အခန်း ၂၈၅၅
Vol. 226 Ch. 2855
အခန်း(၂၈၅၅)
“မိတ်ဆွေလေးကျန်းချန်.. မင်းဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ”
ရုတ်တရက် ပေါ်လာသည့် ကျန်းချန်ကိုမြင်လျှင် လင်းယန်ချန်းသည် အံ့အားသင့်သွားခဲ့ပြီး မျက်နှာထက်တွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အရင်ဂိုဏ်းချုပ်သည် တလော့အင်မော်တယ် အဖြစ် ပြန်လည် ရောက်ရှိလာသောကြောင့် ပိုထျန်းအင်မော်တယ် အနေဖြင့် ယှဥ်ပြိုင်နိုင်စွမ်း လုံးဝမရှိပေ။
ကျန်းချန်က မည်မျှပင် ပါရမီထူးချွန်ပါစေ၊ တလော့အင်မော်တယ်ကို ယှဥ်ပြိုင်နိုင်သည့် ခွန်အားရှိရန် မဖြစ်နိုင်မှန်း လင်းယန်ချန်း ကောင်းစွာ သိထားခဲ့သည်။
ထို့ကြောင့်လည်း လင်းယန်ချန်းသည် ကျန်းချန်ကို ဒုက္ခမပေးချင်၍ ယခုအချိန်အထိ ဆက်သွယ်ခြင်း မပြုခဲ့ခြင်းပင်။
သို့သော်လည်း ကျန်းချန်က ဤကဲ့သို့ သေရေး ရှင်ရေး အချိန်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းဆီ ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ပိုထျန်းအင်မော်တယ်ဂိုဏ်းက ပြဿနာအချို့နှင့် ကြုံနေရတယ်ကြားလို့ လာကြည့်တာပါ”
“မိတ်ဆွေလေးကျန်းချန်.. စန်းရှန်အင်မော်တယ်ဂိုဏ်းမှာ တလော့အင်မော်တယ် တစ်ပါး ပေါ်ထွက်လာခဲ့ပြီ.. ရှင်းယွင်အင်မော်တယ်နန်းတော်က တလော့အင်မော်တယ်တောင်မှ သူ့ကိုရှုံးနိမ့်သွားခဲ့ရတယ်.. အခု ပိုထျန်းအင်မော်တယ်ဂိုဏ်းက စန်းရှန် အင်မော်တယ်ဂိုဏ်းနဲ့ ယှဥ်ပြိုင်ဖို့ အင်အားမရှိတော့ဘူး.. ငါအားလုံးကို ဆုတ်ခွာဖို့ အမိန့်ပေးထားပြီးပြီ.. မင်းလည်း အမြန်ဆုံး ထွက်သွားတော့”
လင်းယန်ချန်းက ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။
“ရှင်းယွင်အင်မော်တယ်မြို့တော်ကနေ အခုလေးတင် ပြန်လာတာ ဆိုတော့ အဲဒီ အကြောင်းကို ကျွန်တော် သိပြီးသားပါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ကျွန်တော် ပြန်ရောက်လာပြီ ဆိုမှတော့ ပိုထျန်းအင်မော်တယ်ဂိုဏ်းအနေနဲ့ ဆုတ်ခွာဖို့ မလိုတော့ပါဘူး.. ဒီကိစ္စကို ကျွန်တော်နဲ့ပဲ လွှဲထားလိုက်ပါ”
“ဘယ်သူလဲမှတ်တယ်.. မင်းကိုး”
ရုတ်တရက် ပေါ်ထွက်လာသော ကျန်းချန်ကို မြင်လျှင် စန်းယွမ်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်က စန်းရှန် အင်မော်တယ်ဂိုဏ်းသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ခဲ့သည်။
ထိုအချိန်က ရွှေအင်မော်တယ် ပထမအဆင့်သာ ရှိသော ထိုကောင်လေးသည် သူနှင့် တိုက်ကွက်သုံးကွက်တိတိ ရင်ဆိုင်ခဲ့သော်လည်း ရှုံးနိမ့်မသွားခဲ့ပေ။
ကျန်းချန်က အစွမ်းထက်သော်လည်း စန်းယွမ်သည် ကျန်းချန်ကို အနိုင်ယူနိုင်မည်ဟု ထိုစဥ်က ယုံကြည်ချက် ရှိခဲ့သည်။
သို့သော် ယခုအခါတွင်မူ ထိုကောင်လေးသည် သူထုတ်ဖော်လိုက်သည့် တလော့စွမ်းအား ပါဝင်နေသည့် ဓားချက်ကိုပင် ချေမှုန်းနိုင်ခဲ့ချေပြီ။
ထိုဓားချက်သည် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ရွှေအင်မော်တယ် အဋ္ဌမအဆင့် ပင်လျှင် အလွယ်တကူ ခုခံနိုင်ရန် မသေချာပေ။
