← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက်၏ ပထမဆုံး အစွမ်းပြချက်

"တွေ့ပြီ"

"ကျွန်တော် ယွမ်ကော်ကော်ကို မှတ်မိတယ်... အဲဒါ ယွမ်ကော်ကော်ပဲ"

"သူ့ဘေးက လူငယ်လေးက ကျောက်လင် ဖြစ်ရမယ်"

ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ လူအုပ်ကြီးမှာ အလောတကြီး ရောက်လာပြီး ယွမ်ကော်ကော်နှင့် ကျောက်လင်ကို နောက်ဆုံးတွင် ရှာတွေ့သွားလေသည်။

ထိုအချိန်တွင် ထိုလူနှစ်ယောက်မှာ အသားကင်နေကြသည်။

ရွှေခန္ဓာနယ်ပယ်မှ ကျင့်ကြံသူတစ်ယောက်သည် စားချင်စိတ်ရှိပါက တစ်နေ့တာလုံး အဆက်မပြတ် စားနိုင်ပြီး ခန္ဓာကိုယ်ကလည်း အားလုံးကို အပြည့်အဝ ချေဖျက်ပေးနိုင်သည်။

ထို့ကြောင့်ပင် သူတို့နှစ်ယောက်မှာ ဟော့ပေါ့စားပြီးသည့်နောက် ဂျီကောင်၏ ရင်ဘတ်မှ အသားများကို ထုတ်ယူကာ အနီးအနားတွင် ချက်ချင်း ကင်စားနေခြင်း ဖြစ်သည်။ ဟင်းခတ်အမွှေးအကြိုင်တို့၏ အနံ့နှင့်အတူ ထွက်ပေါ်လာသည့် မီးခိုးငွေ့မှာ လေထဲသို့ ဝေးဝေးလံလံ ပြန့်လွင့်နေ၏။

ကျောက်လင်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက်တွင် ယွမ်ကော်ကော်မှာ ရတနာရှာရန် အလျင်မလိုတော့ဘဲ ကျောက်လင်နှင့်အတူ တောင်ထဲတွင် အေးအေးလူလူ ဘဝကို ခံစားနေတော့သည်။

"ဟင်.."

ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ လူအုပ် ရောက်လာသောအခါ ယွမ်ကော်ကော်က သူတို့ကို ချက်ချင်းပင် မြင်လိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူတို့၏ အမူအရာမှာ ရန်လိုနေသည်ကို သူ သိလိုက်သည်။

"အစ်ကိုယွမ်... သူတို့ရဲ့ ပုံစံကို ကြည့်ရရင် ခင်ဗျားကို လာပြီး အရိုက်ခံခိုင်းမယ့်ပုံပဲ... ကြောက်လား..."

ကျောက်လင်၏ လင်းယုန်မျက်လုံးက သူတို့၏ အမူအရာကို စူးစမ်းလိုက်ရာ သူတို့မှာ သူတို့ကို တိုက်ခိုက်ရန် လာကြသည်ကို သိသဖြင့် သတိပေးလိုက်သည်။

"ငါက သူတို့ကို ကြောက်မယ်လို့ ထင်နေတာလား..."

"သူတို့သာ ငါ့ကို လက်ရဲဇက်ရဲ လုပ်ရဲရင် အသေအလဲကို ရိုက်ပစ်လိုက်မယ်"

ယွမ်ကော်ကော်က ဂရုမစိုက်သလို ပြောလိုက်သည်။

တိုက်ဆိုင်စွာပင် ဟေးချီခရိုင် ချီလင်အကယ်ဒမီအုပ်စုထဲတွင် အထူးစွမ်းရည်ရှိသည့် ကျောင်းသားတစ်ယောက် ပါလာသည်။ သူသည် အရာအားလုံးကို ကြားနိုင်သည့် စွမ်းရည်ဖြင့် မွေးဖွားလာသူ ဖြစ်သည်။

"နည်းပြကျောက်တာ့ဟုန်... ယွမ်ကော်ကော်က ကျွန်တော်တို့ကို အသေအလဲ ရိုက်ပစ်မယ်လို့ ပြောလိုက်တယ်"

ထိုကျောင်းသားက ချက်ချင်းပင် လှမ်းပြောလိုက်သည်။

အကုန်လုံး အဆင်ပြေသွားပြီ၊ အကုန်လုံး ကိုက်ညီသွားပြီ။

ကျောက်တာ့ဟုန်မှာ ယန်ချန်ဖုန်း၏ လှုံ့ဆော်မှုအပေါ် အနည်းငယ် သံသယ ဝင်နေသေးသော်လည်း သူ့ကျောင်းသား၏ စကားကို ကြားပြီးနောက် ယွမ်ကော်ကော်က ဟေးချီခရိုင် ချီလင်အကယ်ဒမီကို အထင်သေးနေမှန်း သိလိုက်ရသည်။

