အခန်း ၂၈၆၀
Vol. 226 Ch. 2860
အခန်း(၂၈၆၀)
“ဒီဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးက င့ါအပိုင်ပဲ ဖြစ်ရမယ်”
ဖုန်းချွမ်၏ မျက်ဝန်းများက မီးတောက်မတတ် ပြင်းပြနေခဲ့ပြီး သူ၏ အရှိန်အဝါများကလည်း အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက်တွင် သူက လေပြင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံကို ပျံသန်းကာ ဥာဏ်အလင်းပွင့်အင်မော်တယ်သစ်သီး ဆီသို့ ဦးတည်လိုက်သည်။
သို့သော်လည်း ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး အနားသို့ ဖုန်းချွမ် ရောက်ခါနီးအချိန်မှာပင် လူရိပ်တစ်ခုသည် သူ၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် ကြီမားသော လက်ဖဝါးရိပ် တစ်ခုသည် ထိုက်စန်းတောင် ပြိုကျလာသကဲ့သို့ သူ့ထံသို့ ကျဆင်းလာခဲ့သည်။
ဖုန်းချွမ်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ခုခံရန် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို အလောတကြီး ထုတ်သုံးလိုက်သည်။
သို့သော်လည်း ဤလက်ဝါးကြီး၏ အောက်တွင် ဖုန်းချွမ်၏ ခုခံမှုအားလုံးသည် အချည်းနှီးသား ဖြစ်သွားခဲ့ရသည်။
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် ကြီးမားသော လက်ဝါးရိပ်သည် ဖုန်းချွမ်၏ အကာအကွယ်စွမ်းအားများကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်ပြီး ဖုန်းချွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဝုန်း..”
ဖုန်းချွမ်၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လေထဲကနေ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့ကာ မြေပြင်ထက်တွင် ပေပေါင်းရာချီ နက်ရှိုင်းသည့် တွင်းကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
ခဏအကြာတွင် ဖုန်းချွမ်သည် ထိုတွင်းနက်ကြီးထဲကနေ ပြန်လည် ထွက်ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်တွင် ငွေရောင်တောက်ပသော ချပ်ဝတ်တန်ဆာ တစ်ခု ဝတ်ဆင်ထားသည်ကို တွေ့ရ၏။
ထိုချပ်ဝတ်တန်ဆာသည် ဖုန်းမိသားစု၏ တလော့အဆင့်အကာအကွယ် ချပ်ဝတ်တန်ဆာ ဖြစ်သည်။
အကယ်၍ သူသာ ဤအကာအကွယ် အင်မော်တယ်ရတနာကို သေရေးရှင်ရေး အချိန်တွင် ထုတ်မသုံးခဲ့လျှင် ကျန်းချန်၏ အစောပိုင်းက လက်ဝါးရိုက်ချက်အောက်တွင် သူ့အနေဖြင့် မသေလျှင်ပင် ဒဏ်ရာ အပြင်းအထန် ရရှိသွားမည်မှာ သေချာသလောက်ပင်။
“ငါ့ရဲ့သခင်လေးကို ဘယ်သူဒဏ်ရာရအောင် လုပ်ရဲတာလဲ”
ယင်းအချိန်မှာပင် ဒေါသတကြီး ကြုံးဝါးသံ တစ်သံက အဝေးရှိ ကောင်းကင်ယံကနေ ပေါ်လာခဲ့သည်။
ကျန်းချန် မော့ကြည့်လိုက်သောအခါ ရွှေအင်မော်တယ် သတ္တမအဆင့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် သူရှိရာ ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
“ဦးလေးဖုန်းချန်း.. ဒီကောင့်ကို မြန်မြန်သတ်ပစ်ပြီး ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို ယူပေးပါ”
