← Chapters

အခန်း ၂၈၅၄

Vol. 226 Ch. 2854

အခန်း ၂၈၅၄

Vol. 226 Ch. 2854

အခန်း(၂၈၅၄)

ပတ်ဝန်းကျင်မှ လူများ၏ စကားသံကြောင့် ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။

သူ ပိုထျန်းအင်မော်တယ်ဂိုဏ်းကနေ ထွက်ခွာသွားသည့် အချိန်အတောအတွင်း စန်းရှန်အင်မော်တယ်ဂိုဏ်းတွင် ဤမျှကြီးကျယ်သော ဖြစ်ရပ်မျိုး ဖြစ်ပျက်သွားလိမ့်မည်ဟု သူအမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။

စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အရင်ဂိုဏ်းချုပ်သည် အမှန်တကယ်ပင် စန်းရှန်အင်မော်တယ်ဂိုဏ်းကို ပြန်လည် ရောက်ရှိလာခဲ့ပြီး တလော့အဆင့်ကိုပါ ထိုးဖောက်သွားသောကြောင့် စန်းရှန် အင်မော်တယ်ဂိုဏ်းကို တလော့အင်အားစု အဖြစ် မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

ရှင်းယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ်ပင်လျှင် စန်းရှန်အင်မော်တယ်ဂိုဏ်းမှ တလော့အင်မော်တယ် လက်ထဲတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရပုံရသည်။

စန်းရှန်အင်မော်တယ်ဂိုဏ်းသည် ရှင်းယွင်အင်မော်တယ်နန်းတော် ကဲ့သို့ တလော့အင်အားစုကိုပင် အရေးယူဝံ့နေသည်ဖြစ်ရာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အလွယ်တကူ သေချာပေါက် အလွှတ်ပေးမည် မဟုတ်ပေ။

ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အင်အားဖြင့်ဆိုလျှင် တလော့အင်မော်တယ် တစ်ပါး ရှိနေသည့် စန်းရှန်အင်မော်တယ်ဂိုဏ်းကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

“ဒီအတိုင်းဆို ပိုထျန်းအင်မော်တယ်ဂိုဏ်း အန္တရာယ်ရှိနေပြီ”

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်း ရှိရာ ဘက်သို့ အပြေးအလွှား ပြန်လာခဲ့သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အစည်းအဝေး ခန်းမတွင် လင်းယန်ချန်းနှင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများ စုဝေးနေခဲ့ကြသည်။

ခန်းမထဲရှိ လေထုသည် အလွန်ပင် လေးလံနေခဲ့သည်။

“စန်းမင်ဟဲက ရှင်းယွင်အင်မော်တယ် မြို့တော်ကို သွားပြီး ရှင်းယွင်အင်မော်တယ် နန်းတော်ရဲ့ တလော့အင်မော်တယ်ကို စိန်ခေါ်ခဲ့တယ်လို့ သတင်းရထားတယ်.. စန်းမင်ဟဲနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း ရှင်းယွင်အင်မော်တယ်နန်းတော်က တလော့အင်မော်တယ်လည်း ဒဏ်ရာရရှိသွားခဲ့တယ်.. အခု ရှင်းယွင်အင်မော်တယ် မြို့တော်က အရေးပေါ် အခြေအနေအောက်မှာ ရှိနေခဲ့ပြီ.. ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ကိစ္စတွေကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်တော့ဘူး”

အချိန်မည်မျှ ကြာသွားမှန်း မသိရပေ။

လဲ့ယန်ချန်းသည် ခန်းမထဲမှ တိတ်ဆိတ်မှုကို အဆုံးသတ်တွင် ဖြိုခွင်းလိုက်သည်။

လင်းယန်ချန်း၏ စကားကိုကြားလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲ တော်တော်များများ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားကြသည်။

ရှင်းယွင်အင်မော်တယ်နန်းတော်ကပင် စန်းရှန်အင်မော်တယ်ဂိုဏ်းကို မတားဆီးနိုင်ခဲ့လျှင် သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် ဤတစ်ကြိမ်တွင် အတော်လေး အန္တရာယ်ကြီးနေပြီ မဟုတ်ပါလော။

