← Chapters

အခန်း ၂၈၅၈

Vol. 226 Ch. 2858

အခန်း ၂၈၅၈

Vol. 226 Ch. 2858

အခန်း(၂၈၅၈)

“ကောင်လေး သေဖို့သာ ပြင်ထားလိုက်တော့”

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ တုန်လှုပ်ဖွယ်ရာကောင်းသည့် လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။

သူ၏လက်ဖဝါးထဲတွင်‌ ငွေရောင်အလင်းတန်းများ တဖျပ်ဖျပ် တောက်ပနေသည့် ဓားရှည်တစ်လက် ရုတ်တရက်ပေါ်ထွက်လာခဲ့၏။

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက သူ့ကို တိုက်ခိုက်လာသော်လည်း ကျန်းချန်၏ အမူအရာကမူ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

သူက ရွှေအင်မော်တယ်အဆင့် စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ကျယ်‌လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် ပေတစ်ရာကျော် ရှည်လျားသည့် ဓားအလင်းတန်းသည် တစ်လက်မချင်းစီ ကျိုးပျက်သွားခဲ့သည်။

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်သည်လည်း ဧရာမတူကြီးဖြင့် အထုခံလိုက်ရသကဲ့သို့ မီတာထောင်ချီ နောက်ပြန် လွင့်စင်သွားခဲ့ပြီး လေထဲတွင် သွေးများကို အန်ထုတ်လိုက်ရကာ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တဂျောက်ဂျောက် မြည်သံများနှင့် အတူ အရိုးများ ကျိုးပဲ့သွားခဲ့သည်။

“မင်း.. မင်း ဘယ်သူလဲ”

ကျန်းချန်ကို ကြည့်နေသည့် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ရွှေအင်မော်တယ် တတိယအဆင့်သာ ရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အား ရှိနေလိမ့်မည်ဟု သူဘယ်လိုမှ ထင်မထားခဲ့ပေ။

စည်းတံဆိပ် တစ်ခုတည်းဖြင့်ပင် သူကဲ့သို့ ရွှေအင်မော်တယ်သတ္တမအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယင်းမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းနေခဲ့၏။

ဝိရောဓိနယ်မြေ ထဲမှ ထိုက်ယီအဆင့် အင်အားစုကြီး လေးခုမှာပင် ဤမျှအထိ ထူးဆန်းသော လူငယ်ပါရမီရှင်မျိုး ရှိချင်မှသာ ရှိပေလိမ့်မည်။

“ကျုပ်က လမ်းသွားလမ်းလာ တစ်ယောက်ပါပဲ”

ကျန်းချန်က မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ဖယ်စမ်း ငါ့လမ်းကို မပိတ်နဲ့”

သူ့ရှေ့မှ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသည် ရွှေအင်မော်တယ် သတ္တမအဆင့် ဖြစ်သော်လည်း ရှင်းချီ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့် ယောင်ရွဲ့နှင့် နှိုင်းယှဥ်လျှင် အဆင့်တစ်ဆင့် နိမ့်နေသေးသည်။

သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အစွမ်းကုန် အသုံးပြုလိုက်မည် ဆိုလျှင် ထိုမီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

“ကောင်လေး.. ငါက ဖုန်းကန်းအင်မော်တယ်မြို့က ဖုန်းမိသားစုဝင်ပဲ.. မင်းတကယ်ပဲ ငါတို့ ဖုန်းမိသားစုနဲ့ ရန်သူ ဖြစ်ချင်တာလား”

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို ဒေါသတကြီးကြည့်ကာ ပြောလိုက်သည်။

ဖုန်းကန်းအင်မော်တယ်မြို့တော်မှ သူတို့ ဖုန်းမိသားစုသည် တလော့အဆင့် အင်အားစု မဟုတ်သေးသော်လည်း တလော့ အင်အားစုနှင့် သိပ်မကွာပေ။

