← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း (၂၀၃) ဒီလူနှစ်ယောက်က ရယ်စရာကောင်းအောင် လာလုပ်နေတာပဲ

"အစ်ကိုယွမ်... ရှေ့က တောအုပ်လေးထဲမှာ တောကောင်တစ်ကောင် ရှိနေတယ် သွားသတ်ပြီးတော့ ယူလာခဲ့လိုက်"

ကျောက်လင် တောင်ထဲသို့ ဝင်ရောက်ပြီးနောက် တစ်မိုင်မျှပင် မသွားရသေးခင် လင်းယုန်မျက်လုံးဖြင့် စူးစမ်းလိုက်ရာ မီတာ (၃၀၀) အကွာရှိ တောအုပ်ထဲတွင် သေးငယ်သည့် တောကောင်တစ်ကောင်ကို တွေ့လိုက်ရသည်။

"မင်း တကယ်ပဲ ယွီချီတောင်ထွတ်ကို အမဲလိုက်ဖို့ လာတာလား"

ထိုစကားကို ကြားလိုက်ရသောအခါ ယွမ်ကော်ကော်မှာ တစ်ကိုယ်လုံး မနေတတ်မထိုင်တတ် ဖြစ်သွားပြန်သည်။

*ငါက ရတနာရှာဖို့ ကူညီပေးပါလို့ ယွီချီတောင်ထွတ်ကို ဖိတ်ခေါ်ထားတာလေ... အမဲလိုက်ဖို့ ခေါ်တာ မဟုတ်ဘူး…*

ယွမ်ကော်ကော် နားမလည်နိုင်သည့် အချက်တစ်ခုလည်း ရှိသေးသည်။ သူသည် ကျောက်လင်နှင့် သဘောတူညီချက် ရထားသည်မှာ ရတနာကို ရှာတွေ့အောင် ကူညီပေးရုံသာဖြစ်ပြီး ရလာသည့် ရတနာအားလုံးကို ကျောက်လင်က ယူရမည်ဖြစ်သည်။

သို့သော်လည်း ယခုပြုမူနေပုံကို ကြည့်ရလျှင် ကျောက်လင်သည် ယွီချီတောင်ထွတ်သို့ တောင်ထွတ်ပေါ်တွင် နေထိုင်သည့် တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ပြီး မြည်းစမ်းဖို့သက်သက် ရောက်လာသည့်ပုံ ပေါက်နေသည်။

*မင်းဆက်တစ်ခုလုံး၏ ရတနာတွေကိုတောင် မလိုချင်ဘူးဆိုတဲ့ သဘောလား…*

"သွား... သွားသတ်ခဲ့... အဲဒီပြီးရင် ကျွန်တော်တို့ ဟင်းကောင်းကောင်းချက်စားရင်းနဲ့ နောက်တစ်ဆင့် ဘာလုပ်ကြမလဲဆိုတာ တိုင်ပင်ကြမယ်"

ယွမ်ကော်ကော် ဒေါသထွက်လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ကျောက်လင်က ပြုံးလျက် ပြောလိုက်သည်။

အမှန်စင်စစ် ယွမ်ကော်ကော် ဘာကြောင့် ဒေါသထွက်နေသည်ကို ကျောက်လင် ကောင်းကောင်း သိသည်။

သို့သော် ကျောက်လင်က တကယ်ပဲ ရတနာရှာဖို့ မသိတာလား။

ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

ကျောက်လင်၏ စနစ်က ငွေကို စနစ်အမှတ်များအဖြစ် လဲလှယ်ပေးနိုင်သည်။

ကျောက်လင်သည် မဟာလီမင်းဆက်၏ ရတနာများကို အခြားသူများထက် ပိုမိုလိုချင်နေသူ ဖြစ်သည်။

သို့သော်လည်း မဟာလီမင်းဆက်တစ်ခုလုံး ပြောင်းရွှေ့လာစဉ်က ယူဆောင်လာခဲ့သည့် ရတနာများမှာ မည်မျှ ပေါများကြောင်းကိုလည်း ကျောက်လင် သိရှိသည်။

