အခန်း ၉၆၂
Vol. 65 Ch. 962
အခန်း ၉၆၂ - ဝံပုလွေတွင်းကနေ လွတ်လာပေမဲ့လည်း ကျားရှေ့ မှောက်လဲရပြီ
"မနက်ခင်းလေး အိပ်ရာနိုးချိန်ဝယ်.. နေရောင်ခြည်ကို ပွေ့ဖက်ကာရယ်.. အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ပြည့်ဝစွာနဲ့.. ပြုံးလိုက်ပါကွယ်..."
နံနက်စောစောအချိန်တွင် ကျန်းမုန့်လောင်သည် အလွန်ကြီးမားလှသော သူ့စံအိမ်ကြီးအတွင်း၌ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်နေလေသည်။
ဤရက်ပိုင်းအတွင်း သူသည် နေ့စဉ် ငွေကောက်ခံခြင်းမှတစ်ပါး အခြားဘယ်အရာကိုမှ မလုပ်ဆောင်သော မြေရှင်တစ်ဦးအလားပင်။ သူ့သုံးစွဲမှုပမာဏကလည်း အလွန်အမင်း နည်းပါးလှသဖြင့် သမုဒ္ဒရာထဲရှိ ရေတစ်စက်မျှသာရှိပြီး သူ့ခေါင်းပေါ်ရှိ ကံကြမ္မာမီးလျှံမှာမူ အနက်ရောင်တောက်နေချေသည်။ ရောင်စုံအလင်းတန်းပင် သမ်းနေလေပြီ။
ဤမြို့တော်မှာ နေ့စဉ်နေ့တိုင်း ရတနာရှာဖွေသူများ ငွေရှာဖွေခြင်းနှင့် ငွေသုံးစွဲခြင်း သံသရာကို ထပ်ခါတလဲလဲ ပြုလုပ်နေကြသော စိုက်ပျိုးမွေးမြူရေးခြံတစ်ခုနှင့် တူညီနေသော်လည်း သူတို့အားလုံးမှာ ကျန်းမုန့်လောင်၏ ငွေရှာနွားကြီးများ ဖြစ်လာခဲ့၏။
သို့သော်လည်း မြို့အတွင်းရှိ ရတနာရှာဖွေသူ အရေအတွက်မှာ လျော့နည်းသွားခြင်းမရှိသည့်အပြင် ကျန်းမုန့်လောင်၏ အလုပ်သမားများ ဖြစ်လာကြမည့် လူသစ်များလည်း စဉ်ဆက်မပြတ် ရောက်ရှိလာကြသည်။
အခြားရွေးချယ်စရာလည်းမရှိပါချေ။ ဘေးကင်းလုံခြုံသော နေထိုင်စရာနေရာတစ်ခု ရရှိရန်အတွက် ဘဝက မည်မျှပင်ခက်ခဲပါစေ သူတို့ ဆက်လက်ရုန်းကန်ကြရမည်ဖြစ်ရာ ဤသည်မှာ အလုပ်သမားလူတန်းစား၏ ဆင်းရဲဒုက္ခပင်။
"ကောတန်... ငါတို့ရီထျန်းဂိုဏ်းရဲ့ ဟိုတယ်မှာ အခု လူဘယ်နှယောက်လောက် စာရင်းသွင်းထားပြီးပြီလဲ"
ကျန်းမုန့်လောင်က ဘိုတာမွန်နှင့်အတူ မနက်စာစားရင်း မေးလိုက်သည်။ ယနေ့ နံနက်စာမှာ မှိုနှင့်အတူ ချက်ပြုတ်ထားသော ဗိုက်ကင်းဧရာမသားရဲဟင်းဖြစ်ပြီး ထိုအကောင်မှာ ကီလိုမီတာများစွာ ရှည်လျားသော အဆင့်ခုနစ်သက်ရှိတစ်ကောင် ဖြစ်သော်လည်း ဘိုတာမွန်အတွက်မူ သုံးရက်စာ အစားအစာမျှသာ။
"ကျောင်းအုပ်ကြီး... လက်ရှိမှာ လူပေါင်း ၇.၂သန်းလောက် မှတ်ပုံတင်ထားပါတယ်။ ဒါပေမဲ့ နေ့တိုင်း ဟိုတယ်မှာ တည်းခိုတဲ့သူက ထက်ဝက်တောင် မရှိဘူးဖြစ်နေတယ်.. တချို့က တစ်ခါတစ်ရံ အပြင်မှာ ညအိပ်ပြီး တချို့ကတော့ သေဆုံးသွားကြပါပြီ"
"ကျစ်.. ကျစ်.. ကျစ်...."
