အခန်း ၂၈၅၇
Vol. 226 Ch. 2857
အခန်း(၂၈၅၇)
ထိုစကားကိုကြားလျှင် လင်းယန်ချန်းက နောက်ထပ် ဘာစကားမျှ ထပ်မပြောတော့ပေ။
မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်၏ ပိုထျန်းအင်မော်တယ်ဂိုဏ်း အပေါ် ကူညီမှုသည် ဂိုဏ်းအတွက် အလွန်ကြီးမားသော အကျိုးကျေးဇူး ရှိစေခဲ့သည်။
ကျန်းချန်၏ ထူးချွန်လွန်းသော ပါရမီဖြင့်သာ ဆိုလျှင် အချိန်အတိုင်းအတာ တစ်ခုအတွင်း တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိဖို့ ဆိုသည်မှာ သေချာပေါက် အာမခံချက် ရှိနေခဲ့၏။
ထို့အပြင် ယခုအခါ ကျန်းချန်၏ လက်ထဲတွင် တလော့အင်မော်တယ်နှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိသည့် ရုပ်သေးတစ်ရုပ်လည်း ရှိနေပြီ မဟုတ်ပါလော။
ကျန်းချန်၏ အကူအညီဖြင့်သာ ဆိုလျှင် သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ပိယွင်အင်မော်တယ် နန်းတော်ကို အမှန်တကယ် လက်စားပြန်ချေနိုင်မည့် အခွင့်အရေး ရှိကောင်းရှိလာနိုင်ပေသည်။
“ဂိုဏ်းချုပ်လင်း.. ခင်ဗျားက ဝိရောဓိနယ်မြေကို နှံ့စပ်တယ်ဆိုတော့ ဒီဝိရောဓိနယ်မြေထဲမှာ ကျိရီ အင်မော်တယ် တောင်တန်းလို့ ခေါ်တဲ့နေရာကို သိလား”
လင်းယန်ချန်း တွေးတောနေစဥ်မှာပင် ကျန်းချန်၏ စကားသံသည် သူ၏ နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
“ကျိရီအင်မော်တယ်တောင်တန်းလား”
ကျန်းချန်ထံမှ ထိုနာမည်ကို ကြားလိုက်ရလျှင် လင်းယန်ချန်းသည် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန် အဲဒီကျိရီအင်မော်တယ်တောင်တန်းက သာမန် နေရာမဟုတ်ဘူး.. ဘာလို့ ကျိရီအင်မော်တယ်တောင်တန်း အကြောင်းကို ရုတ်တရက် မေးရတာလဲ”
ကျန်းချန်က ဘာမှ ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။
“ကျွန်တော် ကျိရီအင်မော်တယ်တောင်တန်းကို သွားပြီး စူးစမ်းချင်လို့ပါ”
“မိတ်ဆွေလေးကျန်းချန် အနေနဲ့ ကျိရီအင်မော်တယ်တောင်တန်းဆီကို သွားချင်တယ် ဆိုရင်တော့ လွယ်ကူလိမ့်မယ် မထင်ဘူး.. ကျိရီအင်မော်တယ်တောင်တန်းဆိုတာက တစ်ချိန်က ဝိရောဓိနယ်မြေရဲ့ အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်တဲ့ အရှင်ဇူရီ ကျင့်ကြံတဲ့ နေရာလို့ ပြောကြတယ်.. အရှင်ဇူရီက ဟန်ယွင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိပြီး အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်လို့လည်း ကောလာဟလရှိခဲ့တယ်.. ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘယ်လိုအကြောင်းကြောင့်မှန်း မသိရဘဲ အရှင်ဇူရီနဲ့ ကျိရီ အင်မော်တယ်တောင်တန်း တစ်ခုလုံးက ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့တယ်.. ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျိရီ အင်မော်တယ်တောင်တန်းက ဝိရောဓိနယ်မြေရဲ့ ဒဏ္ဍာရီ တစ်ခုလို ဖြစ်လာခဲ့ပြီး ကျိရီ အင်မော်တယ်တောင်တန်း ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို သိတဲ့သူက မရှိသလောက်ပဲ”
လင်းယန်ချန်းက သူသိထားသမျှ အချက်အလက် အားလုံးကို မထိန်းမချန် ကျန်းချန်အား ပြောပြလိုက်သည်။
ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်၏။
“ကျွန်တော် သိသလောက်တော့ ဝိရောဓိနယ်မြေထဲမှာ အရှင်ထိုက်ယွမ်လို့ ခေါ်တဲ့ လူတစ်ယောက်ရှိတယ်.. သူက ပျောက်ကွယ်သွားတဲ့ ကျိရီ အင်မော်တယ် တောင်တန်းကို ရောက်ဖူးတယ် မဟုတ်လား”
“အရှင်ထိုက်ယွမ်လား”