ကျန်းချန်၏ ခွန်အားက လအနည်းငယ် အတွင်း ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ယနေ့တွင် ဘိုးဘေးစန်းမင်ဟဲ ကိုယ်တိုင် ရောက်မလာသ၍ သူတို့အနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အနိုင်ယူရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။
“မင်းက ကောင်းကင်ဘုံဆီ သွားဖို့လမ်း ရှိပါလျက်နဲ့ ငရဲဆီကိုပဲ သွားချင်နေတာကိုး.. ငါက မင်းနဲ့ စာရင်းရှင်းချင်နေတဲ့ အချိန်မှာ မင်းကိုယ်တိုင် တံခါးဝအထိ ရောက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”
စန်းယွမ်က အေးစက်စက် ပြုံးကာ ပြောလိုက်ပြီးနောက်တွင် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို အလျင်အမြန် ထုတ်ယူကာ ခြေမွပစ်လိုက်သည်။
ကျောက်စိမ်းတံဆိပ်ပြား ကြေမွသွားသည်နှင့် ဟင်းလင်းပြင်ထဲတွင် ပြင်းထန်သော ဟင်းလင်းပြင်စွမ်းအင်လှိုင်း တုန်ခါမှုများ ဖြစ်ပေါ်လာခဲ့ပြီး အဆုံးသတ်၌ သုံးပေကျော် မြင့်မားသည့် ဟင်းလင်းပြင် တံခါးတစ်ခု ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင်မူ တလော့အရှိန်အဝါကိုထုတ်လွှတ်နေသည့် အဖြူရောင်ဝတ်စုံဝတ် ဆံဖြူအဘိုးအို တစ်ဦးက ဟင်းလင်းပြင် တံခါးကနေ ဖြည်းညင်းစွာ ထွက်လာသည်ကို မြင်လိုက်ရသည်။
“ဘိုးဘေးမင်ဟဲကို ဂါဝရပြုပါတယ်”
စန်းယွမ် ဦးဆောင်သည့် စန်းရှန်အင်မော်တယ်ဂိုဏ်းမှ တပည့်အားလုံးသည် ဒူးထောက်လိုက်ကြပြီး အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုကို ရိုသေစွာ ဂါဝရပြုလိုက်ကြသည်။
ထိုအဖြူရောင်ဝတ်စုံဝတ် အဘိုးအိုသည် အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အရင်ဂိုဏ်းချုပ် စန်းမင်ဟဲပင် ဖြစ်သည်။
တလော့အင်မော်တယ် အဆင့်သည် အင်မော်တယ် ဥပဒေသကို နားလည်သဘောပေါက်ပြီး အင်မော်တယ်လောက ထဲတွင် ဟင်းလင်းပြင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များကို ဖန်တီးနိုင်သော အဆင့် ဖြစ်သည်။
ထို့အပြင် တလော့အင်မော်တယ်များသည် ပစ္စည်းတစ်ခုတွင် တည်နေရာ အမှတ်အသား ပြုလုပ်ထားသည်နှင့် လောကကြီးကို ကျော်ဖြတ်ပြီး ထိုနေရာသို့ ချက်ချင်းဆိုသလို ရောက်ရှိလာနိုင်စွမ်း ရှိကြသည်။
ဆိုရလျှင် စန်းမင်ဟဲသည် စန်းယွမ်ကို သူပေးထားသည့် ကျောက်စိမ်းတံဆိပ်ပြား၏ တည်နေရာမှ တစ်ဆင့် စန်းရှန်အင်မော်တယ်ဂိုဏ်းကနေ ပိုထျန်းအင်မော်တယ်ဂိုဏ်း ဆီသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
စန်းမင်ဟဲ ရောက်ရှိလာသည်ကို မြင်လျှင် လင်းယန်ချန်းချက်ချင်းပင် မျက်နှာ အကြီးအကျယ် ပျက်သွားခဲ့သည်။
တလော့အင်မော်တယ် ကိုယ်တိုင် ရောက်ရှိလာပြီ ဖြစ်ရာ သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ယနေ့တွင် ဆုတ်ခွာရန် အခွင့်အရေးပင် ရှိတော့မည် မဟုတ်ပေ။
“စန်းယွမ် ဘာတွေဖြစ်နေတာလဲ.. ငါ မင်းရဲ့ဓားမှာ တလော့ အရှိန်အဝါ ထည့်ပေးထားတယ် မဟုတ်လား.. ဘာလို့ ငါ့ကို ကိုယ်တိုင် လာခိုင်းရတာလဲ”