"အားလုံး... ငါ့နောက် လိုက်ခဲ့ကြ... ယွမ်ကော်ကော်ကို သူကိုယ်တိုင် အညစ်အကြေးတွေ အန်ထွက်ကျတဲ့အထိ မရိုက်သရွေ့ ဒီနေရာကနေ မသွားဘူး"

ကျောက်တာ့ဟုန်မှာ ဒေါသထွက်ပြီး အမိန့်ပေးလိုက်သည်။

ခဏအကြာတွင် လူအုပ်ကြီးမှာ ယွမ်ကော်ကော်နှင့် ကျောက်လင်ကို ဝိုင်းရံထားလိုက်သည်။

"မင်းတို့... ဒါ ဘာလုပ်တာလဲ..."

ယွမ်ကော်ကော်က ဓားကို ဆုပ်ကိုင်ထားပြီး ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ လူအုပ်ကို အလွန်သတိထား၍ စောင့်ကြည့်နေသည်။

"ဟွန်း... ငါ့ကို ဘာလုပ်တာလဲ လာမေးနေသေးတယ်"

"မင်း... ယွမ်ကော်ကော်... မင်းက တော်တော် မောက်မာတာပဲနော်... ငါတို့ ဟေးချီခရိုင် ချီလင်အကယ်ဒမီကို အထင်သေးရဲတယ်ပေါ့..."

"ဒီနေ့တော့ ငါ... ကျောက်တာ့ဟုန်... မင်းနဲ့ ယှဉ်ပြိုင်ကြည့်မယ်... ငါတို့နှစ်ယောက်ရဲ့ ထိပ်တန်းနည်းပြတွေထဲမှာ ဘယ်သူက ပိုစွမ်းသလဲဆိုတာ ကြည့်ရအောင်"

ကျောက်တာ့ဟုန်က ဓားရှည်ကို ဝှေ့ယမ်းကာ မြင်းပေါ်မှ ခုန်ချလိုက်သည်။

"မင်းက တကယ်ပဲ ငါ့ကို တိုက်ချင်တာလား..."

ကျောက်တာ့ဟုန်၏ ရန်လိုသည့် အမူအရာကို မြင်သောအခါ ယွမ်ကော်ကော်လည်း တိုက်ပွဲ ဖြစ်လာတော့မည်ကို သိသဖြင့် ဒေါသများ တောက်လောင်လာသည်။

*ငါတို့အားလုံးက ထိပ်တန်းနည်းပြတွေပဲ၊ ရွှေခန္ဓာနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေကြသူတွေပဲ... အခုနောက်ဆုတ်ပြီး အားနည်းပြလိုက်ရင် အနာဂတ်မှာ ဘယ်လို မျက်နှာပြရဲတော့မလဲ…*

မည်သို့ပင်ဆိုစေကာမူ သူတို့ နှစ်ယောက်လုံးမှာ သူတို့ကျောင်း၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေကြသည်။

နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။

ကျောက်တာ့ဟုန် ထိုစကားကို ကြားလိုက်သောအခါ ယွမ်ကော်ကော်က သူ့ကို အထင်သေးနေသည်ဟု ယူဆလိုက်သည်။

“အကြံပေးပါဦး..”

ကျောက်တာ့ဟုန်က အချိန်မဖြုန်းချင်တော့ပေ။ ဓားရှည်ကို ဝှေ့ယမ်းပြီး ခြေလှမ်းကျွမ်းကျင်စွာဖြင့် ယွမ်ကော်ကော်၏ ရှေ့သို့ ရုတ်တရက် ရောက်လာကာ ရင်ဘတ်ကို တည့်တည့် ထိုးစိုက်လိုက်သည်။

ယွမ်ကော်ကော်မှာ ဒေါသပေါက်ကွဲသွားသည်။

“တိုက်ချင်ရင်လည်း တိုက်ကြတာပေါ့ကွာ”

ချက်ချင်းပင် ယွမ်ကော်ကော်က ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေဓားသွားအရှိန်အဝါများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။

ယွမ်ကော်ကော်၏ ပထမဆုံး ဓားချက်မှာ အသက်စွန့် တိုက်ခိုက်ခြင်းဖြစ်မည်ဟု ကျောက်တာ့ဟုန် မထင်ထားခဲ့ပေ။ သူက ယွမ်ကော်ကော်ကို စိတ်ထဲမှ ရူးသွပ်နေသည့်လူဟု ဆဲဆိုကာ ထိုပြင်းထန်သည့် လေဓားသွားကို ရှောင်ရှားရန် ဘေးသို့ ခုန်ထွက်လိုက်သည်။

ထိုအချိန်တွင် ကျောက်လင်က တိုက်ခိုက်နေကြသည်ကို မြင်သောအခါ နူးညံ့စွာ လှမ်းပြောလိုက်သည်။

"အစ်ကိုယွမ်... ဒီမှာမတိုက်ပါနဲ့... တခြားပိုဝေးတဲ့ နေရာမှာ သွားတိုက်ကြပါ... ဖုန်တွေ တအားထနေတယ်... ဒီအသားကင်ကို စားလို့ မရတော့ဘူး..."

