အခန်း ၉၆၁
Vol. 65 Ch. 961
အခန်း ၉၆၁ - ဗိုက်ဝပြီလား။ အစားတစ်လိုင်းတို့ရဲ့ နှစ်စဉ်သုံးကတ်
"ဘုရားရေ.. အံ့ဩဖို့ကောင်းလိုက်တာ။ မင်းတို့ မြင်လိုက်လား။ သူ့ဒဏ်ရာက ချက်ချင်းကြီး ပျောက်သွားတာပဲ"
"ဒီလောက်အထိ ပြင်းထန်တဲ့ဒဏ်ရာက မျက်စိတစ်မှိတ်အတွင်းမှာတင် ပြန်ကောင်းသွားတာဟေ့။ ဒီလိုအစွမ်းမျိုးက မှော်ဝင်ပစ္စည်းတချို့နဲ့တောင် ယှဉ်လို့ရနေပြီ"
"ဟုတ်ပါရဲ့. တကယ်လို့ ငါတို့ အပြင်မှာ သားရဲတွေကို အမဲလိုက်တဲ့အခါ ဒီနို့လက်ဖက်ရည်နည်းနည်း ဆောင်သွားမယ်ဆိုရင် အသက်ကယ်ပစ္စည်းတစ်ခု ရှိနေသလိုပဲ"
"အရေးကြုံလာတဲ့အချိန်ကျရင် စကြဝဠာဒင်္ဂါးတစ်ဘီလီယံက အသက်တစ်ချောင်းကိုတောင် ကယ်တင်နိုင်မှာ။ ဒီပမာဏက လုံးဝ ဈေးမကြီးပါဘူး"
နို့လက်ဖက်ရည်၏ ဆန်းကြယ်လှသော အစွမ်းသတ္တိများကို မြင်တွေ့လိုက်ရသောအခါ ရတနာရှာဖွေသူအားလုံး မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။
"မစ္စတာကျန်း.. ဒီနို့လက်ဖက်ရည်ကို ဘယ်လိုဖန်တီးထားတာလဲ။ ကျွန်တော်တို့ကို ပြောပြလို့ ရမလား"
"ရတာပေါ့.."
ကျန်းမုန့်လောင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ဒီနို့လက်ဖက်ရည်ကို အရမ်းရှားပါးတဲ့ ဆေးဖက်ဝင်အပင်တွေကို အသုံးပြုပြီး ရှစ်ဆယ့်တစ်နှစ်ကြာအောင် ဖျော်စပ်ထားတာ။ မီးအေးအေးနဲ့ ဆယ်နှစ်ချက်ရပြီး မီးပြင်းပြင်းနဲ့ နောက်ထပ်ဆယ်နှစ် ထပ်ချက်ရတယ်။ ပြီးတော့ မြတ်စွာဘုရားရှေ့မှာ သိဒ္ဓိတင်ထားတာလေ။ အဆင့်ခြောက်အောက်ရှိတဲ့ သက်ရှိတွေအတွက် ဘယ်လိုပြင်ပဒဏ်ရာမျိုးကိုမဆို သောက်လိုက်ရုံနဲ့ ချက်ချင်းပျောက်ကင်းစေနိုင်တယ်"
အမှန်တကယ်တော့ ကျန်းမုန့်လောင်က အနည်းငယ် ပုံကြီးချဲ့၍ ပြောနေခြင်းသာ။ ဤနို့လက်ဖက်ရည်မှာ အခြေခံအားဖြင့် ဆေးဝါးတစ်မျိုးသာ ဖြစ်သော်ငြား အရသာမှာမူ အလွန်ပင် သာမန်ဆန်လှသည်။
