အခန်း ၂၃၆
Vol. 24 Ch. 236
အခန်း (၂၃၆)
အခြေစိုက်စခန်း တည်ဆောက်ခြင်း (၁)
ယောင်ရန်သည် ရေသယ်ယူပို့ဆောင်ရေးယာဉ်ပေါ်မှ ဆင်းလာပြီးနောက်၊ ဗလာဖြစ်နေသော ရေတိုင်ကီ ငါးလုံးကို သိမ်းဆည်းလိုက်ပြီး ရောစပ်ထားသော ရေကန်ရေများ ဖြည့်ထားသည့် ရေတိုင်ကီငါးလုံးဖြင့် အစားထိုးလဲလှယ်လိုက်လေသည်။
သူမသည် လုံယုဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။
"လုံယု...၊ ရှင်ထရပ်ကားကို ဗီလာရပ်ကွက်ဆီ ပြန်မောင်းသွားလို့ရတယ်...။ ဝူလျန်က ရေလာ သယ်ပြီး တာနဲ့ ရေတိုင်ကီတွေကို အစားထိုးဖို့ ကျွန်မ ဒီနေရာမှာပဲ စောင့်နေပါ့မယ်...။”
လုံယုက ခေါင်းငြိမ့်ပြကာ ပြောလိုက်၏။
"သတိထားနော်...။”
သူ ထွက်ခွာသွားပြီးနောက်၊ ယောင်ရန်သည် ရေသယ်ယူပို့ဆောင်ရေးယာဉ်အသေးစားကို သူမ၏ နေရာလွတ်ထဲ၌ သိမ်းဆည်းလိုက်၏။ သူမအနေဖြင့် မနက်ဖြန်ညတွင် ထိုယာဉ်ကို ဗီလာရပ်ကွက်ဆီသို့ ပြန်လည်မောင်းနှင်ရန် လိုအပ်ပေသေးသည်။ လတ်တလောတွင်မူ သူမသည် ကိုယ်ယောင်ဖျောက်ကာ ဝူလျန် ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်လေသည်။
ခဏမျှ စောင့်ဆိုင်းပြီးနောက်၊ ယောင်ရန်သည် ရင်းနှီးနေသော စစ်သုံးထရပ်ကားနှင့် ရေသယ်ယူ ပို့ဆောင်ရေးယာဉ်ကြီး သုံးစီးတို့ အဝေးမှ မောင်းနှင်လာသည်ကို မြင်လိုက်ရ၏။ ဝူလျန်သည် အချိန်တိကျစွာပင် ရောက်ရှိလာခြင်း ဖြစ်သည်။
သူမသည် ရေတင်ကားများထဲသို့ ရေဖြည့်ပြီးစီး၍ သူတို့ ထွက်ခွာသွားသည်အထိ ပုန်းအောင်းနေခဲ့ပြီးမှ ဗလာဖြစ်သွားသော ရေတိုင်ကီများကို ထပ်မံ အစားထိုးရန် ထွက်လာခဲ့လေသည်။ တစ်နာရီခန့် ကြာပြီး နောက်၊ ဝူလျန်သည် ရေနောက်တစ်သုတ် ထပ်မံသယ်ယူရန် ပြန်လည်ရောက်ရှိလာခဲ့လေ၏။
စစ်သည်များက ရေတင်ကားများကို ဖြည့်ရန် ရေတိုင်ကီများထဲမှ ရေများကို စုပ်ယူနေကြစဉ်၊ လုံယု သည် ပြန်လည်ရောက်ရှိလာပြီး ယောင်ရန်၏ ဘေး၌ တိတ်တဆိတ် လာရောက်ပူးပေါင်းလိုက်လေ သည်။
နာရီဝက်ခန့် ကြာပြီးနောက်၊ ဝူလျန်က အမိန့်ပေးလိုက်လေသည်။
"ပြန်ကြစို့...။”
ယောင်ရန်နှင့် လုံယုတို့သည် စစ်သုံးထရပ်ကားနှင့် ရေသယ်ယာဉ် သုံးစီး ကွယ်ပျောက်သွားသည်အထိ စောင့်ဆိုင်းပြီးမှ အနောက်ဘက် နယ်မြေသို့ သွားခဲ့ကြလေ၏။ ထို့နောက် ယောင်ရန်သည် ဗလာဖြစ်နေ သော ရေတိုင်ကီများကို အစားထိုးလဲလှယ်လိုက်ပြီးမှ လုံယုနှင့်အတူ ထွက်ခွာလာခဲ့ကြလေသည်။
