အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း (၂၄၀)
အစီအစဉ်များ (၁)
တရားဝင် ကြေညာချက်ကို သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ထုတ်လွှင့်ခဲ့ပေသည်။ ရဟတ်ယာဉ်သည် ဖြည်းညင်းစွာ ပျံသန်းသွားရင်း အသံချဲ့စက်အချို့မှတစ်ဆင့် ကြေညာချက်ကို ထုတ်လွှင့်နေသည်ကို ယောင်ရန် အသေအချာ နားထောင်နေမိ၏။
ယခင်က သူတို့ ကြားသိရသမျှ သတင်းများနှင့် ကြေညာချက်များမှာ အတွင်းလူများ သို့မဟုတ် ကောလဟလများထံမှသာ ရရှိခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်သည် အခြေစိုက်စခန်း တည်ဆောက်ရေး နှင့် ပတ်သက်၍ စစ်တပ်က တရားဝင် ပထမဦးဆုံးအကြိမ် ထုတ်လွှင့်သော ကြေညာချက် ဖြစ်ပေသည်။
စစ်တပ်သည် သတင်းကို ပျံ့နှံ့စေရန် ရဟတ်ယာဉ်များကို အသုံးပြု၍ သုံးရက်တိုင်တိုင် ကြေညာပြီး နောက် ရပ်နားလိုက်၏။ ထိုကြေညာချက်သည် များစွာ ထိရောက်မှုရှိကြောင်း သက်သေပြခဲ့ပေသည်။
လုံယုနှင့် အခြားသူများသည် ရိက္ခာများကို ရှာဖွေရန် ညတိုင်း အပြင်သို့ ထွက်လေ့ရှိကြပြီး၊ လမ်းခရီး၌ အသက်ရှင်ကျန်ရစ်သူ အုပ်စုအချို့နှင့် မကြာခဏ ဆုံတွေ့လေ့ရှိသည်။
သို့သော်လည်း စစ်တပ်၏ ကြေညာချက် ထွက်ပေါ်ပြီး ရက်အနည်းငယ်အကြာတွင်မူ သူတို့သည် လမ်းခရီး၌ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်ကိုမျှ ဆုံတွေ့ခြင်း မရှိတော့ပေ။
အချို့သော အသက်ရှင်ကျန်ရစ်သူများသည် သူတို့ကဲ့သို့ပင် မြို့ပြ၏ ထောင့်တစ်နေရာတွင် ပုန်းအောင်း နေကြခြင်း ဖြစ်နိုင်သော်လည်း၊ အများစုမှာမူ တစ်ညတည်းနှင့်ပင် ထွက်ခွာသွားကြပြီ ဖြစ်ပေလိမ့်မည်။
လင်းယွမ်တိုက်ခန်းအဆောက်အအုံရှိ များစွာသော နေထိုင်သူများသည်လည်း ၎င်းတို့၏ ခရီးဆောင် အိတ်များကို ပြင်ဆင်ကာ ကျွင်းချန် စစ်အခြေစိုက်စခန်းဆီသို့ ဦးတည်ထွက်ခွာသွားကြ၏။ တစ်ချိန်က စည်ကားခဲ့သော တိုက်ခန်းအဆောက်အအုံကြီးအတွင်း၌ ယခုအခါ လူတစ်ရာပင် မပြည့်တော့ပေ။
နေမထွက်မီ အချိန်၌ လုံယုနှင့် အခြားသူများ ပြန်လည်ရောက်ရှိလာကြသည်။ အပြင်ဘက်မှ လှုပ်ရှား သံများကို ကြားရသဖြင့် ယောင်ရန် ထွက်ကြည့်လိုက်ရာ သူမ၏ ချစ်သူ၏ မောပန်းနွမ်းနယ်နေသော မျက်နှာနှင့် ပါးပြင်ပေါ်ရှိ ကုတ်ခြစ်ရာအချို့ကို တွေ့လိုက်ရလေသည်။
သူမက သူ့ထံ ချဉ်းကပ်သွားပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။
"ရှင် ဘာဖြစ်လာတာလဲ...။”
လုံယုက ခေါင်းငြိမ့်ပြကာ ပြန်လည် ဖြေလိုက်၏။
"ကျွန်တော် ဘာမှမဖြစ်ပါဘူး...၊ ရိက္ခာတွေ ရှာနေတုန်း ကြွက်အချို့နဲ့ တိုးခဲ့လို့ပါ...။ သူတို့ရဲ့ အရွယ် အစားကို ကြည့်ရတာ မျိုးဗီဇပြောင်းလဲနေကြပြီ ထင်တယ်...။”