ဆိုရလျှင် ဖုန်းမိသားစု ဘိုးဘေးသည် တလော့စွမ်းအားကို အတိုင်းအတာ တစ်ခု အထိ ပိုင်ဆိုင်ထားသည့် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် တစ်ပါး ဖြစ်သည်။

ထို့ကြောင့်လည်း ဖုန်းကန်းအင်မော်တယ် မြို့တော်မှ ဖုန်းမိသားစု၏ ခွန်အားသည် ရွှေအင်မော်တယ်အဆင့် အင်အားစုများထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။

“ဘာဖုန်းမိသားစုလဲ.. ငါ တစ်ခါမှ မကြားဖူးဘူး”

ကျန်းချန်က လုံးဝ ဂရုမစိုက်သည့် အမူအရာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

ယခုအခါ သူ၏ လက်ထဲတွင် အင်မော်တယ်ဘုရင် ရုပ်အလောင်း ရှိနေသောကြောင့် သာမန် တလော့အဆင့် အင်အားစုများကိုပင် ဂရုစိုက်နေမည် မဟုတ်ပေ။

ဝိရောဓိနယ်မြေတစ်ခုလုံးတွင် ကျန်းချန်ကို အနည်းငယ် စိုးရိမ်စေနိုင်သည်မှာ ထိုက်ယီအဆင့် အင်အားစုများသာ ဖြစ်သည်။

“ကောင်လေး.. မင်းကိုယ်မင်း အစွမ်းထက်တယ် ဆိုပြီး မောက်မာမနေနဲ့.. မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ ဒီနေရာကို အတင်းကျော်ဖြတ်ဖို့ ကြိုးစားမယ် ဆိုရင် မင်းအဖိုးအခ ကြီးကြီး ပေးဆပ်ရလိမ့်မယ်”

ကျန်းချန်က ဖုန်းမိသားစုကို လုံးဝ ဂရုမစိုက်သည်အား မြင်လျှင် အဘိုးအို၏ မျက်နှာက ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။

“ခင်ဗျားက စကားအရမ်းများတာပဲ”

စကားဆုံးသည်နှင့် ကျန်းချန်သည် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ဒုတိယ စည်းတံဆိပ် ဖြစ်သည့် တောင်တန်းနှင့်မြစ်ချောင်းများ ပြိုလဲပျက်စီးခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုကို တိုက်ခိုက်လိုက်သည်။

“လေပြင်းသတ်ဖြတ်ခြင်းဓားသိုင်း”

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်မှောင်ကြုတ်သွားခဲ့ပြီး ပါးစပ်ကနေ ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်ကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်ထဲတွင် တိမ်တိုက်များနှင့် လေပြင်းများ စုရုံးလာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးက ပြိုလဲ အက်ကွဲသွားသလို ဖြစ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် မိုင်တစ်ရာ ပတ်လည်တွင် ရှိသည့် အင်မော်တယ်စွမ်းအားများသည် ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ်မုန်တိုင်းကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ တောင်တန်းနှင့်မြစ်များ ပြိုလဲပျက်စီးခြင်း စည်းတံဆိပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံက ပြိုကျပြီး နေနှင့်လတို့ပင် ကြွေကျသွားသည့်နှယ် ဖြစ်နေခဲ့သည်။

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခြေလှမ်းများစွာ နောက်သို့ ဆုတ်လိုက်ရသည်။

သူ ခြေတစ်လှမ်း နောက်ဆုတ်လိုက်တိုင်းတွင် ဟင်းလင်းပြင်၌ ဧရာမ တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

အဆုံးသတ်တွင် မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

ထို့အပြင် သူအစွမ်းကုန် ထုတ်ဖော်လိုက်သည့် ဓားချက်သည်လည်း တောင်တန်းနှင့် မြစ်ချောင်းများ ပြိုလဲပျက်စီးခြင်း စည်းတံဆိပ်၏ အောက်တွင် ချက်ချင်းဆိုသလို ချေဖျက်ခြင်းခံလိုက်ရသည်။