စန်းမင်ဟဲက ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာ ရပ်နေရင်း စန်းယွမ်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မကျေမနပ် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
မကြာသေးခင်ကပင် သူသည် ရှင်းယွင်အင်မော်တယ်နန်းတော်ကို သွားရောက်ပြီး ရှင်းယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ်နှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။
တကယ်တမ်းတွင် ထိုတိုက်ပွဲ၌ မည်သူကမှ အသာစီးမရခဲ့ဘဲ နှစ်ယောက်စလုံး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူက ဒဏ်ရာများကို ကုသနေ၍ သူ့ကို အနှောင့်အယှက် မပေးရန် စန်းယွမ်ကို မှာထားခဲ့သည်။
မထင်မှတ်ဘဲ စန်းယွမ်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်း ကဲ့သို့ ဂိုဏ်းသေးသေးလေးကို ကိုင်တွယ်သည့် နေရာတွင် သူပေးထားသည့် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုကာ သူ့ကို ဆင့်ခေါ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
စန်းယွမ်က တရိုတသေ အမူအရာဖြင့် အလျင်အမြန် ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ဓားမှာ ဘိုးဘေး ထည့်သွင်းပေးထားတဲ့ တလော့အရှိန်အဝါကို အဲဒီအနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ကောင်က ချေမှုန်းပစ်လိုက်လို့ပါ”
ထိုစကားကိုကြားလျှင် စန်းမင်ဟဲ၏ အကြည့်သည် ချက်ချင်းဆိုသလိုပင် ကျန်းချန်ဆီသို့ ကျရောက်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ စန်းယွမ်၏ ဓားထဲတွင် ထည့်သွင်းပေးထားသည့် တလော့အရှိန်အဝါသည် သာမန် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် သတ်ဖြတ်ရန် ပြဿနာမရှိပေ။
ရွှေအင်မော်တယ် တတိယအဆင့်သာ ရှိသေးသော လူငယ်လေးသည် ဓားထဲတွင် သူထည့်သွင်းပေးထားသည့် တလော့အရှိန်အဝါကို အမှတ်တကယ် ချေမှုန်းနိုင်ခဲ့ပါသလော။
စန်းမင်ဟဲက ကျန်းချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်း ဘယ်သူလဲ”
ရွှေအင်မော်တယ် တတိယအဆင့်ဖြင့် စန်းယွမ်၏ ဓားထဲတွင် သူထည့်သွင်းပေးထားသည့် တလော့စွမ်းအားကို ချေမှုန်းနိုင်သူသည် အင်မော်တယ်လောကတွင် ရှားပါးသော ပါရမီရှင်တစ်ယောက် ဖြစ်မည်မှာ သေချာသလောက်ပင်။
“ကျုပ်ပြောပြလည်း ခင်ဗျားသိမှာမဟုတ်ဘူး.. ကျုပ်က အညတရ တစ်ယောက်ပါပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“အခုအချိန်ကစပြီး ခင်ဗျားရဲ့ စန်းရှန်အင်မော်တယ်ဂိုဏ်းနဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းက တစ်ဖက်နှင့် တစ်ဖက် ရန်မစဘဲ နေကြတာပေါ့.. ဘယ်လိုသဘောရလဲ”
“မင်းက ပါရမီထူးချွန်တယ် ဆိုပေမဲ့ ငါနဲ့ ဆွေးနွေးဖို့ အရည်အချင်း မရှိသေးဘူး”
စန်းမင်ဟဲ၏ အိုမင်းသော မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“တကယ်လို့ ငါသဘောမတူရင်ရော”
