← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) ရတနာရှာဖို့ မတိုက်တွန်းရတဲ့ အကြောင်းရင်းနှင့် ယန်ချန်ဖုန်း၏ သွေးထိုးလှုံ့ဆော်မှု

"ကျောက်လင်... ပြောပါဦး...မင်း ဘာလို့ ရတနာရှာဖို့ မတိုက်တွန်းရတာလဲ..."

ယွမ်ကော်ကော်သည် ဆန်ခေါက်ဆွဲကို တစ်လုပ်ကြီး ကောက်ယူပြီးနောက် မျိုချလိုက်ကာ အလွန်အရသာရှိသည့် အမူအရာကိုပြုလုပ်ရင်း မေးခွန်းတစ်ခု မေးလိုက်သည်။

ကျောက်လင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

"အစ်ကိုယွမ်... မဟာလီမင်းဆက်က ရတနာတွေကို ဖုံးကွယ်ဖို့အတွက် ဝင်ပေါက်မှာ ထောင်ချောက်တွေ ဒါမှမဟုတ် အစီအရင်တွေ ထားခဲ့လိမ့်မယ်လို့ ခင်ဗျား မထင်ဘူးလား..."

ကျောက်လင်က တိုးညင်းစွာ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ယွမ်ကော်ကော်၏ ပါးစပ်ထဲမှ ဆန်ခေါက်ဆွဲအုပ်ကြီးမှာ သံအိုးထဲသို့ တန်းခနဲ ပြန်ကျသွား၏။

ယွမ်ကော်ကော်က ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

“ဟုတ်တယ်... မဟာလီမင်းဆက်က သူတို့ရဲ့ ရတနာတွေကို သိမ်းဆည်းထားတဲ့ နေရာမှာ အစွမ်းထက်တဲ့ ယန္တရားတွေနဲ့ အစီအရင်တွေ မရှိဘဲ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ…”

“သာမန်အရာရှိတွေတောင် သူတို့ရဲ့ ဂူဗိမာန်မှာ သူတို့သေပြီးနောက် ဂူဖောက်သူတွေ မနှောင့်ယှက်နိုင်အောင် ထောင်ချောက်တွေ၊ အဆိပ်ငွေ့တွေ ထားလေ့ရှိကြတာပဲ”

“ပြီးတော့ ဒါက မင်းဆက်တစ်ခုလုံးရဲ့ ရတနာတွေလေ”

“မဟာလီမင်းဆက် ပျက်သုဉ်းသွားရင်တောင် သူ့ကို သစ္စာခံတဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရှိနေမှာပဲ။ သူတို့က ရတနာသိုက်ထဲမှာ လူတွေ ဝင်လာတာကို စောင့်နေတဲ့ ယုတ်မာတဲ့ ထောင်ချောက်မျိုးစုံကို သေချာပေါက် စီစဉ်ထားကြလိမ့်မယ်”

“အဲဒီအစွမ်းထက်တဲ့ ကျင့်ကြံသူတွေက အနည်းဆုံး အဆင့် (၆) ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့သူတွေ ဖြစ်လိမ့်မယ်”

ထိုအကြောင်းကို တွေးမိလိုက်သောအခါ ယွမ်ကော်ကော်၏ ကျောချွေးများ ပြန်လာသည်။ ကျောက်လင် ဘာကြောင့် ရတနာရှာဖို့ အလျင်မလိုတာလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။

*မင်းဆက်တစ်ခုရဲ့ ရတနာတွေဆိုတာ ရွှေခန္ဓာနယ်ပယ်လောက်ရှိတဲ့ ငါ့လိုလူမျိုး ဝင်လို့ရတဲ့ နေရာမျိုး မဟုတ်ဘူး*

*ဝင်သွားရင်တော့ သေရမှာပဲ*

ယွမ်ကော်ကော်က သူသည် အသုံးချခံ အမြောက်စာ ဖြစ်သွားပြီဟု ထပ်မံ တွေးတောမိသည်။

တစ်စုံတစ်ယောက်က ချီလင်အကယ်ဒမီ (၁၀)ခု ပြိုင်ပွဲဆိုတဲ့ ခေါင်းစဉ်ကို သုံးပြီး ရွှေခန္ဓာနယ်ပယ် နည်းပြတွေကို သေဆုံးအောင် ပို့ဆောင်ဖို့ ကြံစည်နေတာ ဖြစ်ရမည်။

"ကျောက်လင်...မင်း တစ်ခုခု တွေ့ထားလို့လား..."

