အခန်း ၂၈၅၆
Vol. 226 Ch. 2856
အခန်း(၂၈၅၆)
“ဝုန်း..”
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်နေကြစဥ်မှာပင် ကျန်းချန်က စန်းမင်ဟဲကို အသက်ရှူရန် အခွင့်အရေးပင် လုံးဝ မပေးခဲ့ပေ။
သူက အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်ကာ ဟင်းလင်းပြင်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေလောက်သည့် လက်သီးချက်ဖြင့် စန်းမင်ဟဲကို ထိုးနှက်လိုက်သည်။
စန်းမင်ဟဲ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး တလော့အဆင့် အင်မော်တယ်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ မိုင်ပေါင်းသောင်းချီ ရှည်လျားသော ဓားအလင်းသည် ဟင်းလင်းပြင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ဓားအလင်းတန်းမှ တလော့ အရှိန်အဝါသည် ကောင်းကင်ယံ တစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။
“ဝုန်း..”
အင်မော်တယ်ရုပ်အလောင်း၏ လက်သီးချက်သည် ဓားအလင်းနှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့သည်။
မည်သည့်အရာကို မဆို ချေမှုန်းနိုင်စွမ်းရှိပြီး ကောင်းကင်နှင့်မြေကြီးကိုပင် အစိတ်စိတ် ပိုင်းဖြတ်နိုင်လောက်သည့် မိုင်ပေါင်းသောင်းချီ ရှည်လျားသော ဓားအလင်းသည် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ လက်သီးချက်နှင့် ထိပ်တိုက်ဆုံတွေ့သွားသောအခါတွင် အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းမှ အရေပြားသည် ပေါက်ပြဲသွားခြင်း မရှိသည့်အပြင် ခြစ်ရာလေး တစ်ခုပင် ထင်ကျန်မနေခဲ့ပေ။
“ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအားပါလား”
စန်းမင်ဟဲက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့ရှေ့မှ ရုပ်သေးသည် မသေဆုံးမီက အနည်းဆုံး တလော့အဆင့် ကျင့်ကြံသူ ဖြစ်ခဲ့မည်မှာ သေချာသလောက်ပင်။
“ဝုန်း..”
စန်းမင်ဟဲ အံ့ဩ ထိတ်လန့်နေစဥ်မှာပင် သူ့ရှေ့မှ ရုပ်သေးရုပ်သည် နောက်ထပ် လက်သီးချက် တစ်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။
“ထန်..”
“ထန်..”
“ထန်..”
စန်းမင်ဟဲက သူ့လက်မှ တလော့အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ သူ့ရှေ့မှ ရုပ်သေးရုပ်နှင့် အဆက်မပြတ် တိုက်ခိုက်နေခဲ့ရာ သတ္တုချင်း ထိရိုက်မိသော အသံများ ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ရုပ်သေး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်တွင် အထွတ်အထိပ် အခြေအနေကို ပြန်လည် မရောက်ရှိသေးသည့် စန်းမင်ဟဲသည် လုံးဝကို ဖိနှိပ်ခံထားရပြီး ခုခံကာကွယ်ရုံသာ တတ်နိုင်ခဲ့သည်။
“ဒီလိုမျိုး ဆက်တိုက်နေလို့တော့ မဖြစ်ဘူး”
စန်းမင်ဟဲက ရုပ်သေး၏ တိုက်ခိုက်မှုကို ခုခံနေရင်း မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။
သူ့ရှေ့မှ ရုပ်သေးရုပ်သည် မောပန်းနွမ်းနွယ်မှုကို လုံးဝမသိသည့် ယန္တရားရုပ်တစ်ရုပ် ကဲ့သို့ ဖြစ်နေခဲ့သည်။
အကယ်၍ သူသာ ဤကဲ့သို့ စွမ်းအင်များကို ဆက်တိုက်အသုံးပြုကာ တိုက်ခိုက်နေရမည် ဆိုလျှင် တစ်ချိန်ချိန်တွင် ရုပ်သေးရုပ် လက်ချက်ဖြင့် သေဆုံးသွားနိုင်၏။
စန်းမင်ဟဲ ဆုတ်ခွာရန် ကြံရွယ်နေစဥ်မှာပင် ရုပ်သေး၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
ထို့နောက်တွင် ကမ္ဘာလောကကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေမည့် လက်သီးချက်သည် စန်းမင်ဟဲ ထံသို့ နောက်တစ်ကြိမ်သက်ရောက်လာခဲ့သည်။
“စန်းရှန်ရေခဲဝိညာဥ်ဓားသိုင်း”
စန်းမင်ဟဲက တလော့အဆင့် စွမ်းအားများနှင့် ကမ္ဘာလောကကို ထိန်းချုပ်နိုင်သည့် စွမ်းအားများကို အပြည့်အဝ လှုံ့ဆော်ကာ ကြောက်မက်ဖွယ် ဓားကွက်ကို ထုတ်ဖော်လိုက်သည်။
ထိုဓားကွက်သည် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ တလော့အဆင့် တိုက်ခိုက်ရေးပညာရပ် ဖြစ်သည့် စန်းရှန်ဓားသိုင်းကနေ စန်းမင်ဟဲ ကိုယ်တိုင် ထပ်ဆင့် တီထွင်လိုက်သည့် ဓားကွက် ဖြစ်သည်။
“ဝုန်း..”