ရတနာသိုက်ကြီးကို အဲ့လောက် အလွယ်တကူ ဝင်ခွင့်ပေးပါ့မလား…။

မည်သူမဆို အဲ့လောက် အလွယ်တကူ ယူသွားခွင့်ကို ဘယ်လိုလုပ် ပေးနိုင်ပါ့မလဲ။

ထို့အပြင် ကျောက်လင်၌ ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းရှိပြီး ထိုစာရင်းထဲတွင် ယွီဝမ်ချန်၏ ပုံရိပ်လည်း ပါဝင်သည်။ ယခုအချိန်တွင် ကျောက်လင်သည် ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းမှတစ်ဆင့် ယွီဝမ်ချန်သည် ယွီချီတောင်ထွတ်သို့ ရောက်ရှိနေပြီး အနီးအနားရှိ တောင်တစ်လုံးတွင် ပုန်းအောင်းနေကြောင်း သိရှိထားသည်။

ယွီဝမ်ချန်ကို စောင့်ကြည့်နေခြင်းဖြင့် မဟာလီမင်းဆက်၏ ရတနာတည်ရှိရာ အစစ်အမှန်နေရာကို ကျောက်လင် ရှာတွေ့နိုင်ပေလိမ့်မည်။

ထို့အပြင် ကျောက်လင်၌ ရတနာမြေပုံတစ်ခုလည်း ရှိသေးရာ ထိုမြေပုံတွင် ရတနာ၏ တည်နေရာ အစစ်အမှန်ကို အမှတ်အသားပြုထားသည်။ အချိန်တစ်ခုရသည်နှင့် ကျောက်လင်သည် ဒရုန်းကို ထုတ်ပြီး လေထဲသို့ ပျံသန်းကာ စူးစမ်းလိုက်မည်ဆိုပါက ရတနာတည်နေရာကို အလွယ်တကူ ဆုံးဖြတ်နိုင်သည်။

"ကောင်းပြီ...ငါ အဲဒီကောင်ကို သွားသတ်ခဲ့မယ်"

ကျောက်လင်က နောက်ဆုံးတော့လည်း စကားပြောလာပြီ ဖြစ်သဖြင့် ယွမ်ကော်ကော်က ဒေါသကို မြိုသိပ်လိုက်ပြီး ချက်ချင်း ပြေးထွက်သွားသည်။

ခဏအကြာတွင် ယွမ်ကော်ကော်က ဂျီကောင်တစ်ကောင်ကို သယ်လာပြီး ပြေးပြန်ရောက်လာ၏။

ကျောက်လင်သည် တောင်ခြေတွင် ယာယီ မီးဖိုတစ်ခုဆောက်ပြီး ခြောက်သွေ့နေသည့် သစ်ကိုင်းသစ်ရွက်များဖြင့် မီးမွှေးကာ သံအိုးငယ်တစ်လုံးဖြင့် ရေနွေး တည်ထားနှင့်ပြီး ဖြစ်သည်။

"မင်း တကယ်ပဲ ဟင်းချက်တတ်တာလား..."

ယွမ်ကော်ကော်သည် ဂျီကောင်ကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး ကျောက်လင်၏ လုပ်ဆောင်ချက်များကို မြင်သောအခါ စပ်စုစွာ မေးလိုက်သည်။

ကျောက်လင်က အနည်းငယ် ပြုံးသည်။

သူ၏ဇနီး လိန်ဝမ်ဝမ် ကိုယ်ဝန်ဆောင်စဉ်က စနစ်က သူ့ကို အမြင့်ဆုံးအဆင့် အချက်အပြုတ်ပညာကို ဆုချီးမြှင့်ခဲ့သည်။

"အစ်ကိုယွမ်... ဟိုဘက်မှာ သစ်သားတဲလေးတစ်လုံးလောက် ဆောက်လိုက်ရင် မကောင်းဘူးလား..."