ဖုန်းချွမ်က သူ့ထံသို့ ပျံသန်းလာသည့် လူရိပ်ကို ကြည့်ကာ အော်ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် လေဆင်နှာမောင်း တစ်ခုကို ဖန်တီးကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်၏ မျက်နှာ အမူအရာက တည်ငြိမ်နေခဲ့ပြီး သူ၏ လက်ထဲတွင် ဓားကျိုးတစ်လက် ရုတ်တရက် ပေါ်လာခဲ့သည်။
ယင်းနောက်တွင်မူ ကျန်းချန်သည် ဓားကျိုးကို အသာအယာ ဝှေ့ယမ်းလိုက်၏။
ဟင်းလင်းပြင်ကို ဆွဲဖြဲပစ်နိုင်စွမ်းရှိသည့် လေဆင်နှာမောင်းသည် ကျန်းချန်၏ ခန္ဓာကိုယ်နှင့် ပေတစ်ရာ အကွာအဝေးသို့ မချဥ်းကပ်နိုင်သေးခင်မှာပင် မမြင်နိုင်သော ဓားအလင်းတန်းများကြောင့် လုံးဝ ချေမှုန်းခံလိုက်ရသည်။
သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသား ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရွှေအင်မော်တယ် တတိယအဆင့်သာ ရှိသော လူငယ်သည် သူ၏ တိုက်ကွက်ကို ဤမျှ အလွယ်တကူ ကာကွယ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက ကျန်းချန်ကို အသေအချာ စိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
“မင်း ဘယ်သူလဲ”
“ငါဘယ်သူလဲဆိုတာ မင်းသိဖို့ မလိုဘူး”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။
“မင်းတို့ ဖုန်းမိသားစုရဲ့သခင်လေးကို ခေါ်ပြီး အခုချက်ချင်း ငါ့ရှေ့ကနေ ထွက်သွားလိုက်ပါ.. မဟုတ်ရင်တော့ ဖုန်းမိသားစုရဲ့ နောက်ထပ် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်ကို ထပ်သတ်ဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး”
ထိုစကားကိုကြားလျှင် လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
အစောပိုင်းတွင် သူက ဖုန်းမိသားစု၏ အခြား ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူက တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို ခံစားမိခဲ့သည်။
သို့ဆိုလျှင် ထိုရွှေအင်မော်တယ် သတ္တမအဆင့်ကျင့်ကြံသူနှင့် တိုက်ခိုက်ပြီး ၎င်းကို သတ်ဖြတ်ခဲ့သည်မှာ အနက်ရောင်ဝတ်စုံဝတ် လူငယ်ပင် ဖြစ်ဖို့ များ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“မင်းက ငါတို့ ဖုန်းမိသားစုဝင်ကို သတ်ခဲ့တဲ့အပြင် ငါတို့ သခင်လေးရဲ့ အခွင့်အရေးကိုပါ လုယူချင်နေတာလား.. ကြည့်ရတာ မင်းက ငါတို့ ဖုန်းမိသားစုကို ရန်သူအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ထားပုံပဲ”
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖုန်းမိသားစုသည် ကံကောင်းထောက်မစွာဖြင့် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး၏ မျိုးစေ့တစ်စေ့ကို ရရှိခဲ့သည်။
ဖုန်းမိသားစုသည် ထိုဥာဏ်အလင်းပွင့် သစ်သီး၏ မျိုးစေ့ကို ဤချိုင့်ဝှမ်းထဲမှ ရေကန်၏ အောက်ခြေတွင် စိုက်ပျိုးခဲ့ပြီး မည်သူမှ အနှောင့်အယှက် မပြုစေရန် အတွက် အကာအကွယ်အတားအဆီး တစ်ခုကိုလည်း တည်ဆောက်ခဲ့သည်။
ဖုန်းမိသားစုသည် လူအများစု သတိမထားမိစေရန် အတွက် ဤချိုင့်ဝှမ်းကို စောင့်ကြပ်ရန် အင်အား အလုံးအရင်း အသုံးမပြုခဲ့ပေ။