“မင်းငါ့ကို ဒီလောက်အထိ အတင်းအကျပ် တားမြစ်နေတာက မင်းတို့ ဖုန်းမိသားစုရဲ့ သခင်လေးကို ငါ သွားနှောင့်ယှက်မှာ စိုးလို့ မဟုတ်လား.. ရှေ့က ချိုင့်ဝှမ်းထဲမှာ သိပ်မကြာခင် ရတနာတစ်ပါး ပေါ်ထွက်လာတော့မယ်ဆိုတာ ငါမသိဘူးလို့များထင်နေလား.. ချိုင့်ဝှမ်းထဲမှာ ဘယ်လို ရတနာပေါ်ထွက်လာမလဲဆိုတာ ငါသွားကြည့်လိုက်ဦးမယ်”

ပြောပြောဆိုဆိုဖြင့် ကျန်းချန်က ချိုင့်ဝှမ်းဘက်သို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။

“ဘယ်လိုတောင် အတင့်ရဲရတာလဲ”

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုက ဒေါသထွက်သွားခဲ့ပြီး ခန္ဓာကိုယ်မှ ဒဏ်ရာများကို အလျင်အမြန် ဖိနှိပ်လိုက်ကာ ကျန်းချန်၏ ရှေ့တွင် နောက်တစ်ကြိမ် ထပ်မံ ပိတ်ရပ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ အကြည့်က ပို၍ပင် အေးစက်လာခဲ့သည်။

“မသေချင်ဘူးဆိုရင် ငါ့ရှေ့ကနေ အခုချက်ချင်း ဖယ်လိုက်စမ်း.. ငါမင်းကို မသတ်ရဲဘူးလို့များ ထင်နေလား”

“ငါအဘိုးကြီးက သခင်လေးရဲ့အမိန့်နဲ့ ဒီနေရာကို စောင့်ကြပ်နေတာပဲ.. မင်း ဒီနေရာကနေ ဖြတ်သွားချင်တယ်ဆိုရင် ငါ့ရဲ့အလောင်းကို နင်းဖြတ်သွားမှ ရမယ်”

ကျန်းချန်ထံမှ ထွက်ပေါ်လာသည့် လူသတ်ငွေ့ကို ခံစားနေရသော်လည်း မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။

“ကောင်းပြီလေ မင်းကိုယ်တိုင်က သေခြင်းတရားကို ရှာဖွေနေတယ်ဆိုမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာ‌ပေါ့”

စကားဆုံးသည်နှင့် ကြီးကျယ်ခမ်းနားသော ရွှေအင်မော်တယ်အဆင့် စွမ်းအားများသည် သူ၏ လက်ဖဝါးထဲတွင် စုစည်းလာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အင်မော်တယ်စည်းတံဆိပ် တစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။

“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. ကောင်းကင်နှင့်မြေကြီး ငြိမ်သက်တိတ်ဆိတ်ခြင်း”

ကျန်းချန်က မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုနှင့် အချိန်မဖြုန်းချင်သောကြောင့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ နောက်ဆုံး စည်းတံဆိပ်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။

တောက်ပသော‌ ရွှေရောင်အလင်းများ ထုတ်လွှတ်နေသည့် အင်မော်တယ် စည်းတံဆိပ်သည် သတ်ဖြတ်ခြင်း အရှိန်အဝါများနှင့်အတူ ဟင်းလင်းပြင်ထဲတွင် တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုဆီသို့ အရှိန်အဟုန်ဖြင့် သက်ရောက်သွားခဲ့သည်။

“ဝုန်း..”