တလော့ အရှိန်အဝါများ ကိန်းအောင်းနေသော ဓားအလင်းများသည် စန်းမင်ဟဲကို ဗဟိုပြု၍ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
သောင်းချီသည့် ဓားအလင်းများကြောင့် ဟင်းလင်းပြင်၏ မိုင်ပေါင်းထောင်ချီ ဧရိယာသည် ချက်ချင်းဆိုသလိုပင် အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားခဲ့ပြီး ဟင်းလင်းပြင်သည်ပင် ပြိုကျသွားခဲ့သည်။
ဤအချိန်တွင် စန်းမင်ဟဲ ထုတ်ဖော်လိုက်သော ကြောက်မက်ဖွယ် ဓားကွက်ကြောင့် လူတိုင်းက ကြောက်ရွံ့တုန်လှုပ် ကုန်ကြ၏။
“ဒေါင်..”
စန်းမင်ဟဲ အစွမ်းကုန် ထုတ်ဖော်လိုက်သော ဓားချက်သည် ရုပ်သေးရုပ်၏ လက်သီးချက်နှင့် ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် ခေါင်းလောင်းထိုးသံ ကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင်၏ မိုင်ပေါင်းထောင်ချီ ဧရိယာသည် မှန်ချပ်တစ်ခုနှယ် တစ်ခဏအတွင်း ကြေမွသွားခဲ့ပြီး ကြီးမားသော အနက်ရောင် တွင်းပေါက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ ထိုတွင်းပေါက်ကြီးထဲကနေ အလွန်တရာပြင်းထန်သော နေရာလွတ်မုန်တိုင်းများ ထွက်ပေါ်လာခဲ့သည်။
“ဒါက တလော့အဆင့် ကျင့်ကြံသူတွေရဲ့ ထိပ်တိုက် ရင်ဆိုင်မှုလား.. တကယ်ကို ကြောက်စရာပဲ”
လူပေါင်းများစွာသည် အံ့ဩမှင်တက်နေကြပြီး ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့် လင်းယန်ချန်းပင်လျှင် တုန်လှုပ် ချောက်ချားစွာ ကြည့်နေခဲ့သည်။
ကမ္ဘာလောကကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် ဤကဲ့သို့ စွမ်းအားမျိုး ရှေ့တွင် ရွှေအင်မော်တယ် အဆင့် ဆိုသည်မှာ မုန်ညှင်းစေ့လေး တစ်စေ့လောက်သာ ဖြစ်၏။
ဟင်းလင်းပြင်ထဲတွင် စန်းမင်ဟဲသည် ပေပေါင်းထောင်ချီ နောက်ဆုတ်သွားခဲ့ရပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း အလွန်အမင်း အခြေအနေ ဆိုးရွားနေခဲ့ကာ ပါးစပ်ထောင့်ကနေ သွေးများ စီးကျလာခဲ့သည်။
ဤအခိုက်အတန့်တွင် တစ်ဖက်မှ မည်သည့်ဒဏ်ရာမျှ မရရှိသေးသည့် ရုပ်သေးရုပ်ကို မြင်လျှင် သူ၏ မျက်ဝန်းထဲ၌ အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင်မူ စန်းမင်ဟဲသည် မိုင်ပေါင်းထောင်ချီ အဝေးသို့ တစ်ခဏအတွင်း ထွက်ပြေးသွားခဲ့သည်။
ဤရုပ်သေးရုပ်သည် တလော့အဆင့်ထက် မနိမ့်ကျသည့် ခွန်အား ရှိသည့်အပြင် သြချရလောက်သည့် ခံနိုင်ရည်စွမ်းလည်း ရှိနေသောကြောင့် သူ့အနေဖြင့် ရုပ်သေးရုပ်ကို မည်သို့မျှ ဒဏ်ရာရရှိအောင် မလုပ်နိုင်ပေ။
ယခုအခါ သူ၏ ခန္ဓာကိုယ်က စွမ်းအားအများအပြား ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ရုပ်သေးရုပ်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြောင့် မသက်သာသေးသည့် သူ၏ ဒဏ်ရာများသည် ပို၍ပင် ဆိုးရွားလာခဲ့သည်။
အကယ်၍ ဤအတိုင်းသာ ဆက်တိုက်နေမည် ဆိုလျှင် ယနေ့တွင် သူ့အနေဖြင့် အသက်ဆုံးရှုံးရမည့် အန္တရာယ် အမှန်တကယ် ရှိနေခဲ့၏။