ကျောက်လင်သည် သူတို့၏ တိုက်ပွဲကိုကြည့်ပြီး နှစ်ဦးစလုံး၏ စွမ်းအားမှာ တူညီနေသဖြင့် အနိုင်အရှုံး ခွဲခြားရန် ခက်ခဲကြောင်း နားလည်သွားသည်။

ဤအတိုင်း ဆက်တိုက်နေရင် ဖုန်တွေက နေရာအနှံ့ ပျံ့နှံ့သွားပြီ အသားကင်များမှာ ဖုန်တွေ ဖုံးသွားလိမ့်မည်။ ထိုအချိန်ကျရင် ဘယ်လိုလုပ် စားလို့ရတော့မည်နည်း။

"ကောင်းပြီ"

ယွမ်ကော်ကော် နားလည်သွားပြီး ချက်ချင်းပင် ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

လေဓားသွားများ လွင့်ပျံသွားသည်။

ကျောက်တာ့ဟုန်လည်း လမ်းကြောင်းပေးရန် ဝေးဝေးသို့ ရွေ့သွားလိုက်သည်။

ယွမ်ကော်ကော်သည် မီတာ (၂၀) အကွာသို့ ပြေးသွားကာ မည်သည့်သနားကြင်နာမှုမျှမရှိဘဲ ကျောက်တာ့ဟုန်ကို လှောင်ပြောင်သည့် အမူအရာဖြင့် အမြန်လာခဲ့ရန် လက်ယပ်ခေါ်လိုက်ရာ သူတို့၏ တိုက်ပွဲမှာ အကြိမ် (၃၀၀) အထိ ရှည်ကြာသွားတော့မည် ဖြစ်သည်။

"မင်းက ငါ့ကို ကြောက်မယ်လို့ ထင်နေတာလား”

ယွမ်ကော်ကော်၏ လှောင်ပြောင်သည့် အမူအရာကို သည်းမခံနိုင်တော့ဘဲ ကျောက်တာ့ဟုန်က ဟိန်းဟောက်ကာ ထပ်မံ တိုက်ခိုက်လာသည်။

အချိန်အတန်ကြာတွင် သူတို့နှစ်ယောက်မှာ ဖုန်များ ထဟုန်းထဟုန်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

ထိုအတောအတွင်း ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ အခြားသူများမှာ ကျောက်လင်ကို ဆက်လက် ဝိုင်းရံထားသည်။

"မင်းက ကျောက်လင်လား"

ရွှေခန္ဓာနယ်ပယ်မှ နည်းပြတစ်ယောက်က မေးလိုက်သည်။

"ဟုတ်တယ်"

ကျောက်လင်က အေးစက်စွာ ဖြေလိုက်ပြီး လက်ထဲရှိ အသားကင်ကိုသာ လှည့်ကင်နေကာ သူ့ကို တစ်ချက်ပင် မကြည့်ရန် ပျင်းရိနေသည်။

ကျောက်လင်၏ လျစ်လျူရှုသည့် အမူအရာကို မြင်သောအခါ သူတို့အားလုံး ဒေါသထွက်သွားကြသည်။

ဤသည်က ဟေးချီခရိုင် ချီလင်အကယ်ဒမီကို အထင်သေးတဲ့ အပြုအမူပဲ ဖြစ်သည်။

"ကျောက်လင်... ထစမ်း... မင်းနဲ့ ယှဉ်ပြိုင်ချင်တယ်"

ရွှေခန္ဓာနယ်ပယ်မှ နည်းပြက ချက်ချင်း ဓားကို ဆွဲထုတ်ပြီး ကျောက်လင်ကို ညွှန်ပြကာ အော်ဟစ်လိုက်သည်။

"နည်းပြသွမ့်... သူ့ကို အရှက်ခွဲလိုက်ပါ..."

"နည်းပြသွမ့်... သူ့ လက်တစ်ဖက်လောက် ချိုးပစ်လိုက်..."

"နည်းပြသွမ့်... လျော့မပေးပါနဲ့... ကျောက်လင်ရဲ့ ခေါင်းကို ရိတ်ပစ်လိုက်..."

