← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃)

ဝူလျန်၏ သံသယ

ယောင်ရန်သည် လက်ချောင်းသုံးချောင်းကို မြှောက်ပြရင်း ပြောလိုက်လေသည်။

"သုံးရက်ကို တစ်တိုင်ကီပဲ...။"

သူမ၏ အဖြေကို ကြားလိုက်ရသောအခါ ယွမ်ရီဟွေးသည် စိတ်ပျက်သွားသော မျက်နှာပေး ဖြစ်သွား ခဲ့လေ၏။ ရေတစ်တိုင်ကီလျှင် လီတာနှစ်ထောင်နှင့် ညီမျှပြီး ၎င်းမှာ သူတို့၏ လူများကို ထောက်ပံ့ရန်ပင် အနည်းငယ် လုံလောက်ရုံသာ ရှိပေသည်။

ထို့အပြင် သူမက သုံးရက်မှ တစ်တိုင်ကီသာ ပေးမည် ဖြစ်သည်။ ဤအခြေအနေမျိုးနှင့်ဆိုလျှင် ပြန် လည်ရောင်းချရန်အတွက် ပိုလျှံသောရေ ရှိလာမည် မဟုတ်ပေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယွမ်ရီဟွေးသည် မချိပြုံး ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

"အစ်မယောင်...၊ နည်းနည်းလောက် ပိုပြီး ပေးလို့ မရဘူးလား...။ ကျွန်တော်တို့ဆီမှာ ညီအစ်ကိုတွေ အများကြီး ရှိတယ်...။ အားလုံးလည်း ရေငတ်လို့ သေလုနီးပါး ဖြစ်နေကြပါပြီ...။"

သူ၏ သနားစဖွယ် မျက်နှာပေးကို မြင်သောအခါ ယောင်ရန်က ပြောလိုက်လေ၏။

"ကောင်းပြီလေ…။ ကျွန်မ ပိုရနိုင်မလားဆိုတာ ကြည့်ပေးပါ့မယ်...။ ဒါပေမဲ့ အသေအချာတော့ ကတိ မပေးနိုင်ဘူးနော်...။”

၎င်းကို ကြားလိုက်ရသောအခါ ယွမ်ရီဟွေး၏ မျက်ဝန်းများ ဝင်းလက်သွားပြီး မေးလိုက်လေသည်။

"ရေကို ဘယ်တော့လောက် ပို့ပေးနိုင်မလဲ...။”

ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်လေ၏။

"ရှင် ရှေးဟောင်းပစ္စည်းတွေကို ရတဲ့အချိန်မှသာ ကျွန်မ ရေပို့ပေးနိုင်မယ်...။”

ယွမ်ရီဟွေးသည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ဒါဆိုရင် နောက်မှ ရှောင်ယန်ကို ခင်ဗျားဆီ လွှတ်လိုက်မယ်လေ...။”

ယောင်ရန်က ခေါင်းငြိမ့်ပြပြီး စားပွဲပုပေါ်မှ ရေဗူးကို ယူကာ ပြောလိုက်လေ၏။

"ဒါဆိုရင် ကျွန်မတို့ အရင် သွားလိုက်ပါအုန်းမယ်...။”

ယွမ်ရီဟွေးသည် သူတို့ကို လိုက်လံပို့ဆောင်ပေးပြီးနောက် ရုံးခန်းသို့ ပြန်လာခဲ့ကာ ယောင်ရန်အား ပေးချေရန်အတွက် ချမ်းသာသော မိသားစုများထံမှ ရှေးဟောင်းပစ္စည်းများ စုဆောင်းရရှိနိုင်မလားဆို သည်ကို စတင် ဆက်သွယ် စုံစမ်းလေတော့သည်။

ယွမ်ရီဟွေး အလုပ်ရှုပ်နေစဉ်တွင် ယောင်ရန်နှင့် လုံယုတို့သည် ကုန်သွယ်ရေးဗဟိုဌာနမှ ထွက်ခွာလာခဲ့ ကြလေသည်။

ယောင်ရန် အတွေးနက်နေသည်ကို မြင်သောအခါ လုံယုက မေးလိုက်လေသည်။

"ရန်ရန်...၊ ဘာတွေ တွေးနေတာလဲ...။”

ယောင်ရန်သည် အတွေးများထဲမှ ရုန်းထွက်လာပြီး ပြန်မေးလိုက်၏။

"စစ်စခန်းကို ရေဘယ်လို ပို့ပေးလို့ရနိုင်မလဲဆိုတာ ရှင့်မှာ အကြံရှိလား...။”