အိမ်သို့ ပြန်ရောက်သောအခါ၊ ယောင်ရန်သည် သူမ၏ နေရာလွတ်အတွင်းရှိ ပြောင်းလဲမှုများကို စစ် ဆေးရန် အလွန်ပင် စိတ်အားထက်သန်နေ၏။ သူမသည် ပထမဦးစွာ လုံယုနှင့်အတူ အစားအစာ သုံး ဆောင်လိုက်ပြီး သူသည် မိမိ၏ တိုက်ခန်းသို့ ပြန်သွားပြီးမှသာ သူမ၏ နေရာလွတ်ထဲသို့ ဝင်ရောက် ခဲ့လေသည်။
နေရာလွတ်အတွင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ယောင်ရန်သည် ထိုပြောင်းလဲဆန်းသစ်မှုများ ကို ကြည့်ကာ များစွာ အံ့အားသင့်သွားရတော့၏။
နေရာလွတ်သည် ယခင်ထက် သုံးဆခန့် ပိုမိုကျယ်ပြန့်လာခဲ့ပြီး၊ ဗီလာ၏ တတိယထပ်တွင် ကိုယ်ပိုင် ရေချိုးခန်း ပါဝင်သော အိပ်ခန်းသုံးခန်း ထပ်မံ တိုးလာခဲ့လေသည်။ အဆင့်မြှင့်တင်မှုကြောင့် ဗီလာတွင် အထပ်အသစ်တစ်ခု ထပ်မံ တိုးလာခဲ့၏။ စတုတ္ထထပ်တွင် ရေကူးကန်တစ်ခု၊ ကျယ်ဝန်းသော ခန်းမတစ် ခုနှင့် ခေါင်မိုးပေါ် ဥယျာဉ်တစ်ခု ရှိနေပေသည်။
ယောင်ရန်သည် စတုတ္ထထပ်ကို ပတ်ပတ်လည် ကြည့်လိုက်ရာ အပေါ်သို့ တက်ရန် လှေကားထစ်များ မရှိတော့သည်ကို သတိပြုမိလိုက်လေ၏။ သူမသည် ခေါင်မိုးပေါ် ဥယျာဉ်ဆီသို့ လျှောက်သွားကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုနေရာတွင် မတ်တပ်ရပ်ရင်း သူမသည် အဝေးတစ်နေရာအထိ လှမ်း မြော်ကြည့်ရှုနိုင်ပေသည်။
သူမကို အံ့အားအသင့်ဆုံးဖြစ်စေသည်မှာ အကျယ်အဝန်း ပိုမိုကျယ်ပြန့်လာခြင်းနှင့် ဗီလာ၏ စတုတ္ထ ထပ်အပြင်၊ သူမ၏ နေရာလွတ်ထဲ၌ တောင်ကုန်းနှစ်လုံးနှင့် ရှည်လျားသော မြစ်တစ်စင်း ပါဝင်လာခြင်း ပင် ဖြစ်သည်။
တောင်ထိပ်များမှာ ပါးလျသော မြူနှင်းများဖြင့် ဖုံးလွှမ်းနေပြီး၊ မြစ်ရေသည် တောင်ထိပ်များ၏ အလယ် မှ မြစ်ဖျားခံ စီးဆင်းလာပုံရသည်။ ၎င်းသည် မြက်ခင်းပြင်ကို ဖြတ်သန်းစီးဆင်းသွားပြီး နောက်ဆုံးတွင် ရေကန်ကြီးနှင့် ဆက်သွယ်သွားခဲ့လေသည်။
အပေါ်သို့ လှော့ကြည့်လိုက်ရာ၊ ကောင်းကင်ကြီးကို ဖုံးအုပ်ထားသော မြူများ ပျောက်ကွယ်သွား သည်ကို ယောင်ရန် သတိပြုမိလိုက်၏။
ကောင်းကင်ယံထက်တွင် တောက်ပသော နေမင်းနှင့် ပြည့်ဝန်းသော လမင်းတို့မှာ တစ်ဖက်စီ ချိတ်ဆွဲ ထားသကဲ့သို့ ရှိနေပြီး၊ တစ်ဖက်စီကို လင်းထိန်စေသည်။ တစ်ဖက်တွင် နေ့အလင်းရောင်ရှိပြီး အခြား တစ်ဖက်တွင် ညအမှောင်ထုရှိနေသည့် ထူးခြားဆန်းပြားသော မြင်ကွင်းကို သူမသည် အံ့သြမှင်သက်စွာ ဖြင့် စိုက်ကြည့်နေမိတော့သည်။
ခဏမျှ အံ့အားသင့်သွားပြီးနောက်၊ ယောင်ရန်သည် စိတ်ကို ပြန်လည် တည်ငြိမ်စေလိုက်၏။ သူမသည် တိရစ္ဆာန်များကို အစာကျွေးကာ၊ သူမ၏ စိုက်ပျိုးရေးမြေကို ပြုစုပျိုးထောင်ပြီးနောက် ရေချိုးကာ နေရာလွတ်ထဲမှ ထွက်လာခဲ့လေသည်။