နည်းပြက ကျောက်လင်ကို သင်ခန်းစာပေးတော့မည်ကို မြင်သောအခါ အခြားသူများမှာလည်း ကျောက်လင်၏ အထင်သေးသည့် အမူအရာကြောင့် ဒေါသထွက်ကာ နည်းပြကို အားပေးကြသည်။

"ဟာ... တအားဆူညံတယ်"

ကျောက်လင်မှာ သည်းမခံနိုင်တော့ပေ။

လူအုပ်ကြီးမှာ တစစနှင့် ဆူညံနေသဖြင့် ကျောက်လင်၏ အသားကင်စားခြင်းကို အနှောင့်အယှက် ဖြစ်စေသည်။

ချက်ချင်းပင် ကျောက်လင်သည် ခုန်ထွက်လိုက်ပြီး နည်းပြသွမ့်၏ ရှေ့သို့ တည့်တည့် ရောက်သွားသည်။

နည်းပြသွမ့်မှာ အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ဓားရှည်ကို ဝှေ့ယမ်းကာ ဓားရိပ်များ ထွက်ပေါ်လာစေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

"ခင်ဗျားရဲ့ လင်ယွမ်သွေးကြောကို ပိတ်လိုက်ပြီ"

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ထို့နောက် ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းနေသည့် နည်းပြမှာ လင်ယွမ်သွေးကြောတည်ရှိသည့် ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖိလျက် မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

ဤသည်မှာ ကျောက်လင်သည် အပြင်လူများရှေ့တွင် မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။

ပထမ အဆင့် (၄) ဆင့်မှာ အရေပြားခွဲခြင်း၊ အရိုးချိုးခြင်း၊ အကြောလျှောခြင်းနှင့် သွေးကြောစုံချက်များ ပိတ်ခြင်းတို့ ဖြစ်သည်။ ကျောက်လင်သည် နည်းပြသွမ့်၏ လင်ယွမ်သွေးကြောကို ပိတ်ဆို့လိုက်ခြင်းဖြင့် ထိုသွေးကြောမှ ဝိညာဉ်စွမ်းအားများ စီးဆင်းမှုကို ရပ်တန့်သွားစေသည်။

ကျောက်လင်မှာ ရပ်မနေဘဲ သူ့ကို သင်ခန်းစာပေးမည်ဟု ပြောသည့် နည်းပြများနှင့် ကျောင်းသားများအားလုံးကို သွားရောက်ကာ ကျွမ်းကျင်သည့် နည်းစနစ်ဖြင့် သွေးကြောစုံချက်များကို ပိတ်ဆို့ခြင်း သို့မဟုတ် အရိုးများကို လျှောချခြင်းများ ပြုလုပ်လိုက်သည်။

ချီလင်အကယ်ဒမီမှ နည်းပြနှင့် ကျောင်းသား တစ်ဒါဇင်ကျော်မှာ မြေပြင်ပေါ်တွင် လဲကျကာ နာကျင်စွာ အော်ဟစ်နေကြသည်။

"မင်းတို့ရဲ့ အသံကို နောက်တစ်ခါ မကြားချင်ဘူး"

"ငါက မင်းတို့ရဲ့ လျှို့ဝှက်သွေးကြောစုံချက်တစ်ခုကိုပဲ ပိတ်ထားတာ... နောက်တစ်နာရီဆိုရင် သူ့အလိုလို ပွင့်သွားလိမ့်မယ်"

"မင်းတို့ နောက်တစ်ခါ ထပ်အော်ရင် နောက်ထပ် သွေးကြောစုံချက်တစ်ခုကို ထပ်ပိတ်ပေးမယ်"

ကျောက်လင်က အေးအေးဆေးဆေး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများမှာ ချက်ချင်းပင် အသံတိတ်သွားပြီး နာကျင်နေသော်လည်း တစ်စုံတစ်ခုမျှ အသံမထွက်ရဲကြတော့ပေ။

ကျောက်လင်ကို ဆဲဆိုခြင်း မပြုခဲ့သည့် ကျောင်းသား (၃) ယောက်လည်း ရှိသေးရာ သူတို့မှာ ကျောက်လင်၏ တိုက်ခိုက်ခြင်းကို မခံခဲ့ရပေ။

ထိုအချိန်တွင် သူတို့ (၃) ယောက်မှာ နည်းပြများနှင့် ကျောင်းသားများကို ကျောက်လင်နှင့် ဝေးရာသို့ အမြန် ခေါ်ဆောင်သွားကြသည်။

ကျောက်လင် တိုက်ခိုက်လိုက်သည်နှင့် ဟေးချီခရိုင် ချီလင်အကယ်ဒမီမှ လူများမှာ ကျောက်လင်၏ စွမ်းအားသည် ယွမ်ကော်ကော်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိသွားကြသဖြင့် သူ့ကို ထပ်မံ မစော်ကားရဲတော့ပေ။

All Chapters