← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း (၂၁၀) ရတနာကို ရှာတွေ့ခြင်းလော

တောင်တန်းသည် အလွန်ပင် ကြီးမားလှ၏။

ချန်းရှန်းခရိုင်မှ ချီလင်အကယ်ဒမီသား လူနှစ်ဆယ်တို့သည် တစ်ဦးစီ လမ်းကြောင်းခွဲကာ တောအုပ်အတွင်းသို့ စူးစမ်းရှာဖွေရန် ဝင်ရောက်သွားကြသည်။

ဖုန်းယွမ်ရီက သူ၏ မျက်လုံးကို ကျောက်လင်ထံမှ ခဏမျှပင် အလွတ်မပေးဘဲ အစဉ်စောင့်ကြည့်နေ၏။ သူသည် မိမိလက်ထဲရှိ ရတနာမြေပုံအတုဖြစ်နေမည်ကို စိုးရိမ်နေသဖြင့် ကျောက်လင်ကို အနီးကပ် ချုပ်ကိုင်ထားခြင်းဖြစ်သည်။ အကယ်၍ ကျောက်လင်သာ လိမ်ညာနေပါက ဓားဖြင့် ထိုးသတ်ရန် ဝန်လေးနေမည် မဟုတ်ပေ။

ကျောက်လင်ကမူ တည်ငြိမ်စွာပင် ရှိနေသေးသည်။ သူသည် တောင်စောင်းအကွယ်တွင် မီးဖိုကာ ယွမ်ကော်ကော် အမဲလိုက်ရာမှ ပြန်လာသည်ကို စောင့်ဆိုင်းနေ၏။

မကြာမီပင် ရွှေခန္ဓာနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသော ယွမ်ကော်ကော်က လက်နှစ်ဖက်တွင် တောဆိတ်တစ်ကောင်စီကို ဆွဲကာ ပြေးလွှားရောက်ရှိလာသည်။

အမဲလိုက်ခြင်း အတတ်ပညာ မရှိသော်ငြား ယွမ်ကော်ကော်၏ ခွန်အားအဆင့်က မြင့်မားလွန်းသဖြင့် အမဲလိုက်ခြင်းမှာ သူ့အတွက် လွယ်ကူလှ၏။

ယင်းမှာ ခြင်ကိုသတ်ရန် အမြောက်ကြီးကို အသုံးပြုနေသည့်နှယ်ဖြစ်သည်။

"ကျောက်လင်... ငါ ဒီတောဆိတ်နှစ်ကောင်နဲ့ တွေ့တုန်းက သူတို့က ထွက်ပြေးဖို့ ကြိုးစားသေးတယ်... ဒါနဲ့ ငါ ကျောက်စရစ်ခဲနှစ်လုံး ပစ်ပေါက်လိုက်တာ သူတို့ခေါင်းတွေ ပွထွက်သွားရော..."

ယွမ်ကော်ကော်က အောင်ပွဲခံသည့် အမူအရာဖြင့် ပြေးလာပြီး ကြွားလုံးထုတ်လိုက်သည်။

အနီးကပ် စောင့်ကြည့်နေသော ဖုန်းယွမ်ရီမှာ ထိုစကားကို ကြားလိုက်ရသော် သူ၏ မျက်ဝန်း၌ မထီမဲ့မြင်ပြုသည့် အကြည့်မျိုး ပေါ်လာသည်။

ရွှေခန္ဓာနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်က တခြားသူများအတွက် တိရစ္ဆာန်အမဲလိုက်ပေးနေပြီး ဂုဏ်ယူနေရသလော။

"အစ်ကိုယွမ်... အမဲလိုက်တာ ပိုပြီး ကျွမ်းကျင်လာတာပဲ..."

"ဆိတ်သားရေကို အမြန်ဆုတ်လိုက်ပါဦး... ခဏနေရင် ဆိတ်ကင် လုပ်စားကြမယ်..."

