← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁)

ပြင်းထန်သော မိုးခေါင်ရေရှားမှု

ချန်လုံမြစ်၏ ခြောက်သွေ့နေသော မြစ်ကြမ်းပြင်ထက်၌ သွေးစွန်းကွက်များ ထင်ကျန်နေပြီး ညစ်ညမ်း နေသော ရေတစ်ငုံစာအတွက် တိုက်ခိုက်လုယက်မှုများမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပေ၏။

ကျွင်းချန်မြို့၌ မြက်တစ်ပင်ပင် ပေါက်ရောက်ခြင်း မရှိတော့ပေ။ အသက်ရှင်ကျန်ရစ်သူများသည် အ လွန်အမင်း အေးစက်သော ရာသီဥတုအတွင်း မီးမွေးရန်အတွက် လမ်းဘေးရှိ သစ်ပင်များနှင့် တောင် ပေါ် ရှိ သစ်ပင်များကို ခုတ်လှဲခဲ့ကြသဖြင့် စားသုံးရန် သစ်ခေါက်ပင်ပင် မကျန်တော့ပေ။

ကာလရှည်ကြာ ငတ်မွတ်ခေါင်းပါးမှုကို ခံစားနေရသော လူများမှာ ပိန်ခြောက်ကပ်နေကြပြီး အချို့မှာမူ ဗိုက်များ ဖောင်းပွနေကြ၏။ ရေနှင့် ဆားဓာတ် ကာလရှည်ကြာ ချို့တဲ့မှုကြောင့် ခေါင်းမူးခြင်း၊ တုန်လှုပ် ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပေါ်စေရုံသာမက ဆံပင်နှင့် သွားများပင် ကျွတ်ထွက်ကုန်ကြသည်အထိ ဖြစ်လာခဲ့ကြလေတော့၏။

ပြင်းထန်သော အပူချိန်ရှိသော်လည်း အသက်ရှင်ကျန်ရစ်သူ အများအပြားသည် အံကြိတ်ကာ ရိက္ခာနှင့် ရေကို ရှာဖွေရန် အပြင်သို့ ထွက်ကြဆဲပင် ဖြစ်၏။ အိမ်၌ ထိုင်၍ သေမည့်ရက်ကို စောင့်ဆိုင်းနေရမည့် အစား လူအများစုမှာ သူတို့၏ အသက်ရှင်သန်ခွင့်အတွက် ဆက်လက်ရုန်းကန်ရန်သာ ရွေးချယ်ခဲ့ကြ လေသည်။

ဖျက်ဆီးတတ်သော ပိုးမွှားဘေးများ၊ ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ဗိုင်းရပ်စ်များ ကွယ်ပျောက် သွားသော်လည်း နေရာတိုင်းတွင် အပူလျှပ်ခြင်းများ ဖြစ်ပွားနေပြီး နေ့စဉ်နှင့်အမျှ လူအမြောက်အမြား

သေဆုံးနေကြရလေ၏။

အသက်ရှင်ကျန်ရစ်သူများသည် မိသားစုဝင်များ အပူလျှပ်နေသည်ကို သိသော်လည်း မြင့်တက်လာ သော အပူလှိုင်းနှင့် မြေပြင်အပူချိန်တို့ကြောင့် နေ့ဘက်တွင် ဆေးရုံသို့ သွားရောက်ရန် မဝံ့ရဲကြပေ။ သို့ သော် ညဘက်သို့ ရောက်ရှိချိန်၌မူ အပူလျှပ်သော လူနာအများစုမှာ အသက်ပျောက်ကွယ်သွားကြပြီ ဖြစ်ချေသည်။

၎င်းတို့၏ ရုပ်အလောင်းများမှာ လျင်မြန်စွာ ပုပ်သိုးသွားသဖြင့် မိသားစုဝင်များမှာ မီးရှို့သင်္ဂြိုဟ်ခြင်းမှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

လူများသည် တိုက်ခန်းအဆောက်အအုံများမှ ထွက်ခွာလိုက်သည်နှင့် သူတို့၏ ဖိနပ်များမှာ လောင်ကျွမ်း သွားပြီး ခြေဖဝါးများတွင် အရည်ကြည်ဖုကြီးများ ဖြစ်ပေါ်လာ၏။ ထိုအရည်ကြည်ဖုများမှာ ချက်ချင်း ပင် ပေါက်ပြဲသွားကာ နာကျင်မှုကြောင့် အော်ဟစ်နေကြရလေတော့သည်။