ယွမ်ကော်ကော်က အလေးအနက် မေးလိုက်သည်။

"ကျွန်တော် ယွီချီတောင်ထွတ်ကို ရောက်ခါစပဲ ရှိသေးတယ်... ဘာကိုတွေ့နိုင်မှာလဲ... ဒါက သာမန်ယုတ္တိဗေဒအရ တွေးတာပါ..."

"ကျွန်တော့်အကြံက ရိုးရှင်းပါတယ်... ဒီ (၁၀) ရက်တာ ပြိုင်ပွဲအတွင်းမှာ ကျွန်တော်တို့က ရတနာကို တက်တက်ကြွကြွ ရှာမနေဘဲ ဒီတောင်တန်းရဲ့ ရှုခင်းကိုပဲ ခံစားကြရအောင်..."

"ရတနာရှာတဲ့အလုပ်ကိုတော့ တခြားသူတွေကိုပဲ လုပ်ခိုင်းလိုက်ကြမယ်"

"တစ်ယောက်ယောက်က ရတနာကို ရှာတွေ့သွားရင်တောင် အခြေအနေကို စောင့်ကြည့်ပြီး ပထမဆုံး ဝင်မသွားဘဲ နေကြတာပေါ့..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ယွမ်ကော်ကော်မှာ တိတ်ဆိတ်နေသည်။

"ဒါပေမဲ့..."

ယွမ်ကော်ကော်က စကားစဖို့ ပြင်လိုက်စဉ် ကျောက်လင်က ဖြတ်ပြောလိုက်သည်။

"တခြားသူတွေ ရတနာကို ရှာတွေ့သွားရင် ခင်ဗျား ထိပ်ဆုံး (၃) နေရာထဲ ပါနိုင်တော့မှာ မဟုတ်ဘဲ ချီလင်အကယ်ဒမီထဲ ဝင်ခွင့်ရတော့မှာ မဟုတ်ဘူးလို့ စိုးရိမ်နေတာလား..."

ကျောက်လင်က ပြုံးလိုက်သည်။

ယွမ်ကော်ကော်က ခေါင်းကို ချက်ချင်း ငြိမ့်ပြလိုက်သည်။

"ကျွန်တော် မေးပါရစေ... ချီလင်အကယ်ဒမီထဲဝင်ရင် ဘာအကျိုးကျေးဇူးတွေ ရမှာလဲ..."

ကျောက်လင်က ပြုံးလျက် မေးလိုက်သည်။

"အရေးကြီးတာပေါ့..."

"မဟာချင်မင်းဆက်မှာ တရားဝင် ကျင့်ကြံနိုင်တဲ့လမ်းက တစ်လမ်းပဲရှိတယ်..."

"ခရိုင်မြို့တိုင်းမှာ ချီလင်ကျောင်းတော်ရှိတယ်... စီရင်စုတိုင်းမှာ ချီလင်အကယ်ဒမီ ရှိတယ်... ပြည်နယ်မြို့တော်မှာ ချီလင်နန်းတော် ရှိတယ်... ပြီးတော့ မြို့တော်မှာ ချီလင်ခန်းမ ရှိတယ်... ချီလင်ကျောင်းတော်မှာ အဆင့် (၄) နဲ့ အောက် ကျင့်စဉ်တွေပဲရှိပြီး အကယ်ဒမီမှာတော့ အဆင့် (၅) ကျင့်စဉ်တွေ ရှိတယ်..."