သို့သော် အချိန်အတိုင်းအတာ တစ်ခု ရောက်တိုင်းတွင် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး၏ အခြေအနေကို စစ်ဆေးရန်နှင့် လိုအပ်သော အဟာရဓာတ်များကို ဖြည့်ဆည်းပေးရန်အတွက် လူလွှတ်လေ့ ရှိသည်။
ဤသို့ဖြင့် နှစ်ပေါင်းများစွာ ပျိုးထောင်လာပြီးနောက်တွင် ဥာဏ်အလင်းပွင့် သစ်သီးသည် အဆုံးသတ်၌ ရင့်မှည့်လာခဲ့၏။
စင်စစ် ဥာဏ်အလင်းပွင့်အင်မော်တယ် သစ်သီးကို ဖုန်းမိသားစုက သခင်လေး ဖုန်းချွမ် အတွက် ရည်ရွယ်ကာ ပျိုးထောင်ပေးထားခြင်း ဖြစ်သည်။
ဖုန်းချွမ် အနေဖြင့် ဥာဏ်အလင်းပွင့် အင်မော်တယ် သစ်သီးကို အသုံးပြုကာ ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းရည်အား နားလည်သဘောပေါက်၍ တလော့အဆင့်ကို အလျင်မြန်ဆုံး တက်လှမ်းနိုင်ရန်အတွက် ဆိုလည်း မမှားပေ။
ဤအကြောင်းကြောင့်ပင် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး ရင့်မှည့်တော့မည်ကို သိလိုက်ရသည့်အခါတွင် ဖုန်းချွမ်သည် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို လာရောက် ခူးဆွတ်ရန်အတွက် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် အတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အသီးရင့်မှည့်လာသောအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က မည်မျှပင် ထူးချွန်သောပါရမီရှင် ဖြစ်နေပါစေ၊ သူတို့ဖုန်းမိသားစုသည် ထိုလူငယ်ကို ဥာဏ်အလင်းပွင့် သစ်သီး လုယူသွားခွင့် မည်သို့မျှ ပေးမည်မဟုတ်ပေ။
“မင်းတို့ကို ရန်သူအဖြစ် ရွေးချယ်လိုက်တော့ရော ငါက ကြောက်နေရမှာလား”
ကျန်းချန်က အချိန်ဖြုန်းမနေတော့ဘဲ လက်ထဲမှ ဓားကျိုးဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားကို တိုက်ခိုက်လိုက်သည်။
“လေပြင်းသတ်ဖြတ်ခြင်း ဓားသိုင်း”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများကို လက်ဖဝါးတွင် ထည့်သွင်းကာ လက်ဖဝါးကို ဓားကဲ့သို့ အသုံးပြု၍ လေပြင်းသတ်ဖြတ်ခြင်း ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
လေပြင်းသတ်ဖြတ်ခြင်း ဓားအလင်းနှင့် ကျန်းချန်၏ ဓားအလင်းတို့က ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး တစ်ခဏမျှ ရင်ဆိုင်ပြီးသည့်နောက်တွင် လေပြင်းသတ်ဖြတ်ခြင်း ဓားအလင်းသည် ချေမှုန်းခံလိုက်ရ၏။
ထိုမျှနှင့် မပြီးသေးဘဲ ကျန်းချန်၏ ဓားအလင်းမှ လက်ကျန် စွမ်းအားများက လူလတ်ပိုင်းအရွယ် အမျိုးသားကို ထိမှန်သွားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး လေထဲတွင် လွင့်ထွက်သွားခဲ့ကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
သူက ဆန့်ကျင်ဘက်မှ ကျန်းချန်ကို တအံ့တဩ ကြည့်လိုက်သည်။
ဤအချိန်တွင် ဖုန်းမိသားစုမှ အခြား ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူက အဘယ်ကြောင့် ထိုကောင်လေး၏ လက်ထဲတွင် ကျဆုံးသွားခဲ့ရမှန်း သူ နားလည်သွားခဲ့သည်။
ဆိုရလျှင် ထိုလူငယ်လေးသည် ရွှေအင်မော်တယ် တတိယအဆင့်သာ ရှိသော်လည်း ရွှေအင်မော်တယ် သတ္တမအဆင့်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ရေးစွမ်းရည် ရှိနေခဲ့သည်။