ကျန်းမုန့်လောင်လည်း ဦးနှောက်ဖြင့် အလျင်အမြန် တွက်ချက်လိုက်လေရာ တစ်ဝက်ထက် နည်းပါးသည်ဆိုပါက လူပေါင်း ၃သန်းခန့် ရှိပေလိမ့်မည်။ အကယ်၍ လူတစ်ဦးလျှင် တစ်ရက်ကို စကြဝဠာဒင်္ဂါးတစ်ဘီလီယံ ပေးဆောင်ရမည်ဆိုပါက ဟိုတယ်ခသက်သက်ဖြင့်ပင် သူသည် တစ်ရက်လျှင် စကြဝဠာဒင်္ဂါး ၃၀၀ထရီလီယံနီးပါး ရရှိပေမည်။ အချိန်မည်မျှ ကြာမြင့်သွားပြီလဲဆိုသည်ကို သူ မမှတ်မိတော့သော်လည်း ယခုအချိန်တွင် ရက်ပေါင်းတစ်ရာကျော် ရှိနေလောက်ပြီဖြစ်၏။
ထိုအထဲတွင် ဟိုတယ်ခထက် ပိုများပြားလှသော မုန့်ဈေးတန်းမှ ရရှိသည့် ငွေကြေးများ မပါဝင်သေးချေ။ အကြောင်းမှာ ထိုနေရာရှိ အသက်သာဆုံး ပစ္စည်းတစ်ခု၏ ဈေးနှုန်းမှာ စကြဝဠာဒင်္ဂါးတစ်ဘီလီယံမှ စတင်သောကြောင့်ပင်။
"ငါ့အမြင်တော့ ဒီစီးပွားရေးပုံစံကို နည်းနည်း ထပ်ချဲ့ထွင်ဖို့ လိုဦးမယ်ထင်တယ်"
အရိပ်စစ်သည်ရုပ်သေးတပ်မတော် ရှိနေခြင်းကြောင့် ဤရတနာရှာဖွေရေးကမ္ဘာသည် ကျန်းမုန့်လောင်အတွက် ဘာအန္တရာယ်မှ မရှိတော့ဘဲ စိတ်အပန်းဖြေစရာ စီးပွားရေး ကစားပွဲတစ်ခုမျှသာ ဖြစ်နေတော့သည်။
အမှန်စင်စစ်၌ ဤစီးပွားရေးကစားပွဲတွင် အနည်းငယ်သော ခြိမ်းခြောက်အကျပ်ကိုင်မှုနှင့် ခေါင်းပုံဖြတ်မှုများပါ ပါဝင်လျက်ရှိပေသည်။
"ကောတန်... ငါတို့ အမြင်ကျယ်ကျယ် ထားရမယ့်အချိန်ရောက်ပြီလို့ မင်း မထင်ဘူးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"အမှန်ပါပဲ"
ကောတန်က ကျန်းမုန့်လောင်၏ အကြံဉာဏ်ကို သဘောတူသည်။
"ဒီရတနာရှာဖွေရေးကမ္ဘာထဲမှာ အရိပ်စစ်သည်တွေနဲ့ ဇူဒါမျိုးနွယ်စု စစ်သင်္ဘောတပ်ဖွဲ့ရဲ့ ရတနာလိုမျိုး အရာတွေ အများကြီး ရှိနေဦးမှာပဲ.. ကျွန်တော်တို့တွေ ခပ်ဝေးဝေးကို စူးစမ်းကြည့်လို့ရဦးမယ်ထင်တယ်.. ဒီမြို့ကတော့ အရိပ်စစ်သည်တွေကို စောင့်ကြပ်ခိုင်းထားရင် ဘေးကင်းနေမှာပါ"
"ဟေး... ဟိုဘက်က သုံးယောက်.. ဒီကိုလာခဲ့ဦး"
ကျန်းမုန့်လောင်က အခြားဗီလာတစ်ခုရှိ လူသုံးယောက်ထံသို့ လက်ဝှေ့ယမ်းပြလိုက်သည်။
"ကျောင်းအုပ်ကြီး... ကျွန်တော်တို့က ကမ္ဘာမြေပေါ်မှာကတည်းက ကျောင်းအုပ်ကြီးနဲ့အတူ ရှိခဲ့တာလေဗျာ.. အခုထိ ကျွန်တော်တို့ နာမည်တွေကို မမှတ်မိသေးဘူးဆိုတာတော့ နည်းနည်း များလွန်းမနေဘူးလား"