“ဂိုဏ်းချုပ်.. စန်းရှန်အင်မော်တယ်ဂိုဏ်းကို ကျွန်တော်တို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး.. အချိန်ရှိတုန်း အင်အားတွေကို ခွဲထုတ်ပြီး တပည့်တွေကို ဘေးလွှတ်ရာ ရွှေ့ပြောင်းခိုင်းလိုက်ရင် မ‌ကောင်းဘူးလား”

အကြီးအကဲ တစ်ယောက်က အလျင်အမြန် ပြောလိုက်သည်။

ထိုစကားကို ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲ တော်တော်များများက သဘောတူခဲ့ကြသည်။

ယနေ့တွင် စန်းရှန်အင်မော်တယ်ဂိုဏ်း၌ တလော့အင်မော်တယ် တစ်ပါး ရှိနေခဲ့ချေပြီ။

အကယ်၍ သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကသာ ထိပ်တိုက်ရင်ဆိုင်မည် ဆိုလျှင် ကျောက်တုံးကို ကြက်ဥနှင့် ပေါက်သလိုသာ ဖြစ်နေပေလိမ့်မည်။

လူတိုင်း၏ သဘောထားများကို ကြားလိုက်ရလျှင် လဲ့ယန်ချန်း၏ မျက်နှာထက်၌ မကျေမနပ် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

တစ်ချိန်က ပိုထျန်း အင်မော်တယ်ဂိုဏ်းသည် ပိယွင်အင်မော်တယ် နန်းတော်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

သူတို့က ဝိရောဓိနယ်မြေ အထိ ထွက်ပြေးလာခဲ့ကြပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ပြန်လည် ထူထောင်နိုင်ရန် အတွက် အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ခဲ့ရ၏။

အထူးသဖြင့် ကျန်းချန် ပေါ်ထွက်လာပြီးနောက်တွင် သူတို့ကို အင်မော်တယ်သတ္တုတွင်း ရရှိရုံတင် ကူညီပေးရုံမကဘဲ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကိုသာ သိမ်းပိုက်နိုင်စေခဲ့သည်။

ယခုအချိန်အထိ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော အချိန်ဟု ပြော၍ ရ၏။

အချိန်အနည်းငယ်လောက်သာ ရမည်ဆိုလျှင် လင်းယန်ချန်းအနေဖြင့် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ်ကာလဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ပြီး တလော့အင်အားစု အဖြစ် မြှင့်တင်နိုင်မည်ဟုပင် ယုံကြည်ချက် ရှိနေခဲ့သည်။

သို့သော်လည်း ဤအရာအားလုံးသည် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အရင်ဂိုဏ်းချုပ် စန်းမင်ဟဲ ပြန်ရောက်လာခြင်းနှင့် အတူ လုံးဝ ပျက်စီးသွားခဲ့သည်။

ယခု သူတို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို စွန့်လွှတ်ပြီး ဝိရောဓိနယ်မြေကနေ ဆုတ်ခွာရန်သာ ဖြစ်သည်။

အကယ်၍ စန်းရှန်အင်မော်တယ်ဂိုဏ်းနှင့် ထိပ်တိုက် ရင်ဆိုင်မည် ဆိုလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ယခင်က အမှားဟောင်းကို ထပ်မံ ကျူးလွန်မိသလိုမျိုး ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

ဤအချိန်တွင် အကြီးအကဲ လင်းချုံးက တစ်ခဏမျှ တွေဝေနေပြီးမှ လင်းယန်ချန်းကို ပြောလိုက်သည်။

“ဂိုဏ်းချုပ်.. ကျွန်တော့်အထင်တော့ ကျန်းချန်ကို ဆက်သွယ်ဖို့ ကြိုးစားကြည့်သင့်တယ်”

ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် ဝိရောဓိနယ်မြေတွင် ယခုလို အခြေအနေမျိုး ရရှိရန် ဆိုသည်မှာ မလွယ်ကူပေ။

လင်းကျုံးသည် မဖြစ်မနေ စွန့်လွှတ်ရမည့် အခြေအနေသို့ မရောက်မချင်း ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ကောင်းမွန်နေသော အခြေအနေများကို မစွန့်လွှတ်ချင်ခဲ့ပေ။

“ထားလိုက်ပါ.. ဆုတ်ခွာဖို့ပဲ ပြင်ဆင်လိုက်တော့”