“သခင်လေး ကျွန်တော်တို့ သွားကြစို့”
လူလတ်ပိုင်းအရွယ် အမျိုးသားက တုံ့ဆိုင်းမနေတော့ဘဲ ဖုန်းချွမ်၏ နံဘေးကို ချက်ချင်းဆိုသလို ရောက်လာခဲ့ပြီး ဖုန်းချွမ်ကို ခေါ်ကာ အဝေးကို ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
ဤလူငယ်၏ တိုက်ခိုက်ရေးစွမ်းအင်က အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး သူကဲ့သို့ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ပင်လျှင် ထိုလူငယ်၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။
အကယ်၍ သူသာ ဤနေရာတွင် ဆက်ရှိနေမည် ဆိုလျှင် ယနေ့တွင် သူနှင့် ဖုန်းချွမ် တို့သည် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို မခူးဆွတ်နိုင်ခင်မှာပင် နေရာမှာတင် အသက်ပျောက်သွားနိုင်ခြေ ရှိနေခဲ့သည်။
လက်ရှိ အခြေအနေအရ ဤနေရာကနေ အရင်ဆုံး ထွက်သွားပြီးမှ ဖုန်းမိသားစု ထံမှ အကူအညီ တောင်းခံခြင်းသည်သာလျှင် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို ပြန်လည်ရရှိဖို့ အခွင့်အရေးရှိမည် ဖြစ်သည်။
“ဦးလေးဖုန်းချန်း.. ကျွန်တော် ဒီဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို မဖြစ်မနေရမှ ဖြစ်မယ်.. ဘယ်သူမှ လုယူသွားလို့မဖြစ်ဘူး”
ဖုန်းချွမ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားခဲ့ပြီး လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော်ဘိုးဘေးကို အကြောင်းကြားထားပြီးပြီ.. ခဏနေရင် ဘိုးဘေး ရောက်လာလိမ့်မယ်.. ကျွန်တော်တို့ အချိန်နည်းနည်းလောက် ဆွဲထားဖို့ပဲ လိုတယ်”
တလော့အဆင့်ကို ထိုးဖောက်ရန်မှာ မည်မျှအထိ ခက်ခဲမှန်း ဖုန်းချွမ် သိထားခဲ့သည်။
သူတို့ ဖုန်းမိသားစု၏ ဘိုးဘေးသည် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသောကြောင့် စစ်မှန်သော တလော့အင်မော်တယ် တစ်ပါး ဖြစ်မလာဘဲ တလော့အဆင့်၏ တံခါးဝမှာတင် နှစ်ပေါင်းထောင်ချီ ကြာအောင် ပိတ်မိနေခဲ့သည်။
ဖုန်းချွမ်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော်လည်း တလော့အဆင့်ကို ကျိန်းသေပေါက် ရောက်လိမ့်မည်ဟု အတတ်မပြောနိုင်ပေ။
သို့သော်လည်း အကယ်၍ သူသာ ဤဥာဏ်အလင်းပွင့်သစ်သီးကို ရရှိမည်ဆိုလျှင် တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်မည့် အခွင့်အရေးက သံသယဖြစ်စရာမလိုလောက်အောင်ပင် တိုးပွားလာလိမ့်မည် ဖြစ်သည်။
သို့ဖြစ်ရာ ဖုန်းချွမ်သည် ကျန်းချန်က သူ၏ ဥာဏ်အလင်းပွင့်သစ်သီးအား လုယူသွားမည်ကို မည်ကဲ့သို့ ကြည့်နေနိုင်ပါမည်နည်း။
ကျန်းချန်က ခွန်အားကြီးမားလွန်းပြီး ရွှေအင်မော်တယ် သတ္တမအဆင့်ပင် ယှဥ်နိုင်စွမ်း မရှိသော်လည်း ဖုန်းမိသားစု၏ သခင်လေး တစ်ယောက် အနေဖြင့် ဖုန်းချွမ်ထံတွင် ဝှက်ဖဲများစွာ ရှိနေခဲ့သည်။
ဤဝှက်ဖဲများဖြင့်သာဆိုလျှင် ဖုန်းချွမ်သည် ကျန်းချန်ကို မနိုင်လျှင်ပင် ဖုန်းမိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ်များ ရောက်လာသည်အထိ အချိန်ဆွဲထားရန်မှာ သိပ်ပြဿနာရှိမည် မဟုတ်ဟု ယုံကြည်ခဲ့သည်။
အခန်း(၂၈၆၀)ပြီး၏။