← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁) ချီလင်အကယ်ဒမီ ဆယ်ခုရဲ့ ပြိုင်ပွဲကြီး၊ ငါ ကျောက်လင်ကို စောင့်နေတာ

ဟေးချီခရိုင်သည် မဟာဗျူဟာမြောက် အချက်အချာကျသော နေရာတစ်ခု ဖြစ်ပေသည်။

ဟေးချီမြို့ကို အရှေ့ဘက်ရှိ ယွီချီတောင်ထွတ်နှင့် အနောက်ဘက်ရှိ ဟူရှောင်းတောင်တို့ ဆုံဆည်းရာ မြေပြန့်တွင် တည်ဆောက်ထားခြင်းဖြစ်၏။ ယွီချီတောင်ထွတ်ဟု ခေါ်ဆိုသော်လည်း တကယ်တမ်းတွင်မူ ၎င်းမှာ ဆက်တိုက်တည်ရှိနေသော တောင်တန်းကြီးတစ်ခု ဖြစ်သည်။ ထူးခြားသည်မှာ ဤတောင်တန်းရှိ တောင်ထွတ်အများစု၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ရေကန်များ ရှိနေခြင်းပင်တည်း။

မကြာသေးမီက ဟေးချီမြို့သည် အလွန်ပင် စည်ကားနေ၏။

မည်သူက သတင်းစကား ပေါက်ကြားသွားသည်ကို မသိရသော်လည်း မဟာလီမင်းဆက်၏ တော်ဝင်မိသားစု တောင်ဘက်သို့ ထွက်ပြေးစဉ်က ရတနာအများစုကို ယွီချီတောင်ထွတ်တွင် ဝှက်ထားခဲ့သည်ဟူသော ကောလာဟလ ထွက်ပေါ်လာခဲ့သည်။ ထိုသတင်းကြောင့် ကွမ်းနန်စီရင်စုရှိ ခရိုင်နှင့် စီရင်စုအသီးသီးမှ ကျင့်ကြံသူများက ရတနာရရှိပြီး တစ်ညချင်းသူဌေးဖြစ်လာရန် အလုအယက် ရောက်ရှိလာကြသည်။

နေ့အချိန်တွင် ထိုကျင့်ကြံသူများက တောင်ထွတ်အသီးသီးသို့ သွားရောက်ရှာဖွေကြပြီး ညအချိန်တွင်မူ ခရိုင်မြို့သို့ ပြန်လာကြရာ အငြင်းပွားမှုများ မပြတ်မလပ် ဖြစ်ပွားနေ၏။

သို့သော် မနေ့ကစ၍ လျန်ရှီးစီရင်စုရှိ ချီလင်အကယ်ဒမီက ယွီချီတောင်ထွတ်သို့ ကျင့်ကြံသူများ ဝင်ရောက်ခြင်းကို ပိတ်ပင်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ယနေ့မှစတင်ကာ လျန်ရှီးစီရင်စု၏ လက်အောက်ခံ ချီလင်အကယ်ဒမီ ဆယ်ခုက ပြိုင်ပွဲကြီးတစ်ခုကို ကျင်းပမည်ဖြစ်သည်။ လာမည့် ဆယ်ရက်အတွင်း အကယ်ဒမီမှ နည်းပြများ၊ ကျောင်းသားများနှင့် ၎င်းတို့ ဖိတ်ကြားထားသော မိတ်ဆွေများသာ ပါဝင်ခွင့် ရှိပေသည်။

ယွဲ့လိုင်တည်းခိုခန်း

ယွီရွှေခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများက ဤနေရာတွင် တည်းခိုနေကြ၏။

ယွမ်ကော်ကော်၊ ထန်ဝေ့၊ ဝမ်တုန်၊ ဖုန်းရှောင်နှင့် ယန်ချန်ဖုန်းတို့သည် ရွှေခန္ဓာနယ်ပယ် နည်းပြငါးဦး ဖြစ်ကြပြီး ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်မှ ထူးချွန်သော ကျောင်းသားငါးဦးနှင့်အတူ ချီလင်အကယ်ဒမီ ဆယ်ခု၏ ပြိုင်ပွဲကြီးတွင် ကိုယ်စားပြု ပါဝင်ကြမည် ဖြစ်သည်။