ကျောက်လင်က ချီးကျူးစကား ဆိုလိုက်သည်။

ယွမ်ကော်ကော်ကလည်း အမိန့်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံကာ ဖုန်းယွမ်ရီ၏ အထင်သေးသော အကြည့်အောက်တွင်ပင် ဆိတ်သားရေကို ဓားဖြင့် ကျွမ်းကျင်စွာ ဆုတ်ခွာလိုက်သည်။

တောဆိတ်၏ အတွင်းကလီစာများကိုမူ လွှင့်ပစ်လိုက်ကြသည်။

ကျန်ရှိနေသည်မှာ ဆိတ်ရိုးသာ ဖြစ်သည်။

ကျောက်လင်က ဆိတ်ရိုးကို ရေနွေးဖြင့် ဆေးကြော၍ သွေးစွန်းများကို ဖယ်ရှားလိုက်ပြီး ဝါးခြမ်းနှစ်ခုဖြင့် ထိုးကာ မီးပေါ်သို့ တင်လိုက်၏။

ကျောက်လင်နှင့် ယွမ်ကော်ကော်တို့သည် မီးဖိုတစ်ဖိုစီကို တာဝန်ယူကာ ဆိတ်သားပေါ်သို့ ဆီသုတ်လိမ်း၍ ဟင်းခတ်အမွှေးအကြိုင်များ ဖြူးပေးလိုက်သည်။

မကြာမီပင် မွှေးပျံ့သည့် အနံ့သင်းများက ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် တောအုပ်အတွင်းသို့ ပျံ့နှံ့သွားသည်။

ဖုန်းယွမ်ရီမှာ ပထမတွင် ထိုလူနှစ်ယောက်၏ လုပ်ရပ်ကို အထင်သေးသော်လည်း၊ ကျင့်ကြံသူကြီးများ ဖြစ်ပါလျက် တောသားများကဲ့သို့ ပြုမူနေသည်ဟု ထင်မြင်မိသည်။ သို့သော်လည်း မီးခိုးတန်းများ တက်လာပြီး ဆွဲဆောင်မှုရှိသော အနံ့ကို ရှူရှိုက်လိုက်ရသောအခါ သူကိုယ်တိုင်ပင် တံတွေးကို အကြိမ်ကြိမ် မျိုချမိတော့သည်။

သူလည်း စားချင်စိတ် ပေါက်လာပြီဖြစ်သည်။

သို့သော် ကျောက်လင်နှင့် ယွမ်ကော်ကော်တို့မှာ ဘေးတွင် ရပ်နေသည့် ဖုန်းယွမ်ရီကို လုံးဝ လျစ်လျူရှုထားသည်။ ဆိတ်ကင် ကျက်လုနီးပါး ဖြစ်ချိန်တွင် ဆိတ်ရိုးကို ကျောက်တုံးပေါ်သို့ တင်ကာ အသားများကို ခွာ၍ အရသာခံ စားသောက်နေကြသည်။

"မိတ်ဆွေတို့... အရောင်းအဝယ်တစ်ခု လုပ်ကြမလား..."

နှစ်ယောက်သား ဆီရွှဲနေသော ပါးစပ်ဖြင့် စားသောက်နေပြီး မွှေးပျံ့သည့် အနံ့များက လေထဲတွင် လွှမ်းခြုံထားသည်ကို မြင်ရသောအခါ ဖုန်းယွမ်ရီမှာ သည်းမခံနိုင်တော့ဘဲ စကားစလိုက်သည်။

"ငါတို့ စားနေတာကို အနှောင့်အယှက် မပေးပါနဲ့..."

ယွမ်ကော်ကော်က ခေါင်းပင် မမော့ဘဲ စကားတစ်ခွန်းတည်းဖြင့် ပြန်တုံ့ပြန်လိုက်သည်။

"ငါ ဆိတ်နံရိုးတစ်တုံးလောက် ရနိုင်မလား..."