သို့သော်လည်း တရုတ်အချက်အပြုတ်ပညာရှင် လျိုမောက်ရှင်း၏ စွမ်းရည်မှာ မည်သည့်အရာကိုမဆို အရသာရှိသော အစားအစာအဖြစ် ပြောင်းလဲပေးနိုင်ပြီး အထူးအစွမ်းတချို့ကိုပါ ထည့်သွင်းပေးနိုင်သည်။ ထို့ကြောင့် ကျန်းမုန့်လောင်သည် အမြတ်အစွန်းများစွာ ရရှိရန်အတွက် ဤကဲ့သို့သော သရေစာလမ်းမကြီးတစ်ခုကို တည်ဆောက်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်၏။
ဤနို့လက်ဖက်ရည်က ကြည့်ရသည်မှာ ထူးခြားလှသော်လည်း လက်တွေ့တွင်မူ ရရှိမည့် အမြတ်အစွန်းမှာ အဆပေါင်း ထောင်နှင့်ချီ၍ ရှိနေပေသည်။
ကျန်းမုန့်လောင်၏ သရေစာလမ်းမပေါ်ရှိ ဝန်ထမ်းများအားလုံးမှာ မြို့တော်၏ ဉာဏ်ရည်တုစနစ်များ ဖြစ်ပြီး အစားအသောက်ချက်ပြုတ်သည့် စားဖိုမှူးများမှာမူ အရိပ်စစ်သည်တော်များ ဖြစ်နေရသည့် အကြောင်းအရင်းမှာ ဉာဏ်ရည်မြင့်မားလှသော ဉာဏ်ရည်တုစက်ရုပ်များပင် ဤကဲ့သို့ မလုပ်ဆောင်နိုင်သောကြောင့်ပင်။
ဤအရိပ်စစ်သည်တော်များမှာ ကျန်းမုန့်လောင်၏ ဝိညာဉ်နှင့် ချိတ်ဆက်ထားခြင်း ဖြစ်ပြီး လူသားများ၏ အဆင့်မြင့်သက်ရှိများအလား အမျိုးမျိုးသော စွမ်းအင်များကို အသုံးပြုနိုင်ကြသဖြင့် ကျန်းမုန့်လောင်ကဲ့သို့ ဆေးဖော်စပ်ခြင်း၊ ဆေးဝါးပြင်ဆင်ခြင်းနှင့် ချက်ပြုတ်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြသည်။
တိုက်ခိုက်ခြင်းနှင့် နှိုင်းယှဉ်ပါက ဤကဲ့သို့သော လှုပ်ရှားမှုများအတွက် စွမ်းအင်သုံးစွဲမှုမှာ သိသိသာသာ ပိုမိုနည်းပါးသည်။ အဆင့်ငါး စွမ်းအင်သလင်းကျောက် တစ်လုံးတည်းဖြင့်ပင် သူတို့ကို အချိန်အကြာကြီး လည်ပတ်စေနိုင်ပြီး ရှာဖွေရရှိလာသော ပိုက်ဆံများကလည်း ကုန်ကျစရိတ်များကို အလွယ်တကူ ကာမိစေသည်။
အဆင့်ငါး စွမ်းအင်သလင်းကျောက် တစ်လုံး၏ တန်ဖိုးမှာ စကြဝဠာဒင်္ဂါးဘီလီယံအနည်းငယ်သာ ရှိပြီး နို့လက်ဖက်ရည် တစ်ခွက်၏ ဈေးနှုန်းဖြင့် ထိုစွမ်းအင်သလင်းကျောက် အများအပြားကို ပြန်လည်ဝယ်ယူနိုင်ပေသည်။
"ကျွန်တော့်ကို ပုလဲနို့လက်ဖက်ရည်တစ်ခွက် ပေးပါ"
"ကျွန်တော်လည်း ပုလဲနို့လက်ဖက်ရည်တစ်ခွက် လိုချင်တယ်"
"ကျွန်တော့်ကိုတော့ လေးရာသီလက်ဖက်ရည်ပေးပါ"
ဆန်းကြယ်လှသော အစွမ်းများကို မြင်တွေ့လိုက်ရသဖြင့် ရတနာရှာဖွေသူအများအပြားမှာ သူတို့၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ကြတော့ပေ။