"ငါက အခု ရွှေခန္ဓာနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ... အဆင့် (၅) ကျောက်စိမ်းဝမ်းတွင်းနယ်ပယ်ကို တက်လှမ်းဖို့ဆိုရင် အကယ်ဒမီထဲဝင်ပြီး အဆင့် (၅) ကျင့်စဉ်ကို သင်ယူမှပဲ တက်လှမ်းနိုင်မှာ..."

ယွမ်ကော်ကော်က အသေးစိတ် ရှင်းပြလိုက်သည်။

စစ်တပ်မှာ စစ်မှုထမ်းရွက်ချက်တွေကို ကျင့်စဉ်တွေနဲ့ လဲလှယ်နိုင်သည့် လမ်းစဉ် ရှိသော်လည်း ကျင့်ကြံသူတွေအတွက် တရားဝင်လမ်းကြောင်းကတော့ ချီလင်ကျောင်းတော်တွေကတစ်ဆင့် ဖြစ်သည်။

ဤသည်က မဟာချင်မင်းဆက်က ကျင့်ကြံသူတွေကို စီမံခန့်ခွဲသည့် နည်းလမ်းပင်ဖြစ်သည်။ မင်းဆက်တစ်ခုလုံးက ဤနည်းဖြင့် အစွမ်းထက်သည့် ကျင့်ကြံသူတွေကို ထိန်းချုပ်ထားသည်။ သူတို့ကို လွတ်လပ်စွာ ကျင်လည်ခွင့် မပေးပေ။

ယွမ်ကော်ကော်၏ စကားကို ကြားပြီးနောက် ကျောက်လင်က တစ်စုံတစ်ခုကို ထပ်မံ အတည်ပြုလိုက်နိုင်သည်။

*ဒီချီလင်အကယ်ဒမီ (၁၀) ခု ပြိုင်ပွဲကို စီစဉ်သူဟာ ရွှေခန္ဓာနယ်ပယ် နည်းပြတွေကို အကယ်ဒမီ ဝင်ခွင့်နဲ့ မြူဆွယ်ပြီး ရတနာရှာဖို့ အားလုံးကို အသုံးချဖို့ ကြံစည်နေတာပဲ*

"အစ်ကိုယွမ်... စိတ်မပူပါနဲ့... ခင်ဗျား ချီလင်အကယ်ဒမီထဲ ဝင်နိုင်အောင် ကျွန်တော် ကူညီပေးမယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုအချိန်မှာ ကျောက်လင်၌ အရိပ်အယောင်တစ်ခုရနေပြီ ဖြစ်သည်။ ပြိုင်ပွဲနောက်ကွယ်မှ လူဟာ ချီလင်အကယ်ဒမီနှင့် ပတ်သက်နေမှာ သေချာသည်။

*ပြိုင်ပွဲမှာ ထိပ်ဆုံး (၃) နေရာ ရတဲ့သူပဲ အကယ်ဒမီ ဝင်ခွင့်ရတယ်ဆိုတာ ဟုတ်လို့လား…*

ကျောက်လင်ကတော့ ထိုသို့မထင်ပေ။

လုံလောက်သည့် တန်ဖိုးတစ်ခု ပေးနိုင်လျှင် ယွမ်ကော်ကော်ကို အထူးခွင့်ပြုချက်နှင့် အကယ်ဒမီထဲ ထည့်ပေးနိုင်မှာဖြစ်၏။

ဥပမာအားဖြင့်... ကျောက်လင်သည် မဟာလီမင်းဆက် ရတနာသိုက်ထဲက တန်ဖိုးကြီးသည့် ရတနာတစ်ခုခုကို ရထားပြီး ထိုရတနာသည် နောက်ကွယ်က လူ လိုချင်နေတဲ့အရာ ဖြစ်နေလျှင်။

"ဒါဆိုရင် မင်းကိုပဲ အားကိုးရတော့မှာပေါ့..."