၎င်းကို ကြားရသောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ လှုပ်ခတ်သွား၏။ သူမသည် လုံယုကို အနီးသို့ ဆွဲခေါ်ကာ သူ၏ ပါးပြင်ပေါ်ရှိ ကုတ်ခြစ်ရာများကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်လိုက်သည်။
သူမ၏ စိုးရိမ်ပူပန်နေသော မျက်နှာပေးကို ကြည့်ရင်း သူက ပြုံးကာ ပြောလိုက်လေသည်။
"ဒီကြွက်တွေကြောင့် ရတဲ့ ဒဏ်ရာ မဟုတ်ပါဘူး...။ ကျွန်တော်တို့ တိုက်ခိုက်နေတုန်း အဆောက်အအုံ ပြိုကျသွားလို့ အပျက်အစီးတွေ စင်သွားတာပါ...။”
သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ယောင်ရန်၏ နှလုံးသားမှာ တုန်လှုပ်သွားရပြီး၊ အတိတ်ဘဝက သူမကို အပျက်အစီးများကြားမှ ကာကွယ်ပေးခဲ့ဖူးသော သူ၏ ပုံရိပ်မှာ သူမ၏ စိတ်အာရုံထဲသို့ ဖြတ် ပြေးသွားခဲ့လေ၏။
လုံယုသည် သူမ၏ ဖြူလျော်သွားသော မျက်နှာပေးကို သတိပြုမိသွားသဖြင့် အလျင်အမြန်ပင် ပြော လိုက်လေသည်။
"မစိုးရိမ်ပါနဲ့ ရန်ရန်...၊ ကျွန်တော် တကယ်ပဲ ဘာမှမဖြစ်ပါဘူး...။”
ယောင်ရန်သည် သူ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီးနောက် အခြားသူများကို လှည့် ကြည့်လိုက်လေ၏။ သူတို့အားလုံး၌လည်း ဒဏ်ရာအသီးသီး ရရှိထားသည်ကို သတိပြုမိလိုက်သဖြင့် သူမက ပြောလိုက်လေသည်။
"ကျွန်မ ဆေးသေတ္တာ သွားယူလိုက်ဦးမယ်...။”
ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူမသည် သူမ၏ တိုက်ခန်းသို့ အပြေးအလွှား ပြန်သွားခဲ့ပြီး၊ လုံယုနှင့် အခြားသူများမှာမူ အခန်းအမှတ် (၂၀၀၁) သို့ ပြန်ဝင်ခဲ့ကြသည်။ မကြာမီမှာပင် ယောင်ရန်သည် ဆေး သေတ္တာကို ကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
ဧည့်ခန်းအတွင်း၌ ယောင်ရန်သည် လုံယု၏ ဘေးတွင် ဝင်ထိုင်ကာ သူ၏ ဒဏ်ရာများကို စတင် သန့်စင် ပေးတော့သည်။
သူမက လုံယု၏ ဒဏ်ရာများကို ကုသပေးနေစဉ်၊ ရှီရွှမ်းက ပြောလိုက်လေသည်။
"ခေါင်းဆောင်...၊ ကျွန်တော်တို့ ဆောက်လုပ်ရေးပစ္စည်းတွေ အလုံအလောက် စုဆောင်းမိပြီဖြစ်သလို၊ ထရပ်ကား နှစ်စီးကိုလည်း ရှာဖွေနိုင်ခဲ့တယ်...။ တစ်မြို့လုံး မီးမလောင်ခင်မှာ အခြား ရိက္ခာတွေကို ရှာ ဖွေဖို့ပဲ အဓိက အာရုံစိုက်သင့်တယ်လို့ ထင်တယ်...။”
ကျားရှန်းကလည်း ထပ်လောင်း ပြောကြားလိုက်၏။
"ကျွန်တော်တို့ ရေကိုလည်း ရှာဖို့ လိုအပ်တယ်...။ ရေစင်တွေထဲမှာ ရေရှိနေသေးတယ်ဆိုပေမဲ့၊ ဒီလောက် ကြာတဲ့အချိန်အတွင်းမှာ ကုန်လုနီးပါး ဖြစ်နေလောက်ပြီ...။”
ဟွမ်ချန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"ကျွန်တော်တို့ ဘယ်လောက်ပဲ ချွေတာသုံးစွဲပါစေ၊ ရေသိုလှောင်မှုက ကြာကြာခံမှာ မဟုတ်ဘူး...။ အခု တစ်မြို့လုံးမှာလည်း ရေပြတ်လပ်နေပြီဆိုတော့၊ ကျွန်တော်တို့လည်း အခြားသူတွေလိုပဲ ရေရှာဖို့အ တွက် ထွက်ခွာသင့်သလား...။”