ဤရတနာရှာဖွေရေးနယ်မြေထဲတွင် ဒဏ်ရာရရှိခြင်းမှာ ပုံမှန်ကိစ္စတစ်ခု ဖြစ်သော်လည်း အပြင်ဘက်နှင့် မတူသည်မှာ ဤနေရာ၌ မည်သည့်ဆေးဝါးကုသရေးကိရိယာမှ မရှိခြင်းပင်။ သူတို့အနေနှင့် ဆေးဝါးအရင်းအမြစ်အမျိုးမျိုးကို ယူလာကြသော်လည်း ထိုပစ္စည်းများမှာ အစကတည်းကပင် တန်ဖိုးကြီးမားလှသည်ဖြစ်ရာ အရေးပေါ်အခြေအနေများအတွက်သာ အနည်းငယ် ဆောင်ထားနိုင်သည်။
မြိုထဲရှိ လူအများအပြားမှာ ဒဏ်ရာရရှိထားပြီး အချို့မှာမူ ပြင်းထန်စွာ ဒဏ်ရာရထားကြသည်။
အကယ်၍ သူတို့သာ ဤအခြေအနေအတိုင်း ဆက်သွားနေမည်ဆိုပါက လာမည့်လှုပ်ရှားမှုများတွင် သေဆုံးသွားနိုင်ခြေရှိ၏။ ကံကောင်းထောက်မစွာဖြင့် အဖိုးတန်ရတနာများနှင့် ကြုံတွေ့ရလျှင်ပင် ထိုအရာများကို အရယူရန် ကြိုးစားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ဆန်းကြယ်လှသော ဤနို့လက်ဖက်ရည်က သူတို့၏ မျှော်လင့်ချက်များကို သံသယဖြစ်ဖွယ်မရှိလောက်အောင် ပြန်လည်တောက်ပလာစေခဲ့သည်။
စကြဝဠာဒင်္ဂါးတစ်ဆယ်ဘီလီယံကျော်ဟူသော ဈေးနှုန်းက များပြားလှသော်လည်း သူတို့အနေနှင့် အရင်းအမြစ်အချို့ကို အစောကမှ ရောင်းချထားပြီးဖြစ်သောကြောင့် လူအနည်းငယ် စုပေါင်းလိုက်ပါက ဤပမာဏကို စုဆောင်းနိုင်သည်ဖြစ်ရာ အစောပိုင်းကလို ငွေကြေးပြတ်လပ်မနေကြတော့ပေ။
"ဘယ်လိုလဲ.. ဘယ်လိုလဲ"
"ငါ့ဒဏ်ရာတွေ ပျောက်ကုန်ပြီ။ ဘုရားရေ.. ဒီလေးရာသီနို့လက်ဖက်ရည်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုပါ ကုသပေးနိုင်စွမ်းရှိတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က သားရဲရဲ့ စိတ်ဝိညာဉ်စွမ်းအားကြောင့် ထိခိုက်ခဲ့တာတွေလည်း အခု အကုန်ပြန်ကောင်းသွားပြီ"
"ဒီပုလဲနို့လက်ဖက်ရည်က ပြင်းထန်တဲ့ အဆိပ်တွေကိုပါ ပြယ်စေနိုင်တာကိုး။ ဟားဟားဟား.. ငါတော့ ထုတ်ပယ်ခံရတော့မယ်လို့ ထင်ထားတာ။ ကောင်းကင်ကြီးက လမ်းစတွေအကုန်လုံးကို ပိတ်မပစ်လိုက်ပါဘူး"
