← Chapters

အခန်း ၂၈၅၉

Vol. 226 Ch. 2859

အခန်း ၂၈၅၉

Vol. 226 Ch. 2859

အခန်း(၂၈၅၉)

“ဒီရေကန်ထဲမှာ ရှိနေတဲ့အရာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ”

ကျန်းချန်က လူငယ်၏ ဒေါသတကြီး အော်ငေါက်သံကို လျစ်လျူရှုလိုက်ကာ လူငယ်ကို အေးစက်စက်ကြည့်၍ ပြောလိုက်သည်။

“ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်ကို မင်းဘာလို့ အစောင့်ချထားလဲ ဆိုတာ မထူးဆန်းတော့ဘူး.. ဒီရေကန်ထဲမှာ ရှိနေတဲ့အရာကို ငါလည်း စိတ်ဝင်စားသွားပြီ”

ဤရေကန်ထဲတွင် မည်သည့်အရာ ရှိနေမှန်း သူအတိအကျ မသိသော်လည်း သူ၏ အာရုံခံစားမှုကမူ ရေကန်ထဲ ရှိနေသည့်အရာက လုံးဝ မရိုးရှင်းမှန်း ပြောပြနေခဲ့သည်။

“မင်း ငါ့လူကို သတ်လိုက်တာလား”

ကျန်းချန်၏ စကားကိုကြားလျှင် လူငယ်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ ဤတစ်ခေါက် ခေါ်လာသူများသည် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူနှစ်ယောက် ဖြစ်သည်။

ထိုနှစ်ယောက်၏ ဖုန်းမိသားစုအပေါ် သစ္စာရှိမှုဖြင့် ဆိုလျှင် မည်သူ့ကိုမှ သူ့ဆီ အလွယ်တကူ လာရောက် နှောင့်ယှက်ခွင့် ပေးမည် မဟုတ်ပေ။

ယခု အနက်ရောင်ဝတ်စုံဝတ် လူငယ်က သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သော်လည်း ချိုင့်ဝှမ်း၏ ဘယ်ဘက်ခြမ်း လမ်းကြောင်းတွင် စောင့်ကြပ်နေသည့် ရွှေအင်မော်တယ်သတ္တမအဆင့် ကျင့်ကြံသူထံကနေ မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။

ထို့ကြောင့် တစ်စုံတစ်ရာ ဖြစ်သွားခဲ့သည်မှာ ဆယ်ပုံကိုးပုံခန့် သေချာနေခဲ့သည်။

ယင်းမှာ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်လောက်သည့် တုန်လှုပ်ဖွယ်စွမ်းရည် ရှိနေသည်ဟု ဆိုလိုနေခဲ့သည် မဟုတ်ပါလား။

ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရပ်နေရင်း ပေါ့ပါးစွာ ‌ပြောလိုက်သည်။

“ဟုတ်တယ် ငါသတ်လိုက်ပြီ”

“ကောင်းတယ် သိပ်ကောင်းတယ်”

လူငယ်က ဒေါသတကြီး ရေရွတ်လိုက်သည်။

“ငါ့ရဲ့နယ်မြေထဲမှာ ငါ့လူကို သတ်ရဲတယ် ဆိုတော့ မင်းက ငါ့တို့ ဖုန်းကန်းအင်မော်တယ် မြို့တော်က ဖုန်းမိသားစုကို မျက်စိထဲ မထည့်တာပဲ”

“တော်စမ်း.. မင်းတို့ အဲဒီ ဖုန်းမိသားစု နာမည်ကြီးနဲ့ ငါ့ကို လာပြီး ဖိအားပေးဖို့ မကြိုးစားနဲ့”

ကျန်းချန်က တည်ငြိမ်စွာ‌ ပြောလိုက်သည်။

“ဝိရောဓိနယ်မြေထဲမှာ တလော့အဆင့် အင်အားစုတွေ အများအပြားရှိပေမဲ့ ငါသိရသလောက်တော့ မင်းတို့ ဖုန်းမိသားစုက တလော့အဆင့် အင်အားစုလည်း ဟုတ်မနေဘူး.. ဘာတွေ မာန်တက်နေတာလဲ”