ကောင်းကင်နှင့်မြေကြီး အက်ကွဲသွားသည့်အသံ ထွက်ပေါ်လာခဲ့ပြီး မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုနှင့် ၎င်းရှိနေသည့် ပတ်ဝန်းကျင် မိုင်တစ်ရာ အတွင်းရှိ ဟင်းလင်းပြင်များသည် ကျန်းချန်၏ စည်းတံဆိပ် လက်ချက်ဖြင့် ဘာမှ မကျန်ရှိသည်အထိ ချေမှုန်းခြင်းခံလိုက်ရသည်။

ပတ်ဝန်းကျင်မြင်ကွင်း ရှင်းလင်းသွားသော အခါတွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ ပုံရိပ်သည် လေထဲတွင် ရှိမနေတော့ဘဲ လေထဲမှာပင် အငွေ့ပျံသွားသလိုမျိုး ပျောက်ကွယ်သွားခဲ့၏။

ဒဏ်ရာ အပြင်းအထန် ရရှိထားသည့် မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် မည်သို့မျှ ပြန်လည် မခုခံနိုင်ခဲ့ဘဲ ခန္ဓာကိုယ် တစ်ခုလုံး တိုက်ရိုက် ဖျက်ဆီးခြင်း ခံလိုက်ရသည်မှာ ထင်ရှားနေခဲ့သည်။

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုကို အလွယ်တကူ သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံဖြင့်ပင် ချိုင့်ဝှမ်း၏ အထက်ကောင်းကင်ယံကို ရောက်ရှိသွားခဲ့သည်။

သူက နတ်အသိစိတ်အာရုံကို ချိုင့်ဝှမ်းအောက်ခြေ အထိ ဖြန့်ကျက်လိုက်သောအခါ ချိုင့်ဝှမ်းထံမှ အခြေအနေကို အကုန်အစင် မြင်လိုက်ရသည်။

ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံး နေရာတွင် တိမ်တိုက်ပုံစံ ရုပ်ပုံ ပါဝင်သည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် ရေကန်၏ နံဘေးတွင် တင်ပျဥ်ခွေ၍ ထိုင်နေသည်ကို သူတွေ့လိုက်ရသည်။

ထိုရေကန်ထဲကနေ ပြင်းထန်သော စွမ်းအင်များ လျှံထွက်နေခဲ့သည်။

ရေကန်ထဲတွင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေခဲ့ပြီး ထိုစွမ်းအားသည် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် တိုးပွားနေသည်ဟု သူ ခပ်ရေးရေး ခံစားမိခဲ့သည်။

“ဘယ်သူလဲ”

ကျန်းချန်က ရေကန်၏ အခြေအနေကို နတ်အသိစိတ်အာရုံဖြင့် စစ်ဆေးနေစဥ်မှာပင် ထိုလူငယ်သည် ကျန်းချန် ရှိနေသည်ကို ချက်ချင်းဆိုသလို အာရုံခံမိသွားခဲ့ပြီး ခေါင်းကို ရုတ်တရက် မော့လိုက်ကာ ကျန်းချန် ရှိရာ ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို မြင်လျှင် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။

ဤနေရာမှ အင်မော်တယ်ဆေးဝါးကို ရရှိရန် အတွက် သူက ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ခေါ်လာခဲ့ပြီး ချိုင့်ဝှမ်း၏ မတူညီသော လမ်းကြောင်း နှစ်ခုတွင် စောင့်ကြပ်ခိုင်းထားခဲ့သည်။

ယခုလေးတင် သူ၏ အနောက်ဘက်အရပ်ရှိ လမ်းကြောင်းဆီကနေ တိုက်ပွဲ ဖြစ်ပွားနေသည်ကို ခံစားမိသော်လည်း သူ သိပ်ဂရုမစိုက်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ ဝိရောဓိ နယ်မြေတွင် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူများ အလွန်တရာ ရှားပါးသည်။

သာမန် ကျင့်ကြံသူများ အနေဖြင့် ထိုကျင့်ကြံသူများကို ကျော်ဖြတ်ပြီး ဤနေရာအထိ ရောက်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း ယခုအခါတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် ချိုင့်ဝှမ်း၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ချေပြီ။

ကြည့်ရသည်မှာ အစောပိုင်းက တိုက်ပွဲတွင် အနောက်ဘက် အရပ်ရှိ လမ်းကြောင်း၌ သူစောင့်ကြပ်ခိုင်းထားသည့် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူသည် ကံဆိုးသွားလောက်ပြီ ဖြစ်သည်။

အခန်း(၂၈၅၈)ပြီး၏။

All Chapters