ယခုအချိန်တွင် ယွမ်ကော်ကော်၊ ထန်ဝေ့၊ ဝမ်တုန်နှင့် ဖုန်းရှောင်တို့သည် အင်း၏ အခန်းငယ်တစ်ခုတွင် အတူတကွ စားသောက်နေကြ၏။

"နည်းပြယွမ်... တခြားချီလင်အကယ်ဒမီ ကိုးခုက ယွီချီတောင်ထွတ်ထဲကို ဝင်နှင့်ကြပြီ... ငါတို့ သူတို့နောက်မှာ နောက်ကျကျန်ခဲ့ပြီနော်..."

“ဘယ်သူ့ကိုစောင့်နေတာလဲ”

ထန်ဝေ့က အရက်ကို တစ်ငုံသောက်လိုက်ပြီး အလေးအနက် မေးလိုက်သည်။

မနေ့က ယွီရွှေခရိုင် ချီလင်အကယ်ဒမီမှ အဖွဲ့သည် ဟေးချီခရိုင်သို့ ရောက်ရှိလာခဲ့သည်။ ချီလင်အကယ်ဒမီ၏ ကြေညာချက် ထွက်ပေါ်ပြီးနောက် ထိပ်တန်း ချီလင်အကယ်ဒမီ ဆယ်ခု၏ ပြိုင်ပွဲမှာ တရားဝင် စတင်ခဲ့လေပြီ။

ယွီရွှေခရိုင် ချီလင်အကယ်ဒမီတွင် လက်ရှိ အစွမ်းအထက်ဆုံး နည်းပြဖြစ်သူ ယွမ်ကော်ကော်မှာ ခရီးမထွက်သေးဘဲ သူငယ်ချင်းဟောင်းတစ်ဦးကို စောင့်နေသည်ဟုသာ ခဏခဏ ပြောနေ၏။

ယွမ်ကော်ကော်သည် ရွှေခန္ဓာနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး သူသာ လမ်းမပြပေးလျှင် ချီလင်အကယ်ဒမီမှ အခြားအဖွဲ့ဝင်များနှင့် တွေ့ဆုံပါက အနိုင်ကျင့်ခံရမည်ကို ထန်ဝေ့၊ ဝမ်တုန်နှင့် ဖုန်းရှောင်တို့က ကောင်းစွာ သိရှိနေကြသည်။ ထို့ကြောင့် သုံးဦးသားမှာ ယွမ်ကော်ကော်နှင့်အတူ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရခြင်းပင်။

ယန်ချန်ဖုန်းမှာ ဆေးလုံးများ၏ အကူအညီဖြင့် ရွှေခန္ဓာနယ်ပယ်သို့ အတင်းအကျပ် တိုးတက်အောင် လုပ်ထားသူဖြစ်ပြီး မိမိကိုယ်တိုင် ကျင့်ကြံ၍ ရောက်ရှိလာသော ကျင့်ကြံသူများထက် စွမ်းရည် နိမ့်ကျကြောင်း သိထား၏။ သူသည် အဆင့်တစ်ခုခုရရှိပြီး ချီလင်အကယ်ဒမီသို့ ဝင်ခွင့်ရရန် မျှော်လင့်ချက် မရှိသော်လည်း ကံစမ်းရန်အတွက်သာ ပြိုင်ပွဲတွင် ပါဝင်ခြင်း ဖြစ်သည်။

ရွှေခန္ဓာနယ်ပယ်မှ ကျွမ်းကျင်သူများ မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ အခြားကျောင်းသားငါးဦးမှာလည်း အခန်းထဲတွင်သာ ငြိမ်သက်စွာ နေနေကြရ၏။

"ငါ ကျောက်လင်ကို စောင့်နေတာ..."