ဖုန်းယွမ်ရီက သည်းခံစွာဖြင့် မေးမြန်းသည်။

အကြောင်းအရင်းကို မသိရသော်လည်း ကျောက်လင်၏ ဆိတ်ကင်အနံ့မှာ အလွန်ပင် မွှေးပျံ့နေသည်ဟု သူ ခံစားရသည်။ သူ၏ စားချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ တစ်ကိုက်လောက် စားကြည့်ချင်နေမိသည်။

"ရတယ်... ငွေတစ်ထောင် ပေးရမယ်..."

ကျောက်လင်က ပြန်ပြောသည်။

"ဘာ..."

"ဘာ”

ပထမအသံမှာ ဖုန်းယွမ်ရီဆီမှ ဖြစ်သည်။ ဆိတ်နံရိုး တစ်တုံးအတွက် ငွေတစ်ထောင်ပေးရမည်ဟု သူ လုံးဝ မထင်မှတ်ထားပေ။

တောဆိတ်တစ်ကောင်လုံး၏ တန်ဖိုးက ငွေတစ်ပြားပင် မရှိသော်လည်း ဆိတ်နံရိုးတစ်တုံးကို ငွေတစ်ထောင်နှင့် ရောင်းသည်မှာ လူလုယက်မှုပင် ဖြစ်သည်။

နောက်ဆုံးအသံမှာ ယွမ်ကော်ကော်ဆီမှ ဖြစ်သည်။ ကျောက်လင်၏ ဈေးနှုန်းမှာ ဤမျှလောက်ထိ ထူးဆန်းပြီး ရူးမိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားပေ။

အခြေအနေများ ရှုပ်ထွေးနေချိန်တွင် တောင်ပေါ်မှ ချီလင်အကယ်ဒမီ နည်းပြတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ငါ ရတနာကို ရှာတွေ့ပြီ"

ထိုအသံကြောင့် ဖုန်းယွမ်ရီ၏ အာရုံများမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် စားချင်စိတ်ကို မေ့လျော့ကာ တောင်ပေါ်သို့ ချက်ချင်း ပျံတက်သွားပြီး နည်းပြ၏ ဘေးသို့ ရောက်ရှိသွား၏။

ချန်းရှန်းခရိုင်မှ အခြား ကျောင်းသားများမှာလည်း သတင်းကြားသည်နှင့် အပြေးအလွှား ရောက်လာကြသည်။

"ကျောက်လင်... သူတို့ ရတနာဂိုဒေါင်ရဲ့ အဝင်ဝကို ရှာတွေ့သွားပြီ... ငါတို့ မသွားကြည့်သင့်ဘူးလား..."

ထိုအချိန်တွင် ယွမ်ကော်ကော်က ဆိတ်နံရိုးကို တစ်ဖက်တွင် ကိုင်ကာ စိုးရိမ်တကြီး မေးမြန်းသည်။

"အစ်ကိုယွမ်... ကျွန်တော့်ဆုံးဖြတ်ချက်ကို ယုံကြည်ပါ..."

"မဟာလီမင်းဆက်ရဲ့ ရတနာတွေက ရဖို့ ဒီလောက် မလွယ်ကူဘူး..."

"ဒီချန်းရှန်းခရိုင်ကလူတွေက ပြိုင်ပွဲမှာ နေရာရဖို့အတွက် ရတနာကို အရင်ဆုံး ရှာတွေ့ဖို့ တပ်မက်နေကြတာ..."

"သူတို့ သေချာပေါက် ဆုံးရှုံးမှုကြီး တွေ့ရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်..."

ကျောက်လင်က သူ၏ ခေါင်းကို ငုံ့ကာ ဆိတ်သားကိုသာ ဆက်လက် စားသောက်နေပြီး တောင်ပေါ်မှ အခြေအနေကို ကြည့်ရှုရန်ပင် စိတ်မဝင်စားပေ။

မည်သို့ပင်ဆိုစေကာမူ ကျောက်လင်သည် ဤနေရာမှာ ရတနာအတုဖြစ်ကြောင်း သိရှိထားပြီးသား ဖြစ်သည်။ ချန်းရှန်းခရိုင်မှလူများ ဝင်ရောက်သွားသည်နှင့် အာဏာပိုင်တို့၏ ထောင်ချောက်ထဲသို့ သေချာပေါက် ကျရောက်သွားလိမ့်မည်။