"ဒီညတော့ ဒီမှာပဲ အနားယူကြမယ်"

ကျောက်လင်က ပြုံးလျက် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ယွမ်ကော်ကော်မှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။

"ကျောက်လင်... ငါတို့ ဒီကို လာတာ ရတနာရှာဖို့လေ... ဒီမှာ အိပ်ဖို့ စားဖို့ လာတာ မဟုတ်ဘူး"

နောက်ဆုံးတွင် ယွမ်ကော်ကော်က သည်းမခံနိုင်တော့ဘဲ စိတ်ဆိုးဒေါသ ထွက်သွားသည်။

"မစိုးရိမ်ပါနဲ့... တဲဆောက်ပြီး အစာစားပြီးသွားရင် ကျွန်တော် ပြောပြမယ့် အစီအစဉ်ကို နားထောင်လိုက်... ခင်ဗျား နားလည်သွားလိမ့်မယ်"

ကျောက်လင်က မလှုပ်မယှက် တည်ငြိမ်စွာပင် ပြောလိုက်သည်။

ယွမ်ကော်ကော်က လက်သီးကို တင်းတင်းဆုပ်လိုက်သော်လည်း နောက်ဆုံးတွင် ကျောက်လင်ကို လက်သီးနှင့် မထိုးဖြစ်ခဲ့ပေ။

သူ အခုထိ သည်းခံနိုင်သေးသည်။

ထို့ကြောင့် ကျောက်လင်အပေါ် ထားရှိသည့် နောက်ဆုံးသော ယုံကြည်ချက်ဖြင့် ယွမ်ကော်ကော်က မြင်းပေါ်မှ ဓားကောက်ကို ဆွဲထုတ်လိုက်ပြီး အနီးအနားရှိ တောအုပ်ထဲသို့ ဝင်ကာ သစ်ပင်များကို ဝင်ခုတ်တော့သည်။

သူသည် ကျောက်လင်အပေါ် ထားရှိသည့် ဒေါသအားလုံးကို ထိုသစ်ပင်များအပေါ်တွင် ပုံချလိုက်ခြင်း ဖြစ်သည်။

ကျောက်လင်ကမူ ထိုအရာအားလုံးကို ဂရုမစိုက်ဘဲ အရိုးထုတ်ဓားကို ထုတ်ယူကာ ကျွမ်းကျင်စွာဖြင့် ဂျီကောင်၏ အသားကို ခွဲစိတ်နေသည်။

မဟုတ်ဘူး... အတွင်းကလီစာတွေကို မယူပေ။ ခြေထောက်လေးချောင်းမှ အသားများကိုသာ ယူခြင်းဖြစ်သည်။

တောရိုင်းတိရစ္ဆာန်များသည် နေ့စဉ် အပြေးအလွှား နေထိုင်ရသဖြင့် ခြေထောက်ရှိ ကြွက်သားများမှာ အအရသာရှိဆုံး အစိတ်အပိုင်းဖြစ်သည်မှာ သဘာဝတရားပင်။

ရေဆူလာသည့်အခါ အသားတုံး အစိတ်နှစ်ဆယ်ကျော်ကို ခုတ်ထစ်ကာ အိုးထဲသို့ ထည့်လိုက်သည်။ ပွက်ပွက်ဆူလာသည့်အခါ အသားတုံးများထဲမှ သွေးနှင့် အနံ့ဆိုးများ ထွက်သွားစေရန် ပြုတ်လိုက်သည်။

အသားများ တစ်ဝက်ကျက်သွားသည့်အခါ ကျောက်လင်က အသားများကို အကုန်ဆယ်ထုတ်လိုက်၏။

ရေကို သွန်ပစ်ကာ အိုးကို ဆေးကြောပြီးနောက် ရေနောက်တစ်အိုးကို ထပ်မံ တည်လိုက်သည်။

"ဒီတစ်ဝက်ကျက်တဲ့ အသားတွေကို ဟော့ပေါ့လုပ်စားမယ်... နံရိုးတွေနဲ့ အသားတွေကိုတော့ ညကျမှ ကင်စားမယ်"

ကျောက်လင်က အချက်အပြုတ်စိတ်ကူးယဉ်ထဲတွင် နစ်မြောလျက် ပြောလိုက်သည်။

တစ်ယောက်က တဲဆောက်၊ တစ်ယောက်က ဟင်းချက်နေသော်လည်း လေထုမှာ တော်တော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။

အနီးအနားရှိ တောင်တစ်ခုပေါ်တွင် နည်းပြချုပ် (၁၀) ယောက် ရောက်ရှိလာပြီး ကျောက်လင်နှင့် ယွမ်ကော်ကော်တို့၏ လုပ်ဆောင်ချက်များကို မြင်လိုက်ရသည်။

"ဒါက..."

"ဟား ဟား..."