သူမ၏ တိုက်ခန်းသို့ ပြန်ရောက်သောအခါ၊ ယောင်ရန်သည် ရေတိုင်ကီများကို ရေဖြည့်တင်းခြင်းနှင့် ဆေးဘက်ဝင်အပင်များ စိုက်ပျိုးခြင်းဟူသော ပုံမှန်အလုပ်များကို စတင် လုပ်ဆောင်တော့သည်။
နောက်ထပ် ဆယ်ရက်တာ ကာလအတွင်း၊ ယောင်ရန်နှင့် လုံယုတို့သည် ယွမ်ရီဟွေးနှင့် ဝူလျန် နှစ်ဦးစ လုံးထံ ရေများ ပို့ဆောင်ပေးရန် အလုပ်ရှုပ်နေကြ၏။ သူမအနေဖြင့် နေ့စဉ် ရေ အနည်းဆုံး တစ်သိန်း ငါးသောင်းနှစ်ထောင် လီတာကို ဖန်တီးရန် လိုအပ်သောကြောင့်၊ ယောင်ရန်၏ ရေစွမ်းအင်မှာ လျင်မြန် စွာ တိုးတက်လာခဲ့သည်။
ယွမ်ရီဟွေးထံ နောက်ဆုံး ရေ လီတာနှစ်ထောင်ကို ပို့ဆောင်ပေးပြီးနောက်၊ ယောင်ရန်နှင့် လုံယုတို့သည် စွန့်ပစ်ထားသော စက်ရုံနယ်မြေဆီသို့ သွားခဲ့ကြသည်။ ထိုနေရာသို့ ရောက်သောအခါ၊ ရေတိုင်ကီတစ်ခု တွင် ကပ်ထားသော စာတိုတစ်စောင်ကို သူတို့ တွေ့ရှိခဲ့ရ၏။ လုံယုက ထိုစာကို ယူကာ ယောင်ရန်နှင့် အတူ ဖတ်လိုက်လေသည်။
[လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ တပ်မှူးက ခင်ဗျားနဲ့ တွေ့ချင်နေပါတယ်။ တကယ်လို့ သဘောတူမယ်ဆိုရင်၊ ကျွန်တော် ဒီနေ့ညမှာပဲ ခင်ဗျားကို သူနဲ့ တွေ့ပေးဖို့ ခေါ်သွားပေးပါ မယ်။]
လုံယုက ယောင်ရန်ကို ကြည့်ကာ မေးလိုက်လေသည်။
"မင်း သူတို့ကို အသိပေးချင်လို့လား...။”
ယောင်ရန်က ခေါင်းခါပြကာ ပြန်လည် ဖြေလိုက်၏။
"မလိုဘူး... ။ ဝူလျန် ရောက်မလာခင် ရေတိုင်ကီတွေကို အစားထိုးပြီး ဒီနေရာကနေ မြန်မြန် ထွက်သွား ကြစို့...။”
"ကောင်းပါပြီ...။”
ရေတိုင်ကီများကို အစားထိုးပြီးနောက်၊ ယောင်ရန်သည် ပြန်စာတစ်စောင် ရေးသားကာ ရေတိုင်ကီတွင် ကပ်ထားလိုက်ပြီး၊ လုံယုနှင့်အတူ လျင်မြန်စွာ ဖုံးကွယ်ပုန်းအောင်းနေလိုက်၏။
ဝူလျန် ရောက်ရှိလာပြီး ထိုစာကို တွေ့ရှိသောအခါ၊ သူသည် စိတ်ပျက်သွားကာ ပြောလိုက်လေသည်။
"ရေတိုင်ကီတွေကို ရေဖြည့်လိုက်ကြ...၊ ဒီတစ်ခေါက်ကတော့ ငါတို့ရဲ့ နောက်ဆုံးခရီးပဲ ဖြစ်လိမ့်မယ်...။”
သူ၏ စကားကြောင့် စစ်သည်များမှာ များစွာ အံ့အားသင့်သွားကြလေ၏။
သူတို့သည် ဤနေရာမှ ရေများကို စစ်စခန်းသို့ သယ်ယူပို့ဆောင်ပေးနေသည်မှာ တစ်လနီးပါး ရှိနေပြီ ဖြစ်သည်။ ယခုအခါ ဤတစ်ခေါက်သည် နောက်ဆုံး ဖြစ်နိုင်ကြောင်း ကြားလိုက်ရသဖြင့် သူတို့အားလုံး စိတ်ပျက်သွားခဲ့ကြလေသည်။
သူတို့၏ မျက်နှာအမူအရာများကို မြင်သောအခါ ဝူလျန်က ပြောလိုက်လေသည်။
"မြန်မြန်လုပ်ပြီး ရေတင်ကားတွေကို ဖြည့်လိုက်ကြ...။”