ရှီရွှမ်းက သူ့ကို ကြည့်ကာ ပြောလိုက်လေသည်။
"ပြင်းထန်တဲ့ အပူရှိန်နဲ့ မိုးခေါင်ရေရှားမှုက ကျွင်းချန်မြို့နဲ့ ကျွန်တော်တို့ နိုင်ငံတစ်ခုတည်းကိုပဲ သက် ရောက်နေတာ မဟုတ်ဘူး...။ တစ်ကမ္ဘာလုံးမှာလည်း ဒီအတိုင်း ဖြစ်ပျက်နေလောက်တယ်...၊ တကယ် လို့ ကျွန်တော်တို့က မြို့ကို စွန့်ခွာသွားရင်ကော ရေကို သေချာပေါက် ရှာတွေ့နိုင်ပါ့မလား...။”
"ဒါ့အပြင် အခြေစိုက်စခန်းက ပထမအဆင့် ဆောက်လုပ်ရေးပဲ စတင်ရသေးတာမို့လို့၊ ကျွန်တော်တို့ ချက်ချင်း သွားနေလို့ မရသေးဘူး...။ တကယ်လို့ ရာသီဥတုက ရုတ်တရက် ပြောင်းလဲသွားရင် ဘယ် နေရာမှာ သွားပြီး ပုန်းခိုမလဲ...။ အဲ့အချိန်ကျရင် ကျွန်တော်တို့က ရေငတ်လို့၊ အစာငတ်လို့ သေရမှာ မဟုတ်ဘဲ၊ အပူလျှပ်လို့ ဒါမှမဟုတ် နှင်းကိုက်လို့ သေသွားနိုင်တယ်...။”
လွန်ကဲလှသော ရာသီဥတုဆိုးဝါးမှုမှာ ရှီရွှမ်းနှင့် အခြားသူများ အပါအဝင် အသက်ရှင်ကျန်ရစ်သူ အားလုံး၏ စိတ်နှလုံးထဲ၌ ပြင်းထန်သော ဒဏ်ရာများကို ချန်ထားခဲ့ပေသည်။ အတော်အတန် ဘေးကင်းလှသော ဤနေရာကို စွန့်ခွာပြီး မရေရာသော အနာဂတ်ကို ရင်ဆိုင်ရန်မှာ ဆုံးဖြတ်ရ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။
ရှီရွှမ်း ပြောပြီးနောက်တွင် လူတိုင်းက လုံယုနှင့် ယောင်ရန်တို့ကို ကြည့်လိုက်ကြ၏။ သူတို့၏ အကြည့် များကို ခံစားမိသော်လည်း ယောင်ရန်သည် တည်ငြိမ်စွာဖြင့်ပင် လုံယု၏ ဒဏ်ရာပေါ်သို့ ဆေးများကို အသာအယာ လိမ်းကျံပေးလိုက်ပြီးမှ သူတို့ဘက်သို့ လှည့်လိုက်လေသည်။
သူတို့နှစ်ဦးထံမှ မည်သည့် တုံ့ပြန်မှုမျှ မကြားရသဖြင့် ကျားရှန်းက မေးလိုက်၏။
"ခေါင်းဆောင်...၊ ရှင့်အနေနဲ့ ဘယ်လို ထင်လဲ...။”
လုံယုက ချက်ချင်း ပြန်မဖြေဘဲ ယောင်ရန်ကို ကြည့်လိုက်ရာ၊ သူသည် သူမ၏ ဆုံးဖြတ်ချက်ကိုသာ နာခံမည်ဖြစ်ကြောင်း အထင်အရှား ပြသလိုက်ခြင်းပင် ဖြစ်သည်။ လုံယုက ဆုံးဖြတ်ပိုင်ခွင့်ကို သူမထံ လွှဲပြောင်းပေးလိုက်သဖြင့် ယောင်ရန်သည် ပြန်လည် ဖြေရန်မှတစ်ပါး အခြားမရှိတော့ပေ။
"ကျွန်မကတော့ လတ်တလော ထွက်ခွာဖို့ အစီအစဉ် မရှိဘူး...၊ ရှီရွှမ်း ပြောသလိုပဲ၊ လွန်ကဲလှတဲ့ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်တွေက နေရာတိုင်းမှာ ဖြစ်ပျက်နေတာ...။ နေရာတိုင်းမှာ အခြေ အနေတွေက တူတူပဲဆိုရင်၊ ဒီနေရာမှာပဲ နေပြီး ရေအရင် ရှာဖွေဖို့ ဘာလို့ မကြိုးစားကြည့်ရမှာလဲ...။”
"ကျွင်းချန်မြို့က ဒုတိယတန်းစား မြို့တစ်မြို့ ဖြစ်တာမို့လို့၊ မထိမခိုက်ရသေးတဲ့ ရိက္ခာတွေ ကျန်ရှိနေဦး မှာပဲ...။ ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူ ထက်ဝက်ကျော်ကလည်း ထွက်ခွာသွားကြပြီဖြစ်သလို၊ စစ်တပ်ကလည်း ကျွင်းချန် စစ်အခြေစိုက်စခန်းဆီ ဆုတ်ခွာသွားခဲ့ပြီ...။ ကျွန်မတို့ သေချာ စုံစမ်းရှာဖွေ မယ်ဆိုရင် ရေကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မယ်လို့ ယုံကြည်တယ်...။”