"အပိုတွေမပြောနဲ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါ အပျော်ခရီးထွက်ဖို့ တခြားနေရာတွေကို သွားဖို့ စီစဉ်ထားတယ်။ ငါ မရှိတဲ့အချိန်အတွင်းမှာ မြို့ကို သေချာစောင့်ကြည့်ပေးထားကြဦး"
"အပိုဆုကြေးရှိလား ကျောင်းအုပ်ကြီး"
လူသုံးယောက်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားကြလေသည်။
"ရတာပေါ့... အရင်ကရခဲ့တဲ့ နေ့စဉ်ဝင်ငွေအပေါ် အခြေခံပြီး ငါ မရှိတဲ့အချိန်မှာ ပိုဝင်တဲ့ ငွေမှန်သမျှ မင်းတို့ရဲ့ ဆုကြေးအနေနဲ့ ၁၀ရာခိုင်နှုန်း အပိုဆုကြေး ရမယ်။ တကယ်လို့ ဝင်ငွေလျော့သွားရင်တော့ မင်းတို့ သုံးယောက် အဲ့ဒီကွာဟချက်ကို ကိုယ်တိုင် ပြန်စိုက်ရမယ်"
"သေစမ်း... အရမ်းရက်စက်တာပဲ"
"အကြီးအကဲရဲ့ နှလုံးသားက သူ့ခေါင်းပေါ်က မီးလျှံလို နက်မှောင်နေတာပဲ"
"ဆက်ပြီး ပွစိပွစိလုပ်နေရင် ငါ မင်းတို့ခေါင်းပေါ်က မီးလျှံတွေကို အစိမ်းရောင်ပြောင်းပစ်လိုက်မယ်.. ကြားလား"
......
ကျန်းမုန့်လောင်သည် မထွက်ခွာခင် တရားဝင်ဆန်လှသော နှုတ်ဆက်ပွဲတစ်ခု လုပ်ခဲ့သေးသည်။ မြို့တော်၏ ထုတ်လွှင့်ရေးစနစ်မှ အသံထွက်ပေါ်လာသည့်အခါ လူတိုင်း သတိကြီးကြီး ထားလိုက်ကြပြီး ကျန်းမုန့်လောင် ဘယ်အရာကို ကြေညာမလဲဆိုသည်ကို မရေမရာဖြစ်နေခဲ့ကြသည်။
ယခင်က ကျန်းမုန့်လောင်သည် တစ်မြို့လုံးအတိုင်းအတာဖြင့် ကြေညာချက် နှစ်ကြိမ် ပြုလုပ်ခဲ့ဖူးသည်။ ပထမအကြိမ်မှာ လူဦးရေ တိုးပွားလာခြင်းကြောင့် စွမ်းအင်သုံးစွဲမှု ပိုမိုများပြားလာသည်ဟု ဆိုကာ ဟိုတယ်တည်းခိုခကို ၂၀ရာခိုင်နှုန်း မြှင့်တင်ခဲ့ပြီး ထိုအကြောင်းအရာကို လှပသော စကားလုံးဖြစ်သည့် "ပူးတွဲစွမ်းအင်ကျသင့်ငွေ"ဟုပင် သမုတ်ခဲ့လေသည်။
ဒုတိယအကြိမ်တွင်မူ ပစ္စည်းကိရိယာရှားပါးမှုနှင့် ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုကို အကြောင်းပြ၍ မုန့်ဈေးတန်းရှိ ဈေးနှုန်းများကို နောက်ထပ်၂၀ရာခိုင်နှုန်း ထပ်မြှင့်ခဲ့ပြန်သည်။
ဤသည်မှာ ဒုက္ခရောက်နေရှာသော ရတနာရှာဖွေသူများအတွက်မူ ဒဏ်ရာပေါ် ဆားဖြူးလိုက်သလို ဖြစ်နေခဲ့သဖြင့် ယခုအကြိမ်တွင်လည်း သူတို့ဘက်က သတင်းကောင်းကို မျှော်လင့်မထားကြပါချေ။