လင်းယန်ချန်းက ခေါင်းခါရမ်းလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

ကျန်းချန်နှင့် ရှင်းချီတို့ ဘယ်နေရာကို သွားမှန်း လင်းယန်ချန်း မသိပေ။

သူ့အနေဖြင့် ကျန်းချန်ကို ဆက်သွယ်နိုင်ခဲ့လျှင်ပင် အချိန်မီချင်မှ မီလိမ့်မည် ဖြစ်သည်။

ထို့အပြင် ကျန်းချန်က ပြိုင်ဘက်ကင်းသော်လည်း ကျင့်ကြံခြင်း အဆင့်ကမူ ရွှေအင်မော်တယ် တတိယအဆင့်တွင်သာ ရှိနေသည် ဖြစ်ရာ တလော့အင်မော်တယ် တစ်ပါးနှင့် ရင်ဆိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ဤအတောအတွင်း ကျန်းချန်သည် ပိုထျန်း အင်မော်တယ်ဂိုဏ်းကို လုံလောက်အောင် ကူညီပေးခဲ့ပြီးပြီ ဖြစ်၍ လင်းယန်ချန်း အနေဖြင့် ကျန်းချန်ကို ဒုက္ခမရောက်စေချင်ခဲ့ပေ။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

လင်းယန်ချန်းတို့ ဆွေးနွေးပြောဆိုနေစဥ်မှာပင် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အပြင်ဘက်တွင် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အေးစက်စက် ကြုံးဝါးသံ တစ်သံက ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။

“လင်းယန်ချန်း အမြန်ထွက်လာပြီးအသေခံစမ်း”

ရုတ်တရက် ပေါ်ထွက်လာသော အေးစက်စက် အော်ဟစ်သံကို ကြားလျှင် လင်းယန်ချန်းနှင့် တခြားသူများ၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“စန်းရှန်အင်မော်တယ်ဂိုဏ်းက လူတွေ ရောက်လာတာ တကယ်ကို မြန်တာပဲ”

လင်းယန်ချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“လင်းကျုံး.. ငါ စန်းရှန်အင်မော်တယ်ဂိုဏ်းက လူတွေကို သွားတွေ့လိုက်မယ်.. မင်းက ဆုတ်ခွာဖို့အတွက် ချက်ချင်းစီစဥ်လိုက်တော့”

ထိုစကားကို ပြောပြီးသည်နှင့် လင်းယန်ချန်းသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ယံထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အပြင်ဘက် ကောင်းကင်ယံတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ လွှမ်းမိုးနေသည့် အုပ်စုတစ်စု ရပ်နေကြသည်။

ထိုအုပ်စု၏ ခေါင်းဆောင်မှာ စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အကြီးအကဲ ငါးဦး ထဲမှ တစ်ဦး ဖြစ်သည့် စန်းယွမ်ပင် ဖြစ်သည်။

စန်းရှန်အင်မော်တယ်ဂိုဏ်း၏ တလော့အင်မော်တယ် ဖြစ်သည့် စန်းမင်ဟဲ ကိုယ်တိုင် ရောက်မလာသည်ကို မြင်လိုက်ရသောအခါမှ လင်းယန်ချန်း သက်ပြင်းချနိုင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် စန်းမင်ဟဲ ကိုယ်တိုင် ရောက်မလာခဲ့ပေ။

သို့မဟုတ်လျှင် သူတို့သည် ဆုတ်ခွာဖို့ အခွင့်အရေးပင် ရလိမ့်မည် မဟုတ်ချေ။

“လင်းယန်ချန်း မင်းကို အခွင့်အရေးတစ်ခု ပေးမယ်.. ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဦးဆောင်ပြီး ငါတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းဆီမှာ ချက်ချင်းအညံ့ခံလိုက်ပါ.. မဟုတ်ရင်တော့ ငါတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းက ဒီနေ့ မင်းရဲ့ ပိုထျန်း အင်မော်တယ်ဂိုဏ်းကို မြေလှန်ပစ်ရလိမ့်မယ်”

စန်းယွမ်၏ အေးစက်စက် စကားသံက ပတ်ဝန်းကျင်တွင် တစ်ခဏအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

လင်းယန်ချန်းက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်၏။

“စန်းယွမ် အပိုစကားတွေ ပြောမနေနဲ့.. တိုက်ချင်ရင်တိုက်လိုက်.. ငါ မင်းတို့ စန်းရှန်အင်မော်တယ်ဂိုဏ်း ဆီမှာ ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူး”

“လင်းယန်ချန်း.. မင်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဦးဆောင်ပြီး သေလမ်းကို ရှာဖွေနေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်”