သူမ ပြောပြီးနောက် လုံယုကလည်း ထပ်လောင်း ပြောလိုက်၏။
"ကျွန်တော်လည်း ဒီနေရာမှာပဲ နေပါ့မယ်...၊ အခု ကျွန်တော်တို့ဆီမှာ ထရပ်ကား နှစ်စီး ရှိနေပေမဲ့၊ စက် သုံးဆီ လိုအပ်နေသေးတယ်...။ တကယ်လို့ ကျွန်တော်တို့ မြို့ကနေ အမှန်တကယ် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ ရင်တောင်၊ အရင်ဆုံး လောင်စာဆီနဲ့ အပိုပစ္စည်းတွေကို ထပ်မံ ရှာဖွေဖို့ လိုလိမ့်မယ်...။”
အခြားသူများသည် သူတို့၏ စကားများကို တိတ်ဆိတ်စွာဖြင့် စဉ်းစားနေကြ၏။
ခဏမျှ ကြာပြီးနောက် ရှီရွှမ်းက မေးလိုက်လေသည်။
"ခေါင်းဆောင်...၊ ကျွန်တော်တို့ ရိက္ခာရှာဖို့အတွက် လူစုခွဲလိုက်ကြမလား...။”
လုံယုက သူ့ကို ကြည့်လိုက်ရာ ရှီရွှမ်းက ရှင်းပြလေသည်။
"ကျွန်တော်တို့ဆီမှာ အဖွဲ့လေးဖွဲ့ ဖွဲ့နိုင်လောက်တဲ့ လူအင်အား ရှိတယ်...။ ရေ၊ စက်သုံးဆီ၊ ရိက္ခာ ရှာဖွေဖို့ နဲ့ နေအိမ်တွေကို ကာကွယ်ဖို့ တာဝန်တွေကို အဖွဲ့တစ်ခုစီဆီ ခွဲဝေပေးလို့ရတာပေါ့...။ ဒီအစီအစဉ် အ တိုင်း လုပ်ရင် အချိန်ကုန် သက်သာစေသလို ပိုပြီးတော့လည်း ထိရောက်မှု ရှိလိမ့်မယ်...။”
အခြားသူများသည်လည်း သူ၏ အကြံပြုချက်ကို သဘောတူကြောင်း ခေါင်းငြိမ့်ပြကြ၏။
လုံယုသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ ယောင်ရန်နဲ့ ငါက ရေကို သွားရှာမယ်...။ မင်းတို့ကတော့ ကျန်တဲ့တာဝန်တွေကို ခွဲဝေ ယူလိုက်ကြပါ...။ ဒီနေရာဆီ မီးတွေ မကူးစက်ခင် ရိက္ခာတွေကို တတ်နိုင်သမျှ များများ စုဆောင်းထားဖို့ လိုအပ်တယ်...။”
ရှီရွှမ်းနှင့် အခြားသူများက ခေါင်းငြိမ့်ပြကာ
"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။”
ဆုံးဖြတ်ချက် ချပြီးနောက် ရှီရွှမ်းသည် မြေပုံတစ်ခုကို ထုတ်ယူလိုက်၏။ ယောင်ရန်က သူတို့၏ ဒဏ်ရာ များကို ဆက်လက်ကုသပေးနေစဉ်၊ သူတို့သည် ရိက္ခာများ ရှာတွေ့နိုင်မည့် နေရာများကို စတင် မှတ် သားကြတော့သည်။ သူမ ကုသပေးပြီးသွားသော အချိန်တွင် လုံယုနှင့် အခြားသူများသည် သူတို့ သွားမည့် နေရာကို ရွေးချယ်ပြီးစီးသွားခဲ့ကြပြီ ဖြစ်ပေသည်။
လုံယုသည် အခြားသူများကို ကြည့်ကာ ပြောလိုက်လေသည်။
"နေဝင်ပြီးရင် ကျွန်တော် ယောင်ရန်နဲ့အတူ ဟူပင်းရေကန်ဆီ သွားမယ်...။ ဟူပင်းရေကန်က ဒီနေရာက နေ ကီလိုမီတာ ငါးဆယ်လောက် ဝေးတဲ့အတွက်၊ ကျွန်တော်တို့ အရင်ဆုံး ထရပ်ကားတစ်စီး ရှာပြီး ရေတိုင်ကီတွေနဲ့ ရေပုံးတွေကိုပါ တစ်ခါတည်း ယူဆောင်သွားရလိမ့်မယ်...။”