ယန်ဟုန်နျန်မှလွဲ၍ ကျန်နည်းပြချုပ် (၉) ယောက်မှာ အလွန်ပင် ပျော်ရွှင်နေကြသည်။

"ယွမ်ကော်ကော်က ခင်ဗျားတို့ကျောင်းရဲ့ နည်းပြချုပ် မဟုတ်လား... သူက ပြိုင်ပွဲဝင်ဖို့ လာတာလား ဒါမှမဟုတ် ရယ်စရာလာလုပ်နေတာလား"

နည်းပြချုပ်တစ်ယောက်က မထီတရီ လှောင်ပြောင်လိုက်သည်။

"ယွမ်ကော်ကော်ခေါ်လာတဲ့ အကူက တကယ့် လူထူးလူဆန်းပဲ... သူက တကယ့်ကို စားဖိုမှူးပဲ"

နောက်ထပ် နည်းပြချုပ်တစ်ယောက်က ရယ်မောလိုက်သည်။

ယန်ဟုန်နျန်၏ မျက်နှာမှာ တွန့်လိမ်သွားသည်။ သူသာ အခုချက်ချင်း ပေါ်လာနိုင်မည်ဆိုလျှင် အောက်ကို ပျံဆင်းသွားပြီး ယွမ်ကော်ကော်နှင့် ကျောက်လင်ကို ခုတ်သတ်ပစ်ချင်နေပြီ ဖြစ်သည်။

ရှက်စရာကောင်းလိုက်တာ။

"သွားကြရအောင် သွားကြရအောင်... ခင်ဗျားတို့ အဲ့လို ရယ်နေကြရင် အိုရန်ယန် စိတ်တိုတော့မယ်"

နည်းပြချုပ်တစ်ယောက်က ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

“ဟား ဟား…”

နည်းပြချုပ်များက တစ်ယောက်နှင့်တစ်ယောက် သိနားလည်သလို ရယ်မောလိုက်ကြသည်။

ဤလူ (၁၀) ယောက်မှာ အကယ်ဒမီတစ်ခုစီ၏ စွမ်းဆောင်ရည်ကို ကြီးကြပ်စောင့်ကြည့်ရန် တောင်ထွတ်အမျိုးမျိုးသို့ သွားရောက်ကြရမည်ဖြစ်သည်။

ရတနာသိုက်တစ်ခုခုကို ရှာတွေ့ပါက ဤနည်းပြချုပ် (၁၀) ယောက်က ကြီးကြပ်ပေးရန် လိုအပ်သည်။

ထို့ကြောင့် ဤလူ (၁၀) ယောက်မှာ တစ်နေရာတည်းတွင် ကြာရှည်မနေဘဲ အမြဲတစေ ရွှေ့ပြောင်းနေထိုင်ကြမည် ဖြစ်သည်။

လူ (၁၀) ယောက်လုံး ထွက်ခွာသွားကြသည်။

ကျောက်လင်၏ လင်းယုန်မျက်လုံးက တောင်ထွတ်ပေါ်ရှိ လူ (၁၀) ယောက်၏ လှုပ်ရှားမှုများကို မြင်တွေ့ပြီးဖြစ်သည်။

"ဒီလောက်နဲ့ မပြီးဆုံးဘူးဆိုတာ ငါ သိတယ်"

"ဒီလူ (၁၀) ယောက်က ချီလင်အကယ်ဒမီ (၁၀) ခုရဲ့ နည်းပြချုပ်တွေ ဖြစ်ရမယ်"

"သူတို့ (၁၀) ယောက်က ကင်းလှည့်တာသက်သက်ပဲ... သူတို့နောက်ကွယ်မှာ နောက်ထပ် လူတစ်ယောက် ရှိဦးမယ်... အဲဒီလူက ဒီကျောင်းတော်ပြိုင်ပွဲရဲ့ နောက်ကွယ်က ကြိုးကိုင်သူပဲ"

ကျောက်လင်က စိတ်ထဲမှ တွေးတောနေသည်။

အခြေအနေများက ဤသို့ဖြစ်နေလေ ကျောက်လင်က ရတနာကို ကိုယ်တိုင် ရှာဖွေချင်စိတ် နည်းလေဖြစ်သည်။ သူသည် စောင့်ကြည့်ပြီး အခြေအနေကိုသာ စောင့်ဆိုင်းချင်နေသည်။