စန်းမင်ဟဲ ထွက်ပြေးသွားသည်ကိုမြင်လျှင် ကျန်းချန်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်၍ လိုက်လံ မတိုက်ခိုက်တော့ပေ။
အင်မော်တယ်ဘုရင် ရုပ်အလောင်းက အစွမ်းထက်ပြီး တလော့အင်မော်တယ် အဆင့်ကို ယှဥ်နိုင်သော်လည်း ထိုရုပ်အလောင်းကို ကျန်းချန်ကို ထိန်းချုပ်နေရခြင်း ဖြစ်သည်။
ကျန်းချန်၏ အရှိန်အဟုန်ဖြင့် ဆိုလျှင် တလော့အင်မော်တယ်တစ်ပါး နောက်ကို မည်ကဲ့သို့ အမီ လိုက်နိုင်ပါမည်နည်း။
ဆိုရလျှင် တလော့အင်မော်တယ် တစ်ပါးကို သတ်ဖြတ်ဖို့ဆိုသည်မှာ လုံးဝ မလွယ်ကူသောကိစ္စ ဖြစ်သည်။
အကယ်၍ သူသာ စန်းမင်ဟဲကို မဖြစ်မနေ သတ်ဖြတ်မည်ဆိုလျှင် ထိုလူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အစွမ်းကုန် ပြန်လည် တိုက်ခိုက်လာမည်သာ ဖြစ်သည်။
စန်းမင်ဟဲ အနေဖြင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ဘာမျှ မတတ်နိုင်သော်လည်း ကျန်းချန်ကိုမူ ခြိမ်းခြောက်လာနိုင်စွမ်း ရှိနေခဲ့သည် မဟုတ်ပါလား။
“အခြေအနေက ဘယ်လိုဖြစ်သွားရတာလဲ”
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ စန်းယွင်တို့ လူစု၏ မျက်နှာက ဖြူဖျော့သွားကြပြီး အားကိုးရမဲ့နေသည့် သူများလို ဖြစ်သွားကြသည်။
တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိနေသည့် စန်းမင်ဟဲ ပင်လျှင် ကျန်းချန် ထုတ်ဖော်လိုက်သည့် ရုပ်သေးရုပ်၏ ရိုက်နှက်မှုကို ခံလိုက်ရပြီး ထွက်ပြေးရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။
“ဆုတ်ခွာကြစို့”
စန်းယွမ်က မှင်တက်ရာကနေ သတိ ပြန်ဝင်လာပြီးနောက်တွင် ကြောက်ရွံ့ထိတ်လန့်သော အမူအရာဖြင့် နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။
သူတို့၏ တလော့အဆင့် ဘိုးဘေးပင်လျှင် ထွက်ပြေးသွားပြီဖြစ်ရာ သူတို့အနေဖြင့် ဤနေရာတွင် ဆက်နေခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် အတူတူပင် မဟုတ်ပါလော။
စန်းရှန်အင်မော်တယ်ဂိုဏ်းက ဤမျှလောက်အထိ အလွယ်တကူ ရှုံးနိမ့်သွားသည်ကိုမြင်လျှင် လင်းယန်ချန်းသည် တစ်ခဏမျှ မှင်တက်နေခဲ့ပြီး သတိပြန်ဝင်မလာနိုင် ဖြစ်နေခဲ့သည်။
စန်းရှန်အင်မော်တယ်ဂိုဏ်းကို စန်းမင်ဟဲ ပြန်ရောက်လာပြီးကတည်းကပင် စန်းရှန် အင်မော်တယ်ဂိုဏ်းသည် တလော့ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် အခြေအနေ မကောင်းနိုင်မှန်း လင်းယန်ချန်း တွေးမိခဲ့သည်။
လင်းယန်ချန်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ လူများကို ခေါ်ပြီး ဆုတ်ခွာရန် မူလက စီစဥ်ထားသော်လည်း ထိုအစီအစဥ်ကို အကောင်အထည် မဖော်နိုင်ခင်မှာပင် စန်းရှန်အင်မော်တယ်ဂိုဏ်းမှ လူများသည် သူတို့ကို သတ်ဖြတ်ရန် ရောက်ရှိလာခဲ့သည်။
ယနေ့သည် ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် နောက်ဆုံးနေ့ဟု လင်းယန်ချန်း ကြိုတင် တွေးထားခဲ့သည်။