လုံယုသည် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ထပ်မံ မေးလိုက်လေသည်။

"မင်း သူတို့ကို ရေလှူမလို့လား...။”

ယောင်ရန်က ခေါင်းငြိမ့်ပြရင်း၊

"အင်း...၊ ရေရှားပါးမှုက အရမ်း ပြင်းထန်လွန်းတယ်...။ သူတို့ကို ရေသယ်ဖို့ စက်သုံးဆီတွေ အလဟဿ အကုန်ခံခိုင်းမယ့်အစား ကျွန်မတို့ကပဲ ပေးလိုက်တာက ပိုကောင်းမယ်...။”

သူက နားထောင်ရင်း ခဏမျှ စဉ်းစားကာ မေးလိုက်၏။

"အချိန်စောပါသေးတယ်...၊ တပ်ကြပ်ရွှီဆီကို သွားလည်ချင်လား...။”

ယောင်ရန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်လေ၏။

"မဖြစ်ဘူး...၊ ကျွန်မ သူတို့ကို ရေ ဒီအတိုင်းပဲ လှူလို့ မဖြစ်ဘူး...။”

"အခြား ရိက္ခာတွေနဲ့ မတူတာက ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ပြီးနောက် ရေကို ပြန် မဖြည့်တင်းနိုင်တော့ဘူး...။ ဒါ့အပြင် ကျွန်မတို့ ရေသိုလှောင်နိုင်တဲ့ ပမာဏမှာလည်း ကန့်သတ်ချက် ရှိတယ်...။ တကယ်လို့ ကျွန်မတို့က ရေကို ဒီအတိုင်းကြီး လှူလိုက်မယ်ဆိုရင် ဦးလေးရွှီက သံသယ ဝင် သွားလိမ့်မယ်...။”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုံယုက ပြောလိုက်လေ၏။

"အရင်တစ်ခေါက်ကလိုပဲ လုပ်ကြမလား...။ စောစောက ကျွန်တော် စွန့်ပစ်ထားတဲ့ နေရာအချို့ကို တွေ့ခဲ့တယ်...။ အဲဒီနေရာတွေမှာ ရေသိုလှောင်ထားပြီးမှ တပ်ကြပ်ရွှီဆီကို အမည်မဖော်ဘဲ စာတစ် စောင် ပို့လိုက်ကြမယ်လေ...။”

ယောင်ရန်သည် သူ၏အကြံဉာဏ်ကို စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်လေသည်။

"ကောင်းပြီလေ...၊ ရှင့်အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့...။”

ဆုံးဖြတ်ပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် လုံယု စောစောက ရှာဖွေတွေ့ရှိခဲ့သော စွန့်ပစ်ထား သည့် နေရာများဆီသို့ သွားခဲ့ကြလေသည်။

ယောင်ရန်၏ နေရာလွတ်ထဲ၌ ရေတိုင်ကီအချို့ ရှိနေသဖြင့် သူမသည် လီတာ တစ်သောင်း ဆံ့သော ရေ တိုင်ကီ ငါးလုံးကို ထုတ်ယူလိုက်၏။ ရေတိုင်ကီတစ်ခုစီကို ရေဖြည့်ပြီးနောက် သူမ လုပ်ဆောင်ရန် လို အပ်သည်မှာ ၎င်းတို့ကို ထားရှိရန် လူသူကင်းဝေးသော နေရာတစ်ခုကိုရှာဖွေရန်သာ ဖြစ်သည်။

လီတာငါးသောင်းမှာ စစ်သည်များ၏ နေ့စဉ်သောက်ရေအတွက် မလုံလောက်သော်လည်း သူတို့၌ ကျွင်းချန်မြို့ အပြင်ဘက်နှင့် အနီးနားရှိ ရေတွင်းများမှ ရေများ ရှိနေသေးသဖြင့် ဤရေမှာ သူတို့အတွက် လုံလောက်သင့်ပေသည်။