ကျောက်လင်၏ ပြတ်သားသည့် အမူအရာကို မြင်သောအခါ ယွမ်ကော်ကော်၏ အတွင်းစိတ်ကလည်း တည်ငြိမ်သွားသည်။

ထို့နောက် လူနှစ်ယောက်မှာ ဟော့ပေါ့ကို စားရင်း စကားတွေ ပြောကာ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးလိုက်ကြသည်။

ယန်ချန်ဖုန်းသည် မြင်းစီး၍ ကျောက်လင်နှင့် ယွမ်ကော်ကော်တို့ ရှိနေသည့် တောင်နောက်ဘက်မှ ပတ်၍ သွားလိုက်သည်။

ထိုအချိန်တွင် ယန်ချန်ဖုန်းသည် ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ လူအုပ်စုနှင့် မမျှော်လင့်ဘဲ ဆုံတွေ့သွားသည်။

"ဟေ့... ဟိုမှာယန်ချန်ဖုန်း... သူရဲကောင်းယန် မဟုတ်လား..."

ယန်ချန်ဖုန်းကို မြင်လိုက်ရသောအခါ ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ ရွှေခန္ဓာနယ်ပယ် နည်းပြတစ်ယောက်က ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

“ဟား ဟား…”

စကားတစ်ခွန်းတည်းဖြင့် ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ လူအားလုံး ရယ်မောလိုက်ကြသည်။

ယန်ချန်ဖုန်းက အဂ္ဂိရတ်ဆေးလုံးတွေကို သုံးပြီး ရွှေခန္ဓာနယ်ပယ်ကို အတင်းအဓမ္မ တက်လှမ်းခဲ့တာကို အားလုံးက သိထားကြသည်။ ကိုယ်ပိုင်ကျင့်ကြံမှုဖြင့် တက်လှမ်းလာသည့် ဤနည်းပြများကမူ သူ့ကို စိတ်ထဲကနေ အထင်အမြင်သေးနေကြသည်။

သို့သော် ယန်ချန်ဖုန်းက ယန်ဟုန်နျန်၏ မြေး ဖြစ်နေသဖြင့် သူတို့က လှောင်ပြောင်ရုံသာ လှောင်ပြောင်နိုင်ပြီး အထိအခိုက် မလုပ်ရဲကြပေ။

"ခင်ဗျားတို့... ကျုပ်ရဲ့ စွမ်းအားက နည်းပါးတာ မှန်ပါတယ်... ခင်ဗျားတို့ ရယ်ချင်ရင်လည်း ရယ်ကြပါ..."

"ဒါပေမဲ့... ကျုပ်တို့ ကျောင်းက နည်းပြချုပ် ယွမ်ကော်ကော်နဲ့ သူ ဖိတ်ထားတဲ့ ကျောက်လင်တို့က ခင်ဗျားတို့ ဟေးချီခရိုင် ချီလင်အကယ်ဒမီကို အထင်သေးနေကြတယ်ဆိုတာ သိကြလား..."

"သူတို့ပြောတာက... ခင်ဗျားတို့ ဟေးချီခရိုင် ချီလင်အကယ်ဒမီက ပထဝီအနေအထားအရ အသာစီးရနေပါလျက်နဲ့ ရတနာကို ရှာမတွေ့သေးတာ... တကယ့်ကို အသုံးမကျတဲ့ လူစုပဲတဲ့..."

ယန်ချန်ဖုန်းက တည်ငြိမ်စွာပင် သွေးထိုးစကား ပြောလိုက်သည်။

"ဘာ"

"မင်း... မင်းလို လူမျိုးက ငါတို့ကို အဲဒီလို ပြောရဲတယ်ပေါ့လေ"

"ယွမ်ကော်ကော် ဟုတ်လား... မှတ်ထားလိုက်မယ်..."

"ပြီးတော့ အဲဒီကျောက်လင်... ငါနဲ့သာတွေ့ရင် သူ အရိုးကျိုးအောင် ရိုက်သတ်ပစ်မယ်..."

