုတ်ခမ်းထောင့်က ရုတ်တရက် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
“ဘိုးဘေးကူ.. ခင်ဗျား ကျုပ်နဲ့တိုက်ဖို့ အဆင်မပြေသေးဘူးဆိုရင် ကျုပ်သွားတော့မယ်”
ရှောင်လုံအင်မော်တယ်မြို့တော်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့ပြီး ပြန်ဖြေသည့် စကားသံ ထွက်ပေါ်မလာခဲ့ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ကူမိသားစု ဘိုးဘေးသည် သေမှာကို ကြောက်ရွံ့သောသူ တစ်ယောက် ဖြစ်ပုံရ၏။
အင်မော်တယ်ဘုရင် ရုပ်အလောင်းက ကူမိသားစုဘိုးဘေး၏ တလော့ဓမ္မခန္ဓာကိုယ်ကို လက်သီးဖြင့် အမှုန့်ချေခဲ့ခြင်းက သူက ကြောက်ချီးပါသွားစေခဲ့ပုံ ရသည်။
ကျန်းချန်က အချိန်အကြာကြီး မနေတော့ဘဲ အံ့ဩထိတ်လန့်နေသည့် အကြည့်ပေါင်းများစွာ အောက်မှာပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့်အတူ ရှောင်လုံအင်မော်တယ်မြို့ကနေ ထွက်ခွာသွားခဲ့သည်။
ရှောင်လုံအင်မော်တယ်မြို့တော်၏ ကူမိသားစု ဘိုးဘွားနယ်မြေတွင် မျက်နှာဖြူဖျော့နေသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦးက တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
သူက ဟင်းလင်းပြင်ကို ထိုးဖောက်၍ ထွက်ခွာသွားသော ကျန်းချန်ကို ကြည့်နေခဲ့သည်။
သူ၏ အမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့၏။
သူကဲ့သို့ ဂုဏ်သိက္ခာကြီးမားသည့် တလော့အင်မော်တယ် တစ်ပါးသည် အိမ်တံခါးဝမှာပင် တစ်စုံတစ်ယောက်၏ လက်သီးဖြင့် ထိုးနှက်ခြင်းကို ခံလိုက်ရသည်။
ယင်းက သူ့အတွက် အမှန်တကယ်ပင် ကြီးမားသော အရှက်ရမှုဖြစ်သည်။
သို့သော်လည်း ကူမိသားစု ဘိုးဘေးသည် ဤအချိန်တွင် မဆင်မခြင် မလုပ်ရဲဘဲ ထိုလူငယ်လေး ရှောင်လုံအင်မော်တယ်မြို့တော်ကနေ ထွက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။
ထိုလူငယ်၏ နံဘေးမှ ရုပ်သေးသည် သူ၏ တလော့ဓမ္မခန္ဓာကိုယ်ကို လက်သီး တစ်ချက်တည်းဖြင့်ပင် လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့သည်။
ထို့ကြောင့် ရုပ်သေးသည် အင်မော်တယ်ဘုရင် အဆင့်ထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ်ခွန်အားကို ပိုင်ဆိုင်ထားသည်မှာ သေချာသလောက်ပင်။
ဆိုရလျှင် သူကိုယ်တိုင် တိုက်ခိုက်လျှင်ပင် အနိုင်ရရန် မသေချာပေ။
အကယ်၍ အနိုင်ရခဲ့လျှင်ပင် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ရလိမ့်မည် ဖြစ်သည်။
ထို့အပြင် ဤရှောင်လုံအင်မော်တယ်မြို့တော်တွင် ကူမိသားစု တစ်ခုတည်းကသာ တလော့အင်အားစု မဟုတ်ပေ။
အကယ်၍ သူက တလော့အင်မော်တယ် အဆင့် ရှိသည့် ထိုရုပ်သေးကို ကိုင်တွယ်ရန် အင်အားများစွာ အသုံးပြုလိုက်မည်ဆိုလျှင် ကူမိသားစု တစ်ခုလုံး ဒုက္ခရောက်သွားမည်ကို သူစိုးရိမ်မိသည်။
ကူမိသားစုဘိုးဘေးက မတ်တတ် ရပ်လိုက်ပြီးနောက်တွင် သူ၏ ပုံရိပ်သည် လေထဲကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
ကူမိသား စုဘိုးဘွားနယ်မြေ ထဲတွင် အေးစက်စက်အသံ တစ်သံသာ ကျန်ရစ်ခဲ့၏။
“ကောင်လေး မင်းစောင့်နေလိုက်.. ဒီနေ့ မင်းဘယ်သူပဲဖြစ်ဖြစ် မင်း ငါ့အပေါ် လုပ်ခဲ့တဲ့ အရှက်ခွဲမှု အတွက် ဆယ်ဆ ပြန်လည် ပေးဆပ်စေရမယ်”