ဤနေရာသည် မဟာလီမင်းဆက်၏ ရတနာစစ်စစ်ဖြစ်ခဲ့လျှင်ပင် ကျောက်လင်က ဦးဆုံး အပြေးအလွှား ဝင်သွားမည့်သူ မဟုတ်ပေ။

အသားခံအဖြစ် အသုံးချခံချင်သူများ ရှိပါကလည်း ဝင်သွားကြပါစေ။

ကျောက်လင်မှာမူ ထိုကဲ့သို့ အခြေခံအမှားမျိုးကို လုံးဝ ကျူးလွန်လိမ့်မည် မဟုတ်ပေ။

"အင်း... ကောင်းပြီ... ငါ မင်းကို ယုံတယ်..."

ယွမ်ကော်ကော်က သိချင်စိတ်ကို ထိန်းချုပ်ကာ ဆိတ်သားကို ဆက်လက် စားသောက်ရန် ထိုင်လိုက်သည်။

တောင်အမြင့်ပေတစ်ရာခန့်တွင် ဖုန်းယွမ်ရီ ရောက်ရှိသွားသောအခါ သဘာဝဂူကြီးတစ်ခုကို တွေ့လိုက်ရသည်။

ရွှေခန္ဓာနယ်ပယ်မှ နည်းပြက ဂူအဝင်ဝကို ပိတ်ထားသည့် ကျောက်တုံးကြီးကို အားဖြင့် ဖျက်ဆီးလိုက်ရာ ဂူဝ ပေါ်ထွက်လာသည်။

"နည်းပြဖုန်း... ဒါက တကယ်ပဲ ရတနာဂိုဒေါင် ဟုတ်ရဲ့လား..."

"ဒါက ထောင်ချောက်များ ဖြစ်နေမလား..."

နည်းပြက ဖုန်းယွမ်ရီကို စိုးရိမ်တကြီး မေးမြန်းသည်။

"မကြောက်ပါနဲ့... ငါတို့အဖွဲ့ရဲ့ ခွန်အားနဲ့ဆိုရင် ပဉ္စမအဆင့် ကျောက်စိမ်းသွေးကြောနယ်ပယ် ကျွမ်းကျင်သူပဲဖြစ်ပါစေ ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."

ဖုန်းယွမ်ရီက တည်ငြိမ်စွာ ပြောလိုက်သည်။

မကြာမီပင် တီတုံ၊ လုချင်းဖုန်းနှင့် ချန်းရှန်းခရိုင်မှ ချီလင်အကယ်ဒမီလူများ ရောက်ရှိလာကြသည်။

ထိုလူများက ဂူကို မြင်လိုက်ရပြီး ဂူအတွင်းမှ တိုက်ခတ်လာသော အေးစက်စက် လေပြည်ကို ခံစားမိသော်လည်း မည်သူမျှ အတွင်းသို့ ဝင်ရောက်ရန် မဝံ့ရဲကြပေ။

"အဘိုးကြီးဖုန်း... ငါတို့ အတွင်းမှာ ရတနာတွေ ရှိမရှိ သွားကြည့်သင့်မလား... ဒါက တကယ်ပဲ မဟာလီမင်းဆက်ရဲ့ ရတနာဂိုဒေါင် ဟုတ်မဟုတ် အတည်ပြုဖို့လေ..."

လုချင်းဖုန်းက မေးခွန်းထုတ်သည်။

"မိတ်ဆွေတို့... သေချာအောင်တော့ ဒီအတိုင်း ဝင်သွားလို့မဖြစ်ဘူး..."

"အားလုံးပဲ အနီးအနားက တောအုပ်တွေဆီ သွားပြီး တိရစ္ဆာန်အရှင်တွေကို ဖမ်းလာခဲ့ကြ... ပြီးရင် ဒီဂူထဲကို မောင်းသွင်းရမယ်... ငါတို့က တိရစ္ဆာန်တွေရဲ့ နောက်ကနေ လိုက်သွားကြမယ်... ဒါဆိုရင် တစ်ခုခုဖြစ်လာရင် ချက်ချင်း ထွက်ပြေးနိုင်မှာပေါ့..."