"ဒေါသထွက်လိုက်တာ"

ယန်ချန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများမှာ မေးမြန်းစုံစမ်းခြင်းပင် မပြုလုပ်ဘဲ ဒေါသပေါက်ကွဲသွားကြသည်။ သူတို့သည် ယွမ်ကော်ကော်နှင့် ကျောက်လင်ကို အငြိုးထားလိုက်ကြသည်။

"ခင်ဗျားတို့ ဒေါသထွက်နေရုံနဲ့ ဘာလုပ်နိုင်မှာလဲ... ယွမ်ကော်ကော်နဲ့ ကျောက်လင်က ဒီစကားတွေကို တခြား အကယ်ဒမီတွေကိုလည်း ပြောပြလိုက်ရင် ခင်ဗျားတို့ ဟေးချီခရိုင် ချီလင်အကယ်ဒမီမှာ ဘယ်လိုမျက်နှာနဲ့ နေရတော့မလဲ..."

ယန်ချန်ဖုန်းက မီးလောင်ရာ လေပင့်ပေးလိုက်သည်။

"ယုတ်မာလိုက်တာ”

"ယွမ်ကော်ကော်နဲ့ ကျောက်လင်ကို ချက်ချင်း ရှာပြီး သူတို့ပါးစပ်တွေကို ရိုက်ပိတ်ပစ်ရမယ်”

မျှော်လင့်ထားသည့်အတိုင်းပင် ယန်ချန်ဖုန်း၏ ထပ်ခါတလဲလဲ လှုံ့ဆော်မှုကြောင့် ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ လူအုပ်မှာ သည်းမခံနိုင်တော့ဘဲ ဒေါသအလျောက် ပြေးသွားကြသည်။

"ယွမ်ကော်ကော်နဲ့ ကျောက်လင် ဘယ်မှာလဲ... အခုချက်ချင်း သွားသတ်မယ်..."

ထိုအချိန်တွင် ဟေးချီခရိုင် ချီလင်အကယ်ဒမီ၏ နည်းပြချုပ် ကျောက်တာ့ဟုန်က ဓားကို ဆွဲထုတ်ပြီး အေးစက်သော အကြည့်ဖြင့် ပြောလိုက်သည်။

ယန်ချန်ဖုန်းက နောက်ဘက်ကို လက်ညှိုးထိုးပြပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"သူတို့က ဟိုတောင်ခြေရင်းမှာ ရှိတယ်..."

"ခင်ဗျားတို့ မသွားတာကောင်းမယ်... ယွမ်ကော်ကော်က အစွမ်းထက်တယ်... ခင်ဗျားတို့ သူ့ကို နိုင်မှာ မဟုတ်ဘူး..."

ထိုစကားက ကျောက်တာ့ဟုန်၏ ဒေါသကို ပိုပြီး တောက်လောင်စေသည်။

သူတို့နှစ်ယောက်လုံးက ထိပ်တန်းနည်းပြတွေပဲလေ... ဘယ်လိုလုပ် အရှုံးပေးနိုင်မလဲ။

ထို့ကြောင့် ကျောက်တာ့ဟုန်က မြင်းကို အရင်ဆုံး စီးသွားပြီး ကျန်တဲ့သူတွေကလည်း စိတ်လှုပ်ရှားစွာဖြင့် နောက်က လိုက်သွားကြသည်။

ယန်ချန်ဖုန်း၏ အကြံအစည် အောင်မြင်သွားပြီး သူက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ထို့နောက် ယန်ချန်ဖုန်းသည် ကျောက်တာ့ဟုန်တို့က ယွမ်ကော်ကော်နှင့် ကျောက်လင်ကို မည်သို့ ရှက်ရအောင် လုပ်မလဲဆိုတာကို ကြည့်ဖို့ နောက်ကနေ တိတ်တဆိတ် လိုက်သွားလေသည်။

All Chapters