လင်းယန်ချန်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“အရှင်ထိုက်ယွမ်က ဝိရောဓိနယ်မြေ ထဲကနေ ကောင်းကင်ကို ဆန့်ကျင်ပြီး တိုးတက်မလာခင်နဲ့ တလော့အင်မော်တယ် အဆင့်ကို ကျော်ဖြတ်ပြီး ထိုက်ယီ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်မလာခင်မှာ အချိန်အတိုင်းအတာ တစ်ခု အထိ ပျောက်ကွယ်သွားခဲ့ဖူးတယ်လို့တော့ ကောလာဟလတွေ ရှိခဲ့ဖူးတယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤကမ္ဘာပေါ်တွင် ကျိရီ အင်မော်တယ် တောင်တန်းအကြောင်း သိရန် အခွင့်အလမ်း အများဆုံးလူမှာ အရှင်ထိုက်ယွမ် ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။
“အရှင်ထိုက်ယွမ်က အခု ဘယ်မှာလဲ”
ကျန်းချန်က စိတ်လှုပ်ရှားစွာဖြင့် လင်းယန်ချန်းကို မေးလိုက်သည်။
ကျိရီ အင်မော်တယ် တောင်တန်းသည် ဟန်ယွင်အဆင့် အင်မော်တယ် တစ်ပါး၏ ကျင့်ကြံရာနယ်မြေ ဖြစ်သောကြောင့် ကျန်းချန် ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။
ဝိရောဓိနယ်မြေ တစ်ခုလုံးတွင် ကျိရီ အင်မော်တယ်တောင်တန်း အကြောင်း အသိဆုံးသူမှာ ထိုနေရာထဲကို ဝင်ရောက်ဖူးသည့် အရှင်ထိုက်ယွမ် သာလျှင် ဖြစ်ပေလိမ့်မည်။
“အရှင်ထိုက်ယွမ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အင်မော်တယ်လောကကို လှည့်လည်သွားလာဖို့ အတွက် ဝိရောဓိနယ်မြေကနေ ထွက်ခွာသွားခဲ့တယ်.. အခု သူ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာ သိတဲ့လူ မရှိသလောက်ပဲ”
လင်းယန်ချန်းက ခေါင်းခါရမ်းကာ ပြောလိုက်ပြီးနောက်တွင် တစ်ခဏမျှ စဥ်းစားကာ ထပ်မံ ပြောဆိုလိုက်သည်။
“တကယ်လို့ မိတ်ဆွေလေးကျန်းချန်က အရှင်ထိုက်ယွမ်ရဲ့သတင်းကို သိချင်တယ် ဆိုရင် တလော့အဆင့် အင်အားစုတစ်စု ဖြစ်တဲ့ ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းမှာ စုံစမ်းကြည့်လို့ရပါတယ်.. အရှင်ထိုက်ယွမ်နဲ့ ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းတို့ရဲ့ ပတ်သက်မှုက သာမန် မဟုတ်တဲ့ အတွက် သူတို့ဆီကနေ သတင်းတစ်ခုခု ရကောင်း ရနိုင်ပါလိမ့်မယ်”
“ကျွန်တော် နားလည်ပါပြီ”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လင်းယန်ချန်းကို ကြည့်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်လင်း.. ကျွန်တော် ဒီနေ့ စန်းမင်ဟဲကို ဒဏ်ရာအပြင်းအထန်ရရှိအောင် တိုက်ခိုက်လိုက်တာ ဆိုတော့ သူ တစ်ခဏအတွင်းတော့ လက်တုံ့ပြန်ရဲဦးမှာ မဟုတ်ဘူး.. ဒီအချိန်ကိုအသုံးချပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုးတက်အောင် လုပ်ထားလိုက်ပါ.. ကျွန်တော် နောက်တစ်ခေါက် ပြန်လာတဲ့အခါကျရင် လုံးဝ အသွင်သစ်နဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို မြင်ချင်ပါတယ်”
“မိတ်ဆွေလေးကျန်းချန် စိတ်ချပါ.. ကျွန်တော် သခင်လေးကို စိတ်မပျက်စေရပါဘူး”
လင်းယန်ချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်း ဘေးဒုက္ခနှင့် ကြုံတွေ့ရစဥ်က သူနှင့် လူအနည်းငယ်သည် အကြီးအကဲ တစ်ယောက်၏ ဦးဆောင်မှုနှင့်အတူ ဝိရောဓိနယ်မြေ ဆီကို ထွက်ပြေးလာခဲ့ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ပြန်လည် တည်ထောင်ခဲ့သည်။
ဂိုဏ်း၏ ရည်ရွယ်ချက်မှာ တစ်နေ့နေ့တွင် ပိယွင်အင်မော်တယ် နန်းတော်ကို ပြန်လည်တိုက်ခိုက်ပြီး လက်စားချေနိုင်ရန် အတွက် ဖြစ်၏။
သို့သော်လည်း ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ဝိရောဓိနယ်မြေတွင် နောက်ခံအင်အား မရှိသောကြောင့် တိုးတက်ရန် အလွန်အမင်း ခက်ခဲခဲ့သည်။