"ဒီနေ့တော့ ငါ့ဆီမှာ ဝမ်းနည်းစရာသတင်းတစ်ခု ပါလာတယ်။ ကဗျာတွေကို ရှာဖွေဖို့အတွက်နဲ့ အခြားအရပ်ဒေသတစ်ခုကို ရှာဖွေဖို့အတွက် ငါ့ရဲ့ရီထျန်းဂိုဏ်းဟိုတယ်ဌာနချုပ်ကနေ ငါ ယာယီထွက်သွားရတော့မယ်"
"ဟင်... အတည်ကြီးလား"
"မိစ္ဆာဘုရင်ကြီးက တကယ်ထွက်သွားတော့မှာလား။ ဟားဟား... ငါတို့ ဒီညတော့ အောင်ပွဲခံကြမယ်ဟေ့"
"ကဗျာတွေနဲ့ အခြားအရပ်ဒေသဆိုတာက ဘာကြီးလဲဟ"
"ဘယ်သူက ဂရုစိုက်နေမှာလဲ။ သူ မရှိတာနဲ့တင် ငါတို့အတွက် သာယာနေပြီကို"
ဤအကြောင်းကို ကြားလိုက်ရသည့်အခါ ရတနာရှာဖွေသူများလည်း မကြာမီ ထွက်ပေါ်လာတော့မည့် သူတို့၏ ရယ်မောသံများကို အောင့်အည်းထားလိုက်ကြရသည်။
ကျန်းမုန့်လောင် ထွက်ခွာသွားသော်လည်း သူ့အရိပ်စစ်သည်များက သူတို့ကို ဆက်လက် ဖိနှိပ်ထားဦးမည်ဖြစ်ကြောင်း သူတို့ သိထားသော်လည်း ဤအခြေအနေမှာ အထက်တန်းကျောင်း၌ အတန်းပိုင်ဆရာရှိခြင်းနှင့် မရှိခြင်းတို့ကြားက ညကျောင်းစာကြည့်ချိန်နှင့် တူညီလှ၏။ အိမ်စာများကို လုပ်ဆောင်နေရဦးမည် ဖြစ်သော်လည်း ကြီးကြပ်ကွပ်ကဲမည့်သူ မရှိခြင်းကား ပိုပျော်ရွှင်စရာကောင်းပေသည်။
"ချစ်လှစွာသော မြို့သူမြို့သားတို့အနေနဲ့ ငါ့ကို ထွက်မသွားစေချင်ကြဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ငါ့မှာ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိနေသေးလို့ပါ။ အဲဒါကြောင့် ငါ မင်းတို့ကို ဒီနေရာမှာတင် အလေးအနက် နှုတ်ဆက်လိုက်ပါတယ်။ ဒီနေ့ကစပြီး ဒီဟိုတယ်ကို ရီထျန်းဂိုဏ်းက မူဆာရှီ၊ ခိုဂျီရိုနဲ့ မြူအော့တို့က စီမံခန့်ခွဲသွားမှာပါ.. သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးကြပါဦး"
"ဘာကြီး"
"မဖြစ်နိုင်တာ။ အဲ့ဒီမိစ္ဆာသုံးကောင်လား"
"တစ်ခုခုတော့ တစ်ခုခုပဲ... ငါ့အသိစိတ်က ဒီကိစ္စကို ကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ပြောနေတယ်"
ဤလူသုံးယောက်က တစ်မြို့လုံးတွင် နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။
ပြင်ပတွင် ရတနာများအတွက် အားလုံး တိုက်ခိုက်နေကြခြင်းမှာ သာမန်ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း အနည်းဆုံးတော့ သူတို့သည် ကိုယ်ပိုင်ကြိုးစားမှုနှင့် သွေးချွေးကို အသုံးပြု၍ သိုင်းပညာရှင်များ၏ ကျင့်ဝတ်ကို ထိန်းသိမ်းထားကြသည်။