ထို့အပြင် ထိုရေတိုင်ကီများထဲရှိ ရေမှာ ရောစပ်ထားသော ရေကန်ရေ ဖြစ်ပြီး ခန္ဓာကိုယ်ကို သန်မာစေ ကာ ရောဂါပျောက်ကင်းစေသော အာနိသင်များ ရှိပေသည်။ စစ်သည်များအနေဖြင့် တစ်ရက်လျှင် ရေ တစ်ခွက် သောက်ရုံဖြင့် အအေးမိခြင်း သို့မဟုတ် အပူလျှပ်ခြင်းကဲ့သို့သော သာမန်ရောဂါများမှ ကာကွယ်နိုင်မည် ဖြစ်ပေသည်။

ရေတိုင်ကီများကို ဖုံးကွယ်ထားသော ထောင့်တစ်နေရာတွင် ထားရှိပြီးနောက် ယောင်ရန်သည် စာတစ် စောင်ရေးကာ လုံယုအား ကမ်းပေးလိုက်လေ၏။ လုံယုက ထိုစာကို ရွှီချီဖန်ထံ သွားရောက်ပို့ဆောင်စဉ် သူမသည် ထိုနေရာ၌ပင် စောင့်ဆိုင်းရင်း ရေတိုင်ကီများကို စောင့်ကြပ်နေလိုက်လေသည်။

နာရီဝက်ခန့် ကြာပြီးနောက် လုံယုသည် ပြန်လည်ရောက်ရှိလာပြီး ပြောလိုက်လေသည်။

"သွားကြစို့...၊ သူတို့ မကြာခင် ရောက်လာတော့မယ်...။”

သူ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ထရပ်ကားတစ်စီး မောင်းနှင်လာသော အသံကို ကြားလိုက်ရလေ တော့သည်။ သူတို့နှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အနီးနားရှိ အကွယ်တစ်ခုကို လျင်မြန်စွာ ရှာဖွေလိုက်ကြလေသည်။

မကြာမီတွင် စစ်သုံးထရပ်ကားတစ်စီးနှင့် ရေသယ်ယူပို့ဆောင်ရေးယာဉ် သုံးစီး ရောက်ရှိလာခဲ့လေ သည်။ ယာဉ်မောင်းများက ထရပ်ကားနှင့် ရေသယ်ယူပို့ဆောင်ရေးယာဉ်များကို ရပ်တန့်လိုက်ပြီးနောက် ဝူလျန်နှင့် သူ၏ လက်အောက်ငယ်သားများ ဆင်းလာခဲ့ကြလေ၏။ သူက ပတ်ဝန်းကျင်ကို အကဲခတ်နေ စဉ် စစ်သည်များက ထိုနယ်မြေကို စတင်ရှာဖွေကြလေတော့သည်။

သုံးမိနစ်ခန့် ကြာပြီးနောက် စစ်သည်တစ်ဦးသည် သူ့ထံသို့ ချဉ်းကပ်လာပြီး အစီရင်ခံလိုက်လေသည်။

" ဗိုလ်ကြီး..၊ ပတ်ဝန်းကျင်မှာ ဘာအန္တရာယ်မှ မရှိပါဘူး...။”

ဝူလျန်က စစ်သည်ကို ကြည့်ကာ မေးလိုက်လေ၏။

"ရေကို တွေ့ပြီလား...။”

စစ်သည်က ခေါင်းငြိမ့်ပြရင်း၊

"ဟုတ်ကဲ့...၊ အနောက်ဘက်မှာ ဝှက်ထားတဲ့ ရေတိုင်ကီကြီး ငါးလုံးကို တွေ့ပါတယ်...။”

၎င်းအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သဖြင့် ဝူလျန်က ပြောလိုက်လေသည်။

"ရေတင်ကားတွေကို ပိုနီးအောင် မောင်းလာပြီး ရေတွေဖြည့်လိုက်ကြ...။”

"ဟုတ်ကဲ့ပါ ဗိုလ်ကြီး...။”

စစ်သည်က အမိန့်ကို နာခံလိုက်ပြီးနောက် အခြားသူ သုံးဦးသည် ရေသယ်ယာဉ်များကို အနောက်ဘက် သို့ မောင်းနှင်သွားကြလေသည်။

ရေတိုင်ကီတစ်ခုစီသည် လီတာ နှစ်သောင်းနှစ်ထောင်ကျော် ဆံ့သဖြင့် ရေအားလုံးကို တစ်ကြိမ်တည်း ဖြင့် သယ်ယူနိုင်မည် ဖြစ်ပေသည်။

ရေများကို ဖြည့်ပြီးနောက် စစ်သည်တစ်ဦးက မေးလိုက်လေ၏။

"ဗိုလ်ကြီး...၊ ကျွန်တော်တို့ ဒီရေတိုင်ကီတွေကိုပါ တစ်ခါတည်း သယ်သွားလိုက်ရမလား...။”