စန်းယွမ်က စကားဆုံးသည်နှင့် ခန္ဓာကိုယ်ထဲမှ ရွှေအင်မော်တယ်အဆင့် စွမ်းအားများကို ချက်ချင်းဆိုသလို လှုံ့ဆော်လိုက်ကာ သူ၏ လက်ထဲရှိ အင်မော်တယ်ဓား ထံသို့ ထည့်သွင်းလိုက်သည်။

ထို့နောက်တွင် သူက ဓားကွက် တစ်ကွက်ကို ထုတ်‌ဖော်လိုက်သည်။

“ဝုန်း..”

ငရဲကနေ လာသယောင် ထင်မှတ်ရသည့် ဓားအရှိန်အဝါ တစ်ခုသည် တောင်တန်းကဲ့သို့ လေးလံသော တလော့ အရှိန်အဝါနှင့်အတူ လင်းယန်ချန်း ဆီသို့ ဦးတည်လာခဲ့သည်။

သူနှင့် လင်းယန်ချန်း နှစ်ယောက်လုံးသည် ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

အကယ်၍ သူ၏ ကိုယ်ပိုင်အင်အားဖြင့်သာ လင်းယန်ချန်းကို တိုက်ခိုက်မည် ဆိုလျှင် လင်းယန်ချန်းကို အနိုင်ယူရန်မှာ မလွယ်ကူပေ။

ထို့ကြောင့် စန်းယွမ်က စတင် တိုက်ခိုက်လိုက်သည်နှင့် သူ၏ လက်နက်ထဲတွင် ဝှက်ထားသည့် တလော့ အရှိန်အဝါကို ချက်ချင်း လှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။

“တလော့အရှိန်အဝါပါလား”

စန်းယွမ်၏ ဓားစွမ်းအားထဲတွင် ကိန်းအောင်းနေသည့် တ‌လော့ အရှိန်အဝါကို ခံစားမိလျှင် လင်းယန်ချန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက သေခြင်းတရား၏ အရိပ်အငွေ့အောက်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

သူ၏ ခွန်အားက စန်းယွမ်နှင့် အတူတူလောက်သာ ဖြစ်သည်။

ယခု စန်းယွမ်က တလော့အင်မော်တယ် တစ်ပါး၏ အရှိန်အဝါကို လှုံ့ဆော်လိုက်ပြီ ဖြစ်ရာ ယင်းသည် သူခုခံနိုင်မည့် အရာမဟုတ်ပေ။

လဲ့ယန်ချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စန်းယွမ်၏ ဓားအလင်းကို အစွမ်းကုန် ကြိုးစားခုခံရန် ပြင်လိုက်စဥ်မှာပင် တောက်ပသော ရွှေရောင်ဓားအလင်း တစ်ခုသည် ဟင်းလင်းပြင်ကို ဖောက်ထွက်လာခဲ့ပြီး စန်းယွမ်၏ ဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

သို့သော်လည်း ရွှေရောင်ဓားအလင်းသည် စန်းယွမ်၏ ဓားချက်ကို တစ်ခဏလေးသာ တားဆီးနိုင်ခဲ့ပြီး ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရသည်။

ရွှေရောင်ဓားအလင်းကို ချေမှုန်းပြီးနောက်တွင် စန်းယွမ်၏ ဓားချက်သည် လင်းယန်ချန်း ဆီသို့ ဦးတည်လာခဲ့သည်။

ထိုအချိန်မှာပင် ပုံရိပ်တစ်ခုသည် လင်းယန်ချန်း၏ ရှေ့တွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်ထွက်လာခဲ့ပြီး ဓားကွက်သုံးကွက်ကို ဆက်တိုက် ဆိုသလို ထုတ်ဖော်လိုက်သည်။

အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်သည့် အရှိန်အဝါများနှင့်အတူ ကြောက်မက်ဖွယ် ဓားအလင်း သုံးခုသည် စန်းယွမ်၏ ဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ဟင်းလင်းပြင်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံ သုံးသံသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ် ဓားအလင်းသုံးခု၏ စွမ်းအားကြောင့် စန်းယွမ်၏ ဓားအလင်းသည် အဆုံးသတ်တွင် ချေမှုန်းခံလိုက်ရပြီး အလင်းစက်လေးများ အဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၈၅၄)ပြီး၏။

All Chapters