မည်သို့ပင်ဆိုစေကာမူ ကျောက်လင်သာ ရတနာကို တက်တက်ကြွကြွ ရှာဖွေမည်ဆိုပါက ဒရုန်း၏ အကူအညီဖြင့် တစ်နာရီမပြည့်ခင် ရှာတွေ့နိုင်ပေသည်။

ထိုအချိန်တွင် နည်းပြချုပ် (၁၀) ယောက် ရောက်လာပြီး အခြားသူများအတွက် နေရာလွတ်မရှိတော့ဘဲ ရတနာအားလုံးကို သူတို့က လုယူသွားကြလိမ့်မည်။

မဟုတ်ပါ။ တန်ဖိုးအကြီးဆုံး ရတနာများကို သူတို့နောက်ကွယ်က လူကသာ လုယူသွားမည် ဖြစ်သည်။

"ကျောက်လင်... ငါ့သစ်သားတဲတော့ ဆောက်ပြီးပြီ... မင်းရဲ့ ဟင်းကော ရပြီလား"

မီတာ (၁၀၀) အကွာမှ ယွမ်ကော်ကော်က စိတ်လှုပ်ရှားစွာ လှမ်းအော်လိုက်သည်။

တစ်နာရီကြာအောင် သစ်သားတဲ ဆောက်ပြီးနောက်တွင် ယွမ်ကော်ကော်မှာ စိတ်တည်ငြိမ်သွားပြီး ကျောက်လင်ကို ရတနာရှာရန် တိုက်တွန်းခြင်း မရှိတော့ပေ။

"ကောင်းပြီ... ဒီဘက်ကို လာခဲ့"

ကျောက်လင်က ပြန်ပြောလိုက်သည်။

ယွမ်ကော်ကော် စိတ်လှုပ်ရှားစွာ ပြေးလာပြီး မွှေးကြိုင်သည့် အနံ့ကို ချက်ချင်း ရလိုက်သည်။ သူက အနံ့ကို ရှူရှိုက်လိုက်သည်။

"ဟင်... ဒါက ဘယ်လိုနည်းနဲ့ စားရတာလဲ"

ယွမ်ကော်ကော်သည် ဟင်းရည်ပြည့်နေသည့် သံအိုးငယ်ကို မြင်လိုက်ရပြီး သူ တစ်ခါမှ မမြင်ဖူးသည့် အရာများ များပြားနေသဖြင့် စပ်စုစွာ မေးလိုက်သည်။

ကျောက်လင်သည် ဟော့ပေါ့ ဟင်းခတ်အနှစ်နှင့် အခြား အသီးအရွက်များစွာကိုထည့်ပြီး ဆန်ခေါက်ဆွဲ တစ်ဝက်မျှကို ထည့်ကာ ဟင်းချက်ထားရာ သံအိုးငယ်ထဲတွင် အစာများ ပြည့်နှက်နေသည်။

အလွန်ပြင်းထန်သည့် အနံ့တစ်ခု ရနေသည်။

"အစ်ကိုယွမ်... ဒါကို ဟော့ပေါ့လို့ ခေါ်တယ်"

"လာမြည်းကြည့်... ခင်ဗျား စိတ်ကျေနပ်မယ်ဆိုတာ အာမခံတယ်"

ကျောက်လင်က ပြုံးလျက် ပြောလိုက်သည်။

ယွမ်ကော်ကော်မှာ တစ်နာရီကြာအောင် သစ်သားတဲ ဆောက်ထားရသဖြင့် ဗိုက်ဆာနေပြီ ဖြစ်သည်။ သူသည် ဝါးတူကို ယူလိုက်ပြီး ဂျီကောင်အသားကို ချက်ချင်း ကောက်ယူလိုက်သည်။

"အရမ်းမွှေးတယ်... အရမ်းအရသာရှိတယ်"

ယွမ်ကော်ကော်မှာ စိတ်ကျေနပ်သည့် အမူအရာကို ပြသလိုက်သည်။

"ကောင်းပြီ... အခု စားရင်းနဲ့ စကားပြောကြရအောင်... ဘာလို့ ကျွန်တော် ရတနာရှာဖို့ မတိုက်တွန်းရတာလဲဆိုတာ ပြောပြမယ်"

ကျောက်လင်ကလည်း တူကို ယူလိုက်ပြီး အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။

All Chapters