အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း(၁၁၃) ရဲတပ်ဖွဲ့ဖွင့်ပွဲနေ့ - ကလေးငယ်များ အတွေ့ချင်ဆုံး သူရဲကောင်းများ
ချူးရှန့်က မလှုပ်ရှားပေ။
သူ အော်ဟစ်ခြင်းပင် မပြုလုပ်ခဲ့။
သူက ခေါင်းကိုသာ မော့လိုက်ပြီး ဆူညံနေသည့် လူအုပ်ကြားကို ဖြတ်ကျော်ကာ ဘေ့စ်ဘောဦးထုပ် ဆောင်းထားသည့် လူတစ်ယောက်ဆီသို့ သူ၏ အေးစက်စက် အကြည့်များဖြင့် တိကျစွာ ပစ်မှတ်ထားလိုက်သည်။
ထိုသူ၏ လက်ထဲရှိ အညှပ်က အဘိုးအိုတစ်ယောက်၏ အိတ်ကပ်ထဲမှ အကြွေစေ့တစ်ခုကို ညှပ်ထားပြီးဖြစ်၏။
သူ အားစိုက်လိုက်မည့် အချိန်တွင် ရုတ်တရက် သူ့ဆံပင်များပင် ထောင်မတတ် ဖြစ်သွားစေမည့် အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။
သူက မသိစိတ်ဖြင့် မော့ကြည့်လိုက်ရာ ချူးရှန့်၏ အကြည့်နှင့် တိုးမိသွား၏။
"..."
ထိုအခိုက်အတန့်တွင် ထိုသူသည် ပန်းခြံထဲတွင် မဟုတ်ဘဲ ဆိုက်ဘေးရီးယား ရေခဲပြင်ပေါ်၌ အစာငတ်နေသော ဝက်ဝံကြီးတစ်ကောင်၏ အကြည့်ကို ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
မည်သည့် သတိပေးချက်မျှ မပါရှိသလို ထိုမျက်လုံးများထဲတွင် ဒေါသအငွေ့အသက်လည်း မရှိပေ။
ရှိသည်မှာ အသက်မဲ့သည့် ပစ္စည်းတစ်ခုအပေါ်တွင်သာ ထားရှိတတ်သည့် လျစ်လျူရှုမှုမျိုးသာ ဖြစ်၏။
ထိုသူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး လက်များ တုန်ယင်လာကာ သူ၏ ညှပ်က မြေပြင်ပေါ်သို့ ဒေါက်ခနဲ ကျသွားသည်။
သူသည် ၎င်းကိုပင် ကောက်ယူရန် မေ့သွား၏။
သူလုပ်မိသည့် ပထမဆုံး အရာမှာ အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်လိုက်ခြင်းဖြစ်ပြီး၊ လက်နှစ်ဖက်ဖြင့် ခေါင်းပေါ်သို့ မြှောက်ကာ ဒုန်းခနဲ ဒူးထောက်လိုက်ခြင်းပင်တည်း။
ထိုလုပ်ရပ်တစ်ခုလုံးမှာ သဘာဝကျပြီး လျင်မြန်လှကာ ရှင်သန်လိုသည့် ဇောဖြင့် ပြည့်နှက်နေ၏။
ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများမှာ အံ့အားသင့်သွားကြသည်။
ဤလူ ဘာလုပ်နေပါသလဲ။
"ငါလည်း မသိဘူး... တပည့်ခံချင်တာများလား..."