ရှောင်လုံအင်မော်တယ်မြို့တော်ကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ခရီးသွားရန် အတွက် ရထားလုံးတစ်စီးကို ငှားရမ်းလိုက်ပြီး ရထားလုံးပေါ်တွင် သူအစောပိုင်းက ရရှိခဲ့သည့် အရှင်ထိုက်ယွမ်၏ လက်ရေးမူ စာအုပ်ကို ဖတ်ရှုနေခဲ့သည်။
ထိုစာအုပ်ထဲတွင် အရှင်ထိုက်ယွမ်၏ ဘဝတစ်လျှောက် လုပ်ဆောင်ချက်များကို များစွာ မှတ်တမ်းတင်ထား၏။
အရှင်ထိုက်ယွမ်သည် ဝိရောဓိနယ်မြေတွင် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။
သူ၏ ပါရမီက သာမန်သာဖြစ်၍ နှစ်ပေါင်းသောင်းချီ ကြာအောင် ကျင့်ကြံခဲ့သော်လည်း ကောင်းကင်အင်မော်တယ် အဆင့်ကိုသာ ရောက်ရှိခဲ့ပြီး ရွှေအင်မော်တယ် အဆင့်ကိုပင် တက်လှမ်းရန် ခက်ခဲနေခဲ့သည်။
နောက်ပိုင်းတွင် အရှင်ထိုက်ယွမ်သည် အကြောင်းရင်း မယ်မယ်ရရ မသိရဘဲ တစ်ခဏမျှ ပျောက်ကွယ်သွားခဲ့သည်။
သူ လူရှေ့ကို ပြန်လည် ပေါ်ထွက်လာသည့် အခါတွင်မူ ရွှေအင်မော်တယ်အဆင့်ကို တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့ရုံတင်မက ကမ္ဘာလောကကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းရည်ကိုပါ နားလည် သဘောပေါက်သွားခဲ့ပြီး ဝိရောဓိနယ်မြေထဲတွင် ရှားပါးသော ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
ယင်းနောက်တွင် အရှင်ထိုက်ယွမ်၏ ဒဏ္ဍာရီဆန်သော ဘဝဇာတ်လမ်းက စတင်ခဲ့တော့သည်။
သူက တလော့အဆင့်ကို လျင်မြန်စွာ တက်လှမ်းလာနိုင်ရုံတင်မက ဝိရောဓိနယ်မြေထဲမှ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်လာခဲ့သည်။
မကြာခင်မှာပင် ကျန်းချန်သည် အရှင်ထိုက်ယွမ်၏ လက်ရေးမူ စာအုပ်ထဲမှ မပြည့်စုံသော အချက်အလက်များကို စုစည်းနိုင်ခဲ့သည်။
အရှင်ထိုက်ယွမ်၏ လက်ရေးမူစာအုပ် ထဲတွင် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းအင်နှင့် ပတ်သက်၍ အတွေ့အကြုံများ မပါရှိသော်လည်း ထိုစာအုပ်သည် အချည်းနှီးတော့ မဖြစ်စေခဲ့ပေ။
အရှင်ထိုက်ယွမ် အနေဖြင့် တလော့အင်မော်တယ် အဆင့်ကို လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူပျောက်ကွယ်သွားသည့် အချိန်ကာလနှင့် ဆက်နွှယ်မှုရှိဖို့များသည်။
ဤလက်ရေးမူစာအုပ် ထဲတွင် အရှင်ထိုက်ယွမ် ပျောက်ကွယ်သွားသော အချိန်က ဖြစ်ရပ်များနှင့် ပတ်သက်၍ မှတ်တမ်းများစွာ မရှိပေ။
သို့သော်လည်း စကားလုံး အနည်းငယ်မှ တစ်ဆင့် ကျန်းချန်သည် အရှင်ထိုက်ယွမ် သွားခဲ့သည့် နေရာက ကျိရီ အင်မော်တယ် တောင်တန်းဟု ခေါ်သည့် နေရာ ဖြစ်မှန်း အတည်ပြုနိုင်ခဲ့သည်။
ကျိရီ အင်မော်တယ် တောင်တန်းကို သွားရောက် စူးစမ်းကြည့်လျှင် မျှော်လင့်မထားသည့် ရလဒ်အချို့ ရရှိကောင်း ရရှိနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေကို ရောက်ရှိသည်မှာ မကြာသေး၍ အရှင်ထိုက်ယွမ် မှတ်တမ်းတင်ထားသည့် ကျိရီတောင်တန်းနှင့် ပတ်သက်၍ ဘာမှမသိပေ။
ထို့ကြောင့် အစီအစဥ်မဆွဲခင် ကျိရီတောင်တန်း အကြောင်းကို အရင်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
“ဒီနေရာက ရှင်းယွင်အင်မော်တယ်နန်းတော် တည်ရှိတဲ့ ရှင်းယွင်အင်မော်တယ် မြို့တော်နဲ့ သိပ်မဝေးဘူး.. ရှင်းယွင်အင်မော်တယ် နန်းတော်ကို သွားပြီး အခြေအနေ တချို့ကို စုံစမ်းကြည့်ရင် ကောင်းမယ် ထင်တယ်”