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အဲဒါဆိုရင်တော့ ကျုပ်အနေနဲ့ ခင်ဗျားကို ရှင်းပစ်ဖို့ ဝန်လေးမနေတော့ဘူး.. ပြီးရင် ခင်ဗျားရဲ့ စန်းရှန်အင်မော်တယ်ဂိုဏ်းကိုပါ အင်မော်တယ်လောကထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”
“ဟားဟား ရွှေအင်မော်တယ် တတိယအဆင့်လောက်နဲ့ စန်းရှန်အင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးပစ်မယ်ပေါ့လေ”
စန်းမင်ဟဲက အကြီးအကျယ် လှောင်ရယ်လိုက်သည်။
သူ၏ မျက်နှာထက်တွင် အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
“မင်းကိုသာ အချိန်အနည်းငယ် ပေးလိုက်မယ်ဆိုရင် မင်းရဲ့အောင်မြင်မှုတွေက ငါ့ထက် အများကြီး ပိုမြင့်မားနိုင်တယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ ငါ့ရှေ့မှာ လာပြီး ရမ်းကားဖို့လောက်အထိ မင်းမှာ အရည်အချင်း မရှိသေးဘူး”
စကားဆုံးသည်နှင့် စန်းမင်ဟဲက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
သူကိုယ်တိုင်က စန်းမင်ဟဲ၏ ပြိုင်ဘက် မဟုတ်မှန်း သိသောကြောင့် ကျန်းချန်က အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ခေါ်ထုတ်လိုက်ပြီး စန်းမင်ဟဲ၏ လက်ဝါးရိုက်ချက်ကို ထိပ်တိုက် ရင်ဆိုင်စေလိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး စန်းမင်ဟဲ၏ လက်ဝါးရိုက်ချက်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် ထိတွေ့မိကာ ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရသည်။
“တလော့အဆင့် ရုပ်သေးရုပ်ပါလား”
သူ၏ လက်ဖဝါးရိုက်ချက်ကို အလွယ်တကူပင် ချေမှုန်းပစ်လိုက်သည့် ပုံရိပ်အား မြင်လျှင် စန်းမင်ဟဲ၏ အိုမင်းသောမျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ မြင်နိုင်စွမ်းအရ ထိုပုံရိပ်တွင် ကိုယ်ပိုင်အသိစိတ် ရှိမနေမှန်း မြင်နိုင်ရန် မခက်ခဲပေ။
ယင်းက အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်၏ ရုပ်အလောင်းဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ်သာ ဖြစ်ရပေမည်။
သို့သော် တလော့ အင်မော်တယ်နှင့်ပင် တိုက်ခိုက်ရေးစွမ်းရည် ယှဥ်နိုင်သည့် ရုပ်သေးရုပ်မျိုးကို တလော့အဆင့် အင်အားစု မပြောနှင့်၊ ထိုက်ယီ အဆင့် အင်အားစုနှင့် ဟန်ယွင်အဆင့် အင်အားစုများ ပင်လျှင် အလွယ်တကူ ပြုလုပ်နိုင်မည် မဟုတ်ပေ။
ထိုကောင်လေးတွင် အဘယ်ကြောင့် တလော့အဆင့်နှင့် ယှဥ်နိုင်သည့် ရုပ်သေးရုပ် သက်တော်စောင့် ရှိနေရပါသနည်း။
“မိတ်ဆွေလေးကျန်းချန် ဆီမှာ တလော့အင်မော်တယ်နဲ့ ယှဥ်နိုင်တဲ့ ဝှက်ဖဲ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် လင်းယန်ချန်းသည် မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီး မျက်နှာထက်တွင် အလွန်အမင်း ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤပုံအတိုင်းဆိုလျှင် ကျန်းချန်သည် ယနေ့တွင် အခြေအနေကို ပြောင်းပြန်လှန်ပြီး သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အန္တရာယ်ကနေ နောက်တစ်ကြိမ် ကယ်တင်ပေးနိုင်လောက်၏။
အခန်း(၂၈၅၅)ပြီး၏။