ဤအချိန်တွင် ယွမ်ကော်ကော်က နောက်ဆုံး၌ အမှန်တရားကို ပြောပြလိုက်သည်။

"သူလား..."

"နည်းပြယွမ်... ကျောက်လင်က ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ပဲ ရှိသေးတာလေ... သူက အနိုင်ရဖို့ ဘာများ ကူညီပေးနိုင်မှာမို့လို့လဲ..."

“နောက်နေတာလား…”

"ကျောက်လင်ဆိုတဲ့ ကောင်လေးက ရှရွှယ်ချန်တောင်က ဓားပြတွေကို နှိမ်နင်းရာမှာ ကောင်းမွန်ကောင်း ကောင်းမွန်‌ပေမဲ့ အခုက ထိပ်တန်း ချီလင်အကယ်ဒမီ ဆယ်ခုက ကျွမ်းကျင်သူတွေ အများကြီးပဲ... သူက ငါတို့ကို ဘယ်လို ကူညီပေးနိုင်မှာလဲ..."

ထန်ဝေ့၊ ဝမ်တုန်နှင့် ဖုန်းရှောင်တို့က ယွမ်ကော်ကော်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် မထီမဲ့မြင်ပြုသည့် လေသံဖြင့် ပြောလိုက်ကြသည်။

"ငါ ကျောက်လင်ကို ယုံတယ်..."

ယွမ်ကော်ကော်က စိတ်ဓာတ်ခိုင်မာစွာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

နောက်ဆုံးအကြိမ်က ယွမ်ကော်ကော်နှင့် ကျောက်လင်တို့ တစ္ဆေမျက်နှာချောက်သို့ အတူတကွ ဝင်ရောက်ခဲ့စဉ်က ကျောက်လင်သည် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ဖြင့်ပင် လူအားလုံးကို အမြစ်ပြတ် သတ်ဖြတ်နိုင်ခဲ့သည်။ ထိုစဉ်ကပင် ကျောက်လင်မှာ သာမန်လူမဟုတ်ဘဲ အကန့်အသတ်မရှိသော အလားအလာများ ပိုင်ဆိုင်ထားကြောင်း ယွမ်ကော်ကော် ရိပ်မိခဲ့သည်။

ထင်းရှူးနက်ကျေးရွာသို့ သွားရောက်ပြီးနောက် ကျောက်လင်မှာ ရွှေခန္ဓာနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ယခုပြိုင်ပွဲတွင် ကျောက်လင်မှာ ပို၍ပင် လွယ်ကူသက်သာစွာဖြင့် သူ ထိပ်ဆုံး သုံးနေရာအတွင်း ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်လိမ့်မည်ဟု ယွမ်ကော်ကော်က ပို၍ ယုံကြည်သွားလေသည်။

ထိပ်ဆုံး သုံးနေရာ ဝင်သူများမှာ ချီလင်အကယ်ဒမီသို့ ဝင်ခွင့်ရရှိမည်မှာ သေချာပေသည်။

"နည်းပြယွမ်... ခင်ဗျား ကျောက်လင်ကို ယုံတယ်ပဲ ထားပါဦး... တောင်ပေါ် တက်ဖို့ကိုတော့ ဒီလောက်နဲ့ မဆိုင်းထားသင့်ဘူးလေ..."

"တခြား ချီလင်အကယ်ဒမီ ကိုးခုက တောင်ပေါ် ရောက်နေတာ တစ်ဝက်တောင်ရှိနေပြီ... သူတို့က အသာစီး ရသွားကြပြီ..."

"သူတို့သာ ရတနာတွေကို တွေ့သွားရင် အကုန် အလုအယက် ယူသွားကြလိမ့်မယ်... အဆင့်နေရာ တစ်ခုတောင် မပြောနဲ့... ကြေးပြားတစ်ပြားတောင် ရပါ့မလား..."