သူတို့ စိတ်ပျက်နေကြသော်လည်း၊ စစ်သည်များမှာ အမိန့်နာခံရန် ကျင့်ကြံထားသူများ ဖြစ်ကြပေသည်။ ဝူလျန်က အမိန့်ပေးသည်နှင့်တစ်ပြိုင်နက် သူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ လိုက်နာလုပ်ဆောင်ခဲ့ကြ၏။ ရေတိုင်ကီ ငါးလုံးထဲမှ ရေများကို အပြည့်အဝ စုပ်ယူပြီးနောက်၊ ဝူလျန်နှင့် စစ်သည်များသည် စစ်သုံး ထရပ်ကားပေါ်သို့ တက်ကာ စစ်စခန်းသို့ ပြန်လည် ထွက်ခွာသွားကြတော့သည်။
ဝူလျန်နှင့် စစ်သည်များ ထွက်ခွာသွားပြီးနောက်၊ လုံယုနှင့် ယောင်ရန်တို့သည် ဗလာဖြစ်နေသော ရေတိုင် ကီများကို လာရောက်သိမ်းဆည်းကာ လျင်မြန်စွာ ထွက်ခွာခဲ့ကြလေတော့သည်။
ယောင်ရန်နှင့် လုံယုတို့သည် စွန့်ပစ်ထားသော စက်ရုံနယ်မြေသို့ ရေပို့ဆောင်ပေးခြင်းကို ရပ်တန့်လိုက် ပြီး၊ အိမ်၌သာ နေထိုင်ကြတော့သည်။ သူတို့သည် ပြင်းထန်သော အပူဒဏ်ကို ကြံ့ကြံ့ခံရင်း နေ့စဉ် ကျင့်ကြံ ခြင်းကို ဆက်လက်လုပ်ဆောင်နေကြသော်လည်း၊ စစ်တပ်မှာမူ အပြင်ဘက်မှ ရေများကို သယ်ယူရန် နေ့စဉ်မပြတ် မမောမပန်း အလုပ်လုပ်နေကြရလေသည်။
ပြင်းထန်သောအပူရှိန် စတင်ပြီး နှစ်လအကြာတွင် အပူချိန်မှာ နောက်ဆုံး၌ မြင့်တက်လာခြင်း မရှိတော့ ပေ။ နေ့ဘက်တွင် အပူချိန်မှာ ကိုးဆယ်ဆဲလ်စီးယပ်စ်၌သာ တည်ရှိနေပြီး ညဘက်တွင် ရှစ်ဆယ့်ငါး ဆဲလ်စီးယပ်စ်အထိ ကျဆင်းသွားကာ၊ တူးထားသော ရေတွင်းများအားလုံးနီးပါး ခန်းခြောက်သွားစေ ခဲ့ပေသည်။
ရေတွင်းများ ပိုမိုခန်းခြောက်လာသည်နှင့်အမျှ၊ များစွာသော အသက်ရှင်ကျန်ရစ်သူများသည် ရေအရင်း အမြစ်များကို ရှာဖွေရန်အတွက် မြို့ပြကို စွန့်ခွာရန် ရွေးချယ်ခဲ့ကြ၏။ သူတို့၏ အသက်ရှင်သန်ရေး အတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရစဉ်အတွင်း၊ စစ်တပ်သည် နောက်ဆုံးတွင် သတင်းကောင်းအချို့ ကို ကြေညာလိုက်လေသည်။
နှစ်ရက်အကြာတွင်၊ ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့သည် ယောင်ရန်နှင့် သူမ၏ မိတ်ဆွေများထံသို့ လာ ရောက်လည်ပတ်ခဲ့ကြလေ၏။ တန်ချီချီသည် သူတို့နှစ်ဦးအတွက် ရေများ လောင်းထည့်ပေးကာ ဟွမ်ကျိဟွေး၏ ဘေးရှိ စားပွဲပုလေးတွင် ဝင်ထိုင်လိုက်လေသည်။
စီမာယွမ်သည် ရေကို တစ်ငုံ သောက်လိုက်ရင်း ပြောလိုက်လေသည်။
"အစိုးရနဲ့ စစ်တပ်က နိုင်ငံတစ်ဝှမ်းမှာ အခြေစိုက်စခန်းတွေ တည်ထောင်ဖို့ ကြေညာလိုက်ပြီ...။ ကျွန်တော်တို့ ကျွင်းချန်မြို့မှာလည်း အခု ကျွင်းချန်စစ်တပ်အောက်မှာ ရှိတဲ့ စစ်အခြေစိုက်စခန်းတစ်ခု တည်ထောင်လိုက်ပြီ...။”