သူတို့၏ တစ်သက်တာတွင် ပိယွင်အင်မော်တယ် နန်းတော်ကို လက်စားချေနိုင်ရန် မျှော်လင့်ချက် မရှိတော့ဟု လင်းယန်ချန်း ထင်ထားခဲ့သည်။
သို့သော်လည်း ကျန်းချန်က ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အတားအဆီးများကို ရှင်းလင်းပေးခဲ့ကာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို လမ်းဖွင့်ပေးခဲ့သောကြောင့် လင်းယန်ချန်း အနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုးတက်အောင်လုပ်ရန် အပြည့်အဝ ယုံကြည်ချက် ရှိသွားခဲ့သည်။
“ဒါဆိုရင် ကျွန်တော်သွားတော့မယ်”
စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
------------------
တိမ်ကင်းစင်နေသည့် ကောင်းကင်ပြာကြီးထဲတွင် ဦးချိုတစ်ချောင်းပါ မီးလျှံနက် သားရဲကြီး ဆွဲလာသည့် အနက်ရောင်မြင်းရထား တစ်စင်း ဖြတ်သန်း သွားလာနေခဲ့သည်။
မြင်းရထားထဲမှ လူမှာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကနေ ထွက်ခွာလာခဲ့သည့် ကျန်းချန်ပင် ဖြစ်သည်။
သူက တလော့အဆင့် အင်အားစု ဖြစ်သည့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းဆီကိုသွားပြီး ကျိရီ အင်မော်တယ် တောင်တန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်တစ်ခုခုကို စုံစမ်းရန် ရည်ရွယ်ထားခဲ့သည်။
ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းသည် ဝိရောဓိနယ်မြေ၏ အထွတ်အထိပ် အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် တလော့အဆင့်အင်အားစု တစ်စုသာ ဖြစ်သော်လည်း ဝိရောဓိနယ်မြေထဲမှ ထိုက်ယီအဆင့် အင်အားစုကြီး လေးစု ပင်လျှင် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းကို မထိရဲကြပေ။
အကြောင်းရင်းမှာ ဝိရောဓိနယ်မြေ၏ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည့် အရှင်ထိုက်ယွမ်နှင့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းတို့က အလွန်တရာ ရင်းနှီးသောကြောင့်ပင်။
အရှင်ထိုက်ယွမ်သည် ဝိရောဓိနယ်မြေ၏ ဒဏ္ဍာရီတစ်ပါး ဖြစ်ပြီး လက်ရှိအချိန်တွင် ဝိရောဓိနယ်မြေ၏ နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် ကိုယ်တိုင်က အားမနည်းသည့်အပြင် နောက်ကွယ်တွင်လည်း အရှင်ထိုက်ယွမ် ရှိနေသည်ဖြစ်ရာ ဝိရောဓိနယ်မြေတွင် မည်သူက ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းကို မျက်နှာသာမပေးဘဲ နေရဲပါမည်နည်း။
“ကြည့်ရတာ ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း ဆီကနေ ကျိရီ အင်မော်တယ် တောင်တန်းရဲ့ သတင်းကို စုံစမ်းဖို့က မလွယ်လောက်ဘူးထင်တယ်”
ခရီးလမ်းတစ်လျှောက်တွင် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းအကြောင်းကို နားစွင့်လာခဲ့သည့် ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် တလော့အဆင့်အင်အားစု တစ်ခုသာ ဖြစ်သော်လည်း ဝိရောဓိနယ်မြေရှိ အဆင့်အတန်းသည် ထိုက်ယီအဆင့် အင်အားစုကြီး လေးခုထက် မနိမ့်ကျပေ။
အရှင်ထိုက်ယွမ်နှင့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းတို့၏ ပတ်သက်မှုကြောင့် အရှင်ထိုက်ယွမ်သည် ဝိရောဓိနယ်မြေမှ ထွက်ခွာမသွားခင် ကျိရီ အင်မော်တယ် တောင်တန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း ထံ၌ ချန်ထားခဲ့နိုင်သည့် အခွင့်အလမ်းများစွာ ရှိသော်လည်း ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းသည် ထိုသတင်း အချက်အလက်များကို သူ့ကို အလွယ်တကူ ပြောပြလိမ့်မည် မဟုတ်ချေ။
“ဝုန်း..”