ဆေးရုံသို့ ကားမောင်းသွား ရန် ကြိုးစားသူများသည်လည်း လမ်းမထက်တွင် ကားတာယာများ အရည် ပျော်သွားသည်ကို ခဏအ တွင်း တွေ့ရှိရပြီး အေးမြသော ပုန်းခိုရာနေရာကိုသာ ရှာဖွေကြရလေသည်။ အကယ်၍ ဖင့်နှေးသွားပါ က နေပူရှိန်ကြောင့် အဆိပ်သင့်ခြင်း သို့မဟုတ် ပြင်းထန်သော မီးလောင် ဒဏ်ရာများကို ရရှိနိုင်ပေသည်။

နေ့ဘက်တွင် တစ်မြို့လုံး ခြောက်ကပ်တိတ်ဆိတ်နေသော်လည်း တိုက်ခန်းအဆောက်အအုံတိုင်း၏ အတွင်း၌မူ စိတ်တိုဒေါသထွက်သံများနှင့် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးသံများ ပြည့်နှက်နေပေတော့၏။

နေ့ဘက်တွင် အိမ်တွင်း၌သာ အောင်းနေပြီး ညဘက်၌မူ အပြင်သို့ထွက်ခြင်းမှာ အသက်ရှင်ကျန်ရစ်သူ များ၏ ရှင်သန်မှုပုံစံတစ်ခု ဖြစ်လာခဲ့ပေတော့သည်။

ညဘက်အပူချိန်များမှာ မြင့်မားနေဆဲဖြစ်သော်လည်း တိုက်ရိုက်ကျရောက်သော နေရောင်ခြည် မရှိ ခြင်းကြောင့် အပူလျှပ်ခြင်း သို့မဟုတ် ရုတ်တရက် သေဆုံးခြင်း ဘေးအန္တရာယ်ကို လျော့နည်းစေ၏။ သို့သော်လည်း ရိက္ခာရှာဖွေရန် အပြင်သို့ ထွက်ခွာသည့်အခါ လုယက်တိုက်ခိုက်ခံရမည့် အန္တရာယ်ကို ပိုမိုမြင့်တက်စေသည်။

လူများသည် မြင့်မားသော အပူချိန်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာကြသော်လည်း ရေ ပြတ်လပ်မှုမှာ ချက်ချင်းဖြေရှင်းရမည့် အရေးကြီးဆုံး ပြဿနာတစ်ခု ဖြစ်လာခဲ့တော့၏။

ရေမျက်နှာပြင် လျော့နည်းသွားကတည်းက အပူချိန်မှာ ဆက်လက်မြင့်တက်နေခဲ့၏။ မြေပြင်များ အက် ကွဲကာ ခြောက်ကပ်ကုန်ပြီး အလွန်အမင်း အေးစက်သော ရာသီဥတုကြောင့် သေဆုံးသွားသော သစ်ငုတ် တိုများပင် ခြောက်သွေ့ကာ အလိုအလျောက် မီးလောင်ကျွမ်းကုန်ကြသည်။

ကျွင်းချန်မြို့၌ ကြီးငယ်မရွေး မီးလောင်မှုများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိ၏။ ကယ်ဆယ်ရေး သမားများသည် မီးငြှိမ်းသတ်လိုသော်လည်း မီးသတ်ရန် ရေမရှိပေ။

မီးငြှိမ်းသတ်ရန် ရေမရှိခြင်းနှင့် အသက်ရှင်ကျန်ရစ်သူများသည် မြို့ပြင်တွင်ပင် ရေကို ရှာမတွေ့နိုင်ခြင်း တို့ကြောင့် လူအများအပြားမှာ ရေရှာဖွေရင်း ရေငတ်သေဆုံးသွားကြသဖြင့် အိမ်သို့ ဘယ်သောအခါမှ ပြန်မလာနိုင်ကြတော့ပေ။

ရှီရွှမ်းနှင့် အခြားသူများတွင် ရေရှိသော်လည်း ချွေတာစွာ အသုံးပြုကြ၏။ သူတို့၏ ခန္ဓာကိုယ်နှင့် အိမ် များမှ ပျို့အန်ချင်စရာကောင်းလောက်အောင် အနံ့ဆိုးများ ထွက်နေသော်လည်း သန့်ရှင်းရေးလုပ်ရန် ရေကိုအလဟဿ မဖြုန်းတီးဝံ့ကြပေ။

၎င်းတို့သည် ရေကို သောက်သုံးရန်အတွက်သာ အသုံးပြုကြပြီး ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်း သို့မဟုတ် ရေချိုးခြင်းများအတွက် အသုံးမပြုဘဲ ရှောင်ကြဉ်ကြလေသည်။