သူက တလော့အဆင့် အင်အားစုများကိုပင် မကြောက်ရွံ့သူ ဖြစ်ရာ ဖုန်းမိသားစုလောက်ကို မည်ကဲ့သို့ စိတ်ထဲ ထည့်နေရပါမည်နည်း။

“မင်းတော်တော်မောက်မာတာပဲ.. ငါ့ရှေ့မှာ မင်းဘယ်လောက်အထိ မောက်မာနိုင်မလဲ ဆိုတာ ငါ ဖုန်းချွမ် ကြည့်ချင်သေးတယ်”

ဖုန်းမိသားစု၏ သခင်လေးတစ်ယောက် အနေဖြင့် ဖုန်းချွမ်သည် မိသားစုထဲတွင် အခွင့်ထူးခံတစ်ဦး ဖြစ်ရုံသာမက ပါရမီအရာတွင်လည်း ရွယ်တူများထဲတွင် ပြိုဘက်ကင်းသလောက် ဖြစ်သည်။

သူက သူ၏ ခွန်အားနှင့်ပါရမီ အပေါ်တွင် အလွန်အမင်းယုံကြည်မှုရှိပြီး တလော့အင်အားစုများမှ ပါရမီရှင်များနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်ဟု သူ့ကိုယ်သူ ယုံကြည်ထားခဲ့သည်။

ထို့အပြင် ဖုန်းချွမ်ထံတွင် ဂုဏ်ယူစရာ အခြေခံအကြောင်းအရင်း တစ်ခုလည်း ရှိနေခဲ့သည်။

ယင်းမှာ သူ၏ကျင့်ကြံမှုသက်တမ်း သုံးထောင်ကျော် အတွင်း ရွှေအင်မော်တယ် တတိယအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းက တလော့အဆင့် အင်အားစု တချို့မှ ပါရမီရှင်များထက်ပင် သာလွန်နေခဲ့သည်။

သူက ဖုန်းမိသားစု၏ နှစ်ပေါင်း ထောင်ချီအတွင်း ထူးချွန်သောပါရမီရှင် ဖြစ်ပြီး အနာဂတ်တွင် တလော့အင်မော်တယ် အဆင့်ကို တက်လှမ်းရန် အလားအလာ အရှိဆုံးသူ အဖြစ်လည်း သတ်မှတ်ခံထားရသည်။

“ဝုန်း..”

ဖုန်းချွမ်၏ ခန္ဓာကိုယ်ကနေ ‌ရွှေအင်မော်တယ် တတိယအဆင့်စွမ်းအားက အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

သူက လက်ဝါး ရိုက်ချက် တစ်ချက် ထုတ်ဖော်လိုက်ရာ ကောင်းကင်နှင့်မြေကြီးကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် လေပြင်းတစ်ခုသည် ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။

ကျန်းချန်က လက်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်ရုံဖြင့်ပင် သူ့ထံသို့ အရှိန်ပြင်းစွာ လာနေသည့် လေပြင်းကို ဟင်းလင်းပြင်ထဲမှာပင် ချေမှုန်းပစ်လိုက်သည်။

သူက ဖုန်းချွမ်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“မင်းတို့ ဖုန်းမိသားစုရဲ့ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူက င့ါလက်ထဲမှာ ကျဆုံးသွားခဲ့တာတောင် မင်းက င့ါကို တိုက်ခိုက်ရဲတယ် ဆိုတော့ မင်းက တကယ်ကို အခြေအနေ နားမလည်တဲ့ကောင်ပဲ”

ဖုန်းချွမ်က ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ရွှေအင်မော်တယ် တတိယအဆင့်ကို သိပ်မကြာခင်ကမှ ထိုးဖောက်ထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖုန်းချွမ်၏ ပါရမီဖြင့်ဆိုလျှင် အလွန်ဆုံး ‌ရွှေအင်မော်တယ် ပဉ္စမအဆင့် တိုက်ခိုက်ရေးစွမ်းရည်လောက်သာ ရှိမည် ဖြစ်၍ ကျန်းချန်နှင့် ယှဥ်လျှင် ဖုန်းချွမ်သည် များစွာ အားနည်းနေခဲ့သည်။

ဖုန်းချွမ် ကဲ့သို့ ပါရမီရှင်မျိုးကို ကျန်းချန် အနေဖြင့် အလွယ်တကူပင် အနိုင်ယူနိုင်စွမ်း ရှိ၏။