ကျန်းချန် တစ်ယောက် စဥ်းစားခန်း ဖွင့်နေစဥ်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး မြင်းရထားသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ကာ မီးလျှံနက်ယူနီကွန်း ပင်လျှင် နာကျင်စွာ အော်ဟစ်လိုက်ရသည်။
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး မြင်းရထားတံခါးကိုတွန်းဖွင့်ကာ အပြင်ကို ထွက်လိုက်သည့် အခါတွင် သူ၏ သွားလမ်းကို ပိတ်ဆို့ထားသည့် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦးကို တွေ့လိုက်ရသည်။
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ အရှိန်အဝါက အားမနည်းဘဲ ရွှေအင်မော်တယ် သတ္တမအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
အဘိုးအိုက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ထားပြီး ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။
ကျန်းချန်က အဘိုးအိုကို အေးစက်စက် တစ်ချက် ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ခင်ဗျားဘယ်သူလဲ.. ဘာလို့ ကျွန်တော့် သွားလမ်းကို ပိတ်ထားရတာလဲ”
“ဒီနေရာကနေ ဘယ်သူမှ ဖြတ်သန်းခွင့်မရှိဘူးလို့ ငါ့သခင်လေး အမိန့်ပေးထားတယ်.. တကယ်လို့ မင်းသာ အရှေ့ကို ခြေတစ်လှမ်း ထပ်တိုးမယ်ဆိုရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။
“တကယ်လို့ ကျွန်တော်က ငြင်းမယ်ဆိုရင်ရော”
သူ၏ ထက်မြက်သည့် အာရုံခံစားမှုကြောင့် ကျန်းချန်သည် ဤနေရာနှင့် မိုင်တစ်ရာခန့် ဝေးသည့် ချိုင့်ဝှမ်းတစ်ခုထဲတွင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ဖြစ်ပေါ်နေသည်ကို ခပ်ရေးရေး ခံစားမိနေခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုချိုင့်ဝှမ်းထဲတွင် အင်မော်တယ် ဆေးဝါး သို့မဟုတ် အင်မော်တယ်ရတနာ တစ်ပါးပါး ပေါ်ထွက်လာနိုင်ခြေ ဆယ်ပုံကိုးပုံခန့် ရှိနေခဲ့၏။
ဤမီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက သူ့ကို လာရောက်တားဆီးနေသည်မှာ မကြာခင် ပေါ်ထွက်လာတော့မည့် အင်မော်တယ် ရတနာ အနားကို သူ မကပ်နိုင်စေရန် အတွက် တားဆီးနေခြင်းသာ ဖြစ်ရပေမည်။
စင်စစ် ကျန်းချန်သည် သာမန် တလော့အဆင့် ဆေးဝါးကို သိပ်စိတ်မဝင်စားပေ။
ရှင်းလင်းစွာဆိုရလျှင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသာ သူ့ကို မတားဆီးခဲ့လျှင် ကျန်းချန် အနေဖြင့် စိတ်ဝင်စားချင်မှသာ စိတ်ဝင်စားပေလိမ့်မည်။
ယခုအခါတွင်မူ ကျန်းချန်သည် ထိုချိုင့်ဝှမ်းထဲတွင် မည်သည့်အရာ ပေါ်ထွက်လာမည်ကို သွားရောက် ကြည့်ရှုရန် ဆန္ဒ ပြင်းပြလာခဲ့သည်။
အခန်း(၂၈၅၇)ပြီး၏။