ဝူလျန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"မလိုဘူး...၊ ဒီနေရာမှာပဲ ထားခဲ့လိုက်...။”

အသစ်စက်စက် ရေတိုင်ကီများကို ကြည့်ရင်း ဝူလျန်၏ မျက်ဝန်းများမှာ ခဏမျှ လှုပ်ခတ်သွား၏။ သူက ပြုံးလိုက်ပြီး ထပ်လောင်း ညွှန်ကြားလိုက်လေသည်။

"ငါတို့ နောက်တစ်ခါ ပြန်လာရင် ရေတွေ ထပ်ရနိုင်လောက်ပါသေးတယ်...။”

စစ်သည်သည် အံ့အားသင့်သွားပြီး မေးလိုက်လေ၏။

"ဗိုလ်ကြီး...၊ ဒီရေတိုင်ကီပိုင်ရှင်က ဘယ်သူလဲဆိုတာ သိလို့လား...။”

ဝူလျန်က ခေါင်းခါပြကာ၊

"ပိုင်ရှင်က ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့...၊ အရင်တုန်းက ငါတို့ကို ရိက္ခာတွေအကြောင်း သတင်းပေးခဲ့ တဲ့သူနဲ့ တစ်ယောက်တည်း ဖြစ်ဖို့ များတယ်...။”

၎င်းကို ကြားရသောအခါ စစ်သည်သည် အလွန် အံ့အားသင့်သွား၏။ သူသည် ခဏမျှ တိတ်ဆိတ်သွား ပြီးနောက် မေးလိုက်လေသည်။

"ဗိုလ်ကြီး...၊ ဒါက သံသယဖြစ်စရာ ကောင်းတယ်လို့ မထင်ဘူးလား...။”

ဝူလျန်က သူ့ကို ကြည့်လိုက်သောအခါ စစ်သည်က ဆက်ပြောလေသည်။

"အသက်ရှင်ကျန်ရစ်သူတွေအတွက် ရိက္ခာတွေက အသက်လောက် တန်ဖိုးရှိတာလေ....။ ဒီလူက ကျွန်တော် တို့ကို လှူဒါန်းတယ်ဆိုတာ...၊ တကယ်ပဲ သံသယဖြစ်စရာ မကောင်းဘူးလား...။”

ဝူလျန်တွင်လည်း ထိုကဲ့သို့ သံသယမျိုး ရှိသော်လည်း ထိုစစ်သည် မသိနိုင်သော သဲလွန်စတစ်ခု သူ့ထံ၌ ရှိနေပေသည်။ သူသည် ယခင်က စွန့်ပစ်ထားသော အဆောက်အအုံတစ်ခုအတွင်း ရိက္ခာများအကြောင်း သတင်းပေးထားသည့် စာတိုကို တွေ့ရှိခဲ့ဖူးပေ၏။

ထိုစာတိုထဲရှိ လက်ရေးမှာ လုံယု၏ လက်ရေးနှင့် ဆင်တူသဖြင့် လုံယု ပါဝင်ပတ်သက်နေမည်ဟု သူ သံသယ ဝင်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ လက်ရေးမှာ ကလေးတစ်ယောက် ၏ ခြစ်ခြစ်ခြုတ်ခြုတ် ရေးသားမှုနှင့် ဆင်တူနေသဖြင့် ရေးသားသူ၏ အသက် သို့မဟုတ် ကျား၊ မ ခွဲခြား ရန် ခက်ခဲလှပေသည်။

ရွှီချီဖန်က သူ့အား ထိုစာကို ပေးအပ်သောအခါ ဝူလျန်သည် ထိုလျှို့ဝှက်ဆန်းကြယ်သူကို စောင့်ကြည့် ကာ စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။

အကယ်၍ သူတို့ ထွက်ခွာသွားပြီးနောက် ရေတိုင်ကီများကို ထပ်မံ ဖြည့်တင်းထားခဲ့မည်ဆိုပါက ထိုသူ သည် ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်သည်ဟု သူ ယူဆမည် ဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် ထိုသူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက် စုံစမ်းတော့မည် မဟုတ်ဘဲ ရိက္ခာများကိုသာ ကျေးဇူးတင်စွာ ဖြင့် လက်ခံသွားမည် ဖြစ်ပေသည်။

All Chapters