“မင်း.. မင်း ဘယ်သူလဲ”

သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်နေသော ဖုံးချွမ်၏ အကြည့်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

ဖုန်းမိသားစု၏ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခဲ့သည်မှာ အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ နောက်ကွယ်တွင် ရှိနေသည့် ပုဂ္ဂိုလ်တစ်ယောက်ယောက် ဖြစ်လိမ့်မည်ဟု သူအစက ထင်ထားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုင်တိုင်က ဤမျှလောက်အထိ ခွန်အား ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော်လည်း တိုက်ခိုက်မှုအပြီးတွင် သူ့ရှေ့မှ လူငယ်သည် ပါရမီရော ကျင့်ကြံမှုပါ သူ့ထက်များစွာ သာလွန်နေမှန်း ဖုန်းချွမ် သိရှိလိုက်ရသည်။

ဤလူသည် အမှန်တကယ်ပင် ရွှေအင်မော်တယ် သတ္တမအဆင့်ကို သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ခွန်အား ရှိနေခဲ့၏။

သို့ရာတွင် ထိုလူငယ်၏ အသက်က သူ့ထက်ပင် များစွာ ငယ်ရွယ်နေပုံရပြီး ဤမျှ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ‌‌ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားခဲ့သည်။

ဤကဲ့သို့ ပါရမီနှင့်ခွန်အားမျိုးသည် ဝိရောဓိနယ်မြေ တစ်ခုလုံးတွင်ပင် ပြိုင်ဘက်ကင်းသော တည်ရှိမှုမျိုး ဖြစ်သည်။

ဝိရောဓိနယ်မြေတွင် မည်သည့်အချိန်က ဤကဲ့သို့ ကြောက်မက်ဖွယ် ပါရမီရှင် တစ်ဦး ထွက်ပေါ်လာပါသနည်း။

ကျန်းချန်က ဖုန်းချွမ်ကို စကားပြောရန် ပြင်လိုက်ဆင်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး သူ၏ အကြည့်က ဖုန်းချွမ်၏ နံဘေးရှိ ရေကန် ဆီသို့ ရောက်ရှိသွားခဲ့သည်။

ထိုအချိန်မှာပင် ရေကန် တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်ကို သူ မြင်လိုက်ရ၏။

ချက်ချင်းဆိုသလိုပင် အလွန်တရာ တောက်ပသော အင်မော်တယ် အလင်းများသည် ရေကန်ထဲကနေ ကောင်းကင်ယံ ဆီသို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားခဲ့သည်။

ယင်းနောက်တွင်မူ ဖန်သားကဲ့သို့ ကြည်လင်တောက်ပသော ဆန်းကြယ်သည့် အပင်ငယ်လေး တစ်ပင်သည် မြေပြင်ပေါ်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။

အပင်၏ ကြီးထွားနှုန်းသည် ကျန်းချန် စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။

တစ်ခဏအတွင်းမှာပင် ထိုဆန်းကြယ်သော အပင်ငယ်လေးသည် ပေတစ်ရာခန့် မြင့်မားသည့် သစ်ပင်ကြီးတစ်ပင် ဖြစ်သွားခဲ့သည်။

သို့သော်လည်း အပင်၏ ကြီးထွားမှုက ရပ်တန့်သွားမည့် လက္ခဏာ မရှိသေးပေ။

အပင်၏ ကြည်လင်သော အကိုင်းအခက်များက အဆုံးမဲ့ဟင်းလင်းပြင် ဆီသို့ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ပြန့်ကားသွားခဲ့သည်။

တစ်ခဏ အကြာတွင်မူ ဆန်းကြယ်သော အပင်ငယ်လေးသည် ပေပေါင်း ထောင်ချီ မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် အဖြစ်သို့ ကြီးထွားသွားခဲ့သည်။

သစ်ပင်ကြီးက ကြည်လင်တောက်ပနေခဲ့ပြီး သစ်ပင်၏ အရိပ်သည် အလွန်တရာ ကြီးမားကာ ပေပေါင်းထောင်ချီ ဟင်းလင်းပြင်ကို ဖုံးလွှမ်းနေခဲ့သည်။