သို့သော် ဤသုံးဦးမှာမူ ကွဲပြား၏။ သူတို့သည် မြို့တော်သို့ ဦးတည်ထားသော မလွှဲမရှောင်သာ ဖြတ်သွားရသည့် လမ်းမများပေါ်တွင် ဓားပြတိုက်ခြင်းမှတစ်ပါး အခြားဘာမှမလုပ်ဆောင်ကြဘဲ နေ့စဉ် နေရာပြောင်းလဲနေကြသဖြင့် မည်သည့်အချိန်တွင် သူတို့ ချုံပုတ်ထဲမှ ခုန်ထွက်လာမည်ကို မည်သူမှ မသိနိုင်ပေ။
အစပိုင်းတွင် သူတို့၏ "အလုပ်ချိန်"မှာ အလွန်မှန်ကန်လှသည်။ မနက်၉နာရီမှ ညနေ၅နာရီအထိဖြစ်ပြီး စနေတနင်္ဂနွေများတွင် အနားယူလေ့ရှိသည်။ နောင်တွင် လူအများကလည်း ဤပုံစံကို သတိထားမိသွားပြီး နေ့စဉ် ညနေ၅နာရီနောက်ပိုင်းမှသာ မြို့ထဲသို့ ပြန်လာကြတော့သည်။
ထို့ကြောင့် ထိုလူသုံးယောက်တွဲကို အချိန်ပိုဆင်းရန်နှင့် စနေတနင်္ဂနွေများတွင်ပါ အလုပ်လုပ်ရန် ဖိအားပေးသလို ဖြစ်သွားလေသည်။ နောက်ဆုံးတွင် အားလုံးက ခုခံရန် လက်လျှော့လိုက်ကြပြီး ကံစီမံရာအတိုင်းသာ လွှတ်ထားလိုက်ကြတော့သည်။ မည်သို့ပင် ဆိုစေကာမူ သူတို့၏ ဓားပြတိုက်ခြင်းကို ခံရမည့် ကံဆိုးသူများမှာ အမြဲရှိနေတတ်သောကြောင့်ပင်။
ကျန်းမုန့်လောင် ရှိစဉ်က သူတို့ အနည်းငယ် ထိန်းသိမ်းခဲ့ကြသော်လည်း အကယ်၍ သူတို့ကိုယ်တိုင် မြို့ကို စီမံခန့်ခွဲမည်ဆိုပါက ဘာကောင်းကျိုးများ ထွက်ပေါ်လာနိုင်မည်နည်း။
"အဟမ်း... အဟမ်း... CCTVကို ကျေးဇူးတင်ပါတယ်။ MTVကိုလည်း ကျေးဇူးတင်ပါတယ်။ မြို့သူမြို့သား အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်ကတော့ ရီထျန်းဂိုဏ်းက ခိုဂျီရိုပါ.. ရာထူးလက်ခံတဲ့ အထိမ်းအမှတ်အနေနဲ့ ကျွနတော့်ခံစားချက်တချို့ကို ပြောကြားလိုပါတယ်.. ဒီနေ့ ဒီနေရာမှာ ရပ်နေရင်း ပထမဆုံးအနေနဲ့ ကျွန်တော့်ကို ဒီကမ္ဘာပေါ် ရောက်အောင် ဖွားမြင်ပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့သာ မရှိရင် ဒီနေ့ ကျွန်တော်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး... ဒုတိယအနေနဲ့ ကျွန်တော့်ကို ပျိုးထောင်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီးကို ကျေးဇူးတင်ပါတယ်..."