ထို့ကြောင့် လူတိုင်းသည် သောက်ရေကို ချွေတာရန်အတွက် ကတုံးတုံးထားကြရ၏။ နေ့စဉ် ရေချိုးဆဲ ဖြစ်သော ယောင်ရန်နှင့် လုံယုတို့မှလွဲ၍ ကျန်ရှိသောလူတိုင်းမှာ အနံ့ဆိုးများ ထွက်ကာ ညစ်ပတ်ပေ ရေနေခဲ့ကြလေသည်။

ကာလဝမ်းရောဂါ ပြန့်ပွားမှု ပြီးဆုံးပြီး ဆယ်ရက်အကြာတွင် စစ်တပ်သည် ကျွင်းချန်မြို့ပတ်လည်၌ ရေတွင်းများတူးရန် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့၏။ စစ်သည်များသည်လည်း ရေတင်ကားများဖြင့် ရေများကို ပြန်လည်သယ်ယူရန် ဖန်းချန်မြို့နှင့် ယွီချန်မြို့တို့သို့ သွားရောက်ခဲ့ကြလေသည်။

သယ်ဆောင်လာသော ရေများကို စစ်ထုတ်ပြီး အသက်ရှင်ကျန်ရစ်သူများအား ဝေမျှပေးသော်လည်း လုံ လောက်မှု မရှိလှပေ။ ကျွင်းချန်မြို့၌ ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူဦးရေမှာ ခြောက်သန်းကျော် ရှိနေသဖြင့် နေ့စဉ်လိုအပ်သော ရေပမာဏမှာ အလွန်ပင် များပြားလှပေသည်။

ရေသယ်ယူရေး ခရီးစဉ်တစ်ခုစီသည် တစ်ပတ်ခန့် ကြာမြင့်ပြီး သယ်လာသောရေမှာ နှစ်ရက်သာ အသုံး ခံပေသည်။ အသစ်တူးထားသော ရေတွင်းများမှ ရေနှင့် ပေါင်းစပ်လိုက်လျှင်ပင် လူတိုင်းကို အသက် ဆက်နိုင်ရုံမျှသာ ပေးဝေနိုင်တော့သည်။

ယောင်ရန်သည် သူမ၏ တိုက်ခန်းမှနေ၍ ရေတိုင်ကီကြီးများ တင်ဆောင်ထားသော လေယာဉ်များ နေ့စဉ်နှင့်အမျှ ဝင်ထွက်သွားလာနေသည်ကို ကြည့်နေခဲ့လေ၏။

ရေပြတ်လပ်မှုမှာ အလွန်ဆိုးရွားလာသဖြင့် စစ်တပ်သည် မြို့ပြင်မှ ရေများကို လေယာဉ်ဖြင့်ပင် သယ်ယူပို့ဆောင်ရန် ဆုံးဖြတ်ခဲ့ရလေသည်။

ဆယ်ရက်အကြာတွင် ချွမ်ယွမ်ဝေ့ ရောက်ရှိလာပြီး လူများသည် ညဘက်တွင် မှတ်ပုံတင်ကတ်များ ယူ ဆောင်ကာ ရပ်ကွက်ကော်မတီသို့ သွားရောက်၍ ရေထုတ်ယူနိုင်ကြောင်း သတင်းစကားပါးလာခဲ့လေ၏ ။

ရေရှားပါးမှုကြောင့် လူတစ်ဦးလျှင် (၃၀၀) မီလီလီတာသာ ရရှိနိုင်ပြီး ထိုပမာဏမှာ တစ်ရက်စာ သောက်သုံးရန်ပင် မလုံလောက်ပေ။

လုံယုနှင့် အခြားသူများကို ကြည့်ရင်း ယောင်ရန်က ပြောလိုက်လေ၏။

"ကျွန်မမှာ ရေတွေ အများကြီး ရှိနေသေးတော့ မသွားတော့ဘူး...။"

လုံယုသည် ယောင်ရန်နှင့်အတူ ရှိနေသဖြင့် သူ၌လည်း လုံလောက်သော ရေရှိပေသည်။

"ငါလည်း မသွားတော့ဘူး...။" ဟု သူက ပြောလိုက်လေ၏။

ရှီရွှမ်းနှင့် အခြားသူများသည် ယောင်ရန်က သုံးရက်တစ်ကြိမ် သူတို့၏ ရေစင်များထဲသို့ ရေဖြည့်ပေးနေ သည်ကို မသိကြသဖြင့် သွားရန် ဆုံးဖြတ်လိုက်ကြ၏။ ယောင်ရန်နှင့် လုံယုတို့သည် ရေသွားမယူသော် လည်း ညဘက်တွင် အခြားသူများနှင့်အတူ အပြင်သို့ ထွက်ခဲ့ကြလေသည်။