သို့သော်လည်း သေရေးရှင်ရေး အချိန်တွင် ကျန်းချန်က ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကျန်းချန်က စန်းယွမ် ထုတ်လွှတ်လိုက်သည့် တလော့အရှိန်အဝါကိန်းအောင်းနေသော ဓားအလင်းကို တားဆီးပေးခဲ့ရုံတင်မက အစွမ်းထက် ရုပ်သေးရုပ် တစ်ရုပ်ကို အသုံးပြုကာ သူတို့ဂိုဏ်းကို လာရောက် တိုက်ခိုက်သည့် စန်းမင်ဟဲကို အရှက်တကွဲ ထွက်ပြေးစေရန် လုပ်ဆောင်ခဲ့သည်။
“မိတ်ဆွေလေးကျန်းချန် ကျေးဇူးအများကြီးတင်ပါတယ်”
ဟင်းလင်းပြင်ထဲကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာသည့် ကျန်းချန်ကို ကြည့်ရင်း လင်းယန်ချန်းက စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
ယနေ့တွင်လည်း ကျန်းချန်သည် သူတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းကို ဘေးဒုက္ခကနေ နောက်တစ်ကြိမ် ထပ်မံ ကယ်တင်ပေးခဲ့သည်။
“ရပါတယ်.. ခင်ဗျားတို့ကို ကူညီပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုးတက်အောင် လုပ်ပေးဖို့နဲ့ ပိယွင်အင်မော်တယ်နန်းတော်ကို ဖျက်ဆီးရာမှာ အကူအညီပေးဖို့ ကျွန်တော် လူတစ်ယောက်ကို ကတိပေးထားခဲ့ပြီးသားပါ.. ပိုထျန်းအင်မော်တယ်ဂိုဏ်းကိုသာ တိုးတက်အောင် လုပ်ထားလိုက်ပါ.. အချိန်တန်ရင် ကျွန်တော် ခင်ဗျားတို့ကို ပိယွင်အင်မော်တယ် နန်းတော်ကို ချေမှုန်းဖို့ ခေါ်သွားပါ့မယ်”
ကျန်းချန်က လင်းယန်ချန်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
သူက ကတိမတည်သည့် သူမျိုး မဟုတ်ပေ။
ပိယွင်အင်မော်တယ်နန်းတော်ကို ရင်ဆိုင်ရာတွင် ကူညီရန် လင်းရှီယောင်ကို ကတိပေးထားခဲ့သောကြောင့် သူ၏ ကတိစကားကို မည်သည့် အကြောင်းနှင့်မျှ ဖျက်မည် မဟုတ်ချေ။
ယခု သူ့တွင် အင်မော်တယ်ရုပ်အလောင်း ရှိနေပြီ ဖြစ်ရာ ကျန်းချန် အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်နှင့် ယှဥ်ပြိုင်ရန် အင်အား တချို့ ရှိနေခဲ့ချေပြီ။
ကျန်းချန်က ကျိရီ အင်မော်တယ် တောင်တန်း ဆီသို့ သွားရောက် စူးစမ်းပြီးလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဦးဆောင်ကာ ပိယွင်အင်မော်တယ်နန်းတော်၏ ကိစ္စများကို ရှင်းလင်းရန် ဆုံးဖြတ်ထားခဲ့သည်။
ကျန်းချန်၏ စကားကိုကြားလျှင် လင်းယန်ချန်း ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ကျန်းချန်က အဘယ်ကြောင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အစွမ်းကုန် ကူညီပေးနေမှန်း အဆုံးသတ်၌ သူ နားလည်သွားခဲ့၏။
ကျန်းချန်က ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အရေးပါသော ပုဂ္ဂိုလ် တစ်ယောက်ယောက်နှင့် ပတ်သက်မှု ရှိနေ၍သာ ဖြစ်ရပေမည်။
ထိုသို့ တွေးမိလျှင် လင်းယန်ချန်းက စူးစမ်းစွာ မေးလိုက်သည်။
“သခင်လေးကျန်းချန်..”
လင်းယန်ချန်း၏ စကားမဆုံးခင်မှာပင် ကျန်းချန်က လက်ကာပြလိုက်ပြီး စကားဖြတ်ပြောလိုက်သည်။
“အခုအချိန်မှာ အများကြီး မမေးပါနဲ့ဦး.. အချိန်တန်ရင် ခင်ဗျား သိလာမှာပါ”
အခန်း(၂၈၅၆)ပြီး၏။