ဝမ်တုန်က စိတ်မရှည်စွာဖြင့် တိုက်တွန်းလေသည်။

"ဟုတ်တယ်... ကျောင်းသားတစ်ယောက်ကို ချန်ထားပြီး စောင့်ခိုင်းလိုက်လေ... ကျောက်လင် ဟေးချီခရိုင် ရောက်လာရင် အဲ့ကျောင်းသားကို လမ်းပြခိုင်းပြီး ငါတို့နောက်ကို လိုက်လာခိုင်းလိုက်ပေါ့..."

"အခု တောင်ပေါ် တက်ကြရအောင်..."

ဖုန်းရှောင်ကလည်း တိုက်တွန်းလေသည်။

ယွမ်ကော်ကော်က လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ပြုံး၍ ပြောသည်။

"မဟာလီမင်းဆက်ရဲ့ ရတနာတွေကိုသာ အဲ့လောက်လွယ်လွယ် ရှာတွေ့နိုင်ရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောင်ပေါ် တက်သွားတဲ့ ကျင့်ကြံသူတွေ အများကြီးပဲ... သူတို့တောင် တွေ့နှင့်နေကြပြီပေါ့..."

"စိတ်ရှည်ပေးကြပါ... တစ်ဝက်လောက်ပဲ ကြာဦးမှာပါ..."

"ကျောက်လင်က ယွီချီတောင်ထွတ်ကို လာမယ်လို့ ကတိပေးထားရင် သူ ရောက်လာမှာပါ..."

ယွမ်ကော်ကော်မှာ မလှုပ်မယှက် ဖြစ်နေဆဲပင်။

ထိုအခြေအနေကို မြင်သောအခါ ထန်ဝေ့၊ ဝမ်တုန်နှင့် ဖုန်းရှောင်တို့မှာ ခေါင်းခါယမ်းလိုက်ကြသည်။ ရုတ်တရက် သူတို့ သုံးဦးစလုံး ထရပ်လိုက်ကြ၏။

"နည်းပြယွမ်... ခင်ဗျား ဒီအတိုင်းပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ငါတို့သုံးယောက် ကျောင်းသားတွေကို ခေါ်ပြီး တောင်ပေါ်ကို အရင်တက်တော့မယ်..."

ထန်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်တယ်... ငါတို့ လုံးဝ စောင့်မနေနိုင်တော့ဘူး..."

ဝမ်တုန်က ဒေါသအနည်းငယ် ထွက်နေပုံရသည်။

"ဒီမှာ စောင့်နေတာထက် ကံစမ်းကြည့်တာက ပိုကောင်းဦးမယ်..."

ဖုန်းရှောင်၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသည့် အကြည့်များ ပေါ်လာ၏။

"အိုး.. ခင်ဗျားတို့ သဘောအတိုင်း လုပ်ကြပါ..."

သူတို့၏ အမူအရာကို မြင်သောအခါ ယွမ်ကော်ကော်သည် တား၍ မရနိုင်ကြောင်း သိလိုက်ရသဖြင့် သူတို့ကို ထွက်သွားခွင့်သာ ပေးလိုက်ရတော့သည်။

ထန်ဝေ့၊ ဝမ်တုန်နှင့် ဖုန်းရှောင်တို့သည် အခန်းမှ ထွက်ခွာသွားပြီး ကျောင်းသားငါးဦးကို ချက်ချင်း စုရုံးလိုက်ကြသည်။ သူတို့သည် လက်နက်များ၊ တောင်တက်ခရီးအတွက် အစာနှင့် ရေဘူးများကို ယူဆောင်သွားကာ မြင်းစီးပြီး တောင်ပေါ်သို့ တက်သွားကြသည်။ ယန်ချန်ဖုန်းမှာမူ မည်သူ့စကားကိုမျှ နားမထောင်ဘဲ ကုတင်ပေါ်တွင်သာ လှဲနေ၏။

"ကျောက်လင်... မင်း ဘယ်တော့ ရောက်လာမှာလဲ..."