"မင်း တော်လောက်ပြီ။ မသောက်နဲ့တော့။ တစ်ယောက်တစ်ငုံစီ သောက်မယ်လို့ သဘောတူထားတယ်မဟုတ်လား။ ငါ့ကို မြန်မြန်တစ်ငုံပေးဦး။ ငါ မခံနိုင်တော့ဘူး"
အတော်အတန် ချမ်းသာကြွယ်ဝသော ရတနာရှာဖွေသူအုပ်စုတစ်စုသည် နို့လက်ဖက်ရည် အမျိုးမျိုးကို မှာယူခဲ့ကြလေရာ အမှန်တကယ်ပင် တစ်ခွက်ချင်းစီ၌ မတူညီသော အစွမ်းသတ္တိများ ရှိပြီး အချို့က ပြင်ပဒဏ်ရာများကို ကုသပေးကာ အချို့ကတော့ အဆိပ်အတောက်များကို ပြယ်စေသဖြင့် စကြဝဠာ၏ ထိပ်တန်းဆေးဝါးသုတေသနစင်တာများမှ စိတ်ဝိညာဉ်ဆေးလုံးများထက်ပင် ပိုဆန်းကြယ်လှပေသည်။
"ဒီနို့လက်ဖက်ရည်ကတောင် ဒီလောက်အထိ ဆန်းကြယ်တဲ့အစွမ်းတွေ ရှိနေရင် တခြားအရာတွေက ပိုပြီးတော့တောင် အစွမ်းထက်ဦးမယ်လို့ မထင်ကြဘူးလား"
ရတနာရှာဖွေသူတစ်ဦးက ပုလဲနို့လက်ဖက်ရည်ကို အလုတ်အကြီးကြီး သောက်ရင်း ပြောလိုက်သည်။
"စွမ်းအင်ဆေးလုံးတွေနဲ့ နတ်စွမ်းအင်ဆေးလုံးတွေကိုလည်း ရီထျန်းဂိုဏ်းကပဲ ဖော်စပ်ခဲ့တယ်ဆိုတာ မမေ့နဲ့ဦးလေ"
"သွားမယ်.. ငါတို့ စမ်းကြည့်ကြရအောင်"
ပိုမိုချမ်းသာသော ရတနာရှာဖွေသူအနည်းငယ်က "ခန်ဂျီဂျီ"ဆိုင်ထဲသို့ ဝင်သွားခဲ့ကြပြီး စကြဝဠာဒင်္ဂါး ၁၃.၈ဘီလီယံကို စုပေါင်း၍ မိသားစုပုံးတစ်ပုံး ဝယ်ယူလိုက်ကြသည်။
"ငါ အရင်မြည်းကြည့်မယ်"
သတ္တိရှိသော ရတနာရှာဖွေသူတစ်ယောက်က လက်ချောင်းလေးများကိုပင် ပြန်လျက်ချင်စရာကောင်းသော ကြက်ကြော်တစ်တုံးကိုယူ၍ ကိုက်လိုက်လေရာ သူ့မျက်ဝန်းများမှာ ချက်ချင်းပင် မိန်းမောတွေဝေသွားရသည်။
"ဘုရားရေ.. ဒီအရသာက ငါ့လျှာကို စုပ်ခွက်လေးတွေနဲ့ လာစုပ်ပြီး လှုံ့ဆော်ပေးနေသလိုပဲ။ သွားရည်တွေလည်း အလိုလိုထွက်လာတယ်။ ပြီးတော့ ငါ့ရဲ့ အစာရေမျိုပြွန်နဲ့ အစာအိမ်နံရံတွေကိုပါ ခပ်ပြင်းပြင်း ရိုက်ခတ်ပြီး အစာစားချင်စိတ်ကို အလိုလိုပြန်နိုးထလာစေတယ်။ ကြွပ်ကြွပ်ရွရွ အပေါ်ယံအရေခွံနဲ့ ကျစ်လျစ်နူးညံ့တဲ့အသား ပေါင်းစပ်လိုက်တဲ့အခါ အရသာက ပြောမပြတတ်လောက်အောင် နက်နဲပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေအကုန်လုံးကို ပြန်လည်ပြည့်ဝသွားစေတယ်..."