အဘိုးကြီးဝမ်က သူ့ပေါင်ကို သူ ရိုက်လိုက်ပြီး
"ငါသဘောပေါက်ပြီ..ဒါက အစောင့်အရှောက်နတ်မင်းကို ပူဇော်တာပဲ..သူ့ရဲ့ အတိတ်က အပြစ်တွေအတွက် ခွင့်လွှတ်မှု တောင်းခံနေတာ"
ချူးရှန့်က မြေပြင်ပေါ်တွင် တုန်ယင်စွာ ဒူးထောက်နေသော ထိုသူကို ကြည့်လိုက်ပြီးနောက် ငါနားလည်ပြီ ဆိုသည့် အမူအရာဖြင့် ကြည့်နေကြသော အဘိုးအိုများကို ကြည့်မိရာ သူ၏ ခေါင်းပို၍ ကိုက်လာမိ၏။
သူသည် လှည့်ထွက်လာပြီး လူအုပ်ကို တွန်းဖယ်ကာ စကားတစ်ခွန်းမျှ မပြောဘဲ ထွက်ခွာသွားလိုက်သည်။
သူသာ ထပ်နေနေပါက နေရာမှာပင် အရိုအသေပေးခြင်း ခံရတော့မည်ဖြစ်သည်။
ကျန်းဟွေ့သည် ချူးရှန့်၏ ထွက်ခွာသွားသော အရိပ်အယောင်ကို ကြည့်နေပြီးနောက် ဒူးထောက်နေသော လူနှင့် အလေးပေးခြင်းခံလိုက်ရ၍ ပျော်ရွှင်နေသော ချိန်းတွေ့ပွဲမှ မိန်းကလေးကို ကြည့်ကာ အတွေးနက်သွား၏။
*ငါတို့ရဲ့ ချူးရှန့်က အိမ်ထောင်ဖက် ဈေးကွက်မှာ တကယ်ပဲ ရေပန်းစားလွန်းနေတာလား…*
နန့်ချန်ရဲစခန်းခွဲမှာ ဒယနေ့ ထူးထူးခြားခြား စည်ကားနေသည်။
ဝင်ပေါက်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်တွင် "ရဲတပ်ဖွဲ့ဖွင့်ပွဲနေ့၊ ပြည်သူများ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်" ဟု ရေးသားထား၏။
ဝမ်ထဲ့ကျွင်းမှာ ခန်းမဆောင်ထဲတွင် ရဲအရာရှိများကို နေရာချပေးရင်း ချွေးတပြိုက်ပြိုက်ကျနေသည်။
"အဲ့ဒီမီးပုံးကို ဘယ်ဘက်ကို ရွှေ့လိုက်"
"လက်ကမ်းစာစောင်တွေ အကုန်ချထားပြီးပြီလား…ဘာမှမယူသွားရဘဲ လူတွေ ပြန်မသွားစေနဲ့"
ဗျူရိုအကြီးအကဲ ကျိုးကျန်ကော်သည် စစ်ဆေးရန် ဆင်းလာပြီး အပြင်မှ ပြန်ရောက်လာသည့် ချူးရှန့်ကို ချက်ချင်း တွေ့သွားသည်။
"ရဲအရာရှိ ချူးရှန့်"
ဗျူရိုအကြီးအကဲ ကျိုးသည် ချူးရှန့်ထံ နွေးထွေးစွာ လျှောက်လာပြီး သူ၏ လက်မောင်းကို ပုတ်လိုက်သည်။
"ဒီနေ့ မင်းက ငါတို့ ရဲစခန်းရဲ့ မျက်နှာစာပဲ၊ ဒါကြောင့်... နည်းနည်းလောက် ပို၍ ရင်းနှီးဖော်ရွေဖို့ ကြိုးစားလိုက်ဦး”
ဗျူရိုအကြီးအကဲကျိုးသည် အသင့်တော်ဆုံး စကားလုံးကို ရှာဖွေရန် အသည်းအသန် ကြိုးစားနေ၏။
ချူးရှန့်က ဗျူရိုအကြီးအကဲကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။