ကျန်းချန်က စိတ်ထဲတွင် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချလိုက်ပြီး ရထားလုံးကို ရှင်းယွင်အင်မော်တယ် မြို့တော် ဆီသို့ တိုက်ရိုက်ပင် မောင်းနှင်သွားခဲ့သည်။
နှစ်ရက်အကြာတွင် ကျန်းချန်သည် ရှင်းယွင် အင်မော်တယ် မြို့တော်၏ အပြင်ဘက်ကို ရောက်ရှိလာခဲ့ပြီး မြို့တော်၏ လုံခြုံရေးက အတော်လေး တင်းကျပ်နေသည်ကို သတိပြုမိလိုက်သည်။
ရှင်းယွင်အင်မော်တယ်မြို့တော် ထဲကို ဝင်ထွက်သမျှ လူတိုင်းသည် တင်းကျပ်သော စစ်ဆေးမှုများကို ခံယူနေရ၏။
ရှင်းယွင်အင်မော်တယ် မြို့တော် တစ်မြို့လုံးသည် အလွန်တရာ လေးနက်သော အရှိန်အဝါများဖြင့် လွှမ်းခြုံနေခဲ့သည်။
“ရှင်းယွင်အင်မော်တယ်မြို့တော်မှာ ဘာတွေဖြစ်နေတာလဲ”
ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးစမ်းလိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤရှင်းယွင်အင်မော်တယ်မြို့တော်တွင် ဝိရောဓိနယ်မြေထဲ၌ ဂုဏ်သတင်း ကျော်စောသော တလော့အင်အားစု ဖြစ်သည့် ရှင်းယွင်အင်မော်တယ် နန်းတော် တည်ရှိ၍ မည်သူမျှ အလွယ်တကူ လာရောက် မစော်ကားဝံ့ကြပေ။
ယခုအခါ ရှင်းယွင်အင်မော်တယ် မြို့တော်သည် ရန်သူကြီးနှင့် ရင်ဆိုင်ရနေသလိုမျိုး ဖြစ်နေခဲ့ရာ ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပျက်နေသည်မှာ သေချာသလောက်ပင်။
“ရှင်းယွင်အင်မော်တယ်မြို့တော်မှာ ဘာတွေဖြစ်နေတာလဲ.. ပြီးခဲ့တဲ့ တစ်ခေါက် ငါလာတုန်းကတောင် အဆင်ပြေနေသေးတာပဲ.. ဘာလို့ အခုမှ ရုတ်တရက်ကြီး စစ်ဆေးရေးတင်းကျပ်နေရတာလဲ”
ရှင်းယွင်အင်မော်တယ် မြို့တော်၏ အခြေအနေကြောင့် လူအများအပြားသည် ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။
“မင်းတို့ မသိသေးဘူးထင်တယ်.. ရှင်းယွင်အင်မော်တယ်နန်းတော်က သိပ်မကြာခင်က စန်းရှန်အင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်ခဲ့တယ်လို့ကြားတယ်.. ဒါပေမဲ့ မထင်မှတ်ဘဲ စန်းရှန်အင်မော်တယ်ဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်က တလော့အဆင့်ကို တက်လှမ်းပြီး ပြန်ရောက်လာခဲ့တယ်.. အခု စန်းရှန်အင်မော်တယ်ဂိုဏ်းက တလော့အင်အားစု ဖြစ်လာခဲ့ပြီ.. မကြာသေးခင်ကပဲ စန်းရှန်အင်မော်တယ်ဂိုဏ်းရဲ့ တလော့အင်မော်တယ်က ရှင်းယွင်အင်မော်တယ် နန်းတော်က တလော့အင်မော်တယ်နဲ့ တိုက်ခိုက်ခဲ့တယ်.. ရှင်းယွင်အင်မော်တယ်နန်းတော်ရဲ့ တလော့အင်မော်တယ်က အဲဒီတိုက်ပွဲမှာ အပြင်းအထန်ဒဏ်ရာ ရရှိသွားတယ်လို့ ပြောကြတယ်..ာအဲဒါကြောင့်လည်း ရှင်းယွင်အင်မော်တယ် မြို့တော်ကို စစ်ဆေးရေးတွေ တင်းကျပ်ထားရတာပဲ”
ဖြစ်ပျက်ခဲ့သည်များကို သိရှိထားသူ တချို့က မနေနိုင်ဘဲ ရှင်းပြလိုက်ကြသည်။
ထိုအကြောင်းများကို ကြားလိုက်ရလျှင် လူတိုင်း၏ စိတ်နှလုံးသည် အနည်းငယ်တုန်လှုပ်သွားကြ၏။
တလော့အင်အားစုများ အကြားမှ ထိပ်တိုက် ရင်ဆိုင်မှုသည် ဝိရောဓိနယ်မြေတွင် မပေါ်ပေါက်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
“ဒီအတိုင်းဆို ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ထင်တယ်”
အခန်း(၂၈၅၃)ပြီး၏။