ထိုလူသုံးယောက်သည် အဓိပ္ပာယ်မရှိသော ကိုယ်ရေးအကျဉ်း မိတ်ဆက်ခြင်းကို ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးတွင် "ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါ"ဟု ဆိုကာ အဆုံးသတ်လိုက်ကြသည်။
"ကဲ...အစစအရာရာ မင်းတို့လက်ထဲ အပ်ခဲ့ပြီ"
နှုတ်ဆက်စကားအနည်းငယ် ပြောကြားပြီးနောက် ကျန်းမုန့်လောင်သည် သုန်းချီကို အသုံးပြု၍ မြင်းတစ်ကောင်အဖြစ် ပြောင်းလဲလျက် ကောင်းကင်ယံသို့ ပျံသန်းပျောက်ကွယ်သွားလေတော့သည်။
လူသုံးယောက်က ကျန်းမုန့်လောင် တကယ်ထွက်ခွာသွားကြောင်း အတည်ပြုပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အယုတ်တမာပြုံး ပြုံးလိုက်ကြသည်။
"အားလုံးပဲ... ခေါင်းဆောင်အသစ်မှာ စည်းမျဉ်းအသစ်တွေ ရှိတာပေါ့နော်။ ငါတို့ရဲ့ စည်းမျဉ်းအသစ်တွေကို ကြေညာချင်ပါတယ်"
လူသုံးယောက်တွဲက အလျင်အမြန် ပြောလိုက်ကြသည်။
"ဒီနေ့ကစပြီး ဟိုတယ်ခကို ၁၀ရာခိုင်နှုန်း တိုးမြှင့်လိုက်ပါတယ်။ ဘာလို့လဲလို့တော့ လာမမေးပါနဲ့။ အဲ့ဒါက မေတ္တာတရားကြောင့်ပါ"
"ဒုတိယအချက်အနေနဲ့ မုန့်ဈေးတန်းက အစားအစာဈေးနှုန်းတွေအားလုံးကို ၁၀ရာခိုင်နှုန်း တိုးမြှင့်လိုက်ပါတယ်။ အကြောင်းပြချက် မရှိပါဘူး။ ငါတို့ ဈေးမြှင့်ချင်လို့ မြှင့်တာပဲ။ မင်းတို့ ဘာလုပ်နိုင်မှာလဲ"
"တတိယအချက်အနေနဲ့ ဟိုတယ်ထဲကို ဝင်တဲ့အခါ အမျိုးသမီးအားလုံး ခြေအိတ်ရှည်အဖြူနဲ့ ရုံးဝန်ထမ်းယူနီဖောင်းကို ဝတ်ရမယ်။ မဟုတ်ရင် ဟိုတယ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ အပြီးပိုင်နှင်ထုတ်ခံရမယ်"
"တကယ်တော့ ခြေအိတ်ရှည်အမည်းဆိုရင်လည်း အဆင်ပြေပါတယ်။ ငါတို့က သိပ်ချေးမများပါဘူး"
"ဟုတ်တယ်။ ဟုတ်တယ်"
.........
"ထင်ထားတဲ့အတိုင်းပဲ..."
ရတနာရှာဖွေသူအားလုံးမှာ ဒေါသနှင့် စိတ်ပျက်မှုများ ပြည့်နှက်သွားကြချေသည်။ သူတို့သည် ဝံပုလွေတွင်းမှ လွတ်မြောက်ခဲ့ရုံမျှသာ ရှိသေးသော်လည်း ယခုမူ ကျားရဲရှေ့မှောက်သို့ ပြန်ရောက်သွားရလေပြီ။
**********************