သူတို့ ထွက်လာသည်ကို မြင်သောအခါ ချွမ်ယွမ်ဝေ့က မေးလိုက်လေ၏။

"ခေါင်းဆောင်တို့ ကျွန်တော်တို့နဲ့အတူ သွားဖို့ ဆုံးဖြတ်လိုက်တာလား...။"

ယောင်ရန်က ခေါင်းခါပြပြီး ပြန်ဖြေလိုက်လေ၏။

"ကျွန်မ လုံယုနဲ့အတူ ကုန်သွယ်ရေးစင်တာကို သွားမလို့...။"

ထိုစကားကို ကြားသောအခါ ချွမ်ယွမ်ဝေ့သည် ဆက်မမေးတော့ပေ။ ဤအဆောက်အအုံတွင် အရည် အချင်းအရှိဆုံးလူများမှာ ယောင်ရန်နှင့် လုံယုတို့ ဖြစ်သည်ကို သူ သိထားသည်မှာ ကြာပြီဖြစ်ပေသည်။ ၎င်းတို့ ကုန်သွယ်ရေးစင်တာသို့ သွားလိုကြသဖြင့် တစ်စုံတစ်ခုကို စီစဉ်ထားသည်ဟု သူက ယူဆလိုက် လေ၏။

အခြားသူများနှင့် လမ်းခွဲပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည​ေ ကုန်သွယ်ရေးစင်တာသို့ ဦးတည် သွားခဲ့ကြလေ၏။

အတွင်း၌ အပူချိန်ထိန်းအဝတ်အစားကို ဝတ်ဆင်ကာ အပြင်ဘက်၌မူ အပူဒဏ်ခံအဝတ်အစားကို ဝတ် ဆင်ထားသဖြင့် သူတို့မှာ အလွန်အမင်း ပူအိုက်သည်ဟု မခံစားရပေ။

အခြားသူများသည် ညဘက်အပူချိန် (၈၀) ဒီဂရီ ဆဲလ်စီးယပ်စ်ကို အောင့်အီးသည်းခံနေကြရသော် လည်း ယောင်ရန်၊ လုံယုနှင့် သူတို့၏ သူငယ်ချင်းများမှာမူ အကာအကွယ်ဝတ်စုံများကြောင့် (၅၅) ဒီဂရီ ဆဲလ်စီးယပ်စ်ကိုသာ ခံစားရပေ၏။

သို့သော်လည်း ဤအကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ယောင်ရန်နှင့် အခြားသူများမှာမူ မသက်မသာ ခံစားနေရဆဲဖြစ်ပြီး ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ဖြည့်တင်းရန် ရေအမြောက်အမြားကို သောက်သုံးနေကြရပေသည်။

ကုန်သွယ်ရေးစင်တာသို့ ရောက်ရှိသောအခါ ယောင်ရန်နှင့် လုံယုတို့သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့် လိုက်ကြလေ၏။ ဆိုင်ဖွင့်ထားသူ အနည်းငယ်သာရှိပြီး ရောင်းချသောရိက္ခာပစ္စည်းများမှာလည်း အလွန်ပင် ရှားပါးလှပေသည်။

သူတို့သည် ကုန်သွယ်ရေးစင်တာပတ်လည်၌ လျှောက်သွားနေစဉ် နောက်ဘက်မှ တစ်စုံတစ်ယောက်က ယောင်ရန်၏ ပခုံးကို အသာပုတ်လိုက်၏။ ထိုလက်က သူမကို ထိလိုက်သည့် ခဏ၌ပင် သူမနှင့် လုံယုတို့ နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြလေသည်။

ယောင်ရန်သည် ထိုလက်ကို ဖမ်းဆွဲကာ လိမ်ချိုးပြီး ထိုလူကို ပူပြင်းလှသော မြေပြင်ပေါ်သို့ တွန်းလှဲ လိုက်လေတော့၏။ တစ်ချိန်တည်းမှာပင် လုံယုသည် သူ၏ စစ်သုံးဓားမြှောင်ကို ဆွဲထုတ်ကာ ထိုလူ၏ လည်ပင်းအနောက်ဘက်သို့ ထောက်ထားလိုက်လေတော့သည်။

All Chapters