"မင်းသာ လာရဲလာကြည့်... ငါ မင်းကို အကွက်ဆင်ပြီး သတ်ပစ်မယ်..."

ယန်ချန်ဖုန်းသည် ကျောက်လင် ရောက်လာရန် တကယ်ပင် စောင့်မျှော်နေခြင်း ဖြစ်သည်။ ကျောက်လင် တောင်ပေါ် ရောက်လာသည်နှင့် တစ်ပြိုင်နက် ယန်ချန်ဖုန်းသည် ချီလင်အကယ်ဒမီမှ အခြားနည်းပြ ကိုးဦးကို လှုံ့ဆော်ပြီး ကျောက်လင်ကို ပစ်မှတ်ထားကာ ထိုနည်းပြများကို အသုံးချ၍ ကျောက်လင်ကို သတ်ပစ်ရန် စီစဉ်ထား၏။

ထိုအချိန်တွင်ပင်။

ယာဉ်ပျံသည် ဟေးချီခရိုင်သို့ လေထဲမှတဆင့် ဆူညံစွာဖြင့် ရောက်ရှိလာသည်။ သုံးရက်ကြာသည်အထိ ကျောက်လင်သည် အာကာသတဲထဲတွင် ဇနီးဆယ်ယောက်၏ အနှောင့်အယှက်ပေးခြင်းကို ခံနေရသည်။ နေ့ဘက်တွင် အလုပ်လုပ်၊ ညဘက်တွင်လည်း အချိန်ပို အလုပ်လုပ်ရသည်။

ကျောက်လင်၏ ရွှေခန္ဓာနယ်ပယ် ခန္ဓာကိုယ်ပင် မခံနိုင်တော့ပေ။ သို့သော်လည်း သူ၏ ပုဂ္ဂိုလ်ရေး အချက်အလက် ဘောင်ပေါ်ရှိ ၆၃+ အဆင့်က ကျောက်လင်ကို အနည်းငယ် နှစ်သိမ့်မှု ပေးနိုင်၏။

ယာဉ်ပျံပေါ်တွင်။

မိုးကောင်းကင် အမြင့်ပေ ထောင်ပေါင်းများစွာမှနေ၍ ကျောက်လင်သည် အဝေးရှိ ဟေးချီခရိုင်၏ ပုံရိပ်ကို မြင်တွေ့နေရသည်။

"နောက်ဆုံးတော့ ဟေးချီခရိုင်ကို ရောက်လာပြီ..."

"ဖက်တီး... ယာဉ်ပျံစီးရတာ ဘယ်လိုနေလဲ..."

ကျောက်လင်က ပြုံး၍ မေးလိုက်သည်။

ကျွီ... ကျွီ..

ကြွက်လေး၏ အဖြေမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။ ကြွက်လေးသည် အလွန်လျင်မြန်သော်လည်း မပျံနိုင်ပေ။ ထင်းရှူးနက်ကျေးရွာ၏ အမြင့်ဆုံးနေရာမှ မြေပြင်ရှုခင်းကို ကြည့်ရှုရင်း ကြွက်လေးမှာ စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။

"ကောင်းပြီ... ဟေးချီခရိုင်ကို နီးနေပြီ..."

"အဲ့ဒီမှာ ကျင့်ကြံသူတွေ အများကြီး စုနေလိမ့်မယ်... ဒါကြောင့် ခရိုင်မြို့ပေါ်ကို ယာဉ်ပျံနဲ့ မကျော်တော့ဘူး... အနီးနားက တောင်ထွတ်တစ်ခုမှာပဲ ရပ်ထားလိုက်မယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

(မူရင်းမှာ ယာဉ်ပျံပဲပါပါတယ်။ ‌အာကာသယာဉ်လား လေယာဉ်လားသေချာမသိတာနဲ့ ယာဉ်ပဲပဲသုံးလိုက်ပါတယ်)

All Chapters