"စကြဝဠာရဲ့ မသင်မနေရအနှစ်သုံးဆယ်ပညာရေးကိုတောင် မပြီးမြောက်သေးတဲ့လူတစ်ယောက်က ဒီလောက်အထိ လှပဆန်းပြားတဲ့ စကားလုံးတွေကို ပြောနိုင်တာလား"
"ဒါက ဘယ်လောက်တောင် စားကောင်းနေလို့လဲ"
ထိုရတနာရှာဖွေသူ၏ ဖော်ပြချက်ကို နားထောင်ပြီးနောက် လူတိုင်း၏ ပါးစပ်ထဲတွင် သွားရည်များ အလိုလိုယိုစီးလာကြတော့သည်။
ရုတ်တရက်ဆိုသလိုပင် ထိုရတနာရှာဖွေသူထံမှ ပြင်းထန်လှသော ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်လာပြီး လေထုထဲရှိ စွမ်းအင်များအားလုံးကို သူ့ထံသို့ ဆွဲငင်နေကြောင်း လူတိုင်း ခံစားလိုက်ကြရသည်။
သူ့ဆဲလ်တိုင်းက ခန္ဓာကိုယ်ကို သန်မာစေရန် ပြင်ပစွမ်းအင်များကို လောဘတကြီး စုပ်ယူနေသည့် စုပ်စက်တစ်ခုအလားပင်။ သူ့မျိုးရိုးဗီဇပြောင်းလဲမှုနှုန်းကပင် သိသိသာသာ တိုးတက်နေချေသည်။
သူလည်း အလွန်အမင်း ဝမ်းသာသွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
"ငါ့ခန္ဓာကိုယ်က ဆန်းကြယ်တဲ့ အခြေအနေတစ်ခုကို ရောက်သွားသလို ခံစားရတယ်။ ဒီအခြေအနေအတိုင်းသာ ဆယ်ရက်လောက် ကျင့်ကြံမယ်ဆိုရင် ငါ့ရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုနှုန်းက အနည်းဆုံး တစ်ရာခိုင်နှုန်းလောက် တိုးတက်လာလိမ့်မယ်"
"ဘာ.. အဆပေါင်းတစ်ထောင်တောင်လား"
"မဖြစ်နိုင်တာ.. အကောင်းဆုံးမျိုးရိုးဗီဇလှုံ့ဆော်ဆေးတွေတောင်မှ တစ်နှစ်အတွင်း မျိုးရိုးဗီဇပြောင်းလဲမှုနှုန်းကို ၀.၀၁ရာခိုင်နှုန်းပဲ တိုးတက်စေနိုင်တာလေ။ ပြီးတော့ အဲဒါတွေကလည်း အရမ်းဈေးကြီးတယ်။ အထူးသဖြင့် အဆင့်ငါးအထွတ်အထိပ် သက်ရှိတွေအတွက်ဆိုရင် အနည်းဆုံး စကြဝဠာဒင်္ဂါး ဘီလီယံရာဂဏန်းလောက်ပေးရတယ်မဟုတ်လား"
"ငါ့ကို နောက်တစ်တုံး ထပ်ပေးဦး"
ကြက်ကြော်၏ အစွမ်းကို သိသွားသော ရတနာရှာဖွေသူသည် နောက်ထပ်တစ်တုံးကို ချက်ချင်းလှမ်းယူကာ ဝါးစားလိုက်တော့သည်။
"သေစမ်း.. ဒါကို ငါလည်း ပိုက်ဆံစိုက်ထားတာကွ"
"မလုကြနဲ့လေ... ဟေ့... ငါတို့အားလုံး ပိုက်ဆံ အတူတူစိုက်ထားတာ။ ငါ့ကိုလည်း တစ်ကိုက်လောက်ပေးဦး"
ရူးသွပ်မှုပင်တည်း။
ထိုခဏ၌ ချက်ချင်းပင် ရူးသွပ်ကုန်ကြတော့သည်။ လူတိုင်းသည် မိမိတို့ ဤရတနာသိုက်ထဲသို့ ဘာအတွက်ကြောင့် လာခဲ့ကြသလဲဆိုသည်ကိုပင် မေ့လျော့သွားကြချေပြီ။
သူတို့အနေနင့် ရတနာများကို ဆက်လက်ရှာဖွေပြီး ဤနေရာ၌ စကြဝဠာဒင်္ဂါးများနှင့် လဲလှယ်ကာ ဤသရေစာလမ်းမမှ အစားအစာများကို ဝယ်ယူစားသုံးနေသရွေ့ ရတနာရှာဖွေရေးနယ်မြေ မပိတ်သိမ်းခင်မှာပင် အဆင့်ခြောက်သက်ရှိအဖြစ်သို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေး ရှိနိုင်ပေလိမ့်မည်။