ဖုန်းယွမ်ရီမှာ အလွန်ပင် သတိကြီးသည်။

ထိပ်တန်းနည်းပြ ဖြစ်လာသည့်အတိုင်း ဖုန်းယွမ်ရီမှာ အလွန်ပင် ဉာဏ်ကောင်း၏။ သူသည် မဟာလီမင်းဆက်၏ ရတနာဂိုဒေါင်တွင် ထောင်ချောက်များနှင့် ယန္တရားများစွာ ရှိနေမည်ကို သိရှိသဖြင့် ပေါ့ပေါ့ဆဆ လုပ်ဆောင်၍ မရကြောင်း ဆင်ခြင်မိသည်။

"ဒီနည်းလမ်းက တကယ်ကောင်းတယ်”

"ဖြစ်နိုင်တယ်..."

နည်းပြများနှင့် ကျောင်းသားများအားလုံး ဖုန်းယွမ်ရီ၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။

ထို့ကြောင့် လူနှစ်ဆယ်တို့သည် တောအုပ်အတွင်းသို့ အတူတကွ ဝင်သွားကြပြီး တိရစ္ဆာန်ကြီးများကို ဖမ်းဆီးကာ ဂူအဝင်ဝသို့ မောင်းသွင်းကြသည်။

"အဘိုးကြီးဖုန်း... ကျောက်လင်နဲ့ ယွမ်ကော်ကော်ကတော့ မလှုပ်မယှက်နဲ့ ဆိတ်သားပဲ စားနေကြတုန်းပဲ... ဒီနေရာမှာ တစ်ခုခု မသင်္ကာစရာ ရှိနေသလိုပဲ..."

ထိုအချိန်တွင် တီတုံက စကားတစ်ခွန်း ဆိုလိုက်သည်။

"ရပါတယ်... ဒီတိရစ္ဆာန်တွေကို ဂူထဲ မောင်းသွင်းပြီး အခြေအနေကို အရင် စူးစမ်းကြည့်ကြတာပေါ့..."

ဖုန်းယွမ်ရီလည်း ထိုလူနှစ်ယောက်၏ လုပ်ရပ်မှာ ထူးဆန်းသည်ဟု ခံစားမိသော်လည်း သူ၏ စွမ်းရည်ကို ယုံကြည်နေသဖြင့် ပို၍ မစောင့်ဆိုင်းချင်တော့ပေ။

တိရစ္ဆာန်ကြီးနှစ်ဆယ်ကို ဂူထဲသို့ မောင်းသွင်းလိုက်ကြပြီး ဖုန်းယွမ်ရီတို့က နောက်မှနေ၍ ဂူအတွင်းသို့ နက်နက်ဝင်ရောက်ရန် တွန်းအားပေးလိုက်သည်။

ဂူအတွင်းတွင် အေးစက်စက် လေတိုက်ခတ်နေပြီး လျှောက်သွားလေလေ ဂူက ပို၍ ကျယ်ဝန်းလာလေလေဖြစ်၏။

နှစ်လီခန့် လျှောက်သွားပြီးနောက် လူအုပ်စုမှာ တောင်ခြေသို့ ရောက်ရှိသွားသည်ဟု ခန့်မှန်းရပြီး နေရာမှာ ပို၍ ကျယ်ဝန်းလာသည်။

လူတိုင်း ရောက်ရှိသွားချိန်တွင် တိရစ္ဆာန်နှစ်ဆယ်က ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ဖုန်းယွမ်ရီတို့၏ ခြိမ်းခြောက်မှုကို မမှုတော့ဘဲ ဂူထဲမှ ထွက်ပြေးရန် လှည့်ပြန်လာကြသည်။

"ဝေါင်း"

ထိုအချိန်မှာပင် ဂူအတွင်းပိုင်းမှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံကြီး ထွက်ပေါ်လာ၏။

All Chapters