ကျန်းချန်ကို အံ့အားအသင့်ဆုံး ဖြစ်စေသည်မှာ ထိုသစ်ပင်ကြီး၏ ထိပ်ဖျားတွင် လက်သီးဆုပ် အရွယ်အစားခန့် ရှိသည့် သစ်သီးတစ်လုံး ရှိနေပြီး ထိုသစ်သီးကနေ အင်မော်တယ်စွမ်းအားများ ထုတ်လွှတ်နေခြင်းပင်။

အလွန်သိပ်သည်းသည့် အင်မော်တယ် စွမ်းအားများသည် ထိုသစ်သီး ဆီကနေ ပျံ့လွင့်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို ရိုက်ခတ်ကာ ပတ်ဝန်းကျင် တစ်ခုလုံးကိုလည်း ထူးဆန်းသည့် အံ့ဖွယ်မြင်ကွင်း မျိုးစုံ အဖြစ် မကြာခဏ ပြောင်းလဲနေစေခဲ့သည်။

“ဒါက ဘာသစ်သီးများလဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဤသစ်ပင်ကြီးက မည်သည့် သစ်ပင်မှန်း သူအတိအကျ မသိသော်လည်း သစ်ပင်ကြီးပေါ်မှ သစ်သီး၏ ထူးခြားမှုကိုမူ သူခံစားမိနေခဲ့သည်။

၎င်းက အနည်းဆုံး တလော့အဆင့်ရှိ ဆေးဖက်ဝင်သစ်သီးတစ်မျိုး ဖြစ်နိုင်ပြီး တလော့အဆင့်ထက်ပင် သာလွန်သည့် တည်ရှိမှုမျိုးလည်း ဖြစ်နေနိုင်ခြေ များ၏။

ကျန်းချန်၏ မျက်ဝန်းများက တောက်ပလာခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ ဤကဲ့သို့ ရတနာမျိုးနှင့် ဆုံတွေ့နေရပြီဖြစ်ရာ သူ၏ အိတ်ကပ်ထဲသို့ အရင်ဦးဆုံး ထည့်သိမ်းထားရလိမ့်မည် မဟုတ်ပါလော။

“ဒဏ္ဍာရီလာ ဥာဏ်အလင်းပွင့်သစ်သီး ဆိုတာ ဒါလား”

သစ်ပင်ကြီး ပေါ်တွင် ရှိသည့် တစ်လုံးတည်းသော သစ်သီးကို ကြည့်ရင်း ဖုန်းချွမ်၏ မျက်ဝန်းထဲတွင် ပြင်းပြသော လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ်လောကသည် လောကအားလုံး၏ မြစ်ဖျားခံရာဖြစ်သောကြောင့် ဒဏ္ဍာရီလာ ရတနာအများအပြား မွေးဖွားပေးခဲ့ပြီး သူ့ရှေ့မှ ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး တစ်လုံး သီးရန်အတွက် နှစ်ပေါင်းသိန်းချီ သို့မဟုတ် သန်းချီခန့် ကြာမြင့်တက်၏။

ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး ထဲတွင် အလွန်ထူးဆန်းသည့် စွမ်းအားတစ်မျိုး ရှိပြီး ကျင့်ကြံခြင်းအဆင့်ကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ရုံတင်မက စိတ်အာရုံထွေပြားမှုများကို သန့်စင်ကာ စိတ်တည်ငြိမ်စေပြီး ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကို အင်မော်တယ် ဥပဒေသများ နားလည်သဘောပေါက်စေရန် ကူညီပေးနိုင်စွမ်း ရှိသည်။

ဆိုရလျှင် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည် မည်သည့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူအတွက် မဆို စိတ်ကူးအိပ်မက်ထဲမှ အမြင့်မြတ်ဆုံး ရတနာတစ်ပါးပင်။

အကယ်၍ သူသာ ဤဥာဏ်အလင်းပွင့်သစ်သီးကို ဝါးမျိုနိုင်မည် ဆိုလျှင် ဖုန်းချွမ်သည် အင်မော်တယ်ဥပဒေသကို နားလည် သဘောပေါက်သွားနိုင်မည် ဖြစ်ပြီး ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းအားကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိရန် ဆိုသည်မှာ အလွန်တရာ လွယ်ကူသောကိစ္စ တစ်ခု ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။

အခန်း(၂၈၅၉)ပြီး၏။

All Chapters