ဤသည်မှာ သူတို့အားလုံးအတွက် ပြင်းထန်လှသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေချေပြီ။
"ကျွန်တော်တို့ကို နောက်ထပ်တစ်ပုံး ထပ်ပေးပါဦး"
ထိုရတနာရှာဖွေသူများမှာ ကျန်းမုန့်လောင်၏ ကာကွယ်စောင့်ရှောက်ခ ကောက်ခံမှုဒဏ်ကို မခံခဲ့ရသည်အထိ ချမ်းသာကြွယ်ဝသူများ ဖြစ်ဟန်တူသည်။ ဤမျှချိုမြိန်လှသော အကျိုးအမြတ်ကို မြည်းစမ်းလိုက်ရပြီးနောက် သူတို့လည်း စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။
"စိတ်မကောင်းပါဘူး...ကျွန်တော်တို့က ပုံမှန်ဖောက်သည်တွေကို ပစ္စည်းတစ်ခုကို တစ်လမှာ တစ်ကြိမ်ပဲ ရောင်းချပေးတာပါ"
ငွေကောက်ခံနေသော ဉာဏ်ရည်တုက တောင်းပန်စကားဆိုလိုက်သည်။
"မစ္စတာကျန်း.. ဒါ... ဒါက ဘာသဘောလဲဗျ။ ကျွန်တော်တို့မှာ ပိုက်ဆံရှိတာကို ဘာလို့မရောင်းပေးတာလဲ'
"မဟုတ်တာ.. မဟုတ်တာ။ ငါက ဘာလို့ မရောင်းဘဲ နေရမှာလဲ။ ငါက စည်းကမ်းရှိတဲ့ စီးပွားရေးသမားတစ်ယောက်လေ။ ပိုက်ဆံမရှာတာက အပြစ်တစ်ခုပဲ"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။
"ဒါပေမဲ့ မင်းတို့ နားလည်ထားရမှာက ဒီလိုမျိုး အကောင်းစားပစ္စည်းတွေက အကန့်အသတ်မရှိ ရနိုင်တာမျိုး မဟုတ်ဘူး။ အသုံးပြုထားတဲ့ ကုန်ကြမ်းတွေက အရမ်းအဖိုးတန်လွန်းလို့ပါ"
"နှမြောစရာကောင်းလိုက်တာ..."
သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။ ကျန်းမုန့်လောင်၏ ရှင်းပြချက်မှာ အမှန်တကယ်ပင် ယုတ္တိရှိလှပေသည်။ အကယ်၍ ပိုက်ဆံရှိရုံမျှဖြင့် လွယ်လွယ်ကူကူ ဝယ်ယူနိုင်မည်ဆိုပါက ဤသည်မှာ အမှန်စင်စစ် အဖိုးတန်အရာတစ်ခု ဖြစ်နိုင်ပါဦးမည်လော။
"ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့ စိတ်ကြိုက်စားချင်တယ်ဆိုရင်တော့ နည်းလမ်းရှိပါတယ်"
ကျန်းမုန့်လောင်က ထပ်ပြောလိုက်သည်။
"တကယ်လို့ မင်းတို့သာ 'ဗိုက်ဝပြီလား'ဆိုတဲ့ အစားတစ်လိုင်းတွေရဲ့ နှစ်စဉ်သုံးကတ်ကို ဝယ်လိုက်မယ်ဆိုရင် ဒီလမ်းမပေါ်က ဘယ်ဆိုင်မှာမဆို တစ်နှစ်ပတ်လုံး အကန့်အသတ်မရှိ စားသုံးနိုင်မယ့်အပြင် ငါးရာခိုင်နှုန်း လျှော့ဈေးပါ ရဦးမှာပါ"
"အခုချက်ချင်း ဝယ်မယ်ဆိုရင် တစ်နှစ်ကို စကြဝဠာဒင်္ဂါး ငါးထောင်ဘီလီယံပဲ ကျသင့်မှာပါ။ မင်းတို့အတွက် ငါးဆယ်ရာခိုင်နှုန်းလျှော့ဈေးကူပွန်သုံးစောင်ပါ လက်ဆောင်ပေးဦးမှာပါ အချစ်ကလေးတို့ရေ"
**********************