ရင်းနှီးဖော်ရွေမှုလား…အဲ့ဒါက ဘာလဲ…တိုက်ခိုက်ရေး ပုံစံသစ်တစ်ခုလား…
ဝမ်ထဲ့ကျွင်းက ချူးရှန့်ကို ဘေးသို့ ဆွဲခေါ်သွားပြီး အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အမလေးဗျာ…ဒီနေ့ လာတဲ့သူတွေထဲမှာ ကလေးတွေ အများကြီးပဲ…သေချာမှတ်ထား၊ မင်း အပြုံးပဲ ပြရမယ် မျက်စောင်း မထိုးရဘူး ကြားလား"
ချူးရှန့်က သေမင်းတမန် ကတ်ကြေးလက် ဓာတ်ပုံကို ပြန်တွေးကြည့်လိုက်ပြီး သူ ထိုသို့ လုပ်နိုင်မည် မထင်ကြောင်း သိလိုက်ရသည်။
ထိုစဉ်မှာပင် ဝင်ပေါက်မှ ကလေးဆန်သော်လည်း တစ်ပြေးညီ အော်သံများ ထွက်ပေါ်လာသည်။
"ငါတို့ ဝက်ဝံဦးလေးကြီးကို မြင်ချင်တယ်"
"ဝက်ဝံဦးလေးကြီး.. ဝက်ဝံဦးလေးကြီး…"
ဝမ်ထဲ့ကျွင်းနှင့် ဗျူရိုအကြီးအကဲ ကျိုးတို့မှာ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြ၏။
ရဲစခန်း ဝင်ပေါက်တွင် ကျောင်းဝတ်စုံ ဆင်တူလေးများ ဝတ်ဆင်ထားသော ကလေးငယ် အုပ်စုကြီးမှာ လက်ချင်းချိတ်ထားကြပြီး ဆရာမ တစ်ယောက်၏ ဦးဆောင်မှုဖြင့် မျှော်လင့်ချက်အပြည့်ဖြင့် အတွင်းသို့ ငေးကြည့်နေကြသည်။
ဦးဆောင်သူမှာ နေကြာသူငယ်တန်းကျောင်းမှ ဆရာမလင်းဝမ်ချင့်ဖြစ်သည်။
လင်းဝမ်ချင့်က ချူးရှန့်ကို မြင်သောအခါ သူမ၏ မျက်လုံးများ တောက်ပလာပြီး ပါးပြင်နှစ်ဖက်တွင် နီရဲလာသည်။
သူမ ချူးရှန့်ဆီသို့ အပြေးကလေး လျှောက်လာပြီး အနည်းငယ် ဦးညွှတ်ကာ နူးညံ့ပျော့ပျောင်းသော အသံဖြင့် ပြောလိုက်သည်။
"ရဲအရာရှိချူး၊ ကလေးတွေ... အားလုံးက ရှင်နဲ့ တွေ့ချင်နေကြတာပါ..."
အပြစ်ကင်းစင်သော ထိုကလေးငယ်များ၏ မျက်နှာများကို ကြည့်ကာ ချူးရှန့်မှာ တောင့်တင်းသွားသည်။
ဝမ်ထဲ့ကျွင်းက သူ၏ မျက်နှာကို လက်ဖြင့် အုပ်လိုက်၏။
*သေပြီ... ဒါဟာ နိုင်ငံတကာ သတင်း ဖြစ်တော့မှာပဲ*
သို့သော် ကလေးများ ကြောက်လန့်ပြီး ငိုယိုကြလိမ့်မည်ဟု ယူဆထားသော်လည်း ထိုသို့ ဖြစ်မလာခဲ့ပေ။
ကလေးအုပ်စုက ချူးရှန့်ကို မြင်သောအခါ ကြောက်ရွံ့ခြင်း မရှိဘဲ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
"ဝက်ဝံကြီး”
"ဝက်ဝံကြီး အစစ်ပဲ"
သော်သော်နှင့် စုလဲ့လဲ့တို့ ဦးဆောင်သော ကလေးအုပ်စုမှာ ချူးရှန့်၏ ခြေထောက်များကို ပြေးဖက်ကြသည်။
ချူးရှန့်မှာ တုပ်တုပ်မျှ မလှုပ်ရဲဘဲ အလုံပိတ်ထားသည့် ကျောက်ရုပ်တုကြီးကဲ့သို့ ဖြစ်နေ၏။
သူ၏ ဒူးခေါင်းအထိသာ ရှိသော ထိုကလေးငယ်များကို ငုံ့ကြည့်ရင်း သူ့စိတ်ထဲတွင် 'ငါ ဘယ်သူလဲ၊ ငါ ဘယ်မှာလဲ၊ ငါ ဘာလုပ်သင့်လဲ' ဟူသော မေးခွန်းများသာ ပြည့်နှက်နေသည်။
ရဲတင်းသော ကလေးမလေးတစ်ယောက်ဆိုလျှင် သူ၏ ဘောင်းဘီကိုပင် တွယ်တက်ပြီး ပခုံးပေါ်သို့ တက်ရန် ကြိုးစားနေ၏။
ဝမ်ထဲ့ကျွင်း၊ ဗျူရိုအကြီးအကဲ ကျိုးနှင့် အနီးအနားရှိ ရဲအရာရှိများအားလုံးမှာ အံ့အားသင့်သွားကြသည်။
ဤမြင်ကွင်းက တကယ့်ကို ထိရှလွန်းလှသည်။
ရက်စက်ကြမ်းကြုတ်သည့် ပုံစံရှိသော လူတစ်ယောက်ကို ချစ်စရာ ကလေးငယ်များက ဖက်တွယ်ထားကြသည်။
ဒါဟာ သားရဲတစ်ကောင် လွှတ်ပေးလိုက်တာလား၊ ဒါမှမဟုတ် တောင်တန်းပမာ နက်ရှိုင်းတဲ့ ဖခင်မေတ္တာလား…။
ချူးရှန့်မှာ လူတိုင်း၏ အကြည့်အောက်တွင် ဖြည်းညင်းစွာ ထိုင်ချလိုက်ရတော့သည်။
သူ ထိုင်ချလိုက်သည်နှင့် ကလေးများမှာ ပို၍ စိတ်လှုပ်ရှားသွားပြီး သူ့ကို လူသား အရုပ်ကြီးတစ်ရုပ်ကဲ့သို့ သဘောထားကာ သူ့ကိုယ်ပေါ်တွင် တွယ်တက်နေကြသည်။
စုလဲ့လဲ့မှာ အရဲဆုံးဖြစ်ပြီး ချူးရှန့်၏ ကျောပေါ်သို့ တိုက်ရိုက်တက်လိုက်ကာ ချူးရှန့်၏ မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ် အမာရွတ်ကို သိလိုစိတ်ဖြင့် လက်ကလေးဖြင့် ထိုးကြည့်လိုက်သည်။
"ဦးဦး ဒါက မိစ္ဆာတွေကို တိုက်ခိုက်ပြီး ရလာတဲ့ ဆုတံဆိပ်လားဟင်"
ကလေး၏ အသံမှာ ကြည်လင်ပြတ်သားလှသည်။
ချူးရှန့်၏ ကိုယ်ခန္ဓာ တောင့်တင်းသွားသည်။
၎င်းတို့မှာ ရုပ်အလောင်းများ၊ သွေးပင်လယ်များကြားတွင် ဓားစာခံများကို ကာကွယ်ရန် ရရှိခဲ့သော အမာရွတ်များ ဖြစ်သည်။
သူ မည်သို့ ဖြေရမည်ကို မစဉ်းစားရသေးမီ...
နူးညံ့သော လက်တစ်ဖက်က စုလဲ့လဲ့၏ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
လင်းဝမ်ချင့်မှာ မည်သည့်အချိန်က ရောက်လာသည်မသိ၊ ချူးရှန့်၏ မျက်နှာနှင့် အလွန်နီးကပ်စွာ ထိုင်ချလိုက်ပြီး သူမ၏ အသက်ရှူသံများပင် ချူးရှန့်မျက်နှာပေါ် သက်ရောက်နေသယောင် ရှိသည်။
"လဲ့လဲ့၊ အဲ့လို မလုပ်ရဘူးလေ..."
စုလဲ့လဲ့ကို နူးညံ့စွာ ပြောလိုက်ပြီးမှ ချူးရှန့်ကို မော့ကြည့်လိုက်သည်။
သူမ၏ မျက်လုံးများထဲတွင် ကြယ်တာရာများ ပြည့်နှက်နေသယောင်ပင်။
"ရဲအရာရှိချူး ရှင်က ကလေးတွေကို တကယ်ပဲ စိတ်ရှည်တာပဲနော်..."
သူမ ပြောရင်းနှင့် ကလေးများကြောင့် ရှုပ်ပွနေသော ချူးရှန့်၏ ကော်လာကို သေသပ်အောင် ပြင်ပေးလိုက်သည်။
သွယ်လျသော လက်ချောင်းများက ချူးရှန့်၏ လည်ပင်းရှိ ကြမ်းတမ်းသော အရေပြားကို မတော်တဆ ထိမိသွားသည်။
ထိုအထိအတွေ့မှာ အလွန်ပေါ့ပါးပြီး နူးညံ့ကာ အေးစက်စက် ဖြစ်သည်။
ချူးရှန့်မှာ လည်ပင်းတွင် လျှပ်စစ်ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွား၏။
ဤကဲ့သို့ နူးညံ့သိမ်မွေ့သော အခိုက်အတန့်တွင်...
ရုတ်တရက် လူအုပ်ကြားမှ အမျိုးသမီးတစ်ယောက်၏ အော်ဟစ်သံနှင့်အတူ ဆူညံသံများ ထွက်ပေါ်လာသည်။
"နင်တို့ဘာလုပ်တာလဲ… ငါ့ကို လွှတ်ပေး…"
လူတိုင်းက အသံလာရာဘက်သို့ ကြည့်လိုက်ကြသည်။
ရွှေရောင် ဆံပင်များနှင့် ရုပ်ရည် မသပ်ရပ်သော လူငယ်သုံးယောက်က လက်ကမ်းစာစောင် ဝေနေသည့် အမျိုးသမီး ရဲအရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်နေကြသည်။
"မမလေးရယ် အရမ်းစိတ်မပူပါနဲ့ အစ်ကိုတို့နဲ့ စကားနည်းနည်း ပြောရအောင်လေ..."
"ဟေး…ဝတ်စုံက လှသားပဲ၊ ခန္ဓာကိုယ်ကလည်း တကယ့်ကိုပဲ..."
ရဲအရာရှိမလေးမှာ ဒေါသထွက်လွန်း၍ မျက်နှာများ နီရဲနေသော်လည်း ရုန်းမထွက်နိုင် ဖြစ်နေသည်။
ပတ်ဝန်းကျင်ရှိ မိဘများက မျက်မှောင်ကြုတ်နေကြသော်လည်း ထိုလူငယ်များ၏ ရန်လိုသော အကြည့်များကြောင့် ရှေ့မတိုးရဲကြပေ။
ချူးရှန့်၏ ကျောပေါ်တွင် ရှိနေဆဲဖြစ်သော စုလဲ့လဲ့မှာ ကြောက်လန့်ပြီး မျက်နှာပျက်သွားသည်။
ချူးရှန့်က စုလဲ့လဲ့ကို ကျောပေါ်မှ ညင်သာစွာ ချလိုက်ပြီး လင်းဝမ်ချင့်၏ လက်ထဲသို့ အပ်လိုက်သည်။
"ကျွန်တော် သူ့ကို အပ်ပါရစေ..."
သူက ပြောပြီးနောက် မတ်တတ်ရပ်လိုက်သည်။
သူ မတ်တတ်ရပ်လိုက်သည့် အချိန်တွင် သူ၏ အရှိန်အဝါတစ်ခုလုံး ပြောင်းလဲသွားသည်။
ကလေးငယ်ကို ထိုင်ချ၍ ကစားပေးနေသော ချူးရှန့်မှာ လက်သည်းများ သိမ်းဆည်းပြီး နေရောင်အောက်တွင် အိပ်မောကျနေသည့် ဝက်ဝံကြီး ဖြစ်ပါက…
ယခု မတ်တတ်ရပ်လိုက်သော ချူးရှန့်မှာ ငရဲ၏ အနက်ဆုံး အဝီစိမှ ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ မည်သူ့ကိုမဆို ဝါးမြိုပစ်မည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် ဖြစ်၏။
သူ၏ မျက်နှာပေါ်ရှိ "ရင်းနှီးဖော်ရွေမှု" အတုအယောင်များမှာ ချက်ချင်း ပြိုကွဲသွားသည်။
ထိုမျက်လုံးများမှာ ကလေးကို ကြည့်စဉ်က မရဲတရဲနှင့် အဆင်မပြေသော အကြည့်မှ ရာဇဝတ်ကောင်ကို ကြည့်စဉ်က အေးစက်စက် မျက်လုံးများသို့ ပြောင်းလဲသွားသည်။
သူ စကားမပြောဘဲ ခေါင်းကို လှည့်၍ ထိုရွှေရောင် ဆံပင်နှင့် လူငယ်သုံးယောက်ကို အေးစက်စက် ကြည့်လိုက်သည်။
ထိုလူငယ်သုံးယောက်မှာ ပျော်ရွှင်စွာ နောက်ပြောင်နေရင်းမှ ရုတ်တရက် ပတ်ဝန်းကျင် အပူချိန်များ ထိုးကျသွားသည်ကို ခံစားလိုက်ရသည်။
သူတို့ လှည့်ကြည့်လိုက်သည်နှင့် ချူးရှန့်၏ မျက်နှာကို တွေ့လိုက်ရသည်။
"..."
ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။
ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာပေါ်ရှိ ရမ္မက်ထူသော အပြုံးမှာ နှုတ်ခမ်းပေါ်တွင်ပင် အေးခဲသွားသည်။
သူသည် သေမင်းတမန်၏ ကတ်ကြေးက သူ၏ လည်ပင်းကို ထောက်ထားသည်ဟု ခံစားလိုက်ရပြီး အသက်ရှူရသည်ပင် ရပ်တန့်သွားသည်။
"ဂလု..."
သူက တံတွေးကို ပြင်းပြင်းထန်ထန် မျိုချလိုက်သည်။
နောက်တစ်စက္ကန့်၌။
နွေးထွေးသော အရည်တစ်စက်က သူ၏ ဘောင်းဘီတစ်လျှောက် စီးကျလာသည်။
"အား…."
သူသည် ပုံမှန်မဟုတ်တော့သော အော်ဟစ်သံကို ထုတ်လိုက်ပြီး မျက်လုံးများ ပြူးသွားကာ ပါးစပ်မှ အမြှုပ်များ ထွက်လျက် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။
ကျန်ရွှေရောင် ဆံပင်နှင့် လူနှစ်ယောက်ထဲမှ တစ်ယောက်မှာ ဒူးထောက်ကျသွားပြီး မျက်နှာကို လက်ဖြင့် အုပ်ကာ ငိုယိုလိုက်သည်။
"ကျွန်တော့်ကို မသတ်ပါနဲ့…ကျွန်တော် မှားပါတယ်… နောက်တစ်ခါ မလုပ်တော့ပါဘူး…"
နောက်ဆုံးလူက လှည့်ပြေးရန် ကြိုးစားသော်လည်း ခြေလှမ်းနှစ်လှမ်း လှမ်းအပြီးတွင် တိုက်မိပြီး မှောက်လျက်သား လဲကျကာ သတိလစ်သွားတော့သည်။
ခန်းမဆောင်တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားသည်။
လူတိုင်းမှာ ဤပြဇာတ်ဆန်သော မြင်ကဲ့သို့ မြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။
လင်းဝမ်ချင့်မှာ ကလေးကို ပွေ့ဖက်ထားရင်း ပါးစပ်အဟောင်းသား ဖြစ်နေ၏။
မိဘများမှာလည်း အံ့အားသင့်နေကြသည်။
ဝမ်ထဲ့ကျွင်းမှာ သူ့နဖူးကို သူပြန်ပုတ်လိုက်ပြီး သွေးပေါင်ချိန် တက်လာသည်ကို ခံစားလိုက်ရသည်။
ဤသေမင်းတမန်ကဲ့သို့ တိတ်ဆိတ်မှုကြားတွင်။
ဖခင်တစ်ယောက်က ရုတ်တရက် လက်ခုပ်ကို ပြင်းပြင်းထန်ထန် တီးလိုက်သည်။
"ကောင်းတယ်"
သူ၏ အော်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ချက်ချင်းပင် ခန်းမဆောင်တစ်ခုလုံးတွင် မိုးချုန်းသံကဲ့သို့ လက်ခုပ်သံများ ဟိန်းထွက်လာသည်။
"အရမ်းမိုက်တယ်… ဒါမျိုးမှ စိတ်ချရတဲ့ ခံစားချက်ရတာ"
မိခင်တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"မြင်လိုက်ကြလား..ရဲအရာရှိချူးရှိနေရင် ကျန်းချန်မြို့က ထိုက်ရှန်းတောင်လိုပဲ ခိုင်မာတယ်"
"သားရေ.. အရွယ်ရောက်ရင် အဲ့လို ရဲအရာရှိမျိုး ဖြစ်ရမယ်နော်..သူ တစ်ချက် ကြည့်လိုက်တာနဲ့ လူဆိုးတွေကို သေအောင် ကြောက်သွားစေရမယ်”
ကြောက်လန့်မည့်အစား မိဘများ၏ မျက်နှာများမှာ လေးစားမှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
သူတို့ ချူးရှန့်ကို ကြည့်သည့် အကြည့်မှာ အိမ်ထောင်ဖက် ရှာဖွေရေးနေရာမှ သက်ကြီးရွယ်အိုများထက်ပင် ပို၍ ပြင်းပြနေသည်။
လက်ခုပ်သံများနှင့် အားပေးသံများကြားတွင် ချူးရှန့်မှာ 'ငါ ဘယ်သူလဲ၊ ငါ ဘယ်မှာလဲ' ဟူသော အတွေးများဖြင့် ဒဿနိကဗေဒအရ ပြန်လည် တွေးတောနေမိ၏။
ပွဲပြီးဆုံးပြီးနောက် ချူးရှန့်မှာ တိုက်ပွဲကြီးတစ်ခုကို တိုက်ခိုက်ပြီးသကဲ့သို့ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စွာဖြင့် သူ၏ ခုံသို့ ပြန်လာထိုင်လိုက်သည်။
သူ ထိုင်လိုက်သည်နှင့် စားပွဲပေါ်တွင် အမှတ်အသားမပါသော စာအိတ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
သူက ပြည်သူတစ်ယောက်ယောက်မှ ကျေးဇူးတင်လွှာဟု ထင်မှတ်၍ မျက်မှောင်ကြုတ်လိုက်သည်။
သူ စာအိတ်ကို ဖွင့်လိုက်သည်။
စာအိတ်ထဲတွင် စာတစ်စောင်မျှ မရှိပေ။
မာကျောသော ပစ္စည်းဖြင့် ပြုလုပ်ထားသည့် အဖြူရောင် ကတ်ပြားတစ်ချပ်သာရှိ၏။
ကတ်ပြား၏ အလယ်ဗဟိုတွင် ရိုးရှင်းသော မျဉ်းကြောင်းများဖြင့် ရေးဆွဲထားသည့် လက်အိတ်တစ်ဖက်ရှိပြီး ၎င်းမှာ လှပမှုနှင့် အေးစက်မှုကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်နေသည်။
လက်အိတ